Switch Mode

အပိုင်း (၁၀၀၄)

ဆံထိုး

ထိုခရမ်းရောင်ခန္ဓာကိုယ်သည် သတ်ဖြတ်ခြင်းနယ်မြေသခင် ဖြစ်လေ၏။

သူ့မျက်နှာက ဖြူရောနေသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ရှိနေသည်။

အနီရောင်အလင်းတန်းတစ်ခုသည် ခရမ်းရောင်မြူများကြားကနေ ဆင်းသက်လာ၏။၎င်းအလင်းတန်းက မြန်ဆန်လွန်းလှ၏။၎င်း အလင်းတန်းမှာ ခရမ်းရောင်ဆံပင်နှင့်နယ်မြေသခင်ထံသို့ ဦးတည်ခြင်း မဟုတ်ပေ။မထင်ထားစွာ အနှီအလင်းတန်းသည် ဝမ်လင်းကို ချိန်သားကိုက် အလစ်တိုက်ရန် ထွက်ပေါ်လာသည့် မိစ္ဆာသခင်ထံသို့ တိုးဝင်သွားခြင်းပင်။

မိစ္ဆာသခင်၏အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။သူက ရှောင်လို၏။ သို့သော် ချင်းရွှေ၏ ဂျိနယ်ပယ်ကို ရှောင်ဖို့ သူ့ထံ၌ အရည်အချင်း မရှိပေ။ ဂျိနယ်ပယ်က သူ့ရင်ဘက်ကို တိုက်ရိုက် ထွင်းဖောက်သွားလေ၏။

ထိုအဘိုးအို၏မျက်လုံးသည် ချက်ခြင်း မှိန်ဖျော့သွား၏။သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများကြား၌ သူ့သေဆုံးမှုမှာ ရိုးစင်းလှသည်ဟုပင် ဆိုနိုင်နေ၏။ သူ သေဆုံးသွားချိန်၌ သူ့ပတ်လည်တွင် ဝမ်းနည်းမှုတို့ ခြုံလွှမ်းနေချေ၏။

အနီရောင်အလင်းတန်းက ထိုမိစ္ဆာသခင်အဘိုးအို၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားရုံဖြင့် ရပ်တန့်သွားခြင်းမရှိဘဲ သည်ဧရိယာကို ရိုက်ခတ်လာ၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အများစု၏ ခန္ဓာကိုယ်များထံမှ အသံပေါက်ကွဲမှုများ ထွက်ပေါ်လာကာ သေဆုံးသွားကြတော့၏။

ဤကား ချင်းရွှေ၏ ဂျိနယ်ပယ်စွမ်းပကားပင်။

ဝမ်လင်းသည်လည်း သူ့နားသို့ ချဉ်းကပ်လာခဲ့သည့် မိစ္ဆာသခင်ကို ရင်ဆိုင်ရန် သူ့တတိယမျက်လုံးကို ဖွင့်လှစ်ရန်နှင့် သူ့မူလစွမ်းအင်များကို အသင့်ပြင်ထားခဲ့၏။ သို့ရာတွင် ချင်းရွှေ၏ အကူအညီပေးလိုက်မှုကြောင့် သူက မိစ္ဆာသခင်ကို ရင်ဆိုင်စရာ မလိုတော့ဘဲ အရှင်ဗလာမဲ့စိတ်ကူးနောက်သို့ ချက်ခြင်း လိုက်လံတော့၏။

ကောင်းကင်ထက်ရှိ ခရမ်းရောင်မြူတို့က တဝီဝီလှည့်လည်နေရင်း လက်သီးစုပ်ခန့်ထိ ကျုံ့လာကာ ချင်းရွှေ၏လက်ထဲ၌ မြောလွင့်နေ၏။ သူ့အခြားလက်တစ်ဖက်၌ ခရမ်းရောင်ဆံထိုးတစ်ခု ရှိလို့နေသည်။

ထိုဆံထိုးကို ကြည့်နေသော ချင်းရွှေ၏ မျက်လုံးတို့၌ နူးညံ့မှုတို့ ပါဝင်နေ၏။ သို့သော် သူက သတ်ဖြတ်ခြင်းနယ်မြေ၏ ကျင့်ကြံသူများထံသို့ အကြည့်ရောက်သွားသည့်အခါ ထိုနူးညံ့မှုသည် ချက်ခြင်း ပျောက်ကွယ်သွားသည်။သူက အောက်သို့ ဆင်းသက်လာ၏။

“ငါ ချင်းရွှေက ဒီနေရာမှာ ဘယ်သူမှ အသက်မရှင်နိုင်အောင် သတ်ပစ်ချင်နေပြီ…”

ခရမ်းရောင်ဆံပင်နှင့်လူ၏ မျက်နှာက သေလောက်အောင် ဖြူရောနေ၏။ ချက်ခြင်းပင် သူက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်စေသည်။သူက လေဟာနယ်ထဲသို့ လက်ညွှန်၏။ထို့နောက် သူ့လက်တစ်ဖက်လုံးသည် အသွေးအသားပုံအဖြစ်သို့ ပြောင်းလဲသွား၏။ထိုအသွေးအသားများသည် မြန်ဆန်စွာ လှည့်လည်၍ အက်ကြောင်းတစ်ခုကို ဖွင့်လှစ်သည်။သူက ထိုအက်ကြောင်းထဲသို့ တတ်နိုင်သမျှ မြန်မန် ဝင်ရောက်လေ၏။

“မင်းတို့အားလုံး ငါ့ ဇနီးအတွက် ပေးထားခဲ့တဲ့ အရာကို ရတနာတစ်ခုအဖြစ် အသုံးပြုခဲ့တဲ့အတွက် သေဖို့ထိုက်တန်တယ်…” ထိုသို့ ပြောလိုက်ပြီးနောက် ချင်းရွှေက လက်ညွှန်လိုက်လေ၏။

သူ့လက်ညွှန်မှုနှင့်အတူ သူ့ထံမှ သုန်မှုန်သောအသံတစ်ခု ထွက်ပေါ်လာလေသည်။

“ကောင်းကင်ဘုံမန္တာန်…တောင်ဖဲ့ခြွေခြင်း…”

သူက ထိုသို့ ပြောလိုက်သည့်နောက် သတ်ဖြတ်ခြင်းနယ်မြေတစ်ခုလုံးသည် တုန်ယင်လာ၏။ နေရာတိုင်းကနေ တောင်ကြီးခြောက်လုံး ထွက်ပေါ်လာ၏။ ထိုတောင်တစ်တောင်စီက ပေနှစ်သောင်း ရှည်လျားသည်။ ၎င်းတောင်များ ထွက်ပေါ်လာသည့်အခါ ပြင်းထန်သောဖိအားကို ပေးစွမ်းလာသည်။

ဤအခိုက်၌ တောင်ခြောက်လုံးသည် တလက်လက် ဖြစ်လာရင်း တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်း၏။၎င်း ပေါင်းစည်းထားသည့် တောင်သည် အစစ်အမှန်တောင်တစ်ခုနှင့် ခွဲမရအောင် တူသည်။

၎င်းတောင်က စတင် တုန်ခါ်လာကာ တောင်ထိပ်ဆုံးကနေ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာ၏။ထိုအနက်ရောင်အခိုးငွေ့များသည် ကောင်းကင်၌ ပြည့်နှက်လာနေရင်း အနီရင့်ရောင်မီးတောက်များသည် တောင်ထိပ်ကနေ ပေါက်ကွဲထွက်လာချေသည်။

မီးတောက်၏ အပူသည် သက်ရှိအားလုံးကို ဖျက်စီးနိုင်စွမ်း ရှိနေ၏။၎င်းမီးတောက်ကနေ ကျောက်စကျောက်နများကို မှုတ်ထုတ်ကာ ကောင်းကင်ထက်ကနေ ကြမ်းတမ်းစွာ ကျဆင်းလာချေသည်။

အဆိပ်နှင့်ပြည့်နေသည့် ဖုန်မှုန့်အလွှာများသည် လောကနှင့် ပြည့်ဖုံးလာ၏။ ၎င်းအဖြစ်က ကမ္ဘာလောကကို အပျက်အစီးပုံအဖြစ် ပြောင်းလဲစေသည်အလား ထင်လာရသည်။

ထိုတောင်ထိပ်မှ ချောရည်ပူလှိုင်းများ စီးကျလာသည်။သတ်ဖြတ်ခြင်းနယ်မြေတစ်ခုလုံးသည် အဆုံးမဲ့အပူဓာတ်နှင့် ဖျက်စီးခြင်းအော်ရာတို့နှင့် ပြည့်လာသည်။

ထိုချောရည်ပူထဲရှိ ပါဝင်နေသည့်စွမ်းအားက‌ လောကရှိအရာအားလုံးကို ဖျက်စီးနိုင်သည့်အလား။

သတ်ဖြတ်ခြင်းနယ်မြေရှိ ကျင့်ကြံမှုအဆင့်အားနည်းသည့်သူများသည် ဖုန်မှုန့်အဆိပ်များ၏ သက်ရောက်မှုကို ခံရ၏။ထိုသူတို့က အထိတ်တလန့်အော်ဟစ်ကြရကာ သူတို့၏ခန္ဓာကိုယ်သည်များသည် ခြောက်သွေ့၍ လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားရသည်။

အချို့ကမူ ချောရည်ပူများကြား၌ ရုန်းကန်နေကြ၏။ သို့ရာတွင် ချောရည်ပူ၏ အပူချိန်က အင်မတန်မြင့်မား၏။ သူတို့မန္တာန်နှင့်ရတနာများ အသုံးပြုလိုက်ချိန်တိုင်း ခက်ခဲစွာ အသုံးပြုရလေ၏။သူတို့အဖို့ ချောရည်ပူများထဲကနေ လွတ်မြောက်ဖို့ ခက်ခဲလွန်းနေသည်။

ခရမ်းရောင်ဆံပင်နှင့်နယ်မြေသခင် ဖွင့်လှစ်လိုက်သည့် အက်ကြောင်းသည် ယခုမန္တာန်ကြောင့် ချက်ခြင်း ပျက်စီးသွားရ၏။ သူက ဖြူရောနေသောမျက်နှာဖြင့် နောက်သို့ ဆုတ်ရသည်။သူက နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တွင်ရှိကာ ထိခိုက်ပျက်စီးထားသည့် အယောင်ဆောင်နိဗ္ဗာနလေဟာနယ် လက်နက်ကို အသုံးပြုခဲ့သော်လည်း ချင်းရွှေကို မယှဉ်သာပေ။ အခုချိန်၌ သူ့စိတ်ထဲ၌ ထွက်ပြေးရန် အတွေးတစ်ခုသာ ရှိတော့၏။

“ကံမကောင်းစွာနဲ့…ငါက သတ်ဖြတ်ခြင်နယ်မြေရဲ့ နိဗ္ဗာနဖြိုခွဲခြင်း အဆင့်ကျင့်ကြံသူ တစ်ဦးတည်း ဖြစ်နေတာ၊ နိဗ္ဗာနသန့်စင်ခြင်းအဆင့် အများစုကလည်း မဟာမိတ်အဖွဲ့တွေစီ ရောက်ရှိနေကြတယ်။ မဟုတ်ရင် သူတို့အကူအညီနဲ့ဆို ငါက ဓား(၉၉)လက်အစီအရင်ကို အသုံးပြုနိုင်မှာ။ ဒါပေမဲ့လည်း ဒီအစီအရင်ကတော့ ခုချင်းရွှေရဲ့ မန္တာန်ကို မခုခံနိုင်မှာ ငါ စိုးရိမ်မိတယ်…”

အရှင်ဗလာမဲ့စိတ်ကူး၏ မျက်နှာသည် ဖြူရောနေ၏။ သူက ဝမ်လင်းနှင့် ဆက်၍ မတိုက်ခိုက်တော့ပေ။ ဝမ်လင်း သူ့နောက်သို့ လိုက်လာနေသည်ကို ကြည့်ကာ သူက ကျိန်ဆဲနေမိ၏။ သူက သူ့နောက်သို့ ဓားကိုးလက်ကို ပစ်လွှတ်၏။ သူက ဝမ်လင်းသည် ထိုဓားကိုးလက်ကို စိတ်ဝင်စားနေမှန်း သိ၏။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွားသည်။သူက နောက်သို့ လိုက်လံခြင်းကို ရပ်တန့်လိုက်၏။သူ့ညာလက်ကို ဆန့်ထုတ်ကာ ဓားကိုးလက်ကို ချက်ခြင်း ဖမ်းဆုပ်ယူလိုက်သည်။ ထိုဓားကိုးလက်မှာ ပြင်းပြင်းထန်ထန် စတင် ရုန်းကန်လာ၏။

ချင်းရွှေ၏မျက်လုံးထဲ၌ သတ်ဖြတ်ခြင်စိတ်တို့က မွန်းစတား ဆန်နေ၏။သူက သူ့လက်နှစ်ဖက်ကို ဆန့်၍ တွန်းထုတ်ကာ အော်ဟစ်လိုက်သည်။ “တောင်..ပထမဆုံး ခြေမွခြင်း…”

ချင်းရွှေ ထိုသို့ ပြောလိုက်သည်နှင့် မီးတောက်များမှ ထုတ်ထုပ်သည့် ချောရည်ပူများသည် စတင် တုန်ခါလာကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

ထိုဖြစ်စဉ်အတွင်း ၎င်းတို့က ရုတ်တရက် ပျက်စီးသွားကြကာ အံ့မခန်းတုန်ခါမှုလှိုင်းကို ဖြစ်စေသည်။ယင်းတုန်ခါမှုလှိုင်းသည် သတ်ဖြတ်ခြင်းနယ်မြေသို့ ပျံ့နှံ့သွားသည်။ကျင့်ကြံသူ ဆယ်ယောက်ကျော်က ချောရည်ပူနှင့်မီးတောက်များ၏ ရိုက်ခတ်ခြင်းကို ခံရ၏။ထိုသူတို့က လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားရတော့သည်။

ချင်းရွှေက နောက်တစ်ကြိမ် အော်ဟစ်လိုက်၏။ “ဒုတိယ ခြေမွခြင်း…”

သတ်ဖြတ်ခြင်းနယ်မြေတစ်ခုလုံး တုန်ခါလာ၏။ တောင်ထိပ်သည် ရုတ်တရက် အက်ကွဲကြေသွား၏။ အဆုံးမဲ့ ချောရည်ပူများနှင့်မီးတောက်များသည် ပန်းထွက်လာကြသည်။

“တတိယ ခြေမွခြင်း…” ချင်းရွှေက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၍ အကွာအဝေးတစ်ခုရှိ တောင်ထံသို့ ညွှန်လိုက်သည်။

ချက်ခြင်းပင် ထိုတောင်သည် အမှန်တကယ် ပျက်စီးသွား၏။ မရေမတွက်နိုင်သော သဲမှုန့်၊ကျောက်မှုန့်များသည် ပြန့်ကျဲထွက်သလို မီးတောက်များကလည်း ကောင်းကင်ထက်၌ တလျှံညီးညီး ဖြစ်နေ၏။မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တစ်ခုလုံး မီးတောက်နှင့် ဖုံးအုပ်သွားလေသည်။

ထိုတောင်ပျက်စီးသွားသည်နှင့် မရေမတွက်နိုင်‌‌သော ချောရည်များ ပင်လယ်ကဲ့သို့ စီးဆင်းလာကာ ချက်ခြင်း ကုန်းမြေတစ်ခုလုံးကို သိမ်းပိုက်လေ၏။

ကောင်းကင်သည် အဆုံးမဲ့မီးတောက်၊ မြေပြင်သည် ချောရည်ပူများဖြင့် ဖုံးလွှမ်းနေတော့သည်။ ထို ကောင်းကင်နှင့်မြေကြီးကြား၌ ထူထဲသေအဆိပ်မြူများ ရှိနေပြန်သည်။

နာကျင်ထိတ်လန့်စွာအော်သံများ ဆူညံနေ၏။ အချိန်တိုအတွင်း ခရမ်းရောင်ဆံပင်နှင့်နယ်မြေသခင်၊အရှင်ဗလာမဲ့စိတ်ကူးတို့ကလွဲ၍ ကျန်သည့်သူများ သေဆုံးသွားကြတော့သည်။

အရှင်ဗလာမဲ့စိတ်ကူး၏ မူလစွမ်းအင်များပင် လွင့်ပြယ်သွားရ၏။သူ့မျက်လုံးထဲ၌ ပင့်သက်ရှိုက်၊ထိတ်လန့်မှုတို့သာ ကြီးစိုးနေသည်။

နယ်မြေသခင်က မချင့်ပြုံးပြုံး၏။ သူက ခုခံမှုကို လက်လျော့ကာ ချင်းရွှေကို စိတ်ရှုပ်ထွေးဟန်နှင့် ကြည့်၏။သူက ချင်းရွှေသည် ခုထိ သူတို့နှစ်ယောက်ကို သတ်မပစ်ချင်သေးတာ သိနေ၏။ မဟုတ်ပါက သူသည် အစောပိုင်းခရမ်းရောင်မြူများကြား တိုက်ပွဲအတွင်း၌ပင် သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။

သတ်ဖြတ်ခြင်းနယ်မြေ၏ အဆောက်အဦအားလုံးသည် အရည်ပျော်သွားကာ အကြွင်းအကျန်ပင် မရှိတော့ပေ။

ဝမ်လင်းသည် ထိုအရာများအားလုံးကို မင်သက်စွာသာ ကြည့်နေမိ၏။ သူက ထိုတောင်ခြေမွခြင်းမန္တာန်သည် ယခုလိုစွမ်းအားမျိုး ရှိနေလိမ့်မည်ဟု လုံးဝ စိတ်မကူးမိပေ။

“ဒါက ကောင်းကင်ဘုံမန္တာန်…တောင်ခြေမွခြင်းပဲ…”

ချင်းရွှေက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတန်း(၈၈)ခုသည် မြေကြီးပေါ်ရှိ ချောရည်ပူများထံမှ ထွက်ပေါ်လာ၏။သူက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ထိုငွေရောင်အလင်းတန်း(၈၈)ခုသည် တစ်ခုတည်း အဖြစ်သို့ ပြောင်းလဲသွား၏။ ချင်းရွှေက ၎င်းအလင်းတန်းလုံးကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။

“မင်းက ဒီဓားတွေကို ကြိုက်မှတော့…ငါမင်းကို လက်ဆောင်အဖြစ် ပေးလိုက်မယ်…”

ဝမ်လင်းက ထိုငွေရောင်အလုံးကို လှမ်းယူကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်တော့သည်။

ချင်းရွှေက အနက်ရောင်လေပြင်းအဖြစ်သို့ ဖျပ်ခနဲ ပြောင်းလဲသွား၍ အရှင်ဗလာမဲ့စိတ်ကူးနှင့် ခရမ်းရောင်ဆံပင်ကျင့်ကြံသူတို့ကို ဖမ်းယူလိုက်၏။ထို့နောက် သူက ခြေတစ်လှမ်း ဆောင့်ချလိုက်ရာ သတ်ဖြတ်ခြင်းနယ်မြေသည် ၎င်း၏နောက်ဆုံး ပြိုလဲပျက်စီးမှုကကို စတင်တော့သည်။

မူလက သတ်ဖြတ်ခြင်းနယ်မြေသည် မိုးကောင်းကင်ဘုံနယ်မြေအတွင်းရှိ ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ တည်ဆောက်ထားခဲ့ခြင်းပင်။ခုချိန်၌ ဟင်းလင်းပြင်က ပျက်စီးသွားခဲ့ပြီ ဖြစ်သည့်အတွက် သတ်ဖြတ်ခြင်းနယ်မြေသည် လေဟာနယ်၏ ဝါးမြိုခြင်းကို ခံလိုက်ရပေပြီ။

ချင်းရွှေ၏ ခြေထောက်အောက်၌ ဝဲကတော့ကြီးတစ်ခု ပေါ်လာ၏။သူ့ခန္ဓာကိုယ်သည် ထိုဝဲကတော့ထဲသို့ နစ်မြုပ်သွားသည်။သူက ဝမ်လင်းကို ခေါင်းညိတ်ပြ၍ ပြောလိုက်၏။ “ငါ့မှာ တခြားလုပ်စရာလေးတွေ ရှိသေးတယ်။ရှုမူ..ငါတို့ဒီနေ့ခွဲခွာပြီးရင် ဘယ်နေ့မှ ပြန်ဆုံမလဲ မသိရတော့ဘူး…။မင်းကိုယ်မင်း ဂရုစိုက်ပါ…”

ထိုသို့ပြောပြီးနောက် ချင်းရွှေသည် ဆံပင်ခရမ်းရောင်လူနှင့် အရှင်ဗလာမဲ့စိတ်ကူးတို့နှင့်အတူ ဝဲကတော့ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းသည်လည်း ထိုဝဲကတော့ထဲသို့ လိုက်ပါဝင်ရောက်၍ တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ထို့နောက် သူတို့သည် ပျက်စီးနေသည့်သတ်ဖြတ်ခြင်းနယ်မြေကနေ ထွက်လာခဲ့တော့သည်။

ဝမ်လင်း၏ပုံရိပ်က ကြယ်များကြား၌ ပြန်ပေါ်လာ၏။သူက သက်ပြင်းချမိကာ နောက်သို့ ပြန်ကြည့်၏။အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် လောကနှင့်တစ်သားတည်းပေါင်းစပ်ကာ ထျန်ယွမ်ဂြိုဟ်ရှိိရာသို့ ဦးတည်သွားတော့၏။

အကွာအဝေးတစ်ခု၌ ချင်းရွှေက တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ ဆက်သွားနေ၏။ သူ့နောက်၌ အရှင်ဗလာမဲ့စိတ်ကူးနှင့် ခရမ်းရောင်ဆံပင်နှင့် ကျင့်ကြံသူတို့သည် စိတ်ဓာတ်ကျသည့်အသွင်များဖြင့် လိုက်ပါလာကြသည်။ သူတို့နှစ်ယောက်၏မျက်ခုံးနှစ်ခုကြား၌ ကောင်းကင်ဘုံနယ်မြေ၏ သီးသန့်ကျွန်အမှတ်အသားတစ်ခုသည် တလက်လက် ဖြစ်နေ၏။

ချင်းရွှေ၏ လက်ထဲ၌ ပစ္စည်းတစ်ခုကိုင်ထား၏။ ထိုအရာမှာ ခရမ်းရောင်ဆံထိုးပင်။ သူ့မျက်လုံးထဲ၌ ဆံထိုးကို ကြည့်သည့်အခါ နူးညံ့မှုတို့ ရှိနေ၏။ သို့သော် သူ့မျက်လုံးထဲ၌ နာကျင်မှုနှင့်လွမ်းဆွတ်မှုတို့လည်း ပြည့်နှက်နေပေသည်။

“ဖန်တီးရှင်က လူတွေကို လာရှုပ်ရတာ ကြိုက်နှစ်သက်တာလား…” ချင်းရွှေ၏ ဘဝ၌ သူသည် မျက်ရည်နှစ်ကြိမ်သာ ကျခဲ့ဖူး၏။ ပထမတစ်ကြိမ်က သူ့ကြယ်လင်သောရေနိုင်ငံ ဖျက်စီးခံရကာ သူ့မိဘနှစ်ပါး သေဆုံးခဲ့ရချိန်၌ ဖြစ်၏။ဒုတိယတစ်ကြိမ်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ သူ ရူးသွပ်သွားခဲ့ချိန် သူ့ချစ်သူကို ပြန်သတ်မိသည့်အချိန် ဖြစ်သည်။

ယခု ဆံထိုးသည် သူ့မှတ်ဉာဏ်များနှင့် စိတ်ခံစားချက်များကို သယ်ဆောင်ထားခဲ့ပေ၏။ သူက ပေဖန် သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည့်နေက သည်ဆံထိုးကို သူမထံသို့ လက်ဆောင်ပေးခဲ့သည်ကို ပြန်သတိရနေမိ၏။

သူက ထိုပျော်ရွှင်ဖွယ် မှတ်ဉာဏ်များကို ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။

သူ့နှလုံးသားထဲ၌ ဓားနှင့် စိုက်ထားသလို ခံစားမိနေသည်။ ချင်းရွှေ၏မျက်လုံးထဲမှ သူ့ဘဝတစ်လျှောက်တွင် တတိယတစ်ကြိမ်အဖြစ် မျက်ရည်များ စီးကျလာချေသည်။

“ဟန်ယန်…”

အတိတ်တုန်းက မြင်ကွင်းများသည် ချင်းရွှေ၏မျက်လုံးရှေ့၌ ပြန်ပေါ်လာခဲ့၏။

သူ့ဇနီးသေဆုံးခါနီး ဖျော့တော့တော့ အကြည့်၊ အဆုံးသပ်ချိန်ထိ သူမက သည်ဆံထိုးကို အမြဲဆုပ်ကိုင်ထားလျက်ပင်။

ထိုဆံထိုး၏ ထိပ်ဖျားက သူမ၏ နှလုံးသားအတွင်း၌ ထွင်းဖောက်နေခဲ့သည်။သွေးတို့က ဆံထိုးထံမှ စီးဆင်းကျနေကာ ကြမ်းပြင်ထက်၌ ပြန့်ကျဲလို့နေသည်။

“ချင်းရွှေ…ငါဟာ နင့်ကြောင့် သေဆုံးခဲ့ရတာ မဟုတ်ပါဘူး။ ငါ့ကိုယ်ငါကြောင့်သာ သေဆုံးခဲ့ရတာပါ။ နင် စိုးစိုးရွားရွား ခံစားမနေပါနဲ့ ။နင့်တစ်ဘဝလုံး ဝမ်းနည်းမနေသင့်ဘူး။ နင်က ငါ့ကို မနာကျင်စေခဲ့ပါဘူး…”

ချင်းရွှေ ပြန် သတိဝင်လာချိန်၌ သူ နောင်တရပူဆွေးမှုနှင့် ကိုယ့်ကိုကိုယ်အပြစ်တင်မှုတို့ မခံစားမိအောင် ထိုအမျိုးသမီးက ချင်းရွှေ ရူးသွပ်ခဲ့သည့်အခိုက်တွင် ပြုံး၍ သူမကိုယ်သူမ သူ့ရှေ့၌ပင် သတ်သေခဲ့ခြင်းပင်။

သူမ၏ နူးညံ့၍ ချစ်ခြင်းမေတ္တာပြည့်ဝသည့်အကြည့်ထဲ၌ စိတ်အလိုဆန္ဒမပါဝင်မှုတို့ ရှိနေ၏။သူမ၏ အပြုံးထဲ၌ တိတ်ဆိတ်သောမျက်ရည်များ ကွယ်ပုန်းနေသည်။ထိုချစ်ခြင်းမေတ္တာ၏စွမ်းအားကပင် ချင်းရွှေကို ရူးသွပ်နေရာကနေ ပြန်သတိဝင်စေခဲ့ခြင်းပင်။

အတိတ်တုန်းက ချင်းရွှေ ပြန်သတိဝင်လာခဲ့ခြင်းမှာ သူ၏ချစ်ဇနီး ဟန်ယန်ကြောင့်ပင်။

“ငါ့စိတ်ထဲမှာ ရှိတဲ့ ငါ့ယောက်ျားဟာ အနိုင်မခံ၊အရှုံးမပေးတတ်တဲ့ စိတ်ဝိညာဉ်နဲ့ ယောက်ကျားပဲ။ သူက သူ့ဘဝတစ်ခုလုံးကို ဘာပဲဖြစ်ဖြစ် လက်လျော့စွန့်ပစ်မှာ မဟုတ်လိမ့်ဘူး။ အဲ့အစား သူက သူ့စွမ်းအားအားလုံးကို အသုံးပြုပြီး ဖြစ်ပျက်ခဲသမျှတွေရဲ့ အကြောင်းရင်းကို ဆက်ရှာဖွေလိမ့်မယ်…”

ချင်းရွှေ၏မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့နှင့် ပြည့်နေ၏။ သူက ခပ်တိုးတိုး ရေရွတ်သည်။ “စိတ်ချချနေပါ ဟန်ယန်…။ငါ ဒီအဖြစ်ဆိုးအားလုံးရဲ့ အကြောင်းရင်းကို ရှာမှာပါ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset