ဤအခိုက်အတန့်၌ ခရမ်းရောင်အလင်းတန်းနှစ်ခုသည် မြေကြီးအောက်ကနေ ပျံသန်းထွက်လာ၏။အလင်းတန်းတစ်ခုက ဝမ်လင်းထံသို့ ဦးတည်၏။ ကျန်တစ်ခုက ချင်းရွှေ သူ့နောက်သို့ ပိတ်ကာလိုက်သည့် အဘိုးအိုကို ထွင်းဖောက်သွားသည်။ ထိုအနက်ရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ သူ့ခန္ဓာကိုယ်နှင့်မူလစွမ်းအင်တို့မှာ ပျက်စီးသွားရသည်။သူက ချင်းရွှေအစား အစားထိုး ခံလိုက်ရခြင်းပင်။
ထိုခရမ်းရောင်အလင်းက လောက၌ တောက်ပလာကာ နယ်မြေကို ချိပ်ပိတ်ထားသည့် အပြာရောင်အလင်းကို လုံးဝ ဖိနှိပ်ပစ်၏။ ချင်းရွှေ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့ညာလက်ညွှိုး၌ အနီရောင်အလင်းတစ်ခု ပေါ်လာ၏။ သူ့ဂျိနယ်ပယ်သည် ထိုခရမ်းရောင်အလင်းနှင့် ထိပ်တိုက်တွေ့တော့သည်။
ခရမ်းရောင်အလင်းက နောက်သို့ ဆုတ်သွားရ၏။ ၎င်းအလင်းက လူတစ်ယောက်၏အသွင် ဖြစ်ပေါ်လာသည်။ ထိုလူမှာ ခရမ်းရောင်ဆံပင်နှင့် သတ်လတ်ပိုင်းလူ ဖြစ်၏။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နှက်နေချေသည်။
“ဒီအဘိုးအိုက သတ်ဖြတ်ခြင်းနယ်မြေရဲ့ နယ်မြေသခင် လင်းယွမ်ဇီပဲ…”
“ဂျိနယ်ပယ်…ဒီတော့ ငါ့ဇနီး ပိုင်ဆိုင်တဲ့ဟာက မင်းလက်ထဲမှာပေါ့…” ချင်းရွှေက ခရမ်းရောင်ဆံပင်နှင့်လူကို စူးစိုက်ကြည့်နေရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နေသည်။
“ ချင်းရွှေဟာ မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံအရှင်တစ်ယောက် ဖြစ်တယ်။ပြောကြတာက သူခုပြန်နိုးထလာတော့ သူ့ကျင့်ကြံမှုအဆင့်က လုံးဝဥဿုံ ပြန်မကောင်းမွန်သေးဘူးတဲ့။ သူက သန်မာလှပေမဲ့လည်း ငါ့မှာ အယောင်ဆောင်နိဗ္ဗာနလေဟာနယ် လက်နက်ရှိတယ်။ ဒီလက်နက်က ပျက်စီးနေပေမဲ့ သူ့ကို သတ်ဖို့အတွက်တော့ လုံလောက်မှာပါ။ ချင်းရွှေကို သတ်နိုင်ခြင်းက မဟာမိတ်အတွက် အောင်မြင်ကြီးကြီးမားမား ဆောင်ရွက်ပေးလိုက်နိုင်တာလည်း ဖြစ်တယ်…”
ခရမ်းရောင်ဆံပင်နှင်လူက အေးစက်စက်နှာခေါင်းရှုံသည်။သူ့ ပတ်လည်၌ ခရမ်းရောင်မြူခိုးများစွာ ဖြစ်တည်လာသည်။သူက ရှေ့သို့ ထိုးတက်သွားရင်း သူ့ကိုယ်ပွားခြောက်ယောက်သည်ပါ ထွက်ပေါ်လာ၍ ချင်းရွှေထံသို့ တိုးဝင်လာကြသည်။
သတ်ဖြတ်ခြင်းနယ်မြေ၌ အယောင်ဆောင်နိဗ္ဗာနလေဟာနယ်လက်နက် ရှိလေ၏။ ၎င်းလက်နက်ရတနာက ထိခိုက်မှုများထားသော်လည်း အတော်လေး အားကောင်းနေသေးပေသည်။ ၎င်းလက်နက်ကို မဟာမိတ်အဖွဲ့မှ မြင့်မြတ်သောအကြီးအကဲက ပေးထားခြင်းပင်။ထိုအကြီးအကဲက သတ်ဖြတ်ခြင်းနယ်မြေ၏ ပထမဆုံးနယ်မြေသခင် ဖြစ်ကာ သူက ၎င်းရတနာကို နယ်မြေအကာအကွယ် ရတနာအဖြစ် ပေးအပ်ထားခဲ့ခြင်းပင်။
ခရမ်းရောင်မြူများ ပျံ့နှံ့လာရင်း ချင်းရွှေသည် ၎င်းမြူများအတွင်းသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တိုးဝင်သွား၏။ မြူအတွင်းမှ တုန်ဟိန်းသံများ ထွက်ပေါ်လာရင်း ချင်းရွှေနှင့်ခရမ်းရောင်ဆံပင်နှင့်လူတို့၏ တိုက်ပွဲ စတင်တော့သည်။
သူတို့နှစ်ယောက်လုံး၌ ဂျိနယ်ပယ်ရှိကြ၏။ အေးစက်စက်အော်ရာသည် သည်ခရမ်းရောင်မြူကို ခြုံလွှမ်းထားသည်။
ဝမ်လင်း၏အသွင်က အေးစက်နေ၏။သူက လောကနှင့်တသားတည်း ပေါင်းစပ်ချိန်တိုင်း လူတစ်ယောက်ကို သတ်ပစ်နိုင်နေ၏။ သည်အခိုက်မှာပင် သူက လေဟာနယ်ထဲက လှမ်းထွက်လာ၏။သူက ခေါင်းမော့လိုက်ရာ မျက်မှောင်ကြုတ်သွားမိသည်။
သူက ချင်းရွှေ ရှိနေသော နေရာကနေ ခရမ်းရောင်အလင်းတန်းတစ်ခု တိုးဝင်လာသည်ကို တွေ့မြင်၏။ထိုအလင်းတန်းက မြန်ဆန်လွန်း၏။ ဝမ်လင်း၏ စိတ်ကိုပင် တင်းကြပ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော ဝမ်လင်းက ၎င်းအလင်းတန်းထဲ၌ ဂျိနယ်ပယ်အမျှင်တန်းကို ခံစားမိသောကြောင့် ဖြစ်၏။
“ဂျိနယ်ပယ်…” တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းက နောက်ဆုတ်၏။ ခရမ်းရောင်အလင်းက နီးကပ်လာ၏။ တချိန်တည်းမှာပင် သူက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်တို့သည် လှည့်ပတ်လာကြသည်။ သိပ်မကြာခင်တွင် အလင်းတန်းတစ်ခုက ဝမ်လင်း၏လက်ထဲ၌ စုစည်းသည်။
“တော်ဝင်ကလန်လက်နက်…နတ်ဘုရားသတ်ဖြတ်ခြင်းလှံ…”
ထိုအလင်းက သိပ်သည်းသွားရင်း မျက်စိတစ်မှိတ်အတွင်း လှံ ဖြစ်ပေါ်လာ၏။ ၎င်းလှံက သည်တစ်ကြိမ်၌ ပေတစ်ထောင်လောက်ထိ မရှည်တော့ဘဲ သာမန်အရွယ်အစားသာ ရှိ၏။ဝမ်လင်းက ၎င်းလှံကို ဆုပ်ကိုင်ကာ ရှေ့သို့ ခပ်ကြမ်းကြမ်း ပစ်လွှတ်လိုက်လေသည်။
၎င်းလှံက ခရမ်းရောင်အလင်းတန်းနှင့် ချက်ခြင်း ထိပ်တိုက်တွေ့သည်။
လောက၌ ပေါက်ကွဲမှုများ ပဲ့တင်ထပ်ကုန်၏။ အံ့မခန်းတုန်ခါလှိုင်းတစ်ခုက အရူးအမူး ပျံ့လွင့်လာသည်။အချို့ အချိန်မှီ မရှောင်လိုက်နိုင်သည့် ကျင့်ကြံသူများသည် ထိုလှိုင်းကြောင့် သူတို့၏ခန္ဓာကိုယ်မှာ ပျက်စီး၍ သေဆုံးသွားရသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် ပျက်စီးသွားခြင်း မရှိပေ။၎င်းက အနည်းငယ်သာ မှိန်ဖျော့သွား၏။ထို့နောက် ၎င်းလှံက ဝမ်လင်းလက်ထဲသို့ ပြန်ရောက်လာသည်။
“တော်ဝင်ရှေးဟောင်းနတ်ဘုရားများရဲ့ လက်နက်ဟာ ဒီအဆင့်ဂျိနယ်ပယ်ကို ခုခံနိုင်တာပဲ…” ဝမ်လင်း၏ မျက်လုံးက တောက်ပလာ၏။သူ့လက်ထဲရှိ လှံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“ကံမကောင်းစွာနဲ့ ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်က ပုံရိပ်ယောင်လှံကိုပဲ ဖန်တီးနိုင်သေးတယ်။အစစ်အမှန်နတ်ဘုရားသတ်ဖြတ်ခြင်းလှံက တာ့ဆန်နဲ့အတူ ရှိနေတယ်…”
(တာ့ဆန်= ထူစီ၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အတွင်း၌ ပိတ်လှောင်မိနေသော အနီရောင်ဆံပင်နှင့်လူ)
ဝမ်လင်းက နောက်သို့ ဆုတ်ရင်း ဖျပ်ခနဲ ပျောက်ကွယ်သွားသည်။သူ ပြန်ပေါ်လာသည့်အခါ၌ သတ်ဖြတ်ခြင်းနယ်မြေ၏ ကျင့်ကြံသူနောက်သို့ ရောက်နေသည်။သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်၏။
သတ်ဖြတ်ခြင်းနယ်မြေ၏ ကျင့်ကြံသူသည် တစ်ရာ မပြည့်တော့ပေ။ ခုကျန်နေသည့်သူတိုင်း၏ ကျင့်ကြံမှုအဆင့်က အားနည်းခြင်း မရှိပေ။ သူတို့က အုပ်စုဖွဲ့၍ ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေထားကြ၏။သူတို့အားလုံးက သံပြိုင်ဟစ်လိုက်ရာ သတ်ဖြတ်ခြင်းနယ်မြေတစ်ခုလုံး တုန်ယင်လာ၏။ ဓားအသွင်အဆောက်အဦများထဲမှ အဆောက်အဦဆယ့်တစ်ခုသည် ချက်ခြင်း ပျက်စီးသွားကြသည်။
အလင်းတန်းဆယ့်တစ်ခုက ပျံသန်းလာ၍ လေဟာနယ်ထဲသို့ ပေါင်းစပ်ရင်း သူတို့က မန္တာန်ရွတ်ဆို၏။ ခဏအကြာတွင် ဝမ်လင်း၏ ပုံရိပ်က လေဟာနယ်ထဲကနေ ထွက်လာရ၏။အလင်းတန်းဆယ့်တစ်ခုသည် သူ့နောက်သို့ ကပ်၍ လိုက်ပါလာကြသည်။ ၎င်းအလင်းတန်းများက ဝမ်လင်းအတွက် မြန်ဆန်လှ၏။ ထို့ကြောင့် ထိုအလင်းတန်းများသည် ဝမ်လင်းနားသို့ ချက်ခြင်း ရောက်ရှိလာကြသည်။
ထိုအလင်းတန်း(၁၁)ခုထဲ၌ ငွေရောင်ဓားတစ်လက်စီ ရှိ၏။ထိုဓားများမှာ မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်ထားကြသည်။ ထိုဓားဆယ့်တစ်လက်လုံးသည် ပထမဆုံးနယ်မြေအရှင် ကောင်းကင်သတ္တုကို ခွာ၍ ပြုလုပ်ထားခြင်း ဖြစ်၏။သတ်ဖြတ်ခြင်းနယ်မြေ၌ နှစ်ပေါင်းများစွာ သန့်စင်မွန်းမံခြင်း ခံရပြီးနောက် ၎င်းဓားများသည် တုနှိုင်းမဲ့ သတ်ဖြတ်ခြင်း လက်နက်များ ဖြစ်လာကြပေသည်။
ထိုဓားဆယ့်တစ်လက်က ဝမ်လင်းနောက်သို့ လိုက်ပါနေရင်း သတ်ဖြတ်ခြင်းနယ်မြေ၏ သတ်ဖြတ်ခြင်းကို ခံထားရသူများ၏ စိတ်ဝိညာဉ်များမှ ငြီးတွားငြီးညူသံများကို ထုတ်လွှတ်နေ၏။ ထိုစိတ်ဝိညာဉ်များသည် အလင်းတန်းများကို လှည့်ပတ်ထားရင်း ဝမ်လင်းကို ဝါးမြိုလိုသည့်အလား နောက်ကနေ လိုက်လာနေ၏။
“ဓားကောင်းတွေပဲ…” ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။ ထိုဓားများသည် အမှန်ပင် ကောင်းမွန်လွန်းလှ၏။ သင်က ၎င်းဓားများကို အတူစုစည်း၍ သိပ်သည်းပေါင်းစပ်စေနိုင်လျှင် ရလဒ်သည် လင်းထျန်ဟူ ပြုလုပ်ခဲ့သော ဓားလေးလက်ထက်ပင် အဆများစွာ ပိုအားကောင်းလာပေမည်။
“ငါသာ ဒီလို ဓား(၉၉)လက်ကို ယူဆောင်နိုင်ခဲ့ရင် ငါ့ကျင့်ကြံမှုအဆင့်က လင်းထျန်ဟူကို မယှဉ်နိုင်တောင် ဒီရတနာလက်နက်ရဲ့ စွမ်းအားကြောင့် ခုခံနိုင်စွမ်းတော့ ရှိလာလိမ့်မယ်….”
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက လျှာသပ်လိုက်မိသည်။
“သတ်ဖြတ်ခြင်းနယ်မြေမှာ ရတနာများစွာ တကယ် ရှိနေတာပဲ…” ဝမ်လင်း၏ စိတ်ထဲ၌ အတွေးများစွာ ရှိနေ၏။ ချင်းရွှေသည် အမှန်တကယ်တော့ သူ့ အကူအညီ မလိုအပ်ပေ။ချင်းရွှေက သူ့ကို သူနှင့်အတူ လိုက်ပါနိုင်မလား မေးခဲ့ခြင်းက သူ့အတွက် သတ်ဖြတ်ခြင်းနယ်မြေမှ ဓားပြတိုက်နိုင်အောင် အခွင့်အရေး ပေးသည့်သဘောပင်။ ချင်းရွှေသည် ဝမ်လင်း လေဟာနယ်နေရာအတွင်း၌ သူ့အပေါ် လုပ်ဆောင်ပေးခဲ့မှုအပေါ် ပြန်ပေးဆပ်ခြင်းပင်။
ဤအခိုက်အတန့်မှာပင် အနီးအနားရှိ ကျင့်ကြံသူတစ်ရာနီးပါးထဲကနေ သုံးယောက်သည် ပျံသန်းထွက်လာချေသည်။
ထိုသုံးယောက်ထဲမှ နှစ်ယောက်သည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်တွင် ရှိကြ၏။ တတိယမြောက်လူ အဘိုးအို၏ ကျင့်ကြံမှုအဆင့်ကမူ နိဗ္ဗာနကြိုမြင်ခြင်း နောက်ဆုံးအဆင့်တွင် ရှိ၏။
ထိုအဘိုးအိုက ချင်းရွှေနှင့်ဝမ်လင်းတို့ ရောက်လာချိန်၌ ရှေ့မထွက်ခဲ့ပေ။ ထိုအစား သူက သတိကြီးစွာဖြင့် ပုန်းအောင်နေရင်း ခုမှ ရှေ့ထွက်လာခြင်းပင်။
သူတို့ထွက်ပေါ်လာသည်နှင့် ထိုအဘိုးအိုက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းဘူးသီးခြောက်လေးခုသည် ပျံသန်းထွက်လာသည်။ ထိုဘူးသီးခြောက်များသည် သလင်းကဲ့သို့ ကြည်လင် ချောမွတ်နေ၏။ သူတို့ပေါ်ထွက်လာသည်နှင့် အဘိုးအိုက သူ့လက်ကို ရှေ့သို့ ညွှန်သည်။
ဘူးသီးခြောက်လေးခုက ရုတ်တရက် အဘိုးအို၏ ရှေ့၌ လှည့်ပတ်လာ၏။
“ကောင်းကင်ဘုံဘူးသီးခြောက်ရတနာကို ဒီလူ့ကို သတ်ပစ်ဖို့အတွက် ငါ တောင်းဆိုပါတယ်…”
အဘိုးအိုက ထိုသို့ ပြောလိုက်သည်နှင့် ဘူးသီးခြောက်လေးခုသည် တုန်ယင်လာကာ ၎င်းတို့ထံမှ နို့နှစ်ရောင်မြူများ ထွက်လာသည်။ ထိုမြူများက လှပသောအမျိုးသမီးလေးယောက်အသွင် ဖြစ်ပေါ်လာ၏။သူတို့က ဝမ်လင်းရှိရာသို့ ပျံသန်းသွားကြသည်။
အဘိုးအိုဘေးရှိ အခြားကျင့်ကြံသူနှစ်ယောက်ကလည်း သူတို့၏ကိုယ်ပိုင်မန္တာန်များနှင့် ရတနာများကို အသုံးပြုလိုက်ကြ၏။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က သူ့နှဖူးကို ရိုက်ချလိုက်ရာ အနက်ရောင်အူတိုင်တစ်ခုသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်လာ၏။ ထိုအူတိုင်က မကောင်းဆိုးဝါးအော်ရာကို ပေးစွမ်းနေသည်။ကျင့်ကြံသူက အော်ဟစ်လိုက်၏။ “သခင်တစ်သောင်းရဲ့ ရေ…”
ထိုအူတိုင်သည် တဖျပ်ဖျပ် ဖြစ်သွားပြီးနောက် အနက်ရောင်ရေအဖြစ်သို့ ပြောင်း၍ ချဲ့ကားထွက်သွားသည်။ချက်ခြင်းပင် ၎င်းရေများက ဝမ်လင်းရှိရာသို့ ဦးတည်သွားတော့သည်။
နောက်ထပ်ကျင့်ကြံသူတစ်ယောက်ထံမှ သွေးအလင်းရောင်များစွာ ထုတ်လွှတ်နေသည်။သူ့အရေပြားသည် သွေးကြောင်းများနှင့် ဖုံးအုပ်နေ၏။သူ့အသွင်က အလွန်ကြမ်းကြုတ်လှချေသည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်ရင်း အော်ပြောသည်။ “သွေးကောင်းကင်ပိုက်ကွန်…”
ထိုသို့ အော်ပြောလိုက်သည့်အခါ ၎င်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ကနေ သွေးလိုင်းများသည် အမှန်တကယ် ပျံသန်းထွက်လာက၏။၎င်းတို့က သွေးပိုက်ကွန်သဖွယ် ဝမ်လင်းရှိရာသို့ ပျံသန်းသွားကြသည်။
သူတို့သုံးယောက်က သူတို့၏ အားအကောင်းဆုံး လက်နက်ရတနာနှင့်မန္တာန်များကို အသုံးပြုလိုက်ကြခြင်းပင်။ ထိုစုပေါင်းတိုက်ခိုက်မှုက ဝမ်လင်း ဓားဆယ့်တစ်လက်နှင့် တိုက်ခိုက်နေချိန်၌ ရောက်ရှိလာကြသည်။
သူတို့သုံးယောက်သာ တိုက်ခိုက်လိုက်ကြသည် မဟုတ်ပေ။ ကျန်သည့် ကျင့်ကြံသူတစ်ရာနီးပါးကလည်း သူတို့၏မူလစွမ်းအင်များကို အသက်ဝင်စေကာ ဝမ်လင်းထံသို့ တိုက်ခိုက်မှုများ စေလွှတ်ကြ၏။
ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက နှုတ်ခေါင်းရှုံ့ကာ အရာဝတ္တုတစ်ခုကို ထွေးထုတ်၏။ထိုအရာမှာ ငရဲ(၁၈)ထပ်ကောင်းကင်ဘုံချိပ်တံဆိပ်တုံးပင် ဖြစ်လေ၏။ ထိုတံဆိပ်တုံးပေါ်လာသည်နှင့် ဟိန်းမြည်သံများ ထွက်ပေါ်လာချေသည်။
ဝမ်လင်းက သူ့ညာလက်ကို ညွှန်၏။ ထိုလက်ညွှန်မှုက ငရဲဆယ့်ရှစ်လွှာ၏ ချိပ်ပိတ်မှုကို ဖြေလျော့သည့် မန္တာန်ကို အသုံးပြုခြင်းပင်။ ထိုအခါ မကျေမချမ်းစိတ်ဝိညာဉ်များ ထိုးထွက်လာကြတော့သည်။
ဝမ်လင်းက အော်ပြောလိုက်၏။ “ဆန်းကြယ်လက်နက်…”
ချက်ခြင်းပင် မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများသည် လောကနှင့် ပြည့်လာ၏။၎င်းတို့က ပတ်ဝန်းကျင်သို့ ထိုးထွက်သွားကြ၏။ သတိပြုဖွယ်ကောင်းသည်က သွေးဘိုးဘေး၏စိတ်ဝိညာဉ်ပင်။၎င်း၏ ဟိန်းမည်သံက ပြင်းထန်လှချေ၏။
ဝမ်လင်းက ဆန်းကြယ်လက်နက်မန္တာန်ကို ထုတ်ဖော်လိုက်ပြီးသည်နှင့် ထိုကျင့်ကြံသူတစ်ရာနီးပါးကို အာရုံမစိုက်တော့ပေ။သူက သူ့နောက်သို့လိုက်နေသည့် အလင်းတန်း(၁၁)ခုကိုသာ အာရုံစိုက်လိုက်၏။သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ ဖြစ်သွား၏။သူက ရှေ့သို့ တိုးရမည့်အစား နောက်သို့ ပြန်ဆုတ်သည်။သူက ထိုသို့ နောက်ဆုတ်ရင်း သူ့ရှေးဟောင်းနတ်ဘုရားလက်ကို ဆန့်ထုတ်ကာ အလင်းတန်းတစ်ခုကို ဖမ်းယူလိုက်သည်။
ဝမ်လင်း ထိုအလင်းတန်းကို ဖမ်းယူလိုက်သည်နှင့် သူသည် သူ့လက်မှ နာကျင်မှုကို ခံစားမိ၏။ သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူ့မူလစွမ်းအင်နှင့်ရှေးဟောင်းနတ်ဘုရားစွမ်းအားတို့သည် မြင့်တက်လာကြ၏။ သူက ကြမ်းကြုတ်စွာ ညှစ်ချေိလိုက်၏။ သို့သော် သူ့ကို အံ့အားသင့်သွားစေသည်က သူသည် ထိုအလင်းတန်းကို တစစီ ချေမွမပစ်နိုင်ခြင်းပင်။
ထိုအစား သူက ထိုသလင်းအလင်းတန်းထံမှ ခပ်ရှရှကန်အားကိုသာ ဖြစ်စေ၏။ထို့နောက် စိတ်ဝိညာဉ်သောင်းချီသည် ရှုံ့တွနေသောဟန်ပန်များဖြင့် ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာကြ၏။
“ငါ့မှာ စိတ်ဝိညာဉ်နဲ့ ပတ်သတ်တဲ့ မန္တာန်အများကြီး ရှိတယ်။ ဒီလိုစိတ်ဝိညာဉ်တစ်သောင်းလောက်နဲ့ ငါ့ရှေ့မှာ လာမောက်မာဝံ့နေတာလား…”
ဝမ်လင်း၏မျက်လုံးထဲရှိ အေးစက်မှုက ပျောက်ကွယ်သွားကာ မိုးကြိုးသည် အစားထိုးလာသည်။
သူ့မူလစိတ်ဝိညာဉ်က လောကရှိ မိုးကြိုးများကို ထိန်းချုပ်နိုင်သည့် ရှေးဟောင်းမိုးကြိုးနဂါး မဟုတ်လော။ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခု ပေါ်လာ၏။သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာကာ သူ့ရှေးဟောင်းမိုးကြိုးစိတ်ဝိညာဉ်သည် ထွက်ပေါ်လာချေ၏။၎င်းက မိုးကြိုးဟိန်းသံကို ပြု၏။
“ဝေါင်း…”
ထိုဟိန်းသံနှင့်အတူ အရပ်မျက်နှာအနှံ့မှ မိုးကြိုးများ စုဝေးလာကြ၏။ ချက်ခြင်းပင် သတ်ဖြတ်ခြင်းနယ်မြေက မိုးကြိုးငရဲသို့ ပြောင်းသွားသည်အလား ထင်မှတ်ရ၏။
မိုးကြိုးမြည်ဟိန်းသံများက လောကနှင့် ပျံ့နှံ့၏။ ထိုတုန်ဟိန်းသံများက ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်လာကာ ခရမ်းရောင်မြူများကြား၌ တိုက်ခိုက်နေကြသော နှစ်ယောက်၏ အာရုံကိုပင် ဆွဲဆောင်သွားလေ၏။ချင်းရွှေ၏ အကြည့်ထဲ၌ အသိအမှတ်ပြုမှုနှင့် ပြည့်နေသလို ခရမ်းရောင်ဆံပင်နှင့်လူ၏အသွင်ကတော့ သုန်မှုန်နေချေသည်။
လောကရှိ မိုးကြိုးများအားလုံးက ဝမ်လင်းထံသို့ ဝပ်တွားလာသည့်အလား ထင်မှတ်ရသည်။မိုးကြိုးတန်းတစ်ခုက ဖျပ်ခနဲ ဝမ်လင်းလက်ထဲရှိ သလင်းအလင်းတန်းပေါ်သို့ သက်ဆင်းလာလေ၏။
ဝမ်လင်းက မာန်သွင်းလိုက်၏။ “မင်းတို့…ငါ့ကို နာခံကြစမ်း…”
သလင်းအလင်းတန်းမှ စိတ်ဝိညာဉ်သောင်းချီသည် ဆက်၍ ကြမ်းကြုတ်သည့်အသွင်ဟန်ပန် မရှိတော့ပေ။ခုချိန်၌ ထိုစိတ်ဝိညာဉ်များသည် ထိတ်ပျာကြောက်လန့်မှုနှင့် ပြည့်နှက်နေတော့၏။ အဆုံးမဲ့မိုးကြိုးများ စုစည်းလာနေရင်း ထိုစိတ်ဝိညာဉ်များသည် လက်နက်ချအလျော့ပေးမည့် ဟန်ပန်များ ဖြစ်ပေါ်လာကြ၏။
သလင်းအလင်းက ပျက်စီးပြိုပျက်သွားသည်နှင့် ခုနစ်ပေ ငွေရောင်ဓားတစ်လက်သည် ဝမ်လင်း လက်ထဲ၌ ပေါ်လာလေ၏။ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်သောင်းချီသည် ထိုဓားထဲသို့ ပြန်ဝင်ရောက်သွားကြတော့သည်။
ထိုဓား၏ကိုယ်ထည်ပေါ်၌ ကောက်ကြောင်းကိုးခု ထွင်းထာ၏။၎င်းဓားက ဝမ်လင်း၏အမိန့်ကို နာခံသည့်အလား ဓားတေးသံတစ်ခုကို ထုတ်ဖော်၏။
***