“ဒီတစ်ကြိမ် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲကို မဝင်ရောက်ခင် ကြိုတင်ပြင်ဆင်မှု အချို့ လုပ်ရလိမ့်မယ်။ ဒီကိစ္စက အရေးကြီးတော့ ငါလည်း ငါတို့ လှိုဏ်ဂူထဲ မဝင်ခင် မိတ်ဆွေအချို့ကို ဖိတ်ခေါ်ထားသေးတယ်။ ဒီအချိန်အတွင်း မင်းက ဒီနေရာမှာပဲ စောင့်နေနိုင်တယ်…” ရှေ့ဖြစ်ဟောသူ၏ ဟန်ပန်က တည်ငြိမ်နေ၏။ သူ့ထံမှ ဒေါသ သို့မဟုတ် ပျော်ရွှင်မှု အစရှိသဖြင့် ခံစားချက်များ ထွက်ပေါ်မနေပေ။ သူက စကားဆုံးသည့်နောက် တိမ်များ ဖြစ်ပေါ်လာကာ သူသည် ၎င်းတိမ်များပေါ်သို့ တက်လှမ်း၍ ထွက်ခွာသွားတော့သည်။
“ခရမ်းရောင်သစ်သားခန်းမကို မင်းအတွက် ဆက်လက် ထိန်းသိမ်းထားသေးတယ်…”
ရှေ့ဖြစ်ဟောသူ၏အသံက အကွာအဝေးတစ်ခုကနေ ပျံ့လွင့်လာ၏။
ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်ကာ စဉ်းစားနေ၏။
“လင်းထျန်ဟူရဲ့ လုပ်ဆောင်မှုတွေ နောက်ကွယ်မှာ လေးနက်တဲ့အဓိပ္ပာယ်တွေ ပါနေတယ်။ သူက နောက်ဆုံးမှာ မန္တာန်အသုံးပြုခဲ့ပေမဲ့ သူ့စွမ်းအားပြည့်ကို အသုံးမချခဲ့ဘူး…” ဝမ်လင်းသည် လင်းထျန်ဟူ၏အတွေးများကို ခန့်မှန်းနိုင်ခြင်း မရှိသော်လည်း အကြမ်းဖျဉ်းတော့ တွေးမိ၏။
“ရှေ့ဖြစ်ဟောသူ…သူ့ကိုတော့ ငါ ဖြတ်မြင်နိုင်စွမ်း မရှိသေးဘူး…” ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူနှင့် တွေ့ရတိုင်း ရှေ့ဖြစ်ဟောသူ၏ စိတ်ထဲရှိ အတွေးများနှင့် ပတ်သတ်၍ အမြဲ ရှုပ်ထွေးရ၏။ သူက သဲလွန်စတစ်ခု ရခဲ့လျှင်ပင် မျက်စိတစ်မှိတ်အတွင်း ရှေ့ဖြစ်ဟောသူသည်နှင့် ပတ်သတ်၍ နောက်ထပ် ထူးဆန်းမှုတစ် ထပ်ထပ် ပြောင်းသွားတတ်ပေသည်။
“ငါ သူ့ကို ဖြတ်မြင်နိုင်စွမ်း မရှိသေးဘူး…” ဝမ်လင်းက သက်ပြင်းချမိ၏။ ရှေ့ဖြစ်ဟောသူ၏ ပတ်လည်၌ ခြုံလွှမ်းထားသော မြူလွှာတစ်ခု ရှိနေသည့်အလားပင်။သူက ရှေ့ဖြစ်ဟောသူကို တွေ့လိုက်ချိန်တိုင်း အနည်းငယ် ခြားနားနေသည်ကို ခံစားမိသည်။
အမှန်တော့ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ သူပြန်လာမည့်ကိစ္စအတွင် ကြိုပြင်ဆင်ထားမည်မှန်း ခန့်မှန်းမိထား၏။ သို့သော် သူက တကယ် ရင်ဆိုင်တွေ့သည့်အခါ၌ ရှေ့ဖြစ်ဟောသူသည် သူမျှော်လင့်ထားသလို ပြုမူခဲ့သော်လည်း ဝမ်လင်းသည် တစ်ခုခုမှားနေသည်ဟု ခံစားမိနေဆဲပင်။
အရာရာက ချောမွေ့နေကာ ဝမ်လင်း၏ အစီအစဉ်တိုင်း ဖြစ်နေသကဲ့သို့ပင်။
ဝမ်လင်းသည် သူနှင့်ရင်းနှီးခဲ့ဖူးသည့် ကောင်းကင်ဘုံကံကြမ္မာကလန်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခရမ်းရောင်သစ်သားခန်းမ ရှိရာသို့ လျှောက်လှမ်းလာတော့သည်။ ထိုနေရာသို့ ဦးတည်သည့် လမ်းတစ်ခု ရှိနေ၏။ထိုလမ်း၏ ဘေးတစ်ဖက်စီတွင် ကျောက်တုံးမျှော်စင်များ ရှိနေသည်။
ခုချိန်၌ နေဝင်လာခဲ့လေပြီ။ လေညင်းသည် တိုက်ခိုက်နေရင်း အေးစိမ့်မှုကို ဆောင်ကျဉ်းလာသည်။
ဝမ်လင်းသည် ထိုလမ်းအတိုင်း လျှောက်လှမ်းလာနေ၏။
“ဒီနေရာက ဘာမှ မပြောင်းလဲသွားခဲ့ဘူးပဲ…”
သူက လျှောက်လမ်းနေရင် အပြာရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် စကားပြောနေရင်း သူရှိရာသို့ လှမ်းလျှောက်လာသည်ကို တွေ့ရ၏။ သူတို့၏ ကျင့်ကြံမှုအဆင့်များက မြင့်မားလှခြင်းမရှိဘဲ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တွင်သာ ရှိနေကြသည်။
လေတိုက်ခတ်မှုနှင့်အတူ သူတို့နှစ်ယောက်စကားများသည် တဖြည်းဖြည်း လွင့်ပျံ့လာ၏။
“ဂျူနီယာညီမလေး…ခုနစ်ရက်အတွက်း တစ္ဆေမျက်လုံးစျေး ဖွင့်မယ်လို့ ငါ ကြားခဲ့တယ်။ ကျင့်ကြံသူများစွာလည်း အရောက်လာနေကြတယ်လို့ ကြားတယ်…”
“တစ္ဆေမျက်လုံးစျေး…ဒီဟာက ကောင်းကင်ဘုံမန္တာန်တစ်ခုကို လေလံတင်မယ်ဆိုပြီး ချက်ခြင်း ကျော်ကြားလာတဲ့နေရာ မဟုတ်လား…” အမျိုးသမီး၏အသံထဲ၌ အံ့အားသင့်မှုတို့ ရှိနေသည်။
“မှန်တယ်။ ပြောကြတာကတော့ အချို့မွန်းစတားအိုတွေတောင် ဒီနေရာကို လာကြည့်ကြမယ်တဲ့။ ကောင်းကင်ဘုံမန္တာန်၊ ငါတို့ရဲ့အဆင့်အတန်းနဲ့ ငါတို့က မပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံမန္တာန်တွေကိုပဲ ရနိုင်ပြီး ဒါတွေက အဆင့်နိမ်ကောင်းကင်ဘုံမန္တာန်တွေလေ။ ပြောကြတာက ဒီလေလံတင်မယ့် ကောင်းကင်ဘုံမန္တာန်က ရှားပါးလှတဲ့ ပြီးပြည့်စုံနေတဲ့ ကောင်းကင်ဘုံမန္တာန်တဲ့။ ဒါ့အပြင် ဒီတစ်ကြိမ်မှာ တစ္ဆေမျက်လုံးစျေးမှာ ဆန်းကြယ်ပစ္စည်းတစ်ခုကိုလည်း လေလံတင်မယ်လို့ ပြောကြတယ်…”
“အန်…ဒါက ငါတို့နဲ့ ဘာများ ပတ်သတ်လို့လဲ။တစ္ဆေမျက်လုံးစျေးမှာ ရှိတဲ့ အရာတိုင်းက အံ့မခန်းစျေးကြီးတယ်လေ။ ဒါ့အပြင် လူတစ်ယောက်က အထဲကို ဝင်ရောက်ဖို့ ဖိတ်ကြားချက်တစ်ခုလည်း လိုတယ်တဲ့…”
“ဒါက ကိစ္စမရှိဘူး။ ငါတို့က လေလံခန်းမထဲ မဝင်နိုင်ပေမဲ့ တစ္ဆေမျက်လုံးစေျးရဲ့ ကုန်သွယ်ရေးသစ်ပင်ဧရိယာ ထဲကိုတော့ ဝင်လို့ရတယ်…” အပြာရောင်ဝတ်စုံနှင့်လူက ထိုသို့ ပြောလိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားက မဲနက်နေကာ အလယ်၌ မျက်လုံးတစ်လုံး ရှိ၏။ထိုမျက်လုံးထံမှ အနီရောင်တောက်ပမှုကို ပေးစွမ်း၍ ထူးဆန်းလွန်းနေသည်။
“တစ္ဆေမျက်လုံးဖိတ်ကြားချက် ကျောက်စိမ်းပြား…” အမျိုးသမီး၏မျက်လုံးက တလက်လက် ဖြစ်လာသည်။
အပြာရောင်ဝတ်စုံနှင့်လူက ဂုဏ်ယူဟန်ဖြင့် စကားပြောဟန် ပြင်ပြီးမှ ရှေ့သို့ လှမ်းကြည့်လိုက်၏။ သူ မြင်တွေ့လိုက်ရသည့်အရာကြောင့် သူသည် မင်သက်သွားသည်။ သူက ဝမ်လင်းသည် တောင်ကြောလမ်းအတိုင်း လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရသည်။
အမျိုးသမီးကလည်း ခေါင်းမော့၍ လှမ်းကြည့်လိုက်ရာ ဝမ်လင်းကို သတိပြုမိသွားသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် သူတို့သည် ဝမ်လင်း၏တည်ရှိမှုကို အလိုလို သတိထားမိနိုင်ကြခြင်း မရှိပေ။
ဝမ်လင်း၏ပုံပန်းအသွင်က ညင်သာနေ၏။ သူက ထိုအမျိုးသားနှင့်အမျိုးသမီးနားသို့ ရောက်သွားသည့်အခါတွင် အပြာရောင်ဝတ်စုံနှင့်အမျိုးသား ဖြစ်သူကို ပြုံး၍ ပြောလိုက်သည်။ “စီနီယာအစ်ကိုလီ…တစိမ်းဆန်မနေပါနဲ့…”
“မင်း…မင်း…” သူက ကလန်သို့ ပြန်ရောက်ခါစ ဖြစ်၍ ဝမ်လင်း ပြန်ရောက်နေသည်ကို မသိပေ။ သူက ဝမ်လင်းကို အစောပိုင်းက တွေ့မြင်ရသည့်အခါ သူသည် ရင်းနှီးသလိုတွေးမိ၍ မင်သက်သွားမိခြင်းပင်။ ဝမ်လင်း၏စကားကို ကြားသည့်အခါ သူသည် ပို၍ပင် တုန်လှုပ်သွားမိ၏။
“ဝမ်လင်း…” အပြာရောင်ဝတ်စုံနှင့်လူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ သူ့မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှုတို့ ရှိနေသည်။
ဝမ်လင်းက ပြုံး၏။ သူက သည်လူ၏နာမည်အပြည့်အစုံကို မသိဘဲ လီ ဟူ၍သာ သိထားခဲ့သည်။သူတို့က တစ်ကြိမ်တစ်ခါလောက်မျှသာ တွေ့ခဲ့ဖူး၏။သူက ထိုအမျိုးသားသည် အတိတ်တုန်းက သူ့ကို အထင်သေးစွာ ကြည့်ခဲ့သည်ကို မှတ်မိနေသေး၏။
ယနေ့ သူက ထိုလူ့ကို ထပ်တွေ့သည့်အခါ သည်လူ၏ ကျင့်ကြံမှုအဆင့်သည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်ကနေ အလယ်အဆင့်ထိ တိုးတက်လာသည်ကို တွေ့လိုက်ရ၏။
ထို့နောက် လီဟူသည့်လူကို မကြည့်တော့ဘဲ ဝမ်လင်းသည် သူတို့နှစ်ယောက်အား ကျော်၍ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။
“စီနီယာအစ်ကို…သူက ဝမ်လင်းလား…။ဒီနာမည်ကို ကြားဖူးနေသလိုပဲ…”
အမျိုးသမီးဖြစ်သူက ဝမ်လင်း၏နောက်ကျောကို ပဟေဠိဖြစ်ဟန်နှင့် ပြည့်မိနေသည်။
“ဝမ်လင်းက တကယ် ပြန်လာတာပဲ။ ဆရာလည်း ဒီကိစ္စကို သိနေမှာ သေချာတယ်။ ဖြစ်နိုင်တာက ဆရာရဲ့ခွင့်လွှတ်မှုကို သူ ရသွားခဲ့တာလား။ ခု ငါက သူ့ရှိကနေ ဘာစိတ်ဝိညာဉ်စွမ်းအင်မှ မခံစားမိဘူး။ ဒါပေမဲ့ သူ ငါ့ကို ဖြတ်ကျော်သွားတဲ့အချိန်မှာ ငါ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်အားလုံး ပျက်စီးတော့မယ့်အလား တုန်ယင်မှုကို ခံစားလိုက်ရတယ်…” အပြာရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ဖြူရောလာ၏။သူက သူ့ဂျူနီယာညီမကို ဆွဲခေါ်ကာ မြန်မြန်ထွက်လာတော့သည်။
“စီနီယာအစ်ကို…ဘာဖြစ်လို့လဲ…” အမျိုးသမီးက ပဟေဠိ ဖြစ်ဟန်နှင့် မေးသည်။
အပြာရောင်ဝတ်စုံနှင့်လူက အလျင်အမြန် ပြောလိုက်၏။ “သူ့နာမည်က ဝမ်လင်းလေ။ သူက ကောင်းကင်ဘုံကံကြမ္မာကလန် ခရမ်းရောင်အုပ်စုခွဲရဲ့ ခုနစ်ယောက်မြောက်တပည့်ပဲ။ ဂျူနီယာညီမလေး..နင် မမှတ်မိသေးဘူးလား…”
အမျိုးသမီးဖြစ်သူသည် မင်သက်သွား၏။သူမ၏အသွင်သည် ချက်ခြင်း ပြောင်းလဲသွားသည်။
“ပြောကြာတာက သူ…သူဟာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ လူတွေအများကြီး သတ်ခဲ့ပြီး သွေးချောင်းစီးစေခဲ့တယ်ဆို။ အဆုံးသပ်မှာ သူဟာ ဆရာနဲ့ ကျန်တဲ့စီနီယာခုနစ်ယောက်တို့ဟဟာ သူ့ကို လိုက်ဖမ်းခဲ့ကြတယ်။ဒါပေမဲ့ သူလွတ်သွားခဲ့တယ်မလား…။သူက နတ်ဆိုးဝမ်လင်းပဲ…”
အကွာအဝေးတစ်ခု၌ ဝမ်လင်းသည် မချင့်ပြုံးပြုံးမိ၏။ ကောလဟာလသ်ည ကြောက်ဖို့ကောင်းသည့် အရာတစ်ခု ဖြစ်နေ၏။ သူနှင့်ပတ်သတ်သည့် ကောလဟာလများသည် တဖြည်းဖြည်းဖြင့် နှစ်ရာချီ ကြာလာပြီးနောက် ပြောင်းလဲသွားခဲ့သည် မဟုတ်လား။ သက်ပြင်းချ၍ ဝမ်လင်းသည် ကောင်းကင်ဘုံကံကြမ္မာကလန်ကို လျှောက်လမ်းတစ်ခုကနေ ဆက်လျှောက်လာခဲ့သည်။
သူ့ရှေ့၌ မိုးထိမြင့်မားသည့် တောင်တစ်လုံး ရှိနေ၏။ထိုတောင်ထိပ်သည် မြူများ ဆိုင်းနေကာ ခရမ်းရောင်အလင်းများသည် ထိုမြူများထဲ၌ ရှိနေ၏။သည်နေရာက ခရမ်းရောင်အုပ်စုခွဲတပည့်များ နေသည့်နေရာပင်။
“ကောင်းကင်ဘုံကံကြမ္မာ…ခရမ်းရောင်တောင်…”
သူနှင့် ရင်းနှီးသည့် တောင်ထိပ်ကို ကြည့်ကာ ဝမ်လင်းသည် အတွေးမြောနေ၏။
ထို့နောက် သူက တောင်ထိပ်သို့ ဆက်လျှောက်လာခဲ့ရာ လေတိုးသံကလွဲ၍ မည်သည့်အသံမျှ မကြားရပေ။ ထိုတောင်သည် အရင်တိုင်း တည်ရှိနေမြဲ ဖြစ်၏။ ထိုတောင်၏ ထောင့်၌ အိမ်တစ်ခု ရှိသည်။အကွာအဝေးတစ်ခုကနေ ကြည့်ပါက ထိုအိမ်အဝ၌ ကျောက်ပြားတစ်ခုရှိနေသည်။ထိုကျောက်ပြားပေါ်၌ ခရမ်းရောင်သစ်သားခန်းမ ဟု ရေးထွင်းထားသည်။
“ဒီနေရာကို ခရမ်းရောင်တိမ်ခန်းမလို့ ခေါ်တာ ဘယ်သူများ မှတ်မိနေဦးမလဲ…”
ဝမ်လင်းသည် အချိန်အတန်ကြာ ရပ်နေပြီးမှ တံခါးကို တွန်းဖွင့်လိုက်သည်။ အိမ်တော်ခန်းမအတွင်းမှ ဖုန်နံ့များ တိုးထွက်လာ၏။
သည်အခန်းထဲရှိ ပရိဘောဂအဆောင်အယောင်များသည် အရင်အတိုင်းပင် ဖြစ်၏။ ပြောင်းလဲသွားတာ ဘာမှ မရှိပေ။ ပြောင်းလဲသွားတာဆို၍ အခန်းနေရာတိုင်း၌ ဖုန်များ ပေနေခြင်းသာ ဖြစ်သည်။စားပွဲ၊ကုလားထိုင်၊ အိပ်ယာအားလုံး၌ ဖုန်များ ရှိနေကြ၏။
စားပွဲပေါ်ရှိ ဆီမီးအိမ်ပင် ဆီခမ်းခြောက်သွားခဲ့သည်မှာ ကြာလွန်းခဲ့လေပြီ။
ဝမ်လင်းက သူ့လက်ညှိုးကို ပင့်မြှောက်၍ စားပွဲပေါ်သို့ ညင်သာစွာထိ၏။ ထိုအခါ စားပွဲပေါ်ရှိ ဖုန်မှုန့်များကြား၌ ခပ်နက်နက်လက်ချောင်းရာ အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းသည်။
ညင်သာသောလေပြေ တိုက်ခတ်သွား၏။ ထိုလေက အခန်းထဲရှိ စားပွဲ၊သစ်သားကုလားထိုင်၊ လှေကားအပေါ်အအောက် ရှိ ဖုန်မှုန့်များအားလုံးကို လွင့်ပါးသွားစေ၏။
သည့်နောက် ဝမ်လင်းက သည်အိမ်ခန်းရှိ ပြတင်းပေါက်အားလုံးကို လက်ဝေ့ယမ်းကာ ဖွင့်လိုက်၏။ ခုချိန်၌ အိမ်အခန်းသည် အသစ်တိုင်း ပြန်ဖြစ်သွားလေ၏။ နေဝင်သွားပြီ ဖြစ်သည့်အတွက် ကောင်းကင်၌ အမှောင်ထု ကြီးစိုးနေလေပြီ။
သည်အခန်းက ပိန်းပိန်းမှောင်နေကာ ဝမ်လင်း၏ပုံရိပ်ကိုပင် မထင်မရှားသာ ရှိစေ၏။ ဝမ်လင်းက သက်ပြင်းချကာ သစ်သားဘီရိုတစ်ခု နားသို့ လျှောက်သွား၏။သူက ထိုနေရာ၌ မီးအိမ်ထွန်းရန် ဆီ ရှိနေသည်ကို မှတ်မိနေသေးပေသည်။ သူက ဘီရိုတံခါးကို ဖွင့်လိုက်ရာ အညိုရောင်မီးအိမ်ဆီပါဝင်သည့် ပုလင်းငယ်တစ်ခုကို ရှာတွေ့သွားသည်။
မီးအိမ်ထဲသို့ ဆီ ဖြည့်ပြီးနောက် ဝမ်လင်းက မီးအိမ်ကို ပြန်ထွန်းညှိ၏။ မီးတောက်တစ်ခု လင်းလက်လာချိန်၌ အခန်းထဲရှိ အမှောင်ထုသည် ပျောက်ကွယ်သွားတော့သည်။
သို့ရာတွင် ထိုမီးတောက် လင်းလက်လာချိန်၌ တောင်ပေါ်မှ တိုက်ခတ်လာသည့် လေကြမ်းတစ်ခု အခန်းထဲသို့ ဝင်ရောက်လာ၏။ထိုအခါ မင်းအိမ်သည် တဖျပ်ဖျပ် ဖြစ်ကာ ဝေ့ယမ်းလှုပ်ခါ၏။
“အယ်…” ဝမ်လင်းက လှုပ်ခတ်နေသည့် မီးအိမ်မှ မီးတောက်ကို ကြည့်နေရင်း သူ့အသွင်သည် ပြောင်းလဲသွားသည်။သူ့စိတ်ထဲ၌ အတွေးများစွာ တဖျပ်ဖျပ် ပေါ်လာသည်။သူ့မျက်လုံးတို့က တောက်ပလာ၏။
“ဒီလေတိုက်ခတ်တော့ မီးတောက်က လှုပ်ခတ်တယ်။ ဒီပြောင်းလဲသွားမှုက ခန့်မှန်းလို့ မရနိုင်တဲ့အတွက်ကြောင့် မီးတောက်ရဲ့ မူလပုံပန်းအသွင်ကို ပြောဖို့ မဖြစ်နိုင်တော့ဘူး။ ငါနားလည်သွားပြီ…။ရှေ့ဖြစ်ဟောသူက ဒီမီးအိမ်လိုမျိုးပဲ။ငါက သူ့နဲ့တွေ့တဲ့ အကြိမ်တိုင်း မတူခြားနားတဲ့လူလို့ ဘာကြောင့် ခံစားနေရလဲ ဆိုတော့ သူက အမြဲတမ်း ပြောင်းလဲနေလို့ပဲ။ ကိုယ်ပွားထောင်ချီရှိတဲ့လူက ဒီကိုယ်ပွားအားလုံးကို သူ့ကိုယ်ထဲ အတူစုစည်းထားသလိုပဲ။ ဒါ့ကြောင့် သူတို့ဟာ စက္ကန့်မလပ် ပြောင်းလဲနေကြတာ။ ဒါ့ကြောင့်ဘဲ ရှေ့ဖြစ်ဟောသူက ငါ့ကို ကြိုမခန့်မှန်းနိုင်တဲ့ ခံစားချက်ကို ပေးစွမ်းနေတာ ဖြစ်တယ်…”
ဝမ်လင်းက တဖျပ်ဖျပ် လူးလွန့်ကာ ပုံစံအသွင်ပြောင်းလဲနေသည့် မီးတောက်အလင်းကို ကြည့်လိုက်၏။သည့်နောက် သူ့မျက်လုံးထဲ၌ ဉာဏ်အလင်းတို့ ရှိလာခဲ့တော့သည်။
***