အခန်း (၂၄) ရောက်လာလေတဲ့ဂိုဏ်းတူအစ်မ
လုန်ယွိနှင့် အခြားသူများ စည်းဝိုင်းနား ရောက်လာသည့်အခါ ကျန်းလန် မတ်တတ်ထရပ်လိုက်သည်။
သူတို့အုပ်စုကို ကြည့်လိုက်ရင်း ဂိုဏ်းတူမောင်လေးတစ်ယောက်အနေဖြင့် တစ်ခုခုတော့ လုပ်ပေးသင့်သည်ဟု တွေးလိုက်မိသည်။
တွေးသာတွေးလိုက်ရသည် တကယ်တမ်း ဘာလုပ်ပေးရမှန်းလည်း မသိပေ။ ထို့ကြောင့်… မတ်တတ်သာ ရပ်နေလိုက်တော့သည်။
ကျန်းလန်က လုန်ယွိနှင့် အခြားသူများကို စည်းဝိုင်းအတွင်းသို့ ခေါ်လိုက်သည်။ သူတို့အားလုံးက ကျန်းလန်ကို တွေ့ကြသော်လည်း စကားတစ်လုံးမှ မဆိုကြပေ။
လင်စီးယာက လုန်ယွိကို အသာအယာ ထိုင်စေလိုက်သည်။
ပြီးမှ ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
“ဂိုဏ်းတူမောင်လေး… ဒီနေရာကို တစ်ယောက်ယောက်များ ရောက်လာသေးလား…”
ကျန်းလန်က ခေါင်းခါရမ်းလိုက်ပြီး…
“မရောက်လာဘူး…ဂိုဏ်းတူအစ်မ…”
ပြောပြီးသည်နှင့် ကျန်းလန်က ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်သည်။
ပတ်ဝန်းကျင်တွင် သံသယဖြစ်စရာ သဲလွန်စ တစ်ခုမှ မရှိပေ။ ထို့ကြောင့်… ဤနေရာသို့ ဝူကျိ ရောက်ရှိလာသည်ကို မည်သူ့ကိုမှ မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
ပြောနေပါက ဖြေရှင်းရခက်ကုန်ဦးမည် ဖြစ်သည်။ ထို့ကြောင့်… အစကတည်းက ကိစ္စဖြတ်ထားရန် လိုအပ်သည်။
လင်စီးယာကလည်း နောက်ထပ်မေးခွန်းများကို ထပ်မံမေးမြန်းခဲ့ခြင်း မရှိပေ။
သူမက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
“အခုလောက်ဆို မှော်ရုံနယ်မြေအပြင်ဘက်ကလည်း ငါတို့ အန္တရယ်ကြုံတွေ့တဲ့အကြောင်း သတင်းရသွားလောက်ပြီ… ၊ ဒီတော့ အကူအညီတွေလာတဲ့အထိ စောင့်ကြတာပေါ့… ၊ ဒီအတောအတွင်း မင်းတို့ ကျင့်ကြံခြင်းအဆင့်တက်ဖို့ ကျင့်ကြံချင်တယ်ဆိုရင် ဒီနားတစ်ဝိုက်ပတ်ဝန်းကျင်မှာသွားပြီး ကျင့်ကြံကြလေ…”
လင်စီးယာက ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။
“မင်းတို့ အန္တရယ်ကင်းဖို့ ငါ စောင့်ကြည့်ပေးထားမယ်… ၊ ဒါပေမဲ့ ငါ့ရဲ့ တန်ခိုးစွမ်းအားစက်ဝန်း အပြင်ဘက်တော့ မထွက်ကြနဲ့ပေါ့ ၊ မဟုတ်ရင်တော့ တာဝန်ယူပေးနိုင်မှာ မဟုတ်ဘူး…”
အခြားသူများက စကားပြန်မပြောကြဘဲ ခေါင်းများကိုသာ ညိတ်ပြလိုက်ကြသည်။
ထို့နောက်… သူတို့အားလုံး စည်းဝိုင်းအတွင်းမှ ထွက်ခွာသွားကြလေတော့သည်။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများက ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ဇွဲကောင်းကြသည်ကိုသိလိုက်ရသောကြောင့် ဖြစ်သည်။
သူတို့အားလုံးက အန္တရယ်နှင့် ရင်ဆိုင်ရသောကြောင့် စိတ်ရှုတ်ထွေးပြီး ထိုင်နေကြမည့်သူများ မဟုတ်ကြပေ။
တပည့်များအားလုံး ထွက်ခွာသွားသည်နှင့် ကျန်းလန်လည်း ထွက်ခွာလာခဲ့လေသည်။ သူလည်း အများနည်းတူ စီးမျောလုပ်ဆောင်ရမည် မဟုတ်ပါလား။
လုန်ယွိကတော့ ဒဏ်ရာအပြင်းအထန်ရထားရှာလေသည်။
သူမက ထွက်ခွာသွားကြသည့် မောင်ငယ် ၊ ညီမငယ်များကို ငေးကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။
ယခုတစ်ကြိမ်တိုက်ပွဲတွင် သူမ အသက်ရှင်သန်ရန် မလွယ်ကူခဲ့ပေ။ အတော်လေး ရုန်းကန်ခဲ့ရသည်။
ပထမဆုံး မြူခိုးများကို ဖယ်ရှားရန် နဝမတောင်ထွတ်မှ တပည့်က ကူညီပေးခဲ့သည်။ နောက်တော့… တန်ခိုးစွမ်းအားမြင့်မားလှသည့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာပြီး သူမ အသက်ရှင်သန်ခွင့်ရခဲ့သည်။
ထိုသူက သူမကို ကယ်တင်ရန် ရောက်လာခြင်းမဟုတ်သော်လည်း ထိုသူရောက်လာသောကြောင့် သူမ အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်၏။
နောက်ဆုံးတော့… ဒဏ်ရာအပြင်းအထန်ရကာ လဲကျနေသည့် သူမကို ကယ်တင်ရန်အတွက် ဂိုဏ်းတူညီမလေး လင်စီးယာက ပြန်ရောက်လာခဲ့သည်။
လုန်ယွိအတွက်တော့ သေကံမရောက် သက်မပျောက်ဟုသာ မှတ်ယူရပေမည်။
အားလုံးထွက်ခွာသွားတော့မှ လင်စီးယာက လုန်ယွိနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ရင်း…
“ကဲ…ဂိုဏ်းတူအစ်မ… ကျွန်မကတော့ အစ်မနဲ့အတူတူနေပြီး စောင့်ရှောက်ပေးမယ်…”
လုန်ယွိကတော့ လင်စီးယာကို ကျေးဇူးတင်စွာဖြင့် ငေးစိုက်ကြည့်နေရုံမှလွဲပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။
…………
ကျန်းလန် စည်းဝိုင်းအတွင်းမှ ထွက်ခွာလာခဲ့လေသည်။ သို့သော်… သိပ်အဝေးကြီးတော့ မသွားခဲ့ပေ။
ထို့နောက်… စိတ်ချရသည့်နေရာတစ်ခုရှာဖွေကာ စနစ်တွင် မှတ်ပုံတင်လိုက်၏။
ယခုတစ်ကြိမ်မှာတော့… ဆေးလုံးတစ်လုံး ရရှိလေသည်။ “ရွှေခန္ဓာဆေးလုံး” ဟုခေါ်သည့် အစွမ်းထက် ဆေးလုံးတစ်လုံး ဖြစ်၏။
ထိုဆေး၏ အစွမ်းသတ္တိက ရိုးရှင်းသည်။ သူ၏ စွမ်းအားများကို ယာယီအားဖြင့် နှစ်ဆမြင့်တက်လာစေမည် ဖြစ်သည်။
ထိုဆေးလုံးအစွမ်းကို နွားရိုင်းကိုးကောင်စွမ်းအားဖြင့် ပေါင်းစပ်လိုက်ပါက အံ့မခန်းတန်ခိုးစွမ်းအား ထွက်ပေါ်လာပေလိမ့်မည်။ သို့သော်… တစ်ကြိမ်အသုံးပြုရုံဖြင့် သူ၏ တန်ခိုးစွမ်းအားများ အလျှင်အမြန် ကုန်ဆုံးသွားနိုင်ပေသည်။
ကျန်းလန် ဆေးလုံးအပေါ်တွင် အာရုံမစိုက်တော့ပေ။
ထို့နောက်… သူ အနီးတစ်ဝိုက်လှည့်လည်ကြည့်ရှုရင်း ရေကန်တစ်ခုအနားသို့ ရောက်ရှိလာလေသည်။
ရေကန်အတွင်းမှ ရေများက အလွန်ကြည်လင်လျှက် ရှိသည်။ ရေကန်ထဲတွင် ငါးများ ကူးခတ်နေလေသည်။ သို့သော်… ရေကန်က တစ်စက်လေးပင် လှိုင်းထခြင်း မရှိပေ။
မဟာတာအို၏ သဘောသဘာဝများ ထင်ဟပ်လျှက် ရှိလေသည်။
ထိုခဏမှာပင်… ကျန်းလန်၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာသည် မဟာတာအို၏ ထိတွေ့ခြင်းကို ခံစားရသည့်အလား စိတ်များကြည်လင်လာလေသည်။
သူ့စိတ်ထဲမှ သံသယများ ချက်ချင်းပင် ရှင်းလင်းသွားပြီး သူ သင်ယူခဲ့သမျှ ကျင့်စဉ်မန္တန်များအားလုံးကို နားလည်မှု ပိုမိုမြင့်မားလာသည်။
ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် မှော်ရုံနယ်မြေတွင် အခွင့်အရေးတစ်ခု ရရှိခဲ့ပြီဟု ကျန်းလန် နားလည်လိုက်သည်။
ထို့နောက်… တုံ့ဆိုင်းမနေတော့ဘဲ အခြေအနေကို အခွင့်ကောင်းယူကာ စတင် ကျင့်ကြံလိုက်လေတော့သည်။
***
နောက်တစ်နေ့…
ကျန်းလန် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က များစွာ ပြောင်းလဲသွားခြင်းမရှိသော်လည်း ပိုမို သိပ်သည်းကျစ်လျစ်လာလေသည်။ အကြောင်းအရာအတော်များများကိုလည်း ပိုမိုနားလည်နိုင်စွမ်း ရှိလာသည်။
ပထမဆုံးအကြိမ် မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာကို လေ့လာစဉ်ကကဲ့သို့ ထူးခြားဆန်းကျယ်သည့် ခံစားချက်များကို ခံစားလိုက်ရလေသည်။
“ငါ… မူလဝိညာဉ်အဆင့်တော့ တက်ရောက်နိုင်မယ်မထင်ဘူး ၊ ဒါပေမဲ့ အများအမြင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်လောက်တော့ ရောက်သွားတယ်ဆိုတာ ပြရမယ်…”
ဟု ကျန်းလန် တွေးလိုက်သည်။
ထို့နောက်… ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။
ထိုအခါ… အခြားတပည့်များအားလုံးလိုလို ရေကန်အနီးပတ်ဝန်းကျင်တွင် ရှိနေကြသည်ကို တွေ့လိုက်ရသည်။
လုန်ယွိနှင့် လင်စီးယာပင်လျှင် ဤနေရာသို့ ရောက်ရှိနေကြလေသည်။
ကျန်းလန် ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
“ငါ့မှာ ကိုယ်ပိုင်စဉ်းစားဉာဏ်ရှိပေမယ့် ကိုယ့်အကန့်အသတ်တော့ကိုယ် သိရမှာပဲ…”
ဟု စဉ်းစားလိုက်၏။
မဟာတာအို အငွေ့အသက်များရှိသည့်နေရာတွင် တပည့်များ ဝိုင်းဝန်းကျင့်ကြံကြသည်မှာ ဖြစ်သင့်သည့်ကိစ္စပင် ဖြစ်သည်။
ထို့ကြောင့်… ကျန်းလန် စိတ်အနှောက်အယှက် ဖြစ်မိခြင်းတော့ မရှိပေ။
လုန်ယွိကတော့ အခြားတပည့်များ၏ အခြေအနေကို အကဲခတ်နေဟန် ရှိသည်။ တစ်စုံတစ်ခု အန္တရယ်ရှိလာလျှင် မည်သို့ရင်ဆိုင်ရမည်ကို အသင့်ပြင်ထားဟန်လည်း ရှိ၏။
ကျန်းလန် အခြေအနေများကို အရေးစိုက်မနေတော့ဘဲ မျက်လုံးများကို ပြန်လည်မှေးမှိတ်ကာ ကျင့်ကြံနေလိုက်သည်။
အခြားသူများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မြင့်တက်သွားပြီဖြစ်ကြောင်း ပြသရန်လိုအပ်သည်။
သို့သော်… ကျန်းလန် မျက်လုံးမှိတ်လိုက်ချိန်မှာပင် ရွှေပြဒါးအမြုတေကျင့်ကြံသူ (၂)ယောက် တစ်ချက်လှုပ်ရှားသွားကြောင်း အာရုံခံလိုက်မိသည်။
တစ်ယောက်က ကျန်းလန်ရှိရာသို့ လမ်းလျှောက်လာခြင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ အခြားတပည့်များရှိရာနေရာသို့ သွားနေခြင်း ဖြစ်သည်။
“ဒီကျင့်ကြံသူက ဘာလို့ ငါ့ဆီကိုလာနေရတာလဲ…”
ကျန်းလန် ပဟေဠိဖြစ်သွားသည်။
ကျန်းလန် ထိုင်နေသည့် ပတ်ဝန်းကျင်တွင် သူတစ်ယောက်သာ ရှိလေသည်။ ထို့ကြောင့်… ထိုကျင့်ကြံသူက သူ့ထံ လာနေသည်မှာ သေချာသလောက်ရှိသည်။
သူ ဘာများလုပ်ခဲ့မိလို့ ထိုသူ သူ့ဆီလာနေရပါသနည်း။ သူ… တရားအလင်းပွင့်ကာ တန်ခိုးစွမ်းအားတွေ ထွက်ပေါ်လာလို့များလား…။
မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ခွန်လွန်စိတ်ကျမ်း၏ တန်ခိုးစွမ်းအားများက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်နှင့် တန်ခိုးစွမ်းအားမြင့်မားမှုများကို ကာကွယ်ပေးထားလေသည်။
ထို့ပြင်… သူ့တွင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားလည်း ရှိနေသေးသည်။
ရုတ်တရက် တရားအလင်းပွင့်ကာ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားလျှင်တောင်မှ သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်က ထွက်ပေါ်လာမည် မဟုတ်ပေ။
ကျန်းလန်က အနားသို့လမ်းလျှောက်လာသည့် ကျင့်ကြံသူကို အရေးမစိုက်ဟန်ဖြင့် မျက်လုံးများ မှိတ်ထားဆဲ ဖြစ်လေသည်။
ထိုကျင့်ကြံသူ သူ့အနားလာရောက်သည်မှာ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်သည်ပဲလေ…။ ကျန်းလန်အနေဖြင့် ထိုသူ ဘာလုပ်မည်ကို စောင့်ကြည့်ရန်သာ ရှိသည်။
ခြေသံက ကျန်းလန်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။
“ဂိုဏ်းတူမောင်လေး…”
ခေါ်သံကြားလိုက်ရသည်။
ထိုအသံက လုန်ယွိ၏ အသံဖြစ်လေသည်။
ကျန်းလန် ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ထိုအခါ သူ့ရှေ့တွင်ရပ်နေသည့် လုန်ယွိကို တွေ့လိုက်ရ၏။
ကျန်းလန်က ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး လုန်ယွိကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ဂိုဏ်းတူအစ်မ ‘လုန်’ …”
ကျန်းလန် ခေါင်းငုံ့လိုက်သည့်အတွက် လုန်ယွိက ဖိနပ်စီးမထားဘဲ ခြေဗလာနှင့် ဖြစ်သည်ကို သတိပြုလိုက်မိသည်။
သူမ၏ ခြေထောက်များက လှပသည့် ကျောက်စိမ်းသားပမာ ဖြူစင်ဝင်းပလျှက် ရှိလေသည်။
သူမကိုကြည့်ရသည်မှာ ဒဏ်ရာအပြင်းအထန်ရထားဟန် ရှိသော်လည်း သိပ်ပြီး နာကျင်ခံစားနေရဟန် မရှိပေ။
ယမန်နေ့က ဒဏ်ရာရထားသည့် သွေးများစွန်းထင်းပေကျံနေသော လက်များမှာလည်း ယခင်ကအတိုင်း ဖြူစင်ဝင်းပလျှက် ရှိလေသည်။
လုန်ယွိ၏ လှပဖြူစင်သည့် လက်ချောင်းများကို ငေးမောရင်း ကျန်းလန် အံ့အားသင့်စွာဖြင့် တွေးလိုက်မိသည်။
“ဂိုဏ်းတူအစ်မက အချိန်တိုအတွင်းမှာ ဒဏ်ရာတွေ ပြန်ကောင်းသွားတာပဲ… အံ့သြစရာကောင်းလိုက်တာ…”
သို့သော်… ကျန်းလန် လုန်ယွိ၏ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုတော့ မကြည့်ရဲပေ။
ဤသည်က မယဉ်ကျေးရာကျသည် မဟုတ်ပါလား။
နဂါးမျိုးနွယ်များ၏ ခန္ဓာကိုယ်က ကြံ့ခိုင်ပြီး အစွမ်းထက်သည်ဆိုသည့် အချက်ကိုတော့ ကျန်းလန် သတိထားလိုက်မိသည်။
ပြင်းထန်လှသည့် ဒဏ်ရာများရရှိထားသည့်တိုင် တစ်ညအတွင်း ပြန်လည်ကောင်းမွန်လာခြင်းက သက်သေဖြစ်သည်။ ဤသည်မှာ… နဂါးမျိုးနွယ်များက လူသားများထက် များစွာ ပိုမိုသန်မာသည်ကို ပြသခြင်းပင် ဖြစ်သည်။
နဂါးမျိုးနွယ်များ၏ သန်မာသည့်ခန္ဓာကိုယ်အကြောင်းတွေးတောရင်း ကျန်းလန် အံ့အားသင့်နေစဉ်မှာပင်… ဆည်းလည်းသံအလား သာယာလွန်းသည့် လုန်ယွိ၏ အသံလေးက ထွက်ပေါ်လာလေသည်။
သို့သော်… အသံလေးက သာယာသည့်တိုင် ခံစားချက်က လုံး၀ ကင်းမဲ့လျှက် ရှိ၏။
“ဂိုဏ်းတူမောင်လေးက အခြေခံတည်ဆောက်ခြင်းအဆင့်ကို အဆင့်တက်ဖို့ ကျင့်ကြံနေတာလား…”
ကျန်းလန် လုန်ယွိကို မော့ကြည့်လိုက်သည်။
သူမ၏ ညာဘက်ပါးပြင်မှ လည်ပင်းအထိ ရှည်လျားသည့် အနီရောင်ဒဏ်ရာကြီးကတော့ ထင်ရှားစွာ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်… ကြွေရုပ်လေးပမာ လှပသည့် မျက်နှာလေးမှာ အကျည်းတန်နေသည့်အလား ခံစားရလေသည်။
ကျန်းလန်က ခေါင်းညိတ်ပြလိုက်ရင်း…
“ဟုတ်ပါတယ်… မနေ့ညက စိတ်ထဲမှာ ထူးထူးခြားခြား ခံစားရတယ် ၊ ကြည့်ရတာ ကျင့်ကြံခြင်းအဆင့်တက်တော့မယ် ထင်တယ်…”
ကျန်းလန် လိမ်ပြောခြင်း မဟုတ်ပေ။
မနေ့ညက အမှန်တကယ်လည်း သူ တရားအလင်းရခဲ့သည် မဟုတ်ပါလား။ ထိုအကြောင်းကို လုန်ယွိလည်း ခန့်မှန်းမိသည်ဟု ကျန်းလန် ယူဆလိုက်သည်။
ထို့ကြောင့်… ကျင့်ကြံခြင်းအဆင့်တက်မည်ဆိုလျှင်လည်း ဆီလျော်သည့်ကိစ္စ ဖြစ်သည်။
သို့သော်… လုန်ယွိ အဘယ့်ကြောင့် သူ့ထံ လာရောက်ရပါသနည်း။ ကျန်းလန် စိတ်ရှုတ်ထွေးသွားမိသည်။
ထိုအချိန်မှာပင်… လုန်ယွိက ကျန်းလန်ကို ဆေးလုံးထည့်ထားသည့် ကြွေပုလင်းလေးတစ်လုံး ပစ်ပေးလိုက်သည်။
ထို့နောက် အေးဆေးသည့်အသံဖြင့်…
“ဒီဆေးက အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးပဲ ၊ ဂိုဏ်းတူမောင်လေးရဲ့ ဆွဲငင်အားမန္တန် အစီအရင်က ငါ မင်းကိုပေးခဲ့တဲ့ ဝိညာဉ်စကားမန္တန်ထက် အများကြီးသာပါတယ် ၊ ဒါကြောင့် ဒီ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို အလျော်အစားအနေနဲ့ ထပ်လာပေးတာ ၊ ဒါဆို… ငါတို့ကြားမှာ ကျေပြီနော်…”