“မီးတောက်က လေနဲ့အတူ ရွှေ့လျားလှုပ်ခတ်တယ်။ အပင်တွေဟာလည်း ဒီလိုပဲ။ ဒါပေမဲ့ အမှန်တော့…”
“အမှန်တော့…အပင်တွေဟာလည်း မလှုပ်ခတ်သလို မီးတောက်ကလည်း မလှုပ်ခတ် မပြောင်းလဲဘူး။ လေကသာ ရွှေ့နေတာ ဖြစ်တယ်…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ပြီး ပြတင်းပေါက်တံခါးများက ခပ်ကြပ်ကြပ် ပြန်ပိတ်စေလိုက်၏။
ထိုအခါ ပြင်ပလေ မရှိတော့သည့်အတွက် မီးတောက်သည် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေရာကနေ တည်ငြိမ်လာခဲ့၏။ သို့ရာတွင် လောင်စာဆီကို သုံးစွဲ၍ ခပ်ရေးရေး လှုပ်ခတ်နေမှုတော့ ရှိနေဆဲပင်။
ဝမ်လင်းက မီးတောက်ကို စူးစိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်သွား၏။မီးတောက်၏ အလင်းရောင်ရှေ့၌ သူ့မျက်နှာသည် တောက်ပလိုက်၊မှောင်သွားလိုက် ဖြစ်နေသည်။
“တခုခုတော့မှားနေပြီ…။ လေလည်း ရပ်တန့်သွားပြီ။ ဒါပေမဲ့ မီးတောက်က ခုထိ လှုပ်ခတ်မှု ရှိနေဆဲပဲ…”
ထိုအခိုက်အတန့်၌ ဝမ်လင်းသည် မသိသော်လည်း သူ့အခြေအနေသည် တာအိုကို သေချာရန်ဖမ်းဆုပ်နေခြင်းနှင့် အလားတူနေ၏။သို့သော် သူ့တာအိုကို ဖမ်းဆုပ်ရမည့်အစား သူသည် ရှေ့ဖြစ်ဟောသူ၏တာအိုကို သေချာအောင် လုပ်နေမိသည်။
လွန်ခဲ့သောနှစ်ရာချီကတည်းက သူသည် ရှေ့ဖြစ်ဟောသူနှင့် အကြိမ်ကြိမ် တွေ့ခဲ့ဖူး၏။ အတိတ်တုန်းက ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် နိမ့်ပါးသည့်အတွက် သူသည် ရှေ့ဖြစ်ဟောသူ၏ခန္ဓာကိုယ်ပေါ်က မည်သည့်ပြောင်းလဲမှုကိုမှ သတိပြုမိနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ခုချိန်၌ သူသည် အချို့သဲလွန်စများကို ခပ်ရေးရေး မြင်လာနိုင်စွမ်း ရှိနေပေပြီ။
ရှေ့ဖြစ်ဟောသူနှင့် ပတ်သတ်၍ လျှို့ဝှက်ချက်များစွာ ရှိလွန်းနေ၏။ ဝမ်လင်းကို ထိတ်လန့်စိုးရိမ်စေသည့်အရာမှာ သူက အခြားတစ်ဖက်၏ စိတ်ထဲရှိ အရာကို ခန့်မှန်းနိုင်စွမ်း မရှိခြင်းပင်။
“ရှေ့ဖြစ်ဟောသူက မီးတောက်လို အမြဲပြောင်းလဲနေတဲ့လူပဲ…။ငါကသူ့ရဲ့မူလပုံပန်းအသွင်ကို ရှာတွေဖို့ မဖြစ်နိုင်သေးဘူး..”
ဝမ်လင်းသည် မျက်မှောင်ကြုတ်နေမိ၏။သူက မီးတောက်ကို ကြည့်နေဆဲပင်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။မသိလိုက်မသိဘာသာနှင့်ပင် မနက်သုံးနာရီ ရှိလာခြ့သည်။ အပြင်ဘက်ကောင်းကင်သည် မှောင်မိုက်နေဆဲပင်။ ပြတင်းပေါက်သို့ လာရောက်တိုက်ခိုက်သည့်လေတိုးသံများကို ကြားနေရ၏။
ထိုလေတိုးသံက တိတ်ဆိတ်သည့်ညလယ်၌ ရှင်းလင်းစွာ ရှိနေသည်။
“လေက ရွှေ့လျားတယ်။ မီးတောက်ကလည်း ရွှေ့လျားတယ်…” ဝမ်လင်းသည် ခေါင်းမော့ကာ ခြေတစ်လှမ်းလှမ်း၏။သူက အခန်းအပြင်ဘက် ညကောင်းကင်ထက်၌ ပြန်ပေါ်လာခဲ့သည်။
သူ့အောက်၌ ကောင်းကင်ကံကြမ္မာကလန်၏ ခရမ်းရောင်တောင် ရှိနေသည်။
လေက ညဘက်၌ အားကောင်းသော်လည်း ကောင်းကင်ထက်၌ တိမ်များ ရှိနေဆဲပင်။ လရောင်က တိမ်များကို ဖြတ်သန်း၍ ကမ္ဘာမြေပေါ်သို့ အများကြီး မကျရောက်သည့်အတွက် သူ့ရှေ့ရှိ အရာရာသည် မှောင်မိုက်နေဆဲပင်။
ဝမ်လင်းက စဉ်းစားနေရင်း သူ့ညာလက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်၏။ ဝမ်လင်း မိုးဆင့်ခေါ်ခြင်း မန္တာန်ကို ဆင်ခြင်ခဲ့စဉ်က ရရှိခဲ့သည့် ဉာဏ်အလင်း ဖြစ်စဉ်အတွင်း ဥပဒေသတစ်ခု ပေါ်လာခဲ့သည့် အရိပ်အယောင် ရှိခဲ့သည်။
တိမ်များဖုန်းအုပ်နေသည့် ကောင်းကင်ထက်၌ လေပြင်းများ တိုက်ခတ်နေ၏။ ထို မိုးစက်များ ပါဝင်နေဟန်ရသည် တိမ်စိုင်များသည် ပျောက်ကွယ်သွားကာ လရောင်သည် မြေပြင်ထက်သို့ အတားအဆီးမရှိ ကျဆင်းတောက်ပလာသည်။
လရောင်အောက်၌ ခရမ်းရောင်တောင်၏ အောက်ခြေတွင် အရိပ်တစ်ခု ပေါ်လာသည်။
ထိုလေ တိုက်ခတ်နေသည့်အခါ တောင်ပေါ်ရှိ အပင်များသည် လှုပ်ခတ်ယမ်းစေကာ လေတိုးသံများကိုပင် ကြားရသည်။
တောင်နှင့်အရိပ်တို့ကို ကြည့်နေရင်း တောင်ပေါ်ရှိ အပင်များသည် လှုပ်ခတ်ယမ်းနေသော်လည်း အရိပ်ကမူ ပြောင်းလဲရုံမျှ ရှိနေ၏။
“ဒီတောင်က မလှုပ်ခတ်ဘူး…” ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။ သူ့ခေါင်းထဲ၌ တစ်ခုခု ပေါ်လာသည့်အလား သူ့မျက်လုံးထဲ၌ ဉာဏ်အလင်းတို့နှင့် ပြည့်လာသည်။သူက သဲလွန်စတစ်ခုခုကို ဖမ်းဆုပ်မိသည့်အလားပင်။
“လေက မျက်နှာပြင်ကို တိုက်ခတ်တဲ့အတွက် တောင်တန်းဟာ လှုပ်ခတ်တယ်လို့ ထင်ရတာ။ တကယ်တော့ ငါ့နှလုံးသားကသာ လှုပ်ခတ်နေတာပဲ ဖြစ်တယ်။ ငါ့နှလုံးသား လှုပ်ခတ်နေတော့ တောင်တန်းဟာလည်း လှုပ်ခတ်တယ်…”
ဝမ်လင်း၏ မျက်လုံးထဲ၌ ရှင်းလင်းကြည်လင်မှုတို့ ရှိလာ၏။ထို့နောက် သူက အခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။
မီးတောက်ကို ကြည့်နေရင်း ဝမ်လင်း၏အသက်ရှုသံသည် တဖြည်းဖြည်း ငြိမ်သက်လာ၏။သူက သေဆုံးသွားသည့်သူတစ်ယောက်ကဲ့သို့ပင် ထင်လာရသည်။
အပြင်ဘက်မှ တစ်ယောက်ယောက်သာ သည်အဖြစ်သနစ်ကို တွေ့မြင်ရပါက သူတို့သည် ပြောင်းလဲမှုအနည်းငယ်ကိုမျှ ခံစားမိလိမ့်မည် မဟုတ်ပေ။ ထိုမီးတောက်သည် ဖြည်းညင်းစွာ လှုပ်ခတ်နေဆဲ ဖြစ်၏။
သို့ရာတွင် သည်အခိုက်အတန့်၌ မီးအိမ်မှ မီးတောက်သည် နည်းမျိုးစုံ ယိမ်းထိုး၍ လှုပ်ခတ်လာလေ၏။ တဖြည်းဖြည်းဖြင့် ၎င်းက ပြန်၍ အထိုင်ကျသွားပြန်ကာ မလှုပ်မယှက် ဖြစ်သွားပြန်သည်။
ချက်ခြင်းပင် ဝမ်လင်း၏ စိတ်သည် တုန်ယင်သွား၏။ သူသည် သူတွေ့မြင်လိုက်ရသည့်အရာကို လုံးဝ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေသည်။
မူလစွမ်းအင်သည် သူ့ထိန်းချုပ်မှု မရှိပါဘဲ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း၌ စီးစဉ်းနေ၏။ သူ့ခန္ဓာကိုယ်ကနေ တခုခု ပေါက်ကွဲထွက်နေသလို အသံမျိုး ဖြစ်ပေါ်နေသည်။
သူ့မူလစွမ်းအင်များက အရူးအမူးလှည့်ပတ်လာနေရင်း ဝမ်လင်း၏ တတိယမျက်လုံးသည် တိတ်တဆိတ် ပွင့်လာသည်။ သို့ရာတွင် မည်သည့်အနီရောင်အလင်းမှ ခါတိုင်းလို ထွက်ပေါ်လာခြင်း မရှိပေ။ ထိုအစား တစ်စုံတစ်ရာကို စုပ်ယူနေသည့်အလား ထင်ရ၏။ ထိုအဖြစ်က ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များကို ပို၍ပင် မြန်ဆန်စွာ လှည့်လည်စေသည်။
ထိုအမြန်နှုန်းသည် အံ့မခန်းအဆင့်သို့ ရောက်နှင့်လာ၏။ သို့သော် ဝမ်လင်းသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရပေ။ ခုလက်ရှိ၌ ဝမ်လင်းက မီးတောက်ကို စူးစိုက်ကြည့်နေရင်းဖြင့်သာ ငြိမ်သက်နေလေ၏။သူ့မျက်လုံးထဲရှိ မယုံကြည်မှုက အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။
သူက သူတွေ့မြင်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေ၏။ သူတွေ့မြင်ရသည့်အရာက မီးအိမ်မှ မီးတောက်မဟုတ်ပေ။သို့သော် အလွန်အားနည်းလွန်းလှသည့် မီးတောက် ဖြစ်နေ၏။ ထိုမီးတောက်သည် အရင်တုန်းက ဝမ်လင်းဖန်တီးခဲ့ဖူးသည့် မီးတောက်ဖြစ်နေ၏။
ထိုမျှသာ ဆိုလျှင် ဝမ်လင်းသည် ခုလောက်ထိ တုန်လှုပ်မိနေလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ထိုမီးတောက်က ရပ်တန့်နေသည်ဟု ထင်ရသော်လည်း လှုပ်ခတ်နေမြဲ ဖြစ်နေ၏။
သည်လိုလှုပ်ခတ်မှုမျိုးသည် ပြောင်းပြန်စီးဆင်းခြင်းတစ်မျိုးဟု ဆိုနိုင်၏။ဝမ်လင်း နားမလည်နိုင်သည့် နည်းလမ်းဖြင့် မီးတောက်ပတ်လည်၌ မီးတောက်ကို လျင်မြန်စွာ လွင့်ပြယ်စေနေသည့် အားတစ်ခု ရှိနေသည့်အလားပင်။
၎င်းအဖြစ်ကို လွင့်ပြယ်နေသည်ဟုလည်း တိတိကျကျ မဆိုသာပေ။ မီးတောက်က ကြီးမားသထက် ကြီးမားလာသည်ဟုလည်း ထင်ရပြန်၏။အဆုံးသပ်၌ မီးတောက်ထဲရှိ လျှို့ဝှက်ချက်ကို ဝမ်လင်းက တွေ့မြင်ခဲ့သည်။
ထိုအရာများက သေးငယ်လှသောဒြပ်စင်များပင်။ထိုဒြပ်စင်များသည် တစ်ခုနှင့်တစ်ခု ကျော်လွန်ရွှေ့လျားကာ အထူးနည်းလမ်းတစ်ခုဖြင့် ထိတွေ့နေ၏။ဒြပ်စင်များ ထိတွေ့သွားတိုင်း ၎င်းတို့က အပူဓာတ်တစ်ခုကို ထုတ်လွှတ်သည်။
အကြည့်တစ်ချက်ဖြင့်ပင် ထိုဒြပ်စင်များကို ဒြပ်ထုတစ်ခုဟု သိကြမည်။သို့သော် ဝမ်လင်း၏အမြင်ကမူ ကွာခြားနေ၏။ သူက ထိုမီးတောက်အတွင်းရှိ ဒြပ်စင်များ ရွှေ့လျားခြင်း သို့မဟုတ် ပွတ်တိုက်ခြင်းတို့ အပြင် ၎င်းတို့ထဲ၌ ဥပဒေသ အမျိုးအစားအချို့လည်း ပါဝင်နေပေ၏။
“ဒါက ဥပဒေသပဲ…။မီး ဥပဒေသပဲ…” အစကနေ အဆုံးထိ ဝမ်လင်းသည် စိတ်ထဲ၌ ဗလာကင်းမဲ့သွားခြင်း မရှိပါ။ သူက မီးတောက်ကို စူးနစ်စွာ ကြည့်နေရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။
“ဖြစ်နိုင်တာက ပိုပြီး နက်နက်ရှိုင်းရှိုင်းသွားလေလေ…” ဝမ်လင်းသည် ထိုသို့ တွေးမိလိုက်ရင်း မရေမတွက်နိုင်သော ဒြပ်စင်များသည် ရုတ်တရက် ပုံကြီးချဲ့လာ၏။ ထိုသို့ ဖြစ်ဖြစ်ချင်း ၎င်းဒြပ်စင်များသည် အလွန်မြန်ဆန်လှသောနှုန်းဖြင့် ကြီးထွားလာကြ၏။
ဒြပ်စင်များ ဆက်တိုက် ပုံကြီးချဲ့ကြီးလာရင်း ၎င်းတို့ပတ်လည်၌ ပုံရိပ်ယောင်လိုင်းများ ပေါ်လာ၏။ သို့ရာတွင် ဤအခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ တုန်ဟီးလာသည်။သူက သူ့မျက်ခုံးနှစ်ခုကြား၌ စူးရှရှနာကျင်မှုကို ခံစားလိုက်ရကာ သူသည် အားနည်းသွားရ၏။
သူ့နှဖူးထက်မှ ချွေးစေးများ ပြန်လာ၏။သူ့အပေါ်ဝတ်ရုံသည် ချွေးများ ရွှဲနစ်နေသည်။ ခုလက်ရှိတွင် ဝမ်လင်းက လုံးဝ ဖြူရောနေကာ သူသည် အသက်မနည်း ရှုနေရ၏။ သူက မီးအိမ်ရှိ ဖယောင်းတိုင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါက ဘာလဲ…ဖြစ်နိုင်တာက ဒါဟာ မူလစွမ်းအင်ရင်းမြစ်လား…”
“ငါက ဥပဒေသကို ဖမ်းဆုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါက မူလစွမ်းအင်ရင်းမြစ်ကို တွေ့မြင်လိုက်ရတဲ့ အခိုက်အတန့်မှာတင် ငါ့ခန္ဓာကိုယ်ဟာ ဒါကို တောင့်မခံနိုင်ခဲ့ဘူး…”
ဝမ်လင်းသည် ခဏတာ စဉ်းစားကြည့်မိ၏။ ထို့နောက် သူက မျက်လုံးမှိတ်ကာ ကျင့်ကြံနေတော့သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလို့သွား၏။ ပြတင်းပေါက်အပြင်ဘက်ရှိ အမှောင်ထုသည် ပျောက်ကွယ်သွားကာ အလင်းထု အစားဝင်လာ၏။ အာရုံဦးချိန်ရောက်လာကာ ဝမ်လင်းသည် ကျင့်ကြံနေရကနေ မျက်လုံးဖွင့်လာ၏။ ထို့နောက် သူ့အကြည့်က တံခါးဝကို ထွင်းဖောက်လို့သွားသည်။
“မောင်လေးခုနစ်…ငါ ဝင်လာလို့ ရနိုင်မလား…”
အဆောက်အဦအပြင်ဘက်မှ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လို့လာ၏။
***