သူမသာ မက ကျန်သည့်အမျိုးသမီးသုံးယောက်ကလည်း ကောင်းကင်ထက်သို့ မျက်လုံးလှလှများဖြင့် ကြည့်နေကြသည်။ဝမ်လင်း၏ ကျော်ကြားမှုသည် နှစ်ပေါင်းများစွာအတွင်း သိသာလွန်းလာခဲ့သည် မဟုတ်လား။
ထိုသို့ ကျော်ကြားလာလေလေ ဝမ်လင်းနှင့် ပတ်သတ်သည့် ကောလဟာလများလည်း ပျံ့နှံ့ခဲ့ပေသည်။
ကောင်းကင်ဘုံကံကြမ္မာကလန်၏ ရင်ပြင်ထက်၌ ဘိုင်ဝေသည် စိတ်ရှုပ်ထွေးစွာ ကောင်းကင်ထက်သို့ ကြည့်နေသည်။ သူ့အတွက် အတိတ်တုန်းကဝမ်လင်းသည် ခုမည်သို့ ဖြစ်လာသည်ကို စိတ်ကူးကြည့်နိုင်ရန် ခက်ခဲနေသည်။
ဘိုင်ဝေ၏ဘေး၌ သုန်မှုန်နေသော သက်လတ်ပိုင်းလူတစ်ယောက် ရှိနေသည်။သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူက ကောင်းကင်ထက်သို့ ကြည့်ကာ စိတ်ထဲကနေ အေးစက်စက်နှာခေါင်းရှုံ့နေ၏။
“ဝမ်လင်း…မင်းက ဒီနှစ်ပေါင်းများစွာအတွင်း မသေခဲ့ရင်တောင် ဒီလိုမျိုး ဖြစ်မလာသင့်ဘူး။ မင်းက ငါ ကျောက်ရှန်းရှနဲ့ ယှဉ်ရင် ဘယ်လောက်အားနည်းနေမလဲတော့ ငါ မသိဘူး…”
ဘိုင်ဝေသည် ထိုသက်လတ်ပိုင်းလူကို သတိထား၍ ကြည့်၏။ သူက သူ့စီနီယာအစ်ကိုထံမှ ထိတ်လန့်မှုကို ခံစားမိ၏။ ကျောက်ရှန်းရှ၏ ကျင့်ကြံမှုအဆင့်သည် တံခါးပိတ်ကျင့်ကြံနေပြီးနောက် အတော်လေး တိုးတက်လာခဲ့၏။သူက အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်ကာ ပုံရိပ်ယောင်ယင်အဆင့်သို့ပင် ခြေလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
“ကျောက်ရှန်းရှက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်က ရှေ့ဖြစ်ဟောသူရဲ့ အစစ်အမှန်တပည့်ခုနစ်ယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။သူက ဝမ်လင်းနဲ့ ရန်ငြှိုး ရှိတယ်။ဒါ့ကြောင့် သူတို့တွေ့ရင် သူ့အတွက် သတ်ဖြတ်ချင်စိတ်မရှိဖို့ ခက်ခဲနေလိမ့်မယ်…”
သူတို့နှစ်ယောက်ဘေး၌ အမျိုးသမီးတစ်ယောက် ရှိနေ၏။သူမ၏အသွင်က တည်ငြိမ်နေသည်။ သူမက ကောင်းကင်ထက်သို့ ကြည့်နေသော်လည်း မည်သည့်အရာကိုမျှ စိတ်မဝင်စားဟန် ရှိနေသည်။
ထိုအမျိုးသမီးက ခရမ်းရောင်အုပ်စုခွဲမှ လေးယောက်မြောက်တပည့် ဖြစ်ကာ ဝမ်လင်း၏ စီနီယာအမလေးလည်း ဖြစ်သည်။ အတိတ်တုန်းက သူမကို ကျောက်ရှန်းရှက ဝမ်လင်းကို မန္တာန်ဖြင့် ပိတ်လှောင်ပေးရန် အတင်း စေခိုင်းခဲ့ဖူးသည်။
နောက်ပိုင်းတွင် ဝမ်လင်းက လွတ်မြောက်လာခဲ့ပြီး သူမက ဝမ်လင်းကို သူတို့၏ ရန်ငြှိုးကို ဖြေရှင်းနိုင်ရန် မဟာတည်နေရာရွှေ့ပြောင်းခြင်းမန္တာန်ကို သင်ပေးခဲ့သည်။
အကွာအဝေးတစ်ခု၌ အသက်သုံးဆယ်ခန့်လူငယ်တစ်ယောက်လည်း ရှိနေသည်။သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ၎င်းဝတ်စုံပေါ်၌ အပြာရောင်နဂါးသုံးကောင်ကို ရေးထိုးထာသည်။ထိုနဂါးများသည် အသက်ဝင်လှကာ ကြမ်းတမ်းမည့်ဟန် ရှိ၏။
ဝမ်လင်းသည် ထိုလူ့ကို တွေ့လျှင် သူသည် သိရှိပေလိမ့်မည်။သူက ဝမ်လင်း၏ စီနီယာအမ သူ့ကို ပိတ်လှောင်ရာ၌ ကူညီပေးခဲ့သည့်သူ ဖြစ်၏။သူသည် အပြာရောင်အုပ်စုခွဲမှ စီမာယုဖန်ပင်။
ကောင်းကင်ဘုံကံကြမ္မာကလန်အတွင်း၌ ဝမ်လင်းကို သိရှိထားခဲ့ကြသော လူတိုင်း၏စိတ်ထဲ၌ ကိုယ်ပိုင်အတွေးများ ရှိနေကြ၏။ သို့သော် သူသည် ယနေ့ သည်နေရာတွင် ပေါ်လာပါက အသက်ရှင်လျက် ပြန်ထွက်သွားနိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူကမျှ မယုံကြည်ကြပေ။
လူတိုင်း၏အကြည့်က မိုးကုပ်စက်ဝန်းထက်၌ စုစည်းနေ၏။ မိုးကုပ်စက်ဝန်း၌ အဖြူရောင်ပုံရိပ်တစ်ခုပေါ်လာကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
သူ့အနက်ရောင်ဆံပင်များက လေထဲ၌ လွင့်ဝဲနေ၏။ သူ့အဖြူရောင်ဝတ်စုံက သူ့ကို ကောင်းကင်ဘုံသားတစ်ယောက်ကဲ့သို့ ထင်မှားစေသည်။
ထိုပုံရိပ်ထံမှ အထီးကျန်ခံစားမှုကို ပေးစွမ်းနေ၏။သူက သည်လိုနည်းဖြင့် တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
ပထမပိုင်း၌ ထိုပုံရိပ်က အဝေးတွင်သာ ရှိသေး၏။သို့သော် ချက်ခြင်းပင် သူက ကောင်းကင်ဘုံကံကြမ္မာကလန်၏အပြင်ဘက်၌ ပေါ်လာ၏။
“ဝမ်လင်း…”
“ဝမ်လင်း…”
ချက်ခြင်းပင် တော်တော်များများက ဝမ်လင်းကို သိရှိသွားကြ၏။
“ဒီတော့ သူက ဝမ်လင်းပေါ့…” ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီး၏ အကြည့်သည် ဝမ်လင်းပေါ်သို့ ကျရောက်နေသည်။
လင်းထျန်ဟူ၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ့မျက်လုံးအကြည့်ထဲ၌ ပြင်းထန်သောဓားစွမ်းအင် ပါဝင်နေသည်။သူက ဝမ်လင်းကို တွေ့သည်နှင့် မျက်မှောင်ကြုတ်သွား၏။သူ့အသွင်ပင် သုန်မှုန်သွားသည်။ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်သည့်အရိပ်အယောင် ရှိသွား၏။
“နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်း။ လွန်ခဲ့တဲ့နှစ်ရာချီလောက်ကတော့ ဒီဝမ်လင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်မှာပဲ ရှိသေးတယ်။ခု သူက မမျှော်လင့်စွာနဲ့ ဒီလောက်အဆင့်ထိ ရောက်လာခဲ့ပြီလား။ သူက မဟာကံကောင်းမှုတွေကိုသာ မကြုံခဲ့ရရင် ဒီလိုဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ သူ့မျက်ခုံးနှှစ်ခုကြားမှာလည်း အမှတ်အသားတစ်ခု ရှိနေသေးတယ်…”
လင်းထျန်ဟူ၏ စိတ်ထဲ၌ လှိုင်းထန်နေမိ၏။
တောင်ကြီးတစ်တောင်ကဲ့သို့ အဘိုးအိုသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန်နှင့် စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးသည် တောက်ပနေသည်။
အလောင်းကောင်ကဲ့သို့ အဘိုးအို၏အသွင်သည်လည်း ပြောင်းလဲသွား၏.သူက ဝမ်လင်းကို လေးလေးနက်နက် ကြည့်၏။ ထို့နောက် သူက ရှေ့ဖြစ်ဟောသူကို ကြည့်လိုက်၏။
ဘူးသီးခြောက်ပေါ်ရှိ အဖြူအနက်ဝတ်စုံနှင့်အဘိုးအိုကမူ ပြုံးလာ၏။ သို့ရာတွင် သူ့မျက်လုံးထဲ၌ တစ္ဆေအလင်းတစ်ခု ဖြတ်ပြေးသွားသည်။ထို့ကြောင့် သူဘာတွေးနေသည်ကို သိမြင်နိုင်ဖို့ မဖြစ်နိုင်ပေ။
“ဟင်္သာငှက်အမှတ်အသား…” သက်လတ်ပိုင်းအမျိုးသမီးက အံ့အားသင့်သွား၏။သူက ဝမ်လင်းကို သေချာကြည့်သည်။
သည်မွန်းစတားအိုကြီးများပင် ခုလို ဖြစ်နေသည့်အတွက် အခြားပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများဆိုပါက ပြောစရာပင် မလိုတော့ပေ။ သူတို့ထဲမှ အများစုသည် ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ကြပေ။ သို့သော် သူတို့ ဝမ်လင်းထံမ ဖိအားကိုမူ ခံစားမိကြသည်။
ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ဝမ်လင်းကို ကြည့်၏။ သူမပုံစံက စိတ်ဝင်စားဟန် ထွက်ပေါ်နေသည်။
ထိုသူများ၏ ဖြစ်ပျက်သွားသည့်ဟန်ပန်များကို ဝမ်လင်းက တွေ့မြင်လိုက်၏။ သူက ရှေ့ဖြစ်ဟောသူကို တည်ငြိမ်စွာ ကြည့်၍ သူ့လက်နှစ်ဖက်ကို ယှက်ကာ လေးစားစွာ ဆို၏။ “တပည့်ဝမ်လင်းက ဆရာ့ကို နှုတ်ဆက်ပါတယ်…”
ရှေ့ဖြစ်ဟောသူက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားကိုကြည့်နေရင်း သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်သွားသည်။အချိန်အတန်ကြာပြီးမှ သူက ပြုံး၍ ကြင်နာစွာ ဆို၏။ “မင်း ပြန်လာတာ ကောင်းတယ်…ဝမ်လင်း…။ဒီစီနီယာတွေက မင်းကို တစ်ခုခုမေးချင်နေတာ…။မင်း အမှန်တိုင်း ဖြေဖို့ လိုလိမ့်မယ်…”
ဝမ်လင်းနောက်မှာ သက်လတ်ပိုင်းလူတစ်ယောက်က သူ့ထံသို့ လက်ညွှိုးထိုးကာ လှမ်းအော်၏။ “ခွေးကောင်လေးဝမ်လင်း…မင်းက တကယ် ပြန်လာရဲသေးတယ်ပေါ့…”
“အတိတ်တုန်းက မင်းက ငါ့တာလော့ဓားကလန်က လူတွေကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ သတ်ပစ်ခဲ့တယ်။ဒီနေ့ မင်း သွေးနဲ့ ပြန်ပေးဆယ်ရမယ်…”
ဝမ်လင်းက ပြုံး၏။သို့သော် သူ့မျက်လုံးက ရေခဲတမျှ အေးစက်သည်။ သူက ထိုသက်လတ်ပိုင်းလူကို ကြည့်၍ တည်ငြိမ်စွာ ပြောသည်။ “စီနီယာလင်းထျန်ဟူ… သင့်တပည့်တွေက ငါ့ကို ဒီလိုပုံစံပြောဖို့ အရည်အချင်း ပြည့်မှီပါရဲ့လား…”
လင်းထျန်ဟူက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားကို ကြည့်ကာ သုန်မှုန်နေတော့သည်။ သူက ဟင်္သာငှက်အမှတ်အသားကိုမူ ထိတ်လန့်သော်လည်း သူ့ကို အမှန်တကယ် တုန်လှုပ်စေသည်က ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အခြားစွမ်းအားနှစ်ခုပင်။
“ဒီဝမ်လင်းက ဒီနှစ်ရာချီအနည်းငယ်အတွင်းမှာ ဘယ်လိုကံကောင်မှုမျိုးကိုများ ကြုံခဲ့တာလဲ။ သူက ပြန်မွေးဖွားလာခဲ့တဲ့အတိုင်းပဲ…”
စဉ်းစားနေရင်း လင်းထျန်ဟူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ဝမ်လင်းကို လှမ်းအော်သည့် သက်လတ်ပိုင်းလူကို တုန်ယင်သွားစေကာ ကျင့်ကြံသူအုပ်စု၏နောက်သို့ ပြန်ဆွဲခေါ်လိုက်၏။
လင်းထျန်ဟူ၏အသံက အေးစက်နေ၏။ သူက ဖြည်းဖြည်းချင်း ဆိုလာသည်။ “သူက မင်းကို ဒီလိုပြောဖို့ အရည်အချင်း မရှိဘူ။ မင်းအသက်အရွယ်နဲ့ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ရောက်နိုင်စွမ်းရှိနေမှတော့…ငါတို့က ရန်သူတွေဖြစ်ရင်တောင် ဒီအဘိုးအိုက မင်းအပေါ်မှာ လေးစားသမှု ထားပေးရမှာပေါ့…”
သူ့စကားလုံးများသည် လှိုင်းထန်သွားစေ၏။ ထိုအဖြစ်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အသွင်ကို ပြောင်းလဲသွားစေသည်။
ဘိုင်ဝေသည် ပင့်သက်ရှိုက်ကာ ဝမ်လင်းကို စူးစိုက်ကြည့်နေမိသည်။ သူ့စိတ်သည် ဗလာကင်းမဲ့နေ၏။ သူက လွန်ခဲ့သောနှစ်ရာချီကမှ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တွင်သာ ရှိနေခဲ့သော ဝမ်လင်းကို မယုံကြည်နိုင်ဟန် ဖြစ်နေသည်။ အခု သူ ဒဏ္ဌာရီလား မျှော်ကြည့်ရသည့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ဝမ်လင်းက ရောက်နေခဲ့ပြီ မလား။
“နိဗ္ဗာနကြိုမြင်ခြင်း…”
ကျောက်ရှန်းရှ၏ ခန္ဓာကိုယ်သည် သူ ကြားလိုက်ရသည့်စကားကို မယုံကြည်နိုင် ဖြစ်ကာ တုန်ခါနေသည်။သူက မင်သက်နေမိ၏။
သူတို့နှစ်ယောက်သာမက ကျန်သည့်ကျင့်ကြံသူအားလုံးနီးပါးသည်လည်း အတူတူပင်။
တကယ်တော့ ထိုအရာက မယုံကြည်နိုင်ဖွယ် ကောင်းလွန်းလှ၏။
“ဒီဝမ်လင်းက တကယ့်ကို နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ရောက်သွားခဲ့တာပဲ။ သူနဲ့ငါတို့ကြားမှာ ကွာဟမှု ရှိနေသေးတယ်ဆိုပေမဲ့ သူက အခု အတော်လေး အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်နေပြီ။ ငါတို့ သူ့ကို ဂျူနီယာတစ်ယောက်လို ဆက်မြင်နေလို့ မရတော့ဘူး…” ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုက ပြုံး၍ ဆို၏။ “ဝမ်လင်း ငါမေးကို မေးချင်တယ်…။ မင်း အတိတ်တုန်းက ငါတို့ရှေ့မှာတင် ဝဲကတော့ထဲကနေ ဘယ်လိုများ ထွက်ပြေးနိုင်ခဲ့တာလဲ။ဒါနဲ့ ပတ်သတ်လို့ မင်းမှာ ငါ့တို့ကို မသိစေချင်တဲ့ ကိစ္စတစ်ခုခုများ ရှိလား…”
ဝမ်လင်း၏အသွင်သည် ပုံမှန်ပင်။ သူက တည်ငြိမ်စွာ ဆိုသည်။ “ဂျူနီယာက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ကပ်ဘေးတစ်ခု တကယ် ဖြစ်စေခဲ့တာပါ။ ဒါ့ကြောင့် ထွက်သွားခဲ့ရတာ ဖြစ်တယ်…”
အရိုးစုလိုအဘိုးအို၏မျက်လုံးက တောက်ပလာ၏။သူက အေးစက်စွာ မေးသည်။ “ဘယ်လို ကပ်ဘေးမျိုးလဲ…”
ဝမ်လင်းက တည်ငြိမ်စွာဆိုသည်။ “ဂျူနီယာက ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေဲ့ သွေးဘိုးဘေးရဲ့ သမီးကို ချုပ်နှောင်ခဲ့ပါတယ်။ သွေးဘိုးဘေးနဲ့အတူ စီနီယာတွေ ရောက်လာတဲ့အခါမှာ ဂျူနီယာဟာ ထွက်ပြေးမှ ဖြစ်မယ်ဆိုတာကိုပဲ နားလည်ခဲ့ပါတယ်…”
သူက ထိုသို့ ပြောလိုက်ပြီးသည့်နောက် အသွေးအသားများ တောင်လိုပုံနေသည့် အဘိုးအိုသည် ဆက်ခနဲ ထကာ ပြောလာသည်။ “မင်းလက်ထဲမှာ ကောင်းကင်ဘုံလှိုဏ်ဂူတုန်ကင် ရှိနေလား…”
“စီနီယာက ဒါကို ဘယ်က ကြားခဲ့လဲ ဆိုတာ ငါ သိချင်ပါတယ်…” ဝမ်လင်းက ထိုအဘိုးအိုကို ကြည့်လိုက်၏။ထိုလူသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသေး၏။ ထို့အပြင် သူက သူ့နောက်သို့ လိုက်ခဲ့သည့်သူများကြား၌ ထိုလူ ပါသည်ဟု ဝမ်လင်းက မှတ်မိမနေပေ။
ဝမ်လင်း၏အကြည့်အောက်၌ အဘိုးအို၏စိတ်သည် တုန်ယင်သွား၏။သူ့အသွင်က ပြောင်းလဲသွားသည်။သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေသည်။
ရှေ့ဖြစ်ဟောသူ၏အသွင်က နူးညံ့နေဆဲပင်။သူက ဖြည်းညင်းစွာ ဆိုသည်။ “တော်လောက်ပြီ။ ဝမ်လင်း… ဆရာမင်းကို မေးမယ်။ မင်းလက်ထဲမှာ ကောင်းကင်ဘုံလှိုဏ်ဂူတုန်ကင် ရှိနေလား…”
ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူကို ကြည့်၍ လေးစားစွာ ဆိုသည်။ “ဆရာ မေးမှတော့ တပည့်က ဘာကိုမှ မဖုန်းကွယ်ဝံ့ပါဘူး။ အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ တပည့်က တကယ်ပဲ တုန်ကင်တစ်ခု ရရှိခဲ့ပါတယ်…”
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် မွန်းစတားအိုများ၏ မျက်လုံးသည် တလက်လက် ဖြစ်လာကြသည်။ သူတို့က တိတ်ဆိတ်စွာ စဉ်းစားနေကြ၏။ သူတို့၏ ရန်လိုဖိနှိပ်သည့်အော်ရာသည် ဝမ်လင်းရှိသို့ စုစည်းလာကြ၏။
ဘူးသီးခြောက်ပေါ်၌ ထိုင်နေသော အဘိုးအိုက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားကို ကြည့်ကာ ပြောလာသည်။ “ဝမ်လင်း… ဒီတုန်ကင်ကို ထုတ်လိုက်ပါ…။ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်…”
သွေးသားတောင်လို အဘိုးအိုသည် ရန်လိုစွာ ကြည့်၍ သုန်မှုန်စွာ ပြောလာ၏။ “မင်းမှာ ဒီတုန်ကင်ကို ပိုင်ဆိုင်ထားဖို့ အရည်အချင်း မရှိဘူး…”
ဝမ်လင်း အပြောကိုပင် စောင့်မနေတော့ဘဲ လင်းထျန်ဟူ၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်စိတ်တို့ ဖြစ်ပေါ်လာ၏။ သူက ခပ်ဖြေးဖြေး ဆိုသည်။ “ငါတို့က သူ့လက်ထဲမှာ တုန်ကင် ရှိနေတာ သိမှတော့ ဘာကြောင့် အချိန်ဖြုန်းနေဦးမလဲ…”
သူက အေးစက်စက်နှာခေါင်းရှုံ့၍ သူ့ညာလက်ညှိုးကို ညွှန်သည်။ ဓားစွမ်းအင်တန်းတစ်ခုသည် ဝမ်လင်းရှိရာသို့ တဟုန်ထိုး တိုးဝင်သွားတော့၏။
ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်ပင်။ ဓားစွမ်းအင်တန်း ရောက်လာသည့်အခါ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ လက်သီးတစ်လုံး ပစ်သွင်း၏။ထိုလက်သီးချက်ကြောင့် အသံပေါက်ကွဲမှုများ ဖြစ်ကုန်သည်။
ဝမ်လင်း၏ လက်သီးကနေ အနက်ရောင်ဝဲကတော့တစ်ခု ပေါ်လာကာ လင်းထျန်ဟူ၏ဓားစွမ်းအင်တန်းနှင့် ထိပ်တိုက်တွေ့သည်။
ချက်ခြင်းပင် ရှေ့ဖြစ်ဟောသူ၏ မျက်လုံးက လင်းလက်သွား၏။ သူက သူ့အင်္ကျီညာလက်အိုးကို ဝေ့ယမ်းလိုက်၏။ ခုနစ်ရောင်စုံလေပြင်းသည် ရှေ့သို့ ပျံသန်းသွားကာ လင်းထျန်ဟူနှင့်ဝမ်လင်းတို့ကြားသို့ ကျရောက်၏။
ခုနစ်ရောင်စုံလေပြင်းထဲ၌ ဆန်းကြယ်သောစွမ်းအားတစ်ခု ပါဝင်၏။ ၎င်းက တိုက်ခတ်လာသည်နှင့် ဝမ်လင်း၏လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့ကို လွင့်ပြယ်သွားစေသည်။ ၎င်းက ဝမ်လင်း၏စွမ်းအားကို ပျော်ဝင်သွားစေသလို လင်းထျန်ဟူ၏ ဓားစွမ်းအင်ကိုလည်း ပိတ်ဆို့လိုက်၏။
အေးဆေးသက်သက်သာသာ ဖြေရှင်းလိုက်ခြင်းပင်။
“လင်းထျန်ဟူ…ငါ့ကောင်းကင်ကံကြမ္မာကလန်ထဲမှာ ငါ့တပည့်တစ်ယောက်ကို တိုက်ခိုက်တာဟာ ဒီနေရာမှာ ငါ မရှိတော့ဘူးလို့ မင်း တကယ် ထင်နေတာလား…”
ရှေ့ဖြစ်ဟောသူ၏အသံက ညင်သာနေဆဲပင်။ သူက လင်းထျန်ဟူကို ကြည့်၏။
လင်းထျန်ဟူ၏နောက်ရှိ မူလဓားလေးလက်သည် ပျံသန်းထွက်လာရင်း သူသည် ရှေ့ဖြစ်ဟောသူကို ကြည့်ကာ လှမ်းအော်၏။ “ရှေ့ဖြစ်ဟောသူ…မင်းက မင်းတစ်ယောက်တည်းအတွက် တုန်ကင်ကို အပိုင်စီးချင်နေတာလား…”
***