Switch Mode

အပိုင်း (၁၀၀၇)

ပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီး…

ငါးရောင်စုံလိပ်ပြာသည် အလွန်လှ၏။ လိပ်ပြာက ၎င်း၏တောင်ပံကို ခတ်ရာ ငါးရောင်စုံအမှုန့်များကို ထုတ်လွှတ်သည်။ ၎င်းငါးရောင်စုံအမှုန့်များဘေး၌ သွေးစာကလေးငှက်တစ်ကောင်လည်း ပါသည်။ ထိုစာကလေးက သွေးနတ်ဘုရား ပိုင်ဆိုင်ခဲ့သည့်အရာ ဖြစ်၏။သို့သော် ၎င်းစာကလေးကို ငါးရောင်စုံလိပ်ပြာက ဖမ်းယူနိုင်ခဲ့သည်။

ငါးရောင်စုံလိပ်ပြာသည် ပျံသန်းထွက်လာကာ ၎င်း၏ ဘယ်တောင်ပံကို ညင်သာစွာ ခတ်၏။ရုတ်တရက် မုန်တိုင်တးစ်ခုသည် တုန်ဟီး၍ ရှေ့တည့်တည့်သို့ ထွက်သွားလေသည်။

ငါးရောင်စုံလိပ်ပြာက ၎င်း၏ဘယ်အတောင်ပံကို ထပ်၍ ခတ်၏။

ဥပဒေသ၏စွမ်းအားသည် ပေါ်လာကာ အဖျက်အစီးလှိုင်းသည် နောက်သို့ ပြန်လွင့်စင်သွား၏။

ငါးရောင်စုံလိပ်ပြာက တတိယကြိမ်မြောက် တောင်ပံခတ်သည့်အခါ နောက်ထပ် လိပ်ပြာသုံးကောင်ကျော်ပေါ်လာ၏။ ၎င်းတို့ကလည်း တောင်ပံခတ်သည်။ အဖျက်အစီးအားသည် အရှိန်မြင့်ကာ ကျုံ့ဝင်နေသော ဝဲကတော့ထံသို့ တဟုန်ထိုး ပြန်တိုးဝင်သွားလေသည်။

ဝဲကတော့က ပျောက်ကွဲခွာနီးအခိုက်၌ လိပ်ပြာမှ ဥပဒေသအမျှင်တန်းကြောင့် ဖြစ်ပေါ်သည့် အဖျက်အစီးအားသည် ဝဲကတော့ကို ထိုးခွင်းသွားချေ၏။

ဝဲကတော့အတွင်း၌ နာကျင်ထိတ်လန့်စွာ အော်သံတစ်ခု ထွက်ပေါ်လာ၏။ထို့နောက် ဝဲကတော့သည် ပျောက်ကွယ်သွားတော့သည်။

မဟာမိတ်ကြယ်အဖွဲ့အစည်း၌ အပြင်လူများ မသိကြသော စိတ်ဝိညာဉ်ပင်လယ်တစ်ခု ရှိလေ၏။ ထိုစိတ်ဝိညာဉ်ပင်လယ်အတွင်း၌ ကုန်းမြေများစွာ မြောလွင့်စွာ တည်ရှိကြ၏။ ကျွန်းမြေတစ်ခု၏ အပေါ်၌ အဆောက်အဦများစွာ ရှိ၏။ ဝဲကတော့တစ်ခုသည် ခပ်မြင့်မြင့် အနက်ရောင်အဆောက်အဦ ဘေးနားတွင် ရုတ်တရက် ပေါ်လာချေသည်။

ထိုဝဲကတော့ ပေါ်လာသည်နှင့် အသံပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ သွေးများစွာ ပန်းထွက်လာ၏။ အပြာရောင်ဝတ်စုံနှင့်လူငယ်၏ မူလစိတ်ဝိညာဉ်သည် ဝဲကတော့ထဲက ပျံသန်းထွက်လာ၏။ ၎င်းမူလစိတ်ဝိညာဉ်က အချိန်မရွေး ပျောက်ကွယ်သွားတော့မယောင် ထင်မှတ်ရသည်။

ချက်ခြင်းပင် အဆောက်အဦတံခါးသည် ရုတ်တရက် ပွင့်လာကာ သှုန်မှုန်သောအသွင်ဖြင့် အဘိုးအိုတစ်ယောက် ထွက်ပေါ်လာ၏။ သူက မြန်ဆန်လွန်းစွာ မူလစိတ်ဝိညာဉ်ကို တိုက်ရိုက် ဖမ်းယူလိုက်၏။

“အဘိုး…ငါ့ကို ကယ်ပါ…” အပြာရောင်ဝတ်စုံနှင့်လူငယ်မှာ သူ့မျက်လုံးကို ဖွင့်နိုင်ရုံ စကားလေးတစ်ခွန်းဆိုနိုင်ရုံမျှ ပြောလိုက်ပြီးနောက် သူသည် မေ့မြောသွားတော့သည်။သူ့မူလစိတ်ဝိညာဉ်သည် တဖြည်းဖြည်း လွင့်ပါးလာချေ၏။ ၎င်းက ပျက်စီးသွားခြင်းမရှိသော်လည်း အလွန်အမင်း အားနည်းနေလေပြီ။

ဝမ်လင်းသည် မျက်မှောင်ကြုတ်မိ၏။ ငါးရောင်စုံလိပ်ပြာ၏ တိုက်ခိုက်မှုစွမ်းအား ဝဲကတော့သို့ ဝင်၍ လူငယ်ကို တိုက်ခိုက်လိုက်ချိန်၌ အားအများစုကို ပျော်ဝင်သွားစေသည့် အနက်ရောင်အလင်းတစ်ခု တလက်လက် ဖြစ်သွားသည်ကို ခံစားမိ၏။ ထိုအနက်ရောင်အလင်းက ပျက်စီးသွားသော်လည်း အပြာရောင်ဝတ်စုံနှင့်လူငယ်မှာ အပြင်းအထန်သာ ဒဏ်ရာရ၍ သေဆုံးသွားခြင်း မရှိတော့ပေ။

“အသက်ကယ်ရတနာ…” ဝမ်လင်းသည် စဉ်းစားနေရင်း လိုင်ဂျီရှိရာသို့ လျှောက်လာ၏။ သူ့အရိုးအဆစ်များမှ ထွက်ပေါ်နေသည့် အစိမ်းရောင်အလင်းကို ကြည့်ကာ ဝမ်လင်းသည် သူ့ညာလက်ဖြင့် တစ်နေရာချင်းစီသို့ ဖိချ၏။

သူ့လက်ချောင်းများ ကျရောက်ချိန်တိုင်း အစိမ်းရောင်အလင်းတန်းသည် စိတ်ဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားနေကြသည်။

ခဏအကြာတွင် လိုင်ဂျီ၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်အစိမ်းရောင်အလင်းမှ ရှိမနေတော့ပေ။လိုင်ဂျီက စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့သည်။သူက ဝမ်လင်းကို လေးစားစွာ ကြည့်၏။

လိုင်ဂျီ၏ခန္ဓာကိုယ်က တောင်အရွယ်အစားလောက်ထိ ပြောင်းလဲကာ ကြယ်များကြား၌ ပျံသန်းသွား၏။ဝမ်လင်းက သူ့ကျောပေါ်တွင် ရှိနေ၏။ဝမ်လင်း၏ ဘေး၌ ဒဏ်ရာကုစားနေသည့် ခေါင်းကြီးကောင်လေး ရှိသည်။

သူတို့က ထျန်ယွမ်ဂြိုဟ်နှင့် နီးသထက် နီးလာကြသည်။

ဆယ်ရက်ခန့်ကြာပြီးနောက် ဝမ်လင်းက သူ့ရှေ့ရှိ ရင်းနှီးဖူးသော ဟင်းလင်းပြင်ကို ကြည့်သည်။သူက အဆင့်ခုနစ်ကျင့်ကြံခြင်းနိုင်ငံ ထျန်ယွမ်ဂြိုဟ်နှင့် သိပ်မဝေးတော့မှန်း သိနေ၏။ ဆယ်ရက်တာအတွင်း သူက ထျန်ယွမ်ဂြိုဟ်သို့ သွားသည့်ခရီးစဉ်အတွင်း ဘာလုပ်သင့်သည်ကို တွေးနေ၏။ထို့အပြင် အရှင်ရွှမ်ပေါင်က သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ လေးရောင်စုံလိပ်ပြာများကို အသုံးပြုခဲ့သည့်အကြောင်းကိုလည်း ပြန်တွေးကြည့်နေမိပေသည်။

အတိတ်တုန်းက သူသည် ထိုလက်ချိပ်ဟန်များကို သေချာ မှတ်သားထားခဲ့၏။သို့သော် သူက သည်ဆယ်ရက်အတွင်း မည်မျှ ကြိုးစားပါစေ ဘာတစ်ခုကိုမှ မခံစားမိပေ။

သည်အခိုက်၌ ဝမ်လင်းသည် မတ်တပ်ထရပ်ကာ သူ့ရှေ့တည့်တည့်သို့ ကြည့်၏။ သူက ဖြည်းဖြည်းချင်း ပြောသည်။ “ခေါင်းကြီးကောင်လေး…မင်းနဲ့ လိုင်ဂျီတို့ လူသူကင်းမဲ့တဲ့ဂြိုဟ်တစ်ခုကို သွားရှာပါ။ မင်းတို့ကိုယ်မင်းတို့ ပုန်းကွယ်ပြီး ငါ့ကို စောင့်နေကြ။ ငါ အဆင်ပြေရင် မင်းတို့နှစ်ယောက်ကို လာခွင့်ပြုမယ်။ မင်းတို့ ငါ့ရှိက ဘာသတင်းမှ မကြားရရင်တော့ မင်တို့ ဒီနေရာကနေ မြန်မြန် ထွက်သွားကြတော့…”

ထိုသို့ပြောပြီးနောက် ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖျပ်ခနဲဖြင့် လိုင်ဂျီ၏ကျောပေါ်ကနေ ထွက်ခွာလာလေသည်။

သူက လျှောက်လှမ်းနေရင်း ဝမ်လင်းသည် ထျန်ယွမ်ဂြိုဟ်လွှမ်းမိုးမှု ရှိသည့် ဟင်းလင်းပြင်ပိုင်နက်သို့ တစ်ဖန် ခြေချလာခဲ့ပြန်လေပြီ။

“ဒီခရီးစဉ်မှာ…ကံကောင်းမှုပဲ ရှိမလား၊ဘေးဒုက္ခပဲ ရှိမလား။ ဒါပေမဲ့လည်း ငါလုပ်ရမယ့်အရာ အချို့ ရှိကိုရှိနေတယ်။ဒါ့အပြင် ဒီပြဿနာက ငါတွေးထားသလောက်တော့ မခက်ခဲသင့်ဘူး။အမှန်တော့ ငါလုပ်ရမယ့်အရာအားလုံးက ကောင်းကင်ဘုံလှိုဏ်ဂူရဲ့ တုန်ကင်နဲ့ ဆက်စပ်နေတာပဲလေ…”

ဝမ်လင်းသည် စဉ်းစားနေရင်း ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာနေ၏။

“သူတို့အားလုံးက ကောင်းကင်ဘုံလှိုဏ်ဂူရဲ့ တုန်ကင်ကို လိုချင်နေကြတယ်။ဒီတုန်ကင်နဲ့ သွေးဘိုးဘေးရဲ့ကိစ္စ၊ရှေ့ဖြစ်ဟောသူရဲ့ အကြံအစည်တွေကြောင့် ငါက ဒီနေရာကနေ အတင်း ထွက်ပြေးသွားခဲ့ရတာ…”

“အတိတ်တုန်းက ငါ့ကျင့်ကြံမှုအဆင့်က အားနည်းလွန်းခဲ့တယ်။ငါ့မှာ ဘာတစ်ခုမှ ခုခံနိုင်စွမ်း မရှိခဲ့ဘူး။ ရှေ့ဖြစ်ဟောသူရှေ့မှာ ရပ်နေဖို့တောင် အခွင့်အရေး မရှိခဲ့ဘူး။ ငါက အခုလည်း ရှေ့ဖြစ်ဟောသူနဲ့ မယှဉ်နိုင်သေးပေမဲ့ သူ ငါ့ကို သတ်ဖို့တော့ လွတ်မှာ မဟုတ်တော့ဘူး…” ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်၏။ သူ့အစစ်အမှန်ဝှက်ဖဲသည် မည်သည့်လက်နက်ရတနာ၊မန္တာန်မှ မဟုတ်ပေ။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးပင် ဖြစ်လေ၏။

“ဒုတိယတိုက်ပွဲစာလိပ်ကို ကြည့်ပြီးတဲ့နောက်မှာ ငါက မူလစွမ်းအင်အမျှင်တန်းနောက်ထပ်တစ်ခုကို ရရှိခဲ့တယ်။ဒါက ငါ့ရဲ့ အစစ်အမှန် အသက်ကယ်ရတနာပဲ…”

“တကယ်တော့ ရှေ့ဖြစ်ဟောသူနဲ့ ငါက လူသိရှင်ကြား ဆန့်ကျင်သွားခဲ့တဲ့လူတွေ မဟုတ်ကြဘူး။ငါက သူ့တပည့် ဖြစ်နေတုန်းပဲ။ဒါ့အပြင် ပိုအရေးကြီးတာက ဟောင်လုံ ပြောခဲ့သလို ငါက ဟင်္သာပြဒါးဂြိုဟ်က လူတစ်ယောက်ပဲ။ နတ်လေးပါးကလန် ဟင်္သာငှက်ဂိုဏ်းခွဲက တပည့်တစ်ယောက်ပဲ…။ ဒါက စဉ်းစားဖို့ ထိုက်တန်တဲ့ အရာတစ်ခု ဖြစ်တယ်…”

ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့မျက်ခုံးနှစ်ခုကြားကို ဖိလိုက်၏။

သူ့မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံး ပေါ်လာကာ ရှေးဟောင်းနတ်ဘုရားကြယ်များကို အစားထိုးသွား၏။သိပ်မကြာခင်တွင် အစေ့တစ်ခု ပေါ်လာ၏။ ထို့နောက် ၎င်းအရာများအားလုံး ပျောက်ကွယ်သွားပြီး အပူဓာတ်ပေးနေသည့် အနီရောင်အမှတ်အသားတစ်ခုသာ ကျန်ခဲ့တော့သည်။

“အရှင်မီးတောက်ကသာ ငါ့ကို နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ကို ရောက်စေဖို့ လုံလောက်တဲ့မူလစွမ်းအင်သာ မပေးခဲ့ရင်၊ငါ့နယ်ပယ်ကသာ အဆင့်တစ်ခုကို ရောက်မလာခဲ့ရင် လျိုချန်ရဲ့ အမွေအနှစ်ကို ဆက်ခံပြီး ကြယ်ငါးလုံးတော်ဝင်ရှေးဟောင်းနတ်ဘုရားသာ ဖြစ်မလာခဲ့ရင် ငါဟာ ငါ့ကိုယ်ပေါ်မှာ ရှိနေတဲ့ ဒီအမှတ်အသားကိုတောင် သတိပြုမိမှာ မဟုတ်ဘူး…”

ဒီအမှတ်အသားက လောကရဲ့စွမ်းအားတွေ ပါဝင်နေတယ်။ငါ့နတ်ဘုရားအာရံကို ၎င်းပေါ် စုစည်းကြည့်တဲ့အခါ ငါက ဟင်္သာငှက်ရဲ့ အော်မြည်သံ ခပ်ဖျော့ဖျော့ကိုလည်း ကြားရတယ်။ ဒီအမှတ်အသးက ကျိန်းသေပေါက် ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ တွေ့ခဲ့တဲ့ ကလန်ခေါင်းဆောင် ဟောင်လုံနဲ့ ပတ်သတ်နေရမယ်…”

ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူ့နှဖူးထက်ရှိ ဟင်္သာငှက်အမှတ်အသားသည် တလက်လက် ဖြစ်နေရင်း သူသည် ရှေ့တည့်တည့်သို့ ဦးတည်သွားတော့သည်။

ဝမ်လင်း၏မျက်လုံးရှေ့၌ ထျန်ယွမ်ဂြိုဟ်ပေါ်လာခဲ့၏။သူက ထိုရင်းနှီးခဲ့သော ဂြိုဟ်ကို ကြည့်ကာ သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရသည်။ သူက သူသည် ဟင်္သာပြဒါးဂြိုဟ်ကနေ စထွက်လာချိန်၌ ထျန်ယွမ်ဂြိုဟ်၏ ခရမ်းရောင်ဂိုဏ်းခွဲမှ တပည့်တစ်ယောက်အဖြစ် လက်ခံခြင်း ခံရသည်အဖြစ်ကို လုံးဝ မေ့လိမ့်မည် မဟုတ်ပေ။

“ဘာလိုလိုနဲ့ ဖျပ်ခနဲ နှစ်ပေါင်းရာချီ ကုန်လွန်သွားခဲ့ပြီပဲ…” ဝမ်လင်းသည် ခေါင်းယမ်းကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

“ငါ ဒီနေရာကို ပထမဆုံးလာခဲ့တုန်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကျင့်ကြံသူ တစ်ယောက်ပဲ ရှိသေးတယ်။ ခု ဒုတိယအကြိမ် ရောက်လာတော့ ငါဟာ နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့တောင် တိုက်ခိုက်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီ…”

ဝမ်လင်းသည် ရှေ့တည့်တည့်သို့ ဆက်တိုးလာ၏။ သို့သော် သူက အံ့အားသင့်သွားမိသည်။ သူက ချက်ခြင်း ရပ်တန့်ကာ ရှေ့တည့်တည့်ရှိ ထျန်ယွမ်ဂြိုဟ်ကို ကြည့်လိုက်သည်။

ထျန်ယွမ်ဂြိုဟ်၏ ထက်၌ ရွှေရောင်အလင်းများ တလက်လက် ဖြစ်နေသည်။ ဓားအလငးတန်းများ စုစည်းနေမှုလည်း ရှိ၏။ သေချာကြည့်သည့်အခါ ထိုဓားအလင်းတန်းများသည် ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ကောင်းကင်ဘုံကံကြမ္မာကလန်ထက်၌ စုစည်းနေကြခြင်းပင်။

“လင်းထျန်ဟူ…” ဝမ်လင်းက ထိုဓားများကြား၌ လင်းထျန်ဟူ၏ အော်ရာကို ခံစားမိသည့်အခါ သူ့အသွင်သည် ပြောင်းလဲသွား၏။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ရပ်တန့်ခြင်းမရှိတော့ဘဲ ရှေ့သို့ ဆက်၍ ပျံသန်းလာ၏။

ကောင်းကင်ဘုံကံကြမ္မာကလန်၏ အပြင်ဘက် ကောင်းကင်ထက်၌ ဓားစွမ်းအင်တန်းများ ပြည့်နှက်နေ၏။ ထိုဓားတစ်လက်ချင်းစီပေါ်၌ ကျင့်ကြံသူတစ်ယောက်စီ ရှိနေကြသည်။သူတို့အားလုံးက တာလော့ဓားကလန်၏ တပည့်များ ဖြစ်ကြသည်။

သူတို့ရှေ့၌ နီရဲကြမ်းကြုတ်သည့် ချီလင်သားရဲ ရှိ၏။ထိုချီလင်၏ခန္ဓာကိုယ်မှ မီးတောက်များ အတောမသပ်အောင် ထွက်ပေါ်နေသည်။ ၎င်း၏ ကျောပေါ်၌ ပိန်ပါးလှသော အဘိုးအိုတစ်ယောက်သည် သုန်မှုန်စွာ ထိုင်နေသည်။

ထိုအဘိုးအို၏နောက်၌ ပုံရိပ်ယောင်ဓားလေးလက် ရှိသည်။သူက လင်းထျန်ဟူပင်။

လင်းထျန်ဟူအပြင် အခြားစွမ်းအားကောင်းလှသည့် ကျင့်ကြံသူလေးယောက်ကျော်လည်း ရှိနေကြသည်။ ထိုလေးယောက်ထဲ၌ သုံးယောက်မှာ ယောက်ျားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ပင်။ ယောက်ျားသုံးယောက်လုံးမှာ ဆံပင်ဖြူများနှင့်အဘိုးအိုများ ဖြစ်ကြ၏။ သူတို့၏ မျက်လုံးက တောက်ပနေကြသည်။

သူတို့ထဲမှ တစ်ယောက်က အဖြူအနက်ဝတ်စုံကို ဝင်ဆင်ထား၏။သူက ဘူးသီးခြောက်ကြီးတစ်ခုပေါ်၌ တည်ငြိမ်စွာ ထိုင်နေသည်။သူ့နောက်၌ လူကိုးယောက်ရှိ၏။ထိုသူများသည် သူ့တပည့်များ ဖြစ်သည်မှာ ရှင်းလင်းပေ၏။

အခြားတစ်ယောက်မှာ လူကောင်ကြီးမားလှ၏။ တောင်ကြီးတစ်တောင်အလား ထင်ရသည်။သူက လူကောင်ကြီးကြီးလေးယောက် ထမ်းပိုးထားသည့် ဝါးကုလားထိုင်ပေါ်တွင် ထိုင်နေသည်။

တတိယတစ်ယောက်မှာ အဝါရောင်ဝတ်စုံနှင့် ဖြစ်၏။သူ့အသားအရေက အလောင်းကောင်တစ်ကောင်ကဲ့သို့ပင်။ သို့သော်သူ့ထံကနေ အသက်ဓာတ်အာရုံများစွာ ပေးစွမ်းနေ၏။ သူ့တွင် နောက်လိုက်များ ပါမလာဘဲ ကောင်းကင်ထက်ရှိ ကျောက်တုံးတစ်တုံးပေါ်၌ မထူးခြားနားစွာ ထိုင်လျက် ရှိနေသည်။

နောက်ဆုံးတစ်ယောက်မှာ အမျိုးသမီးပင်။ သူမက သက်လတ်ပိုင်းအရွယ် ရှိသည်။ ထိုအမျိုးသမီး၏ ဝတ်စုံမှာ သာမန်ဆန်လှ၏။

သို့ရာတွင် သူမထံမှ မြေကမ္ဘာအော်ရာကို ပေးစွမ်းနေသည်။ သူမနောက်၌ အမျိုးသမီးလေးယောက် ရှိ၏။သူတို့အားလုံးက လှပလွန်းသည်။ အထူးသဖြင့် ဘယ်ဘက်တွင် မင်သေသေနှင့် ရပ်နေသော ပန်းယောင်ဝတ်စုံနှင့် အမျိုးသမီးပင်။ထိုအမျိုးသမီးလေးယောက်က ရှေ့တည့်တည့်သို့သာ တည်ငြိမ်စွာ ကြည့်နေကြသည်။

လင်းထျန်ဟူက ပြောလာ၏။ “ရှေ့ဖြစ်ဟောသူ…အတိတ်တုန်းက မင်းရဲ့ တပည့် ဝမ်လင်းက တုန်ကင်ကို ယူသွားခဲ့တယ်။ အဲ့နောက် မင်းက ဒီနေ့မှာ ကောင်းကင်ဘုံရဲ့ ဆန်းကြယ်အံ့ဖွယ်မှုတစ်ခု ပေါ်လာလိမ့်မယ်လို့ ပြောခဲ့တယ်။ ဒီအဘိုးအိုက မင်းပြောတဲ့ ဆန်းကြယ်အံ့ဖွယ်က ဘာလဲဆိုတာ ဒီနေ့ တွေမြင်ချင်တယ်…”

အတိတ်တုန်းက ထိုမွန်းစတားအိုကြီးများသည် ဝမ်လင်းကို ရှာဖို့အတွက် လောဘကြီးကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထိ စေလွှတ်ခဲ့သည်။ သို့သော် သူတို့သည် ထိုကိစ္စနှင့် ပတ်သတ်၍ ဘာသတင်းမှ မကြားခဲ့ရတော့ပေ။ လောဘကြီးအပေါ် သူတို့ ချန်ထားသည့် ချိပ်တံဆိပ်များသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ ဖြစ်၏။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စသည် အလွန်အရေးကြီးလှ၏။ထို့ကြောင့် မွန်းစတားအိုကြီးများသည် ရှေ့ဖြစ်ဟောသူကို ရှာခဲ့ကြ၏။ တကယ်တော့ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏ ကောင်းကင်ဘုံကံကြမ္မာကလန်မှ တစ်စုံတစ်ယောက် မဟုတ်လား။

အတိတ်တုန်းက ရှေ့ဖြစ်ဟောသူသည် တည်ငြိမ်စွာဖြင့် စကားတစ်ခု ဆိုခဲ့၏။

“ကောင်းကင်ထက်မှာ အစိမ်းနဲ့ခရမ်း အလင်းရောင်တို့ ပြည့်လာတဲ့အချိန်ကြရင် မင်းတို့အားလုံး ငါ့ ကောင်းကင်ဘုံကံကြမ္မာကလန်ရှိရာကို လာပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ဆန်းကြယ်အံ့ဖွယ်မှုကို လာကြည့်ကြချေ…”

ယနေ့မနက်၌ ပုံမှန်ကြည်လင်နေသည့် ကောင်းကင်သည် ရုတ်တရက် အစိမ်းနှင့်ခရမ်းရောင်အလင်းများ ခြုံလွှမ်းလာခဲ့၏။ ထိုအလင်းများက ကျက်သရေရှိကာ လှပသည်။

ထို့နောက် လင်းထျန်ဟူသည် သူ့တပည့်များနှင့်အတူ သည်နေရာသို့ ရောက်လာခဲ့ခြင်းပင်။ တချိန်တည်းမှာပင် သည်ကိစ္စကို သိထားကြသော အခြားမွန်းစတားအိုးကြီးများကလည်း ကောင်းကင်ဘုံကံကြမ္မာကလန်ရှိရာသို့ အလောတကြီး ရောက်လာခဲ့ကြပေသည်။

တကယ်တော့ ရှေ့ဖြစ်ဟောသူ၏ ရှေ့ဖြစ်ဟောစွမ်းရည်သည် မဟာမိတ်ကြယ်အဖွဲ့အစည်း၌ ကျော်ကြားလှပေ၏။

ရှေ့ဖြစ်ဟောသူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကောင်းကင်ထက်၌ တည်ငြိမ်စွာ ရပ်နေ၏။သူ့ဘေး၌ ကောင်းကင်ဘုံကံကြမ္မာကလန်၏ တပည့်များသည် ကောင်းကင်ထက်သို့ အေးစက်စက်ကြည့်လျက် ရှိနေကြသည်။သို့ရာတွင် သူတို့က လှပသောအမျိုးသမီးလေးယောက်ထံသို့ ပို၍ အကြည့်ရောက်ရောက်သွား၏။

“သူ ရောက်လာပြီ…” ရှေ့ဖြစ်ဟောသူ၏ အသွင်က တည်ငြိမ်သည်။သူက တည်ငြိမ်စွာ ပြုံးသည်။သူ့အကြည့်က မိုးကုပ်စက်ဝန်းပေါ်သို့ ကျရောက်သွား၏။

ရှေ့ဖြစ်ဟောသူ၏ စကား အဆုံးသပ်သွားသည့်နောက် လင်းထျန်ဟူ၊အခြားမွန်းစတားအို သုံးယောက်နှင့် လှပသောအမျိုးသမီးတို့သည်လည်း တစ်ခုခုကို သတိပြုမိသွားကြသည်။

ချက်ခြင်းပင် ကျင့်ကြံသူအားလုံး၏ အကြည့်က မိုးကုပ်စက်ဝန်းပေါ်သို့ ကျရောက်နေကြ၏။ သက်လတ်ပိုင်းအမျိုးသမီးက မျက်တောင်ပင်မခတ်ဘဲ အာရုံစိုက်၍ စူးစိုက်စွာ ကြည့်နေသည်။

“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို လှုပ်ခတ်စေခဲ့၊ အလုံးစုံကောင်းကင်ရဲ့ မဟာကျင့်ကြံသူတွေရဲ့အာရုံကို စွဲဆောင်နိုင်ခဲ့တဲ့ ဝမ်လင်း ဆိုတဲ့လူက ဘယ်လိုပုံစံ ရှိနေမလဲ ငါ မသိဘူး…”

ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီး၏ မျက်လုံးထဲ၌ သိချင်စိတ်တို့ ပြည့်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset