ဝမ်လင်း၏ပုံရိပ်က ဟင်းလင်းပြင်ကြား၌ ဖြတ်သန်းသွားလာနေသည်။သူက ထျန်ယွမ်ဂြိုဟ်ထံသို့ တန်းတန်းမတ်မတ်သွားနေခြင်းတော့ မဟုတ်ပေ။ သူက လိုင်ဂျီ၊ခေါင်းကြီးကောင်လေးနှင့် ထာရှန်တို့ကို အရင်ရှာရပေဦးမည်။
ဗြောင်းဆန်နေသည့်တိုက်ပွဲအတွင်း ဝမ်လင်းက သူတို့ကို စိတ်ပူနေဖို့ အချိန် မရှိိခဲ့ပေ။ သည်လိုနှင့် မဟာမိတ်နှင့်အလုံးစုံကောင်းကင်တို့ကြား ဦးဆုံးစစ်ပွဲအတွင်း သူသည် လေဟာနယ်နေရာထဲသို့ ရောက်ရှိသွားခဲ့ရသည် မဟုတ်လား။
သူက လေဟာနယ်နေရာထဲကနေ ပြန်ထွက်လာခဲ့ချိန်တွင်လည်း သူတို့ကို ရှာဖို့ အချိန်မရသေးပေ။
ဝမ်လင်းက တိုက်ပွဲများအတွင်း ထာရှန်၏ ခြေရာလက်ရာကို ပျောက်သွား၏။ သို့ရာတွင် ထာရှန်ပေါ်ရှိ ချိပ်တံဆိပ်နှင့် ဆက်နွှယ်နေမှုကြောင့် သူ့အတွက် ထာရှန်၏အရိပ်အယောင်ကို ရှာဖို့ ခက်ခဲလှခြင်းတော့ မရှိပါ။
ဝမ်လင်းက ပြီးခဲ့သောတိုက်ပွဲများ၌ သူတို့သုံးယောက်အပေါ် သက်ရောက်မှု မရှိခဲ့သည်ကိုတော့ မှတ်မိ၏။ ခုချိန်တွင် သူက မျက်လုံးမှိတ်ကာ နတ်ဘုရားအာရုံကို ဖြန့်ကျက်၏။ အချိန်အတန်ကြာမြင့်ပြီးနောက် အရှေ့အရပ်မှ ရင်းနှီးသောတုန်ခါလှိုင်းတစ်ခုကို သူ ခံစားလိုက်မိ၏။
ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်ပင်။သူက မျက်လုံးပြန်ဖွင့်ကာ ရှေ့သို့ ဆက်လှမ်းသွား၏။
“တောင်ခြေမွခြင်းမန္တာန်က အတော်လေးကို စွမ်းအားပြင်းထန်တာပဲ။ ငါက ကောင်းကင်ဘုံပေဖန်ရဲ့ နောက်ပိုင်းမန္တာန်သုံးခုက ပထမသုံးခုထက် ပိုအစွမ်းထက်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့လည်း ဒီတောင်ခြေမွခြင်းမန္တာန်က ငါ စိတ်ကူးနိုင်တာထက် ပိုစွမ်းနေတယ်။ ကောင်းကင် ခြေမွခြင်းမန္တာန်၊ကောင်းကင်ခြေမွခြင်းမန္တန်… ကောင်းကင်ဘုံအင်ပါယာက ဘယ်လိုနားလည်မှုဉာဏ်အလင်းနဲ့ ဒီလိုမန္တာန်မျိုးကို ဖန်တီးခဲ့တာလဲ…။ငါကရော ငါ့ကိုယ်ပိုင်မန္တာန်ကို ဘယ်အချိန်ကျမှများ ဖန်တီးနိုင်မလဲ…”
ဝမ်လင်း၏ အရှေ့ဘက်အရပ်၌ မြောလွင့်နေသည့် ကျောက်တုံးတစ်ခု ရှိ၏။ထိုကျောက်တုံးမှာ ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ပျက်စီးရာကနေ လွင့်စင်လာမှန်း သိသာသည်။
ထိုကျောက်တုံးမှာ သာမန်အတိုင်းဟုသာ ထင်ရ၏။ ကြယ်များကြား၌ သည်လိုကျောက်တုံးမျိုး များစွာ ရှိနေကြသည့်အတွက် မည်သူကမျှ ထူးထူးထွေထွေ သည်ကျောက်တုံးကို အာရုံစိုက်နေကြလိမ့်မည် မဟုတ်ပေ။
ထာရှန်က သူ့ကိုယ်သူ ၎င်းကျောက်တုံးထဲ၌ ပုန်းကွယ်နေခဲ့သည်။သူက ဝမ်လင်းနှင့်အဆက်အသွယ် ပြတ်တောက်သွားခဲ့ကတည်းက သူ့စိတ်သည် ဗလာကျင်းသွားခဲ့၏။သို့ရာတွင် ကောင်းကင်ဘုံအင်ပါယာချင်လင်း၏ မန္တာန်သည် လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကနေ ခန္ဓာကိုယ်ထဲထိ ပျော်ဝင်စေခြင်းဖြစ်ရာ ထိုအတွက် သက်ဆိုင်ရာ ရုပ်သေးကို ဉာဏ်ရည်အချို့ ရရှိစေ၏။ ထိုအရာက သာမန် ကျင့်ကြံသူများ ပြုလုပ်ဖန်တီးသည့် ရုပ်သေးများနှင့် ခြားနားသည့်အရာပင်။
ထာရှန်က ဝမ်လင်းနှင့် အဆက်အသွယ် ပြတ်သွားသည်နှင့် သူက ကျောက်တုံးတစ်တုံးကို ရှာကာ ၎င်းကျောက်တုံးထဲသို့ ဝင်၍ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့ခြင်းပင်။
ယနေ့၌ ထာရှန်သည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးတို့သည် လုံးဝ တည်ငြိမ်နေသည်။ သူ့ခန္ဓာကိုယ်က ကျောက်တုံးအပြင်ဘက်သို့ ရောက်လာကာ ကျောက်တုံးထိပ်၌ မားမားရပ်နေလေ၏။
သူ့ရှေ့၌ လှိုင်းများပေါ်လာပြီး ဝမ်လင်းသည် လှမ်းထွက်လာ၏။
ဝမ်လင်းကို မြင်တွေ့ရသည့်အခါ ထာရှန်၏အသွင်က ပြောင်းလဲသွားခြင်းမရှိပေ။ သူ့ထံ၌ နဂိုအတိုင်းလေးစားသည့်ဟန်ပန်သာ ရှိနေသည်။
ဝမ်လင်းသည် ထာရှန်ကို လက်ဝေ့ယမ်းပြလိုက်၏။ ထာရှန်က ခြေတစ်လှမ်းလှမ်းကာ အရိပ်အဖြစ်သို့ ပြောင်း၍ ဝမ်လင်းနောက်တွင် ပျောက်ကွယ်သွားလေသည်။
“နောက်တစ်လှည့်ကတော့ ခေါင်းကြီးကောင်လေးနဲ့ လိုင်ဂျီတို့ကို ရှာဖို့ပဲ…” ဝမ်လင်းက သူ့မျက်လုံးကို မှိတ်ထားလိုက်၏။ သူက ခေါင်းကြီးကောင်လေးပေါ်ရှိ သူ့ခပ်နှိပ်မှုအမှတ်အသားကို ပြန်ခံစားကြည့်နေ၏။အချိန်အတန်ကြာပြီးနောက် သူသည် မျက်မှောင်ကြုတ်သွားချေသည်။
“ခေါင်းကြီးကောင်လေးရဲ့ အမှတ်အသားက အတော်လေးကို အားနည်းနေတယ်။ ဒါက အချိန်မရွေး ပျောက်ကွယ်သွားမယ့်အတိုင်းပဲ…” ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၏။ထို့နောက် သူက လောကနှင့်တစ်သားတည်းပေါင်းစပ်ကာ ပျောက်ကွယ်သွားတော့သည်။
ကြယ်များကြား၌ ပျံသန်းနေသော ပုံရိပ်ကြီးတစ်ခုရှိ၏။ ထိုပုံရိပ်ကြီး၏ နောက်၌ သွေးကြောင်းတို့ ရှိနေ၏။ထိုပုံရိပ်၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများ ပြည့်နေခြင်းပင်။ ထို့ကြောင့် သူ ခြေလှမ်းလိုက်တိုင်း သွေးများ နောက်၌ ကျကျန်ခဲ့ခြင်း ဖြစ်လေ၏။
ခြေလှမ်းတိုင်းက သူ့ဧရာမခန္ဓာကိုယ်ကြီးထံကနေ သွေးများစီးကျစေသည်။
သူ့ပုခုံးထက်၌ ဖြူရောနေသည့်ကျင့်ကြံသူတစ်ယောက်ရှိ၏။ထိုကျင့်ကြံသူ၏ သွင်ပြင်က ထူးဆန်း၏။သူ့ခေါင်းက ကြီးနေခြင်းပင်။၎င်းခေါင်းကြီးကျင့်ကြံသူသည် အလွန်အားနည်းနေလေ၏။
ခေါင်းကြီးကျင့်ကြံသူ၏ နောက်ကျော၌ အနက်ရောင်လက်ဝါးရာ တစ်ခု ရှိသည်။သူ့နောက်ကျောကနေ အနက်ရောင်အခိုးငွေ့များလည်း ထွက်ပေါ်နေ၏။
ထို့အပြင် ခေါင်းကြီးကောင်လေး၏ နောက်ကျောက ချိုင့်ဝင်နေကာ မြန်ဆန်စွာ ယိုယွင်းပျက်စီးနေ၏။ သူ့ကိုယ်ပိုင်စွမ်းအားဖြင့် တောင့်ခံထားခြင်းကြောင့်သာ မဟုတ်ပါက သူသည် ထိုနာကျင်မှုကြောင့် အချိန်မရွေး သတိလစ်သွားနိုင်ပေသည်။
“လိုင်ဂျီ…ငါ့ကို ထားခဲ့တော့…မင်း ဘာသာ ဆက်သွားချေ…” ခေါင်းကြီးကောင်လေး၏ ပါးစပ်ထောင့်မှ သွေးနက်များစီးကျနေ၏။ သူ့မျက်လုံးတို့ကလည်း တောက်ပမှု မရှိတော့ပေ။
လိုင်ဂျီက ခဏတာစဉ်းစားပြီးနောက် ပို၍ မြန်ဆန်စွာ စတင် ရွှေ့လျား၏။ အချိန်အတန်ကြာပြီးမှ သူက ပြောလာ၏။ “ခေါင်းကြီး…သင်ဟာ ငါ့ကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့တာ။ ငါသာ သင့်ကို ဒီအတိုင်းထားခဲ့ရင်တောင် သူတို့က ငါ့နောက်ကနေ ဆက်လိုက်လာကြမှာပဲ။ သူတို့ရဲ့ ပစ်မှတ်က ငါဘဲ။ စကားဆက်မပြောတော့ပဲ သေချာကုသဖို့ပဲ အာရုံစိုက်တော့…”
ခေါင်းကြီးကောင်လေးက ခါးသက်စွာ ပြုံးမိ၏။သူက သူ့ရှေ့ရှိ ကြယ်များကို လှမ်းကြည့်နေမိ၏။ သူ့မျက်လုံးက ပို၍ မှိန်ဖျော့လာ၏။သူက လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ့အမေကို ပြန်တွေ့မြင်နေသည့်အလား။ သူ့အမေသည် သူ့ကို ဆူနေသည့်ပုံ မပေါ်ဘဲ သူ့ကို ညင်သာစွာကြည့်၍ လှမ်းခေါ်နေသည့်ပုံကို မြင်ယောင်နေမိသည်။
“အမေ…” ခေါင်းကြီးကောင်လေးက ခပ်တိုးတိုး ရေရွတ်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်လည်၌ သေဆုံးခြင်းအော်ရာတစ်ခု ခြုံလွှမ်းလာသည်။ မိန်းမောနေရင်း သူက သူ့မိသားစုနှင် သူ့သတ်ခဲ့သည့်သူများကို ပြန်မြင်ယောင်မိနေသည်ဟု ထင်ရ၏။
သူ့ရှေ့၌ ထိုလူများ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကာ သူ့ကို အေးစက်စွာ ကြည့်နေသည့်အလား။
ခေါင်းကြီးကောင်လေး၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သူက အလွန်အေးစက်မှုကို ခံစားမိသည်။ထိုအေးစက်မှုက သူ့ခန္ဓာကိုယ်က ခံစားမိခြင်း မဟုတ်ပါ။သူ့ စိတ်နှလုံးထဲရှိ အထီးကျန်မှုမှ ဖြစ်လေ၏။
“ငါ ထွက်သွားရတော့မှာပါလား…နှစ်ပေါင်းထောင်နဲ့ချီ ကျင့်ကြံပြီးတဲ့နောက် အဆုံးသပ်မှာ ငါ သေရတော့မှာပါလား…” ခေါင်းကြီးကောင်လေး၏ နောက်ကျောမှ လက်ဝါးနက်ရာ၏ အခိုးငွေ့များက ပို၍ သိပ်သည်းလာ၏။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်သို့ ပြောင်းနေသည်။
သူက တဖြည်းဖြည်းဖြင့် အသိစိတ်လွတ်လာနေ၏။
“ခေါင်းကြီးကောင်လေး…ဆက်တောင့်ထားပါ။ သခင် ဒီကို ရောက်လာပြီး ငါ့တို့ကို လာကယ်လိမ့်မယ်လို့ ငါ ယုံတယ်…” ခေါင်းကြီးကောင်လေးက မျက်လုံးမှိတ်ခါနီးချိန်၌ လိုင်ဂျီ၏ အားပေးသံသည် သူနားထဲသို့ တိုးဝင်လာ၏။
ခေါင်းကြီးကောင်လေးက ကြိုးစား၍ မျက်လုံးဖွင့်၏။ သူက မချင့်ပြုံးပြုံးကာ ခပ်တိုးတိုး ဆိုသည်။ “ဒီလိုဖြစ်လာတော့ရော…”
လိုင်ဂျီ၏နောက်သို့ ပေတစ်ထောင်လောက်ရှိသည့် ပုံရိပ်ကြီးနှစ်ခု လိုက်နေ၏။ သူတို့က ဧရာမဘီလူးကြီးများအလား ထင်ရ၏။
သူတို့နှစ်ယောက်၏မျက်ခုံးကြားထဲ၌ ပုဆိန်အမှတ်အသားတစ်ခုစီ ရှိနေကြသည်။သူတို့၏အကြည့်က အေးစက်၍ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပါဝင်နေ၏။
ထိုဘီလူးကြီးနှစ်ကောင်ထဲမှ တစ်ကောင်ပေါ်၌ အပြာရောင်အင်္ကျီနှင့် လူငယ်တစ်ယောက် ထိုင်နေ၏။ သူက အတော်လေး ချောမောသည်။သို့သော် သူ့မျက်နှာပေါ်၌ မကောင်းဆိုးဝါးအငွေ့အသက်တစ်ခု ရှိနေ၏။
သူက ဘီလူးကြီးပေါ်၌ လှဲလျောင်း၍ ရှိနေကာ သူ့လက်ထဲ၌လည်း အနီရောင်ချယ်ရီသီးများ ကိုင်ထားသည်။ ရံဖန်ရံခါ သူက လိုင်ဂျီကို သူပိုင်ဆိုင်မည့် ရတနာတစ်ခုကဲ့သို့ အရသာခံကာ ကြည့်နေရင်း ချယ်ရီသီးစားနေသည်။
“ဒီလူငယ်သခင်ရဲ့ လက်ကနေ လွတ်တဲ့ အသွေးအသားဆိုတာ မဟာမိတ်အဖွဲအစည်းမှာ မရှိသေးဘူး။ ငါက တော်ဝင်ဘီလူးနတ်ဆိုးကလန်ရဲ့ ခန္ဓာကိုယ်ကို ငါ ကစားဖို့ ထွက်လာရုံနဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ မဆိုးပါဘူးလေ…မဆိုးပါဘူး…”
“မိသားစုထဲမှာ ပြောနေတာကတော့ မဟာမိတ်အဖွဲ့အစည်းဟာ စစ်ပွဲကြောင့် ကဗြောင်းကဗျန် အစီအစဉ်မကျမှုတွေ ဖြစ်နေတယ်တဲ့။ ဒါ့ကြောင့် ငါ ထွက်မလာသင့်ဘူးလို့ ဆိုကြတယ်။ငါသာ ထွက်မလာခဲ့ရင် ခုလိုမျိုး ကောင်းမွန်တဲ့ခန္ဓာကိုယ်ကို ဘယ်တွေ့ရပါ့မလဲ…” လူငယ်က ပြုံး၍ ချယ်ရီသီးတစ်လုံး စားလိုက်ကာ အစေ့ကို ထွေးထုတ်၏။ ထိုအစေ့က လိုင်ဂျီရှိရာသို့ အလင်းတန်းတစ်ခုအလား တိုးဝင်သွားချေသည်။
ထိုအစေ့က မြန်လွန်းသဖြင့် လိုင်ဂျီနားသို့ ရောက်လာ၏။ ၎င်းအစေ့က အစိမ်းရောင်အရိုးခေါင်းအဖြစ်သို့ ပေါက်ကွဲထွက်၍ လိုင်ဂျီ၏ ကျောရိုးပေါ်ရှိ ရှစ်ခုမြောက်အပိုင်းကို တိုက်ခိုက်လာသည်။
သို့ရာတွင် ထိုအစိမ်းရောင်အရိုးခေါင်းက အောက်သို့ ဖိချလာခါနီးချိန်မှာပင် လက်တစ်ဖက်သည် လေဟာနယ်ထဲကနေ လှမ်းထွက်လာ၍ ၎င်းအရိုးခေါင်းကို ဖမ်းယူကာ ညှစ်ချေပစ်လိုက်သည်။
လိုင်ဂျီ၏နောက်မှ လှိုင်းတစ်ခုနှင့်အတူ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။
“မင်းက ငါ့စီးတော်ယာဉ်နဲ့အစေခံကို အနာတရ ဖြစ်စေဖို့ သတ္တိ ရှိနေတယ်ပေါ့…”
“သခင်…” လိုင်းဂျီက ဆက်ခနဲ အသံထွက်လာရာသို့ လှည့်ကြည့်သည်။
“သခင်…” ခေါင်းကြီးကောင်လေးသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌ ပျော်ရွှင်မှုတို့ ပေါ်ထွက်လို့နေသည်။
***