ရှေ့ဖြစ်ဟောသူက တည်ငြိမ်စွာပင် ပြောလာသည်။ “သူက သူ့ကလန်ကို သစ္စာမဖောက်သရွှေ…ငါ့တပည့် ဖြစ်နေဦးမှာပဲ…”
“မင်းရဲ့ ကောင်းကင်ဘုံကံကြမ္မာကလန်က မင်းတပည့်ကို ကာကွယ်ပေးချင်တာလား။ ငါ့တာလော့ကလန်ရဲ့ တပည့်တွေ သူကြောင့် သေဆုံးရတာက ဘာမှ မဟုတ်ဘူးပေါ့။ ငါ့တပည့်ဓားဆယ့်နှစ်လက်မှာ ချန်လုံတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်။ကျန်တဲ့လူတွေအားလုံးဟာ ဝမ်လင်း သတ်တာခံလိုက်ရတယ်။ ဒီအဘိုးအိုက အားနည်းမှုကို အနိုင်မကျင့်ဘူး။ ဝမ်လင်းက ငါ့ဓားစွမ်းအင်တန်းသုံးခုကို တောင့်ခံနိုင်ရင် ဒီကိစ္စကို မေ့ပစ်ပေးမယ်။သင် ငါ့ကို တားချင်ရင်တော့ ငါဟာ အားလုံးရင်းပြီး သင်နဲ့ စစ်ပွဲဆင်နွှဲရလိမ့်မယ်…” လင်းထျန်ဟူ၏မျက်နှာထက်၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေသည်။ သူက ရှေ့ဖြစ်ဟောသူကို ပြောနေသော်လည်း သူ့အကြည့်က ဝမ်လင်းထံ၌သာ ရှိ၏။
“စီနီယာက ငါ့မှာ တုန်ကင်ကို ကိုင်ထားဖို့ အရည်အချင်း မရှိဘူးလို့ ပြောခဲ့တယ်နော်။ စီနီယာက ဓားသူတော်စင်လင်းထျန်ဟူရဲ့ ဓားစွမ်းအင်တန်းဘယ်လောက်ကိုများ ခုခံနိုင်မလဲလို့ ငါ မေးချင်တယ်…” ဝမ်လင်းက ထိုသို့ ပြောလိုက်ရင်း အသားပုံကဲ့သို့ အဘိုးအိုကို လှမ်းကြည့်သည်။
ထိုအဘိုးအိုသည် အလွန်အမင်း သုန်မှုန်သွား၏။သူက အေးစက်စက်နှာခေါင်းရှုံ့ကာ တိတ်ဆိတ်နေလေသည်။ သို့သော် သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြတ်ပြေးသွားလေသည်။
ဝမ်လင်းသည် ပြုံး၍ လင်းထျန်ဟူကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလာသည်။ “ကျေးဇူးပြုပြီး ငါ့ကို အလင်းပြပါ..ဓားသူတော်စင်…”
လင်းထျန်ဟူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့နောက်ရှိ ဓားလေးလက်ထဲမှ တစ်လက်သည် ပျံသန်းထွက်လာသည်။ထိုဓားသည် အလင်းနှင့်အမှောင်တစ်လှည့်စီ လင်းလက်နေ၏။ ၎င်းပေါ်လာသည်နှင့် ဓားစွမ်းအင်တန်းတစ်ခုသည် ထိုးထွက် ပျံသန်းလာသည်။
လင်းထျန်ဟူ၏ ကျင့်ကြံမှုအဆင့်ဖြင့် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူ့တပည့်များအပေါ် ချန်ထားပေးခဲ့သည့် ဓားစွမ်းအင်များပင် အလွန်အစွမ်းထက်နေခဲ့၏။ ထို့ကြောင့် သူကိုယ်တိုင် ထုတ်ဖော်လာချိန်တွင်မူ ဓားစွမ်းအင်မှာ ပြောစရာပင် မလိုတော့ပေ။ ထိုဓားစွမ်းအင်က နဂါးတစ်ကောင်အသွင်ဆောင်၍ ဝမ်လင်းရှိရာသို့ တဝီဝီ တိုးဝင်လာချေသည်။
ကောင်းကင်ထက်၌ပင် ဓားစွမ်းအင်ကြောင့် အက်ကွဲကြောင်းများ ဖြစ်လာရ၏။
တာလော့ဓားကလန်မှ တပည့်များအားလုံးသည် စိတ်လှုပ်ရှားလာကြကာ သည်မြင်ကွင်းကို ကြည့်သည်။
ဓားစွမ်းအင်နီးကပ်လာသည့်အခါ ဝမ်လင်း၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူက သူ့ညာလက်ဖြင့် လက်သီးစုပ်ကာ လက်သီးချက်တစ်ခုကို ပစ်သွင်း၏။
ဝမ်လင်း၏ လက်သီးချက်ကြောင့် သူ့ရှေ့ရှိ ဟင်းလင်းပြင်သည် ပြိုပျက်လာခဲ့သည်။ နီးကပ်လာသည့်ဓားစွမ်းအင်က ဝမ်လင်းလက်သီးနှင့် ထိပ်တိုက်တွေ့ဆုံသည်။
တုန်ဟီးသံများ ဖြစ်ပေါ်၏။ ဝမ်လင်းသည် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားရသည်။သူက လင်းထျန်ဟူကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။ “ပထမဓားစွမ်းအင်တန်း…”
လင်းထျန်ဟူ ဓားစွမ်းအင်သည် ပျက်စီးသွားကာ မုန်တိုင်းတစ်ခုအသွင် ပျံ့လွင့်၏။ရှေ့ဖြစ်ဟောသူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထိုစွမ်းအားများကို လွင့်ပြယ်စေလိုက်သည်။ သူက ဝမ်လင်းကို ပြုံး၍ ကြည့်၏။
လင်းထျန်ဟူ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ပြန်သည်။ မူလဓားသည် စူးရှစွာ အသံပေး၍ ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်လာ၏။ ထို့နောက်၎င်းဓားသည် ဝမ်လင်းရှိရာသို့ မူလအသွင်အတိုင်း ပျံသန်းဝင်လာသည်။
၎င်းဓားနီးကပ်လာသည့်အခါ ဝမ်လင်းသည် ရယ်မော၍ လက်သီးစုပ်၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ စွမ်းအားက လှုပ်ရှားလာပြီး သူ့လက်ပေါ်တွင် စုစည်းသည်။ ဝမ်လင်း၏ လက်သီးပတ်လည်၌ အလင်းစက်များ ပေါ်လာကာ သူသည် လက်သီးချက်တစ်လုံးကို ရှေ့သို့ ပစ်သွင်းလိုက်ချေသည်။
တချိန်တည်းမှာပင် ဝမ်လင်း၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။သူက ထျန်ယွမ်ဂြိုဟ်သို့ ပြန်လာခဲ့ကတည်းက သူ့ကိုယ်သူ နှိမ့်ချ၍ မနေဖို့ ရည်ရွယ်ထားခဲ့ပေသည်။ တကယ်တော့ ခွန်အားသည်သာ စကားပြောဖို့ နည်းလမ်း မဟုတ်လော။
သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ တုန်ကင်ကိုင်ထား၍ ဝင်ရောက်နိုင်သည့် အရည်အချင်းကို ပြသရန်၊ သည်ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ မွန်းစတားအိုကြီးများ၏ အသိအမှတ်ပြုမှုကို ရရန် ယခုတိုက်ပွဲပေါ်၌ မှီတည်နေပေသည်။
ဝမ်လင်း၏ဉာဏ်ရည်ဖြင့် သူက ထိုအရာများအားလုံးကို သဘောပေါက်ထားခဲ့ပြီးပင်။ သူ့လက်သီးကို ပစ်သွင်းလိုက်ပြီးနောက် သူ့ဘယ်လက်ဖြင့် သိုလှောင်အိတ်ကို ထိကာ အော်ပြောလိုက်သည်။ “ဓားကိုးလက်သုံးစုံ…”
ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ ငွေရောင်ဓားအလင်းတန်းများ အရူးအမူး ထွက်ပေါ်လာ၏။ ဓားအလင်းတန်းတစ်ခုစီသည် ငွေရောင်တောက်ပမှုကို ပေးစွမ်းကာ မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများ ယင်းဓားအလင်းတန်းတစ်ခုစီကနေ ထွက်ပေါ်နေ၏။ ညီးတွားသံများက ဤလောက၌ ပြည့်လာသည်။
ဓား(၂၇)လက်သည် ပျံသန်းလာရင်း ဝမ်လင်းက လက်ညွှန်၏။ ဓား(၂၇)လုံးသည် လင်းထျန်၏ ထံသို့ ငြီးတွားသံများ ထုတ်လွှတ်ရင်း ပျံသန်းသွားကြသည်။
ထိုအဖြစ်ကြောင့် ရှေ့ဖြစ်ဟောသူပင် တုန်လှုပ်မိ၏။သူက ရလဒ်ကို ကြိုမြင်နိုင်ခဲ့ပြီး ဖြစ်၏။ သို့သော် သူသည် ဖြစ်စဉ်ကိုမူ မသိပေ။ သူသည် ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် ကြီးစွာတိုးတက်လာပြီး ကောင်းကင်ထက်၌ အစိမ်းနှင့်ခရမ်းရောင်တို့ ခြုံလွှမ်းသည့်နေ့၌ ပြန်လာမည်ကို ကြိုတွေ့မြင်ခဲ့သည်။
သူက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အချို့စွမ်းအားများကိုလည်း ဖြတ်မြင်နိုင်သည်။ ထိုစွမ်းအားများထဲမှ သုံးခုက သူ့ကိုပင် ထိတ်လန့်စေသည်။
“ငါ ဒီကောင်လေး ပြန်လာလိမ့်မယ်လို့ တွက်ချက်နိုင်ခဲ့ပေမဲ့လည်း ငါက အကြောင်းရင်းကိုတွေ့ မတွက်ချက်နိုင်ခဲ့ဘူး။ ဒီကောင်လေးက ထျန်ယွမ်ဂြိုဟ်ကို အမှန်တကယ် ပြန်လာရဲမှတော့ သူ့မှာမှီခိုတာ တစ်ခုခု ရှိနေမှာ ကျိန်းသေတယ်။ ဟင်္သာငှက်အမှတ်အသားကတော့ သူ့အစီအစဉ်တွေထဲက တစ်ခုပေါ့…”
လှပသော သတ်လတ်ပိုင်းအမျိုးသမီးသည်လည်း တုန်လှုပ်မိ၏။ သူမ၏မျက်လုံးထဲ၌ အံ့အားသင့်မှုတို့ ရှိနေသည်။ သူမက ထိုဓား(၂၇)လက်ကို တွေ့မြင်လိုက်သည်နှင့် သာမန်ထက်ထူးကဲသိကို ချက်ခြင်း တွေ့မြင်သည်။
သူမသည် သန့်စင်သူသခင် ဖြစ်၏။ သူမက စိတ်ထဲကနေ တွေးလိုက်မိသည်။ “ဒီဓားခုနစ်လက်ကို သန့်စွန်မွန်းမံမဖို့က သာမန်မဟုတ်ဘူး၊ ဒီဓားတွေထဲမှာ အံ့မခန်းသတ်ဖြတ်ခြင်း စိတ်ဆန္ဒ ပါဝင်နေတယ်။ဒါက နေရာတစ်ခုခုမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် သန့်စင်ထားတာပဲ။ ဒီဓားတွေအကုန်လုံးက အထွတ်အထိပ်လက်နက်လို့ ယူဆနိုင်တယ်။ အခု ဒီဓား(၂၇)လက်က ဓားအစီအရင်တစ်ခုကို ဖြစ်ပေါ်စေတယ်…ဒါဆို ဒီအစီအရင်ရဲ့စွမ်းအားဟာ…”
ဘူးသီးခြောက်ခွံပေါ်တွင် ထိုင်နေသည့်အဘိုးအိုက ရုတ်တရပ် မတ်တပ်ထရပ်၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူ့စိတ်ထဲ၌ လှိုင်းထန်နေ၏။
“သူက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ကျိန်းသေ မဟုတ်လောက်ဘူး…”
အသွေးအသားတောင်ကဲ့သို့ အဘိုးအို၏ စိတ်သည်တုန်ယင်နေသည်။သူက ဓား(၂၇)လက်နှင့်ဝမ်လင်းတို့ကို စူးစိုက်ကြည့်နေမိသည်။ သူ့နှဖူးထက်ကနေ အေးစက်စက်ချွေးများ ပြန်လာ၏။
“ငါ သူ့ကို အထင်သေးမိတာပဲ…”
လင်းထျန်ဟူ၏ အမည်သည် ဓားသူတော်စင် ဖြစ်၏။ သူက ဓားများနှင့် ပတ်သတ်၍ ကြီးစွာအောင်မြင်ပြီးမြောက်မှု ရှိထားသည်။သူက ဓား(၂၇)လက်ကို တွေ့မြင်သည်နှင့် သူ့မျက်လုံးသည် တောက်ပလာခဲ့သည်။
“ဒီလိုဓားတွေနဲ့ ဓားအစီအရင်…၊ ဝမ်လင်း မင်းက ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီတယ်…” လင်းထျန်ဟူက သူ့လက်နှစ်ဖက်ကို ဝေ့ယမ်း၏။ သူ့နောက်ရှိ ကျန်သည့် ဓားသုံးလက်သည် ပျံသန်းထွက်လာကာ ဓားစွမ်းအင်ပိုက်ကွန်တစ်ခု ဖြစ်ပေါ်လာသည်။
ဓား(၂၇)လက်သည် ဝမ်လင်း၏ ထိန်းချုပ်မှုအောက်၌ သူ့လက်သီးအားကို မှီလာ၏။၎င်းတို့က အတူ ပေါင်းစည်း၍ ဓားများကို ဗဟိုပြုကာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းမုန်တိုင်းသည် လင်းထျန်ဟူ၏ မူလဓားလေးလက်နှင့် ထိပ်တိုက်တွေ့ဆုံလေသည်။
ဝုန်း..ဝုန်း…ဝုန်း…။
တုန်ဟီးသံများ ဆက်တိုက် ဖြစ်ပေါ်၏။ ဓား(၂၇)လက်သည် တစ်လက်ပြီးတစ်လက် နောက်သို့ လွင့်စင်၏။ သို့ရာတွင် ထိုသို့ ဆက်တိုက် တိုက်ခိုက်မှုက လင်းထျန်ဟူ၏ မူလဓားများကိုလည်း နောက်သို့ ပြန်ဆုတ်သွားစေသည်။
ဓားများသည် ဝမ်လင်းရှိရာသို့ ပြန်ရောက်ရှိလာကြ၏။ ခဏအကြာတွင် ဓား(၂၇)လက်သည် ဝမ်လင်းကို ဝန်းရံလှည့်ပတ်၏။ သည်အခိုက်၌ ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားလက်သီးချက်စွမ်းအားသည် ပေါက်ကွဲထွက်လာသည်။
ထိုလက်သီး၏ ဖိနှိပ်မှုစွမ်းအားအောက်၌ လင်းထျန်ဟူ၏ မူလဓားလေးလက်လုံးသည် နောက်သို့ ပြန်လွင့်စင်သွားကြတော့သည်။
ထိုမြင်ကွင်းက လူတိုင်း၏မြင်ကွင်းကို တုန်လှုပ်သွားစေပေသည်။
သို့သော် ဝမ်လင်းသည် လင်းထျန်ဟူမှာ မည်သည့်မန္တာန်ကိုမျှ အသုံးမပြုထားမှန်း၊ ဓားစွမ်းအင်သပ်သပ်နှင့်သာ တိုက်ခိုက်မှန်း သိထား၏။ ထိုအရာက လင်းထျန်ဟူက ငဲ့ညှာမှုကို ပြသခြင်း မဟုတ်ပေ။ ဝမ်လင်းသည် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့် ဖြစ်နေခဲ့လျှင်ပင် သူသည် လင်းထျန်ဟူကို မန္တာန်များအသုံးပြုလာစေသည့်အထိ ချိန်းခြောက်နိုင်စွမ်း မရှိသေးခြင်းကြောင့်သာ ဖြစ်သည်။
လင်းထျန်ဟူ၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာ၏။သို့သော် ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။သူက ရယ်မော၍ သုံးကြိမ်သာ တိုက်ခိုက်မည့် ကတိစကားကိုပင် မေ့သွားဟန်ရသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဝေ့ယမ်းသည်။ သူ့မျက်လုံးသည် တလက်လက် ဖြစ်လာ၏။သူက အော်ပြောလာသည်။ “မင်းက ဒီအဘိုးအိုကို မန္တာန်တွေအသုံးပြုစေဖို့ အရည်အချင်း ပြည့်မှီတယ်။ ဒီအဘိုးအိုက စတေးခြင်း၊ တွင်း၊ ချိုးဖျက်ခြင်း ဆိုတဲ့ မန္တာန်သုံးခုကို သိတယ်။ စတေးခြင်းဓားရဲ့ ပထမဆုံးစာသားက သွေးနဲ့ဓားကို ဖြတ်တောက်ခြင်း…”
သူက ထိုသို့ပြောလိုက်သည့်အချိန်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်လှုပ်သွားကြသည်။လင်းထျန်ဟူသည် မောက်မာလှကာ ကောင်းကင်ကို တုန်လှုပ်စေသည့် မန္တာန်များ၌ ကျွမ်းကျင်လှပေ၏။ ကျင့်ကြံသူတိုင်းသည် သူ့ ရန်သူကြီးရှေ့ဖြစ်ဟောသူနှင့်သာ သူ့မန္တာန်များကို အသုံးပြုမှန်း သိကြ၏။
သို့သော် ခုချိန်၌ မမျှော်လင့်စွာဖြင့် လင်းထျန်ဟူသည် ဝမ်လင်းနှင့်တိုက်ပွဲတွင် သူ့မန္တာန်တစ်ခုကို အသုံးပြုလာ၏။ ထို့အတွက်ကြောင့် ဝမ်လင်းက ရှုံးသွားခဲ့လျှင်ပင် သူသည် ချက်ခြင်း ကျော်ကြားလာပေမည်။
လင်းထျန်ဟူက အော်ပြောလိုက်ပြီးနောက် သူ့လက်ကို ရှေ့သို့ ညွှန်၏။ သူ့မူလဓားလေးလက်သည် တစ်လက်တည်းအဖြစ်သို့ ပေါင်းစည်းသွားသည်။ ၎င်းတို့ ပူပြင်းသောဓားစွမ်းအင်များကို ထုတ်လွှတ်ပေါက်ကွဲစေသည်။ သည့်နောက် ၎င်းဓားတို့သည် အရည်အဖြစ်သို့ ပြောင်းလဲသွားသလား ထင်မှတ်ရကာ ဝမ်လင်းရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာတော့သည်။
ဝမ်လင်း၏အသွင်က တည်ငြိမ်နေဆဲ ဖြစ်၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူ့သိုလှောင်အိတ်ကို ထိကာ အော်ပြောလိုက်၏။ “ဓားကိုးလက် ငါးစုံ အစီအရင်…”
ချက်ခြင်းပင် ငွေရောင်အလင်းတန်းများသည် သူ့သိုလှောင်အိတ်ထဲကနေ ပျံသန်းထွက်လာကာ ဓား(၂၇)လက်နှင့် ပေါင်းစပ်၏။ စုစုပေါင်း ဓား(၄၅)လက်သည် အရူးအမူး လှည့်ပတ်နေကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။ ဝမ်လင်း၏ ဆံပင်များက လေထဲ၌ မြောလွင့်နေ၏။ သူက ရှေ့သို့ ကြမ်းတမ်းစွာ လက်ညွှန်လိုက်လေသည်။
“ကောင်းကင်ဘုံခုတ်ပိုင်းခြင်း…”
သူ့လက်ညွှန်မှုနှင့်အတူ သူ့မူလစွမ်းအင်လှည့်ပတ်မှုသည် အထွတ်အထိပ်သို့ ရောက်လာ၏။ မရေမတွက်နိုင်သော ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်များသည် ပျံသန်းထွက်လာကြကာ သူ့ရှေ့ရှိ ဝဲကတော့နှင့် ပေါင်းစပ်သွား၏။ ဝဲကတော့တစ်ခုလုံးသည် တုန်ယင်လာကာ သိပ်သည်း၍ ရှေ့သို့ ထိုးထွက်သွားလေသည်။
ဝမ်လင်းက သတ်ဖြတ်ခြင်းနယ်မြေမှ ရရှိခဲ့သောဓား(၄၅)လက်ကို သန့်စင်မွန်းမံခဲ့ပြီး ဓားပုံပန်းအသွင်များကို ပြောင်းလဲစေခဲ့သည်။ သတ်ဖြတ်ခြင်းနယ်မြေကလူများသည် သည်ဓားများ၏ အကြောင်းကို သိရှိနိုင်တော့မည် ဖြစ်သည်။
သည်အခိုက်အတန့်၌ မရေမတွက်နိုင်သော ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်များ ပါဝင်သည့် ဓားဝဲကတော့သည် လင်းထျန်ဟူ၏မန္တာန်နှင့် ထိပ်တိုက်တွေ့လေသည်။ သည်အခိုက်၌ လောကပင် အရောင်ပြောင်းသွားရ၏။
ပြိုပျက်သံများ၊တုန်ဟီးသံများ ပဲ့တင်ထပ်လေ၏။
ရှေ့ဖြစ်ဟောသူကသာ တိုက်ပွဲ၏ ဖိသိပ်တုန်ခါလှိုင်းများကို ပိတ်ဆို့ပေးခြင်းကြောင့်သာ မဟုတ်ပါက ထျန်ယွမ်ဂြိုဟ်၏ အစိတ်အပိုင်းတော်တော်များများသည် ပျက်စီးသွားပေလိမ့်မည်။ ထိုဖိသိပ်မှုကန်အားကြောင့် ဝမ်လင်း၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွား၏။ သူ့ဓား(၄၅)လက်သည် ပျက်စီးထိခိုက်ခြင်း မရှိပေ။၎င်းတို့က ဝမ်လင်းအားလှည့်ပတ်နေကြလေ၏။
သူ့ရှေ့ရှိ လင်းထျန်ဟူ၏ ဓားသည် ပျက်စီးသွားကာ မူလဓားလေးလက်အသွင်သို့ ပြန်ပြောင်းသွား၏။ လင်းထျန်ဟူက နောက်သို့ လွင့်စင်သွားခြင်း မရှိပေ။သူ့မျက်လုံးသည် တောက်ပနေ၏။ သူက ရယ်မော၍ ပြောဆိုလိုက်၏။ “ဝမ်လင်း…မင်းနဲ့တာလေ့ဓားကလန်ကြားက ရန်ငြှိုး အဆုံးသပ်သွားပြီ။ ဒီအဘိုးအိုက မင်းရှိက တုန်ကင်ကို မယူဆောင်သွားတော့ဘူး။ မင်းက ဒီတုန်ကင်ကို ရရှိခဲ့တဲ့လူအနေနဲ့ ကောင်းကင်ဘုံလှိုဏ်ဂူထဲကို ဝင်ဖို့ တစ်နေရာ ပိုင်ဆိုင်နိုင်တယ်…”
လင်းထျန်ဟူက နောက်လှည့်၍ ခြေလှမ်း၏။တာလော့ဓားလကန်က တပည့်များသည် စိတ်ရှုပ်ထွေးမိနေဆဲပင်။ သို့သော် သူတို့က လင်းထျန်ဟူနောက်သို့ ချက်ခြင်း လိုက်ပါသွားကြ၏။ဓားအလင်းတန်းများသည် အကွာအဝေးတစ်ခုစီသို့ ပျံသန်းသွားကြတော့၏။
“လင်းထျန်ဟူရဲ့ လုပ်ဆောင်မှုတွေက တကယ့်ကို ထည်ဝါလှပေတယ်…” ဝမ်လင်းသည် လင်းထျန်ဟူ၏ ပုံရိပ်ကို ကြည့်ကာ စဉ်းစားနေမိ၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေ၏။ ကောင်းကင်ဘုံကံကြမ္မာကလန်မှ တပည့်များ သို့မဟုတ် မွန်းစတားအိုကြီးများ ခေါ်ဆောင်ခဲ့သည့် တပည့်များ၏ မျက်လုံးများထဲ၌ တုန်လှုပ်မှုတို့သာ ကြီးစိုးနေလေသည်။
“ဝမ်လင်းက လင်းထျန်ဟူနဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိနေလိမ့်မယ်လို့ ဘယ်သူက တွေးထင်မိမှာလဲ…” ဘိုင်ဝေ၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ခုချိန်ထိပင် သူ မျက်မြင်တွေ့ရသည်ကို မယုံကြည်နိုင်ဟန် ဖြစ်နေသေး၏။
ကျောက်ရှန်းရှ၏မျက်နှာသည် သေလောက်အောင် ဖြူရောင်နေ၏။ ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်ထဲ၌ ကြောက်ရွှံ့မှုတို့သာ ရှိတော့သည်။သူက မည်သည့်မကောင်းသည့် စိတ်ဆန္ဒကိုမှ ဝမ်လင်းပေါ်သို့ မရှိဝံ့တော့ပေ။
အမလေး ရှိသေး၏။ သူမ၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပျောက်ကွယ်သွားကာ သူမသည် ဝမ်လင်းကို ထူးဆန်းသည့်အကြည့်နှင့် ကြည့်နေသည်။
“သူသာ ငါ့ကို ကူညီပေးနိုင်ရန်…” အမလေးက သူ့အောက်နှုတ်ခမ်းကို ကိုက်ကာ ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်သည်။
သူတို့သာမက ဝမ်လင်းကို သိကြသော လူတိုင်းနီးပါးသည် မိန်းမောတွေဝေ တုန်လှုပ်မိနေကြ၏။
ဝမ်လင်းသည် ဓား(၄၅)လက်ကို ပြန်သိမ်းဆည်းခြင်း မပြုသေးပေ။ သူက လူတိုင်းကို ခြုံကြည့်၏။ထို့နောက် သူ့အကြည့်က အသွေးအသားတောင်ပုံကဲ့သို့ အဘိုးအိုပေါ်သို့ ကျရောက်သွားသည်။ သူက တည်ငြိမ်စွာ ဆိုသည်။ “စီနီယာ…ငါ အရည်အချင်း ပြည့်မှီရဲ့လား…”
အဘိုးအိုက အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီး အေးစက်စက်နှာခေါင်းရှုံ့၏။သူက ရှေ့ဖြစ်ဟောသူထံသို့ လှမ်းပြောသည်။ “ရောင်းရင်းရှေ့ဖြစ်ဟောသူ…ငါ ဆေးလုံးအချို့ သန့်စင်ဖို့ ရှိသေးလို့ သင့်ကို ထပ်ပြီး မနှောက်ယှက်တော့ဘူး…”
ထိုသို့ပြောပြီးနောက် သူက သူ့အား ထမ်းပိုထားသည့် တပည့်လေးယောက်ကို ပြောလိုက်သည်။ “ကလန်ကို ပြန်ကြမယ်…”
သူ့တပည့်လေးယောက်က ခပ်သွက်သွက် ခေါင်းညိတ်ပြ၏။ ထို့နောက် သူတို့သည် ထိုကြီးမားလှသည့်အဘိုးအိုကို သယ်ဆောင်ကာ အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားကြတော့သည်။
ဘူးသီးခြောက်ခွံပေါ်တွင် ထိုင်နေသည့်အဘိုးအိုက ဝမ်လင်းကို အလေးအနက်ကြည့်ကာ ရယ်မော၏။ “ရောင်းရင်းကျင့်ကြံသူဝမ်က ကိုယ့်ကိုကိုယ် ဖုန်းကွယ်ထားတာ တော်လှပါလား။ ဒီအဘိုးအိုကို အိပ်မက်ဆန်းထန် လို့ခေါ်နိုင်ပါတယ်။ သင့်မှာ အချိန်ရှိရင် ငါ့ အိပ်မက်ဂြိုဟ်ရှိ လာလည်စေချင်တယ်…”
ထိုသို့ ပြောလိုက်ပြီးနောက် သူက ဝမ်လင်းကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
ပိန်ပါးလှသည့်အလောင်းကောင်ကဲ့သို့ အဘိုးအိုသည်လည်း သူနှင့်အတူ ထွက်ခွာသွား၏။ အစကနေ အဆုံးထိ သူ့အသွင်ဟန်ပန်က မထူးခြားနားပင်။ သူက ထွက်ခွာသွားချိန်၌ပင် ရှေ့ဖြစ်ဟောသူကို နှုတ်ဆက်စကားမဆိုခဲ့ပေ။
နောက်ဆုံးထွက်ခွာမည့်သူက လှပသောသက်လတ်ပိုင်းအမျိုးသမီးပင်။သူမက ဝမ်လင်းကို ပြုံး၍ ကြည့်သည်။ “ရောင်းရင်းကျင့်ကြံသူဝမ်ရဲ့ ဓားတွေက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေနဲ့ ပြည့်နှက်နေတယ်။ဒါပေမဲ့လည်း ဒီလောက်များပြားလွန်းတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေကို ထိန်းချုပ်ဖို့ ခက်ခဲလွန်းတယ်။သင်သာ အချိန်ရှိရင် ဇီရှ ဂြိဟ်ကို ကျေးဇူးပြုပြီး လာခဲ့ပေးပါ….”
ထိုသို့ပြောပြီးနောက် သူမသည်ရှေ့ဖြစ်ဟောသူကို ဦးညွတ်၍ သူမနောက်ရှိ အမျိုးသမီးလေးယောက်နှင့်အတူ ထွက်ခွာသွားတော့သည်။
သူတို့ထွက်ခွာသွားချိန်၌ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီး၏ မျက်လုံးသည် တောက်ပလာ၏။သူမက ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ဆိုသည်။ “ငါ့ဆရာက သန့်စင်မွန်းမံခြင်းမှာ တကယ်တော်တယ်။ဒါပေမဲ့ ကုန်ကျစရိတ်က သိပ်များမှာ မဟုတ်ပါဘူး…”
“ဒီကောင်မလေး…” ထိုလှပသောအမျိုးသမီးက တခစ်ခစ် ရယ်၏။အခြားသုံးယောက်ကလည်း ရယ်မောလိက်သည်။ လူအနည်းငယ်ကသာ ထိုအမျိုးသမီးလေးယောက်ထဲမှ အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး ဝမ်လင်းထံသို့ ကြည့်နေသောအကြည့်က ကွာခြားလှသည်ကို သတိပြုမိပေလိမ့်မည်။
“သူက ငါ့နာမည်ကို မေ့နေတာ ဖြစ်နိုင်တယ်။ တကယ်တော့…သူ့အတွက် ငါက ကိစ္စလေးပါပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ သူက ငါ့အသက်ကို ကယ်တင်ပေးခဲ့တာ…”
ထိုအစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက သက်ပြင်းချ၏။
ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက မေးလိုက်သည်။ “စီနီယာအမကြီး ချမ်ချင်…ဘာ ဖြစ်လို့လဲ…”
ချမ်ချင်က ခေါင်းရမ်းပြ၍ စကားမဆိုပေ။
(ချမ်ချင်မှာ အတိတ်တုန်းက ဝမ်လင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ မဝင်ရောက်ခင် လေ့ကျင်ဖို့ သွားသည့်အချိန်၌ အမှတ်မထင် ကယ်တင်ပေးခဲ့သော အမျိုးသမီး ဖြစ်၏)
ရှေ့ဖြစ်ဟောသူ၏ အမိန့်အောက်၌ ကောင်းကင်ဘုံကံကြမ္မာကလန်၏ တပည့်များသည် လူစုခွဲသွားကြ၏။ ရင်ပြင်ထဲ၌ ရှေ့ဖြစ်ဟောသူနှင့် ဝမ်လင်းတို့ကလွဲ၍ မည်သူမျှ မရှိတော့ပေ။လူတိုင်းထွက်ခွာသွားပြီးနောက် ဝမ်လင်းက ရှေ့ဖြစ်ဟောသူကို တည်ငြိမ်စွာ ကြည့်သည်။
နှစ်ပေါင်းရာချီ ကြာမြင့်ပြီးနောက် ဆရာနှင့်တပည့်တို့သည် တစ်ဖန် မျက်နှာခြင်းပြန်ဆိုင်နေကြသည်။
သူတို့နှစ်ယောက်လုံးသည် အချိန်အတန်ကြာ တွေးနေ၏။ ရှေ့ဖြစ်ဟောသူက ဖြည်းဖြည်းချင်း မေးလိုက်သည်။ “ဒီတော့ တပည့် ဘာစီစဉ်ထားလဲ…”
“တပည့်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲကို ဝင်ရောက်ချင်ပါတယ်…” ဝမ်လင်း၏ဟန်ပန်က လေးစားမှု အပြည့်ပင်။
ရှေ့ဖြစ်ဟောသူက သူ့လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းမှာ အရည်အချင်းပြည့်မှီပါတယ်။ အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား ဖြစ်ဖြစ်၊ ဒါမှ မဟုတ် နတ်လေးပါးကလန်ရဲ့ ဟင်္သာငှက်တသီတတန်း ဖြစ်ဖြစ်ပေါ့။ ငါ သိသလောက် ဟင်္သာငှက်တသီသတန်းရဲ့ ဒီမျိုးဆက်မှာ မင်းအပါအဝင် သုံးယောက်ပဲ ရှိိတယ်…”
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက ဟင်္သာငှက်တသီတသန်းနှင့် ပတ်သတ်၍ အများကြီး မသိပေ။ အခု သည်အကြောင်းကို ကြားလိုက်ရသည့်အခါ၌လည်း သူ့အသွင်ဟန်ပန်သည် မည်သို့မျှ မဖြစ်သလိုပင်။
***