ထိုဓားမှာ ခုနစ်ပေရှည်၍ သုံးပေဗြက် ရှိ၏။ ၎င်းဓားမှ လရောင်ကဲ့သို့ ငွေရောင်အလင်းကို ထုတ်လွှတ်ပေးနေသည်။ ဝမ်လင်း၏ လက်ထဲ၌ ၎င်းဓားက မြောလွင့်နေရင်း ဓားတေးသံများကို ထုတ်လွှတ်နေသည်။
ဝမ်လင်းက သူ့ညာလက်ဖြင့် ဓားကို ထိလိုက်သည်။ သူ့နတ်ဘုရားအာရုံကို ၎င်းဓားပေါ်တွင် အမှတ်အသား ပြုလိုက်သည်။
ထိုအခါ ၎င်းဓားရှည်သည် ကျယ်လောင်စွာ ဓားတေးသံကို ထုတ်လွှတ်ကာ ဓားစွမ်းအင်တန်းတစ်ခုသည် ဝမ်လင်းကို လှည့်ပတ်သည်။
“ဒါက တကယ့်ကို ဓားကောင်းပဲ…” ဝမ်လင်း၏မျက်လုံးထဲ၌ ကျေနပ်မှုတို့ ရှိနေ၏။ သူက နောက်ထပ်ဓားတစ်လက်ထံသို့ ဆက်၍ ပျံသန်းသွားတော့သည်။ ပတ်ဝန်းကျင်အနီးအနားရှိ ကျင့်ကြံသူများသည် ဝမ်လင်းကို ဟန့်တားဖို့ နည်းလမ်း မရှိကြပေ။ဆန်းကြယ်လက်နက်မန္တာန်ဖြင့် ဆင့်ခေါ်ထားသည့် စိတ်ဝိညာဉ်များက သူတို့အား တိုက်ခိုက်နေကြသည် မဟုတ်လား။ထို့အပြင် မရေမတွက်နိုင်သော မိုးကြိုးများကလည်း ကောင်းကင်ထက်ကနေ ဆင်းသက်လာနေကြသည်။
ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ သူ့လက်ကို ဆန့်ထုတ်သည်။ နောက်ထပ်ဓားတစ်လက်ကို ဖမ်းယူလိုက်၏။၎င်းဓားက ရုန်းကန်လာသည်။ ၎င်းဓားက ရုန်းကနေရင်း ဓားသည် ဓားစွမ်းအင်တန်းကို အထက်သို့ စေလွှတ်သည်။
ချက်ခြင်းပင် ကျန်သည့်ဓားကိုးလက်က ဓားတေးသံများကို ထုတ်လွှတ်၍ ၎င်းတို့၏အမြန်နှုန်းကို မြှင့်တင်လာ၏။
ထိုကိုးလက်နီးကပ်လာသည်နှင့် တစ်လက်တည်းအဖြစ် ပေါင်းစည်း၍ ဝမ်လင်းဆုပ်ကိုင်ထားသည့် ဓားထံသို့ ရောက်ရှိလာကြသည်။
ဝမ်လင်း၏ မျက်လုံးထဲ၌ အေးစက်မှုတို့ ဖြစ်ပေါ်လာ၏။ သူ့လက်ထဲရှိ ဓားက ပို၍ ရုန်းကန်လာ၏။သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ၎င်းကို ဆက်၍ ဖိနှိပ်နေခြင်းကို လက်လွှတ်လိုက်သည်။သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေလိုက်ရာ အတားအဆီးများ ပေါ်လာတော့၏။ ၎င်းအတားအဆီးများက ဓားပေါ်သို့ ကျရောက်သည်။ ဓားသည် ချိပ်ပိတ်ခံရပြီးနောက် ဝမ်လင်းက ၎င်းဓားကို သူ့သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်ချေသည်။
ထိုအခိုက်အတန့်၌ ဓားကိုးလက်ကနေ ဖြစ်ပေါ်လာသည့် ဓားသည် သူ့နားသို့ ရောက်လာ၏။ဓားစွမ်းအင်ပေါက်ကွဲမှုက ဝမ်လင်းကို ဝန်းရံထား၏။ဝမ်လင်းက လူတစ်ယေက်၏ခန္ဓာကိုယ်ကို ထွင်းဖောက်၍ မူလစိတ်ဝိညာဉ်ထဲထိ ရောက်ရှိ နစ်မြုပ်နိုင်သည့် လေပြင်းတစ်ခုကို ခံစားမိလေသည်။
ထိုအခိုက်အတန့်မှာပင် အကွာအဝေးတစ်ခု၌ အနီရောင်အလင်းတစ်ခု ဖျပ်ခနဲ လင်းလက်သွား၏။ အနီရောင်ဝတ်စုံနှင် သက်လတ်ပိုင်းလူတစ်ယောက်က တဟုန်ထိုး တိုးဝင်လာနေသည်။
ထိုသက်လတ်ပိုင်းလူပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ် လျှပ်တပြတ်အတွင်းမှာပင် တိုက်ပွဲနေရာသို့ ရောက်ရှိလာ၏။ သူ့လက်ကို လှုပ်ရှားလိုက်ရာ သူ့ထိန်းချုပ်မှုအောက်၌ ဘူးသီးခြောက်လေးခုမှ ဖြစ်ပေါ်လာသည့် ပုံရိပ်လေးခုသည် အတားအဆီးအားလုံးကို ဖျက်စီး၍ ဝမ်လင်းရှိရာသို့ တိုးဝင်လာချေသည်။
သက်လတ်ပိုင်းလူက နောက်ကနေ ကပ်၍ လိုက်ပါလာ၏။သူက အနီရောင်မီးခိုးတိမ်အဖြစ်သို့ ပြောင်းသွားကာ ဝမ်လင်းထံသို့ တိုးဝင်လာနေသည်။
သူက အချိန်ယူ ပုန်းကွယ်၍ တိုက်ခိုက်နိုင်မည့် အခွင့်အလမ်းကို စောင့်ဆိုင်းနေခြင်းပင်။သူက ချင်းရွှေကိုမူ ရန်မစဝံ့ပေ။ သူသည် ဝမ်လင်းကိုပင် အနည်းငယ် လန့်နေမိ၏။ ခုချိန်၌ သူက အနီးအနားရှိ ကျင့်ကြံသူများကို ကြည့်နေရင်း စိတ်ထဲကနေ တွေးနေသည်။ “မိစ္ဆာသခင်ကလည်း ငါနဲ့ အကြံတူနေတဲ့ပုံပဲ ငါသာ မဟာမိတ်အဖွဲ့အစည်းရဲ့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်အားလုံးကို ဆင့်ခေါ်မှုအရ သွားခဲ့ရင် ခုလိုမျိုး ထိတ်လန့်နေရတဲ့ အခြေအနေ ကြုံရမှာ မဟုတ်ဘူး…”
ဝမ်လင်း၏ စိတ်ထဲ၌ တုန်ယင်သွား၏။သူက ချက်ခြင်းပင် ထိုးကိုးလက်ပေါင်းစည်းထားသည့် ဓားကို ဖြတ်ကျော်သွားသည်။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခကို ဖြစ်စေ၍ သူ့နောက်သို့ လက်ညွှန်ကာ အော်ပြောသည်။ “လေဆင့်ခေါ်ခြင်း…”
ချက်ခြင်းပင် အနက်ရောင်လေပြင်းတစ်ခု ပေါ်လာ၏။ ထိုလေပြင်းက အနက်ရောင်နဂါးသုံးကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းတို့က ဟိန်းသံပေး၍ ထိုးထွက်သွားကြ၏။ ဝမ်လင်း၏ အနောက်ကနေ တိုးဝင်လာကြသည့် ပုံရိပ်လေးခုသည် နဂါးတစ်ကောင်ကို ပတ်လည် ဝန်းရံပစ်၏။ နဂါး၏အေးစက်စက်မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု ဖြစ်လာသည်။
သို့ရာတွင် အခြားနဂါးနှစ်ကောင်ကမူ ရပ်တန့်သွားခြင်းမရှိဘဲ သက်လတ်ပိုင်းလူကနေ ဖြစ်ပေါ်နေသည့် အနီရောင်မီးခိုးငွေ့တန်းထံသို့ တိုက်ရိုက် ဦးတည် ဝင်သွားကြသည်။
အနီရောင်မီးခိုးငွေ့တန်းထဲမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာရင်း သက်လတ်ပိုင်းလူ ထွက်ပေါ်လာ၏။သူ့မျက်လုံးသည် တောက်ပနေသည်။သူက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ရွှေ့လျားလေသည်။သူသည် မထင်ထားစွာ နဂါးနှစ်ကောင်ကြားထဲသို့ ရောက်ရှိသွားပြီး ဝမ်လင်းထံသို့ ဦးတည်လာတော့သည်။
“ရှုမူ…မင်းကျင့်ကြံမှုအဆင့်ကို ထပ်ပြီး ဖုံးကွယ်ထားမနေနဲ့တော့။ မင်းက နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူပဲ ဖြစ်ရမယ်…”
ဝမ်လင်း၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူက သတ်ဖြတ်ခြင်းနယ်မြေ၌ နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ဘာကြောင့် မရှိရသည်ကို တွေးမိနေ၏။သို့ရာတွင် သူ့နတ်ဘုရားအာရုံမှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင်သာ ရှိသေး၍ သူက သူတို့ကို မထောက်လှမ်းမိနိုင်သေးချေ။
သို့ရာတွင် သူက သက်လတ်ပိုင်းလူကို တွေ့မြင်လိုက်သည့်နောက် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူများထက် သာလွန်သည့်အော်ရာကို ခံစားမိလေ၏။
“နိဗ္ဗာနသန့်စင်ခြင်း…” ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းမိ၏။ သူ့မျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ်တို့ ပြည့်လာသည်။ တိတိကျကျဆိုပါက ခုတစ်ကြိမ်သည် သူ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်မိသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။ပထမအကြိမ်က သွေးဘိုးဘေးပင်။ ယခု သက်လတ်ပိုင်းလူက ဒုတိယလူ ဖြစ်၏။
“ဒီလူရဲ့ အော်ရာက သွေးဘိုးဘေးလောက် အားမကောင်းဘူး။ ဒါ့ကြောင့် သူက နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်တစ်ယောက်ပဲ ဖြစ်ရမယ်…”
ထိုသက်လတ်ပိုင်းလူ နီးကပ်လာသည်နှင့် သူက လက်ဝေ့ယမ်းလိုက်ရာ ကိုးလက်မှုတစ်လက်တည်းအဖြစ်သို့ ပေါင်းသည်းထားသည့် ဓားမှာ တုန်ယင်လာ၏။ ၎င်းက သူ့ကို လှည့်ပတ်၍ နာခံသည့်ဓားတေးသံကို ထုတ်လွှတ်သည်။
“ငါ့ရဲ့ အစစ်အမှန်ခွန်အားကို စမ်းသပ်ဖို့ ဒီလူ့ကို အသုံးချကြည့်ရမယ်…” ဝမ်လင်း၏ မျက်လုံးသည် တလက်လက် ဖြစ်နေ၏။သူက နောက်သို့ မဆုတ်ပေ။ သူ့ညာလက်ဖြင့် လက်သီးတစ်လုံးကို ဖြစ်စေကာ ရှေ့တည့်တည်သို့ တိုဝင်သွား၏။
သက်လတ်ပိုင်းလူ၏အသွင်မှာ တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲ၌ မချင့်မရဲ ဖြစ်နေ၏။သူက သူ့ရှေ့ရှိ လူ၏ ကျင့်ကြံမှုအဆင့်ကို တိတိကျကျ မသိသလို ခံစားနေရ၏။ အပြင်ပိုင်း၌ ဝမ်လင်းသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင် ရှိိသေး၏။ သူတို့နှစ်ယောက်ကြား အဆင့်ကွာခြားမှုက မိုးနှင့်မြေပင်။
သို့သော် သူက ဘာကြောင့်မှန်းမသိ သည်ရှုမူကို တွေ့မြင်သည့်အခါ ကြောက်ရွှံ့မှုကို ခံစားမိနေ၏။ ထိုအရာမှ ရှုမူထံမှ ထွက်ပေါ်နေသည့် အော်ရာကြောင့်ပင်။
“ဒီရှုမူက သူ့ကျင့်ကြံမှုအဆင့်ကို သေချာပေါက် ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်…”
ထိုသက်လတ်ပိုင်းလူသည် ဝမ်လင်းကို လျော့မတွက်ချေ။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်လိုက်၏။ မရေမတွက်နိုင်သော အလင်းစက်များသည် သူ့လက်ဝါးထက်၌ စုဝေးလာချေသည်။
“လောကရဲ့ မူလစွမ်းအင်ကို ထုတ်ယူခြင်း…” ဝမ်လင်းက မျက်မှောင်ကြုတ်သွားမိသည်။ ဥပဒေသကို ထိန်းချုပ်ခြင်းအပြင် နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ အခြားစွမ်းရည်မှာ လောက၏မူလစွမ်းအင်ကို ထုတ်ယူနိုင်ခြင်း ဖြစ်၏။
ထို့ကြောင့်လည်း နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများသည် အစွမ်းထက်နေကြခြင်းပင်။ လောကရှိ မူလစွမ်းအင်ကို ထုတ်ယူနိုင်သည့်အတွက် သူတို့သည် မူလစွမ်းအင် ပြုန်းတီးမှုကို ပူပန်စရာ မလိုပဲ မန္တာန်များကို အချိန်တိုင်း အသုံး ပြုနိုင်ပေသည်။
သက်လတ်ပိုင်းလူကြီးက လက်ညွှန်၍ အော်ပြောလိုက်၏။ “ကပ်ဘေးသဲ…”
အရပ်မျက်နှာအနှံ့ကနေ စုစည်းလာသည့်အလင်းစက်များသည် အနက်ရောင်သဲများအဖြစ်သို့ ပြောင်းလဲသွား၏။ ၎င်းသဲက သာမန်မဟုတ်ပေ။ မူလစွမ်းအင်အသုံးပြုသည့် မန္တာန်ကြောင့် ဖြစ်ပေါ်လာသည့် ကပ်ဘေးသဲ ဖြစ်၏။
ထိုသဲမှုံ့တိုင်း၌ မူလစွမ်းအင်များစွာ ပါဝင်နေ၏။
ဝမ်လင်းက သူ့လက်သီးချက်ကို ရှေ့သို့ ပစ်သွင်း၏။ သူ့တတိယမျက်လုံးအောက်ရှိ ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်လာ၏။ထို့နောက် ပြင်းထန်သောလက်သီးချက်တစ်ခုသည် ထိုးထွက်သွားလေပြီ။
ပြင်းထန်စွာ ပေါက်ကွဲ၏။
ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားက နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ စုစည်းထားသည့် မူလစွမ်းအင်တို့ကို ထိပ်တိုက်တွေ့ခြင်း မဟုတ်လော။
ကပ်ဘေးသဲသည် လောကကို ခြုံလွှမ်းထား၏။ ဝမ်လင်းက လက်သီးချက် နီးကပ်လာသည်နှင့် သက်လတ်ပိုင်းလူက ရယ်မော၍ အော်ဟစ်လိုက်သည်။ “ပုံရိပ်ယောင် အစစ်အမှန် ဖြစ်စမ်း..”
မရေမတွက်နိုင်သောသဲများ စုစည်း၏။ ဝမ်လင်း၏ လက်သီး ကျရောက်လာချိန်၌ ၎င်သဲများသည် ဝမ်လင်း၏ လက်သီးနှင့် ရွယ်တူ လက်သီးအသွင်သို့ မထင်မှတ်ထားစွာ ဖြစ်ပေါ်လာသည်။
ထိုအရာက သက်လတ်ပိုင်းလူ၏ မန္တာန်ပင်။
“ငါဉာဏ်အလင်းရထားတဲ့ ဥပဒေသက ပုံရိပ်ယောင်ဥပဒေသပဲ…” သက်လတ်ပိုင်းလူက သူ့လက်ကို လှုပ်ရှား၏။သဲများဖြင့် ဖြစ်ပေါ်လာသည့် လက်သီးသည် ဝမ်လင်း၏ လက်သီးချက်နှင့် ထိပ်တိုက်တွေ့ဆုံလေသည်။
သတ်ဖြတ်ခြင်းနယ်မြေ၌ အတောမသတ် တုန်ဟီးသံများ ပဲ့တင်ထပ်ကုန်၏။ မုန်တိုင်းတစ်ခုသည် နေရာတိုင်းသို့ ရိုက်ခတ်သွားသည်။ထိုမုန်ုတိုင်းကို အချိန်မှီ မရှောင်လိုက်နိုင်သည့် အချို့ကျင့်ကြံသူများသည် ထိတ်လန့်တကြားအော်ဟစ်၍ သွေးမြူအဖြစ်ပြောင်းကာ မုန်တိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားရလေသည်။
မုန်တိုင်း၏ဗဟိုချက်၌ သက်လတ်ပိုင်းလူကြီး၏ မန္တာန်မှ သဲများကြောင့် ဖြစ်ပေါ်လာသည့် လက်သီးချက်ကြီးသည် ပျက်စီးကာ နောက်သို့ လွင့်စင်သွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွား၏။သူ့ညာလက်ပင် ထုံတိုင်းသွားမိကာ နာကျင်လာရ၏။သူ့ခန္ဓာကိုယ်သည်လည်း ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပေါ်လာသည့်အားကြောင်း နောက်သို့ ဆုတ်သွားရသည်။
“ဒါက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူပေါ့…” ဝမ်လင်း၏မျက်လုံးက အေးစက်လာ၏။
သက်လတ်ပိုင်းလူက သည်ရှုမူသည်သူ့ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ထားသည်ဟု ပို၍ ထင်မြင်လာ၏။ ရှုမူသာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင် ရှိပါက သူ့အစစ်အမှန်ပုံရိပ်ယောင်ကို မည်သို့ ခုခံနိုင်ပါ့မည်နည်း။
သက်လတ်ပိုင်းလူက သူ့လက်နှစ်ဖက်ကို ရှေ့ရှိ လေဟာနယ်ထဲသို့ ရိုက်ချလိုက်၏။သူ့မူလစွမ်းအင်များသည် မြင့်တက်လာခဲ့သည်။ နောက်သို့ လွင့်စင်လာသည့် သဲများက ချက်ခြင်း စုဝေးသွားကာ ကြီးမားသည် သဲကြိုးကြားတစ်ကောင် ဖြစ်ပေါ်လာသည်။ထိုသဲကြိုးကြာက ဟိန်းမြည်သံ ပြု၍ နောက်သို့ ဆုတ်သွားသည့် ဝမ်လင်းထံသို့ တိုးဝင်လာချေသည်။
ထိုအခိုက်အတန့်၌ မြေကြီးထက်မှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက် ပေါ်လာသည်။သူက လျှာသပ်၍ တိုးဝင်လာသည်။သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။
“ဒီအဘိုးအိုက မဟာမိတ်ရဲ့ ဆင့်ခေါ်မှုအတိုင်း မသွားခဲ့ပဲ အချိန်အကြာကြီး ပုန်းကွယ်နေခဲ့တာဟာ ပြဿနာတွေကို ရှောင်ရှားချင်လို့ပဲ။ ချင်းရွှေသာ ဒီမှာ ရှိနေရင် ငါက ငါ့ကိုယ်ငါ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် ရုပ်လုံး ပြမှာမဟုတ်ဘူး။ ငါ ထွက်ပြေးနိုင်တဲ့ အခွင့်အရေးတစ်ခုခုကိုသာ ရှာမိလိမ့်မယ်။ ဒါပေမဲ့လည်း နယ်မြေသခင် အရှင်ဗလာမဲ့စိတ်ကူးက ရှုမူနဲ့ တိုက်ခိုက်နေတာဟာ ငါ မိစ္ဆာသခင်အတွက် အကျိုးအမြတ်အချို့ ရဖို့ အခွင့်အရေး တစ်ခု ရစေတာပဲ…”
ထိုအဘိုးအို၏ပုံရိပ်က အလွန်လျင်မြန်လှ၏။ သူက ဝမ်လင်းရှိရာသို့ ဦးတည်ဝင်လာသည်။ ဝမ်လင်းသည် နောက်ဆုတ်နေရင်း သူ့မျက်လုံးထဲ၌ ရက်စက်လိုဟန် ဖြတ်ပြေးသွား၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အစိမ်းရောင်မီးတောက်နှစ်ခုသည် သူ့လက်ဝါးထက်၌ စုဝေးလာလေသည်။
ထိုအစိမ်းရောင်ဝတ်စုံနှင်အဘိုးအိုသည် အမြဲလိုလို ဘဝတစ်လျှောက် သတိအလွန်ထားနေခဲ့၏။သူက မပိုင်ဘဲနှင့် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ ထိုအမူအကျင့်သည် သတ်ဖြတ်ခြင်းနယ်မြေ၌လည်း တူတူပင် ဖြစ်၏။
အတိတ်တုန်းက သူ့ကျင့်ကြံမှုဂြိုဟ်ပေါ်၌ သူက ဂရုတစိုက် ကျင့်ကြံသူများစွာကို သတ်ဖြတ်ကာ ထိုသူတို့၏ လက်နက်ရတနာများ၊ဆေးလုံးများကို ခိုးယူခဲ့၏။ သူ ထိုဂြိုဟ်မှ ထွက်ခွာလာချိန်တွင်ပင် မည်သူကမျှ ထိုအရာများအားလုံးကို သူလုပ်ခဲ့သည်ဟု မသိခဲ့ကြပေ။
သတ်ဖြတ်ခြင်းနယ်မြေ၌ သူ့သတိတရားသည် အကန့်အသတ် ရောက်ခဲ့၏။အခုချိန်၌လည်း သူက လုံးဝ ချိန်သားကိုက် လှုပ်ရှားလာခဲ့ခြင်း မဟုတ်လော။ ထိုအဘိုးအိုသည် ဝမ်လင်းနားသို့ ချက်ခြင်းနီးကပ်လာလေ၏။
သူက ဝမ်လင်း သူ့ကို သတိပြုမိမှာကို မစိုးရိမ်တော့ပေ။သူက ဝမ်လင်းထံသို့ တိုးဝင်လာရင်း သူ့မူလစွမ်းအင်တို့က မြင့်တက်လာနေ၏။ထိုအဖြစ်က ပတ်ဝန်းကျင်ကို တုန်ခါ တွန့်ကြေစေသည်။
“မင်း ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ဘယ်လိုများ အသုံးပြုမလဲ ငါ တွေ့မြင်ချင်သေးတယ်…” မိစ္ဆာသခင်ဟု အမည်ရသည့် ထိုအဘိုးအို၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်စိတ်တို့ ပြည့်နေ၏။ သူ့ခန္ဓာကိုယ်သည် မြှားတစ်စင်းအလားပင်။သူက သူ့လက်ကို ဝေ့ယမ်းလာသည်။
သို့ရာတွင် ဤအခိုက်အတန့်၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသွား၏။
ချင်းရွှေနှင့် သတ်ဖြတ်ခြင်းနယ်မြေသခင်တို့ တိုက်ခိုက်နေကြသော ခရမ်းရောင်မြူအတွင်းမှာ အထိတ်တလန့် နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာ၏။သည့်နောက် ခရမ်းရောင်ပုံရိပ် ခုနစ်ခုသည် ကောင်းကင်ထက်ကနေ လိမ့်ဆင်းကျလာသည်။ ထိုပုံရိပ်ခုနစ်ခုက တစ်ခုပြီးတစ်ခု ပျက်စီးသွားရင်း နောက်ဆုံးတွင် ပုံရိပ်တစ်ခုသာ ကျန်ခဲ့လေ၏။
***