အတိတ်တုန်းက ဘိုးဘေးကျန်းရှင်းရီဟာ နှစ်ပေါင်းများစွာ ဉာဏ်အလင်းကို ဆင်ခြင်ပြီးတဲ့နောက် တတိယတိုက်ပွဲစာလိပ်ကို ဖွင့်လှစ်ခဲ့တယ်။ သူက ဒီစာလိပ်ကို လေ့လာပြီးတဲ့နောက် သူ့အသွင်ဟာ အတော်လေး ထူးဆန်းတဲ့ပုံ ပေါက်သွားခဲ့တယ်။အဲ့ဒီနောက် သူဟာ ဒီတတိယစာလိပ်နဲ့အတူ နှစ်ပေါင်းတစ်ထောင် တံခါးပိတ်ကျင့်ကြံခဲ့ပြီး တစ်ရက်မှ ထွက်မလာခဲ့ဘူး။ နှစ်ပေါင်းတစ်ထောင်ကြာပြီးတဲ့ နောက်မှာတော့ ကလန်ဟာ တတိယစာလိပ်နဲ့ ကျောက်စိမ်းပြားတစ်ခုကိုသာ ဘိုးဘေးကျင့်ကြံတဲ့နေရာမှာ တွေ့ရှိခဲ့တယ်။ ဘိုးဘေးရဲ့ အရိပ်အယောင်ကိုတော့ လုံးဝ မတွေ့ရတော့ဘူး…”
“ဘိုးဘေး ပျောက်သွားခဲ့တာကြောင့်သာ မဟုတ်ရင် မိုးကြိုးကောင်းကင်ဘုံနန်းတော်နဲ့ ရှေးဟောင်းမိသားစုဝင်တွေဟာ ငါ့တို့ ကျန်းကလန်ကို ရန်စဝံ့မှာတောင် မဟုတ်ဘူး။ ဘိုးဘေးသာ ရှိနေရင် ကျန်းမိသားစုဟာ ဂုဏ်သိက္ခာကြီးမြင့်မှုကို ဆုပ်ကိုင်ထားနိုင်မှာ ဖြစ်တယ်…”
“ဒါပေမဲ့လည်း ဒီအရာတွေအားလုံးက ဘိုးဘေးပျောက်ကွယ်သွားတာနဲ့အတူ ပြောင်းလဲသွားခဲ့ရတယ်။ မျိုးဆက်ပေါင်းများစွာဟာ ဘိုးဘေးကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်။ ဘိုးဘေးဟာ သေဆုံးသွားတာ မဟုတ်တာ သေချာတယ်။ မဟုတ်ရင် သူ့အသက်တုန်ကင်ပြားက ပျက်စီးသွားမှာပေါ့…”
လီယွမ်ဇီ၏ စိတ်ထဲ၌ အတွေးများနေ၏။ ကျန်းမိသားစု၌ ဒုတိယစာလိပ်ကို လုံးဝ ဖွင့်လှစ်နိုင်သည့်သူ သုံးဘောက်သာ ရှိ၏။သို့သော် မည်သူကမျှ တတိယစာလိပ်ကို ဖွင့်လှစ်နိုင်ခြင်း မရှိကြသေးပေ။
လီယွမ်ဇီက ထိုအကြောင်းကို ဘယ်သူမှ မပြောခဲ့ပေ။ မိသားစုရှိ ဂျူနီယာများပင် ထိုအဖြစ်အပျက်အကြောင်းအရာကို မသိကြပေ။ သူတို့အားလုံးက လီယွမ်ဇီနှင့်မိသားစုအကြီးအကဲများသည် တတိယစာလိပ်ကို ဖွင့်လှစ်နိုင်ကြသည်ဟုသာ ထင်ထားကြ၏။
ကျန်းခုန်လီပင် ထိုသို့ ထင်ထားခဲ့သည်သာ။
လီယွမ်ဇီက မချင့်ပြုံး ပြုံး၏။ သူက မိသားစုရှိ သုံးယောက်က ဒုတိယစာလိပ်ကို ဖွင့်လှစ်နိုင်သည် ဆိုသော်လည်း သူတို့က ၎င်းစာလိပ်ကို နားလည်နိုင်ရုံမျှသာ ဖြစ်သည်။မည်သူကမျှ ရှုမူကဲ့သို့ စာလိပ်ထဲသို့ နစ်မြောသွားခဲ့ခြင်း မရှိပေ။
ထိုအရာက ကျင့်ကြံခြင်းအဆင့် မဟုတ်ပေ။ ပါရမီနှင့်လည်း မသက်ဆိုင်ပေ။ ဘာကြောင့် ထိုသို့ နစ်မြုပ်ပေါင်းစပ်နိုင်ခြင်း မရှိရသည့်အကြောင်းရင်းကို လီယွမ်ဇီကိုယ်တိုင်လည်း သေချာ ရှာနိုင်စွမ်း မရှိချေ။
လီယွမ်ဇီက အချိန်အတန်ကြာ စဉ်းစားနေ၏။ ထို့နောက် သူက ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။ “ရှုမူ…မင်း တတိယစာလိပ်ကို ကြည့်ဖို့အတွက် ငါ ဘယ်လိုတန်ဖိုးမျိုး ပေးရမလဲ…။ပြောပါ…”
အမှန်တော့ သူ့တွင် ပုဂ္ဂိုလ်ရေးကဏ္ဍအချို့ ရှိ၏။ ဘိုးဘေးကို ရှာဖွေခြင်းအပြင် ဘိုးဘေးချန်ထားခဲ့သော ကျောက်စိမ်းပြားထဲ၌ သတင်းစကားတစ်ခု ပါနေခဲ့သေး၏။
“ကျန်းမိသားစုရဲ့ တစ်ယောက်ယောက်သာ အမွေအနှစ်ကို ရရှိရင် သူတို့ဟာ အထွတ်အထိပ်ကို တတ်လှမ်းနိုင်လိမ့်မယ်….”
ဝမ်လင်းက စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းယမ်းသည်။ “ငါ့ ခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ဂျူနီယာဟာ တတိယစာလိပ်ကို ဖွင့်လှစ်နိုင်စွမ်း ရှိမှာ မဟုတ်လောက်ဘူး…” သူက ဒုတိယစာလိပ်ကို လေ့လာပြီးသည့်နောက် မူလစွမ်းအင်ရင်းမြစ်သည် သူ့တတိယမျက်လုံးထဲသို့ ဝင်ရောက်သွားခဲ့ပေသည်။
“ဒါက ကျင့်ကြံမှုအဆင့်နဲ့ ဘာမှ မပတ်သတ်ဘူး။ ဒါ့ကြောင့် မင်းကြိုးစား ကြည့်နိုင်ပါတယ်။ ငါ…လီယွမ်ဇီက မင်း တောင်းဆိုတဲ့ဟာကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားပေးနိုင်တယ်…” လီယွမ်ဇီက သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ထိ၏။ထိုအခါ စာလိပ်တစ်ခုသည် ချက်ခြင်း သူ့မျက်ခုံးနှစ်ခုကြားကနေ ချက်ခြင်း ပျံသန်းထွက်လာသည်။
ထိုစာလိပ်မှာ တတိယတိုက်ပွဲစာလိပ်ပင်။
လီယွမ်ဇီက အသက်ဝဝရှိုက်သွင်း၏။ သူက တတိယစာလိပ်ကို ဆုပ်ကိုင်ထားရင်း ဝမ်လင်းထံသို့ ကမ်းပေးသည်။
ဝမ်လင်းက ၎င်းစာလိပ်ကို ဖမ်းယူလိုက်၏။ သူက ၎င်းစာလိပ်ကို ဖမ်းကိုင်လိုက်ချိန်၌ သူသည် သူ့စိတ်ကိုပင် တုန်ယင်သွားစေသည့်အော်ရာကို ခံစားမိသည်။ထိုအော်ရာက ဒုတိယစာလိပ်ထက်် အဆများစွာ သန်မာအားကောင်းသည်။
“ငါ ဒီစာလိပ်ကို တကယ် မဖွင့်နိုင်တာပါ…” ဝမ်လင်းက ထိုစာလိပ်ထံမှ တုန်လှုပ်ဖွယ်အန္တရာယ်ကို ခံစားမိနေ၏။သူက သူသာ ၎င်းစာလိပ်ကို ဖွင့်လိုက်ပါက ၎င်းစာလိပ်၏ အမျှင်တန်းတစ်ခုသည်ပင် သူ ခုခံနိုင်သည့်အရာ မဟုတ်သကဲ့သို့ ခံစားမိနေ၏။
“စီနီယာလီယွမ်ဇီ…။ငါက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတဲ့ လူမဟုတ်ပါဘူး။ ငါက ဒီစာလိပ်ကို မဖွင့်နိုင်ဘူး။ ငါသာ ဒီစာလိပ်ကို ဖွင့်ခဲ့ရင် ငါ့အတွက် အသက်ရှင်ဖို့ အခွင့်ရေး ရှိမှာ မဟုတ်ဘူး…” ဝမ်လင်းသည် လီယွမ်ဇီကို ကြည့်၍ စာလိပ်ကို ပြန်ပေးသည်။
လီယွမ်ဇီ၏အသွင်က ရှုံ့တွနေ၏။
“ဒါပေမဲ့လည်း စီနီယာလီယွမ်ဇီ စိတ်သက်သက်သာသာနေပါ။ ဂျူနီယာဟာ ဒီတတိယစာလိပ်ထဲမှာ ဘာရှိလဲ သိချင်မိပါတယ်။ တနေ့ ငါ့ကျင့်ကြံမှုအဆင့် လုံလောက်အောင် သန်မာလာခဲ့ရင် ငါ ဒီစာလိပ်ကို ဖွင့်ကြည့်ဖို့အတွက် စီနီယာကို လာရှာပါ့မယ်…။ အဲ့အချိန်ကြရင် ငါက နည်းနည်းဖွင့်လိုက်လို့ သေသွားခဲ့ရင်တောင် စီနီယာက နောက်တစ်ယောက်ယောက်ကို ထပ်ရှာနိုင်ပါတယ်…”
ဝမ်လင်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ တည်ငြိမ်စွာ ဆိုသည်။သူက လီယွမ်ဇီမှာ သူ့ကို တိုက်ခိုက်လာမည် မဟုတ်သည်ကို သိထား၏။ တကယ်တော့ မည်သို့ပင်ဖြစ်စေ အကယ်၍ တိုက်ခိုက်လာခဲ့ရင်တောင် သူက လက်ဦးမှုရအောင် ကြိုပြင်ထားရပေမည်။သူက လီယွမ်ဇီကို အနိုင်ရနိုင်လျှင်ပင် ချင်းရွှေရောက်လာသည့်အထိ အချိန်ဆွဲထားနိုင်စွမ်း ရှိနေပေပြီ။
လီယွမ်ဇီက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့စိတ်ထဲ၌ အတွေးပေါင်းများစွာ ရှိိနေသည်။ သူက တတိယစာလိပ်၏ အန္တရာယ်ကို သိပြီးသား ဖြစ်၏။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက တတိယစာလိပ်ကို ဖွင့်လှစ်ဖို့ ကြိုးစားခဲ့သူတိုင်း ပျက်စီးသေဆုံးခဲ့ရသည်။သူပင် ထိုတတိယစာလိပ်ကို မဖွင့်လှစ်ဝံ့ပေ။
ထို့အပြင် သည်ရှုမူက အလုံးစုံကောင်းကင်အတွက် အကျိုးများစွာ ဆောင်ပေးထားခဲ့၏။သူသာ ရှုမူကို ဖမ်းချုပ်လျှင် သို့မဟုတ် တတိယစာလိပ်ကို ကြည့်ရှု၍ ရှုမူသာ အမှန်တကယ် သေသွားခဲ့ပါက အရှင်မီးတောက်သည် ကြားဝင်လာပေလိမ့်မည်။
လီယွမ်ဇီက ထိုအရာကို အမှန်တကယ် ဂရုစိုက်လှသည်တော့ မဟုတ်ပါ။ အရှင်မီးတောက်က ဂျူနီယာတစ်ယောက်အတွက် သူ့ကို ဆန့်ကျင်မည် မဟုတ်သည်ကို သိထား၏။
သို့သော် သူ ဂရုစိုက်သည်က ချင်းရွှေကိုပင်။
သူ့အမြင်၌ ချင်းရွှေသည် အရူးတစ်ယောက်လို ဖြစ်၏။ သူက ရှုမူကိစ္စနှင့် ပတ်သတ်လာလျှင် ဒေါသတကြီး သူ့နောက်သို့ လိုက်လာမည်ကို သိနေ၏။
“ချင်းရွှေက ရှုမူအတွက် သွေးနတ်ဘုရားကိုတောင် တိုက်ခိုက်ခဲ့သေးတယ်။ဒါ့အပြင် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ ကောင်းကင်ဘုံအပ်နှင်းခြင်းအခန်းအနားမှာလည်း ကျောင်းတော် အဖွဲ့ဝင်တစ်ယေက်ကိုပါ သတ်ပစ်ခဲ့သေးပြန်တယ်။ ငါသာ ရှုမူကို အတင်းအကြပ် ဒီမှာနေစေရင် ငါ့အတွက် ပြဿနာတွေ ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မယ်…”
လီယွမ်ဇီ၏အသွင်က သုန်မှုန်နေ၏။ထို့အပြင် သူသည် ရှုမူမှာ သူမျှော်လင့်ထားသလို ချုပ်နှောင်ဖို့ လွယ်လိမ့်မည် မဟုတ်ဟုလည်း ခံစားမိနေသေးသည်။
“ဒီလောက်နှစ်တွေ ကြာမြင့်ခဲ့တာတောင်မှ ဒုတိယစာလိပ်အတွင်းက နယ်မြေကို တွေ့မြင်နိုင်ခဲ့တဲ့ လူဆိုလို့ ရှုမူတစ်ယောက်ပဲ ရှိသေးတယ်။သူသာ သေဆုံးသွားခဲ့ရင် ဘယ်အချိန်ကျမှ ဒီလိုနောက်တစ်ယောက်ကို ငါ ထပ်ရှာနိုင်မလဲ မသိတော့ဘူး။ သူနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ထားတာပဲ ပိုကောင်းပါတယ်လေ…”
လီယွမ်ဇီက စဉ်းစားနေရင်း ရယ်မောလာ၏။သူ့မျက်လုံးထဲ၌ လေးစားသည့်အရိပ်အယောင်များပင် ပေါ်လာသည်။သူက ခေါင်းညိတ်ကာ ပြောလာ၏။
“ကောင်းပါပြီ။ ငါ အလျင်မလိုနေတော့ဘူး။ မင်းက တကယ့်ကို မိုးကြိုးကောင်းကင်ဘုံသား ဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ ငါ့ ကျန်းမိသားစုက ရှောင်မိသားစုလို့ မင်းမှာ ရှိတဲ့ စိတ်ဝိညာဉ်အပိုင်းအစကို ပြန်အသက်သွင်းပေးတဲ့ မန္တာန်မရှိပေမဲ့လည်း ငါတို့မှာ မင်းရဲ့ စိတ်ဝိညာဉ်ကို သန်မာစေမယ့် မန္တာန်တစ်ခုတော့ ရှိိတယ်။အနာဂတ်မှာ တတိယစာလိပ်ကို ကြည့်ဖို့အတွက် မင်းက ဒီအဘိုးအိုကို လာရှာခဲ့ရင် မင်းအတွက်လည်း မရှုံးစေရပါဘူး…။ငါက မင်းကို ငါ့မိသားစုရဲ့ မန္တာန်သင်ပေးမယ်။ ဒါ့အပြင် ငါ့ကျန်းမိသားစုအင်အားတစ်ခုလုံးနဲ့ ငါတို့ ကျန်းမိသားစု တတ်နိုင်တာ ဖြစ်နေသ၍ မင်းတောင်းဆိုတဲ့ ကိစ္စတစ်ခုကိုလည်း လုပ်ပေးမယ်လို့ ကတိပေးတယ်။
လီယွမ်ဇီက ကတိကြီးကြီး တစ်ခု ပေးလိုက်ခြင်းပင်။ ဝမ်လင်း၏မျက်နှာထက်၌ ကျေးဇူးတင်ဟန် ထွက်ပေါ်လာ၏။သူက လေးစားစွာ ဆိုသည်။ “ကျေးဇူးတင်ပါတယ်…စီနီယာ…။ စီနီယာ ဒီကိစ္စနဲ့ ပတ်သတ်လို့ စိတ်ချချနေပါ…”
လီယွမ်ဇီက ပြုံး၍ ခေါင်းညိတ်ပြသည်။သူက ပြောလာ၏။ “ကဲကဲ…ထားလိုက်ပါတော့…မင်းလင်း ချင်းရွှေနဲ့ ချိန်းဆိုထားတာ ရှိှနေတော့ မင်း သွားသင့်ပြီ…”
ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကိုယှက်၍ လီယွမ်ဇီကို နှုတ်ဆက်ပြီး ပြန်ထွက်ခွာလာခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူသည် အလင်းတန်းအသွင်ပြောင်း၍ အကွာအဝေးတစ်ခု၌ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း ထွက်ခွာသွားသည်နှင့် လီယွမ်ဇီ၏အသွင်သည် သုန်မှုန်လာသည်။သူက ခပ်တိုးတိုး ရေရွတ်၏။ “အရှင်မီးတောက်ကတော့ ဒီကိစ္စလောက်နဲ့ ငါ့ကို ပြဿနာ ရှာမှာ မဟုတ်ဘူး။ဒါပေမဲ့ ချင်းရွှေ ရှိနေတယ်။ ဒါပေမဲ့လည်း ချင်းရွှေက အချိန်အကြာကြီး အသက်ရှင်ရမှာ မဟုတ်ပါဘူး။ ချင်းရွှေသေသွားခဲ့ရင်တော့ ဒီရှုမူ ငါ့လက်ကနေ ဘယ်လို လွတ်နိုင်မလဲ ကြည့်ချင်မိသေးတယ်…”
ဝမ်လင်းသည် ထိုကျင့်ကြံခြင်းဂြိုဟ်ကနေ ထွက်လာပြီးသည့်နောက် သူ့အသွင်က သုန်မှုန်နေ၏။ လီယွမ်ဇီက သူ့ကို ဆင့်ခေါ်၍ သူရောက်လာခဲ့ရသည်သာ ဖြစ်၏။ မဟုတ်ပါက သူသည် ငြင်းဆန်မိပေမည်။ သူက အနာဂတ်အရေးပြဿနာများကို ရှောင်နိုင်ဖို့ အလုံးစုံကောင်းကင်၏စွမ်းအားကို ငှားယမ်းလိုနေသေးသည့်အတွက်လည်း သူသည် လီယွမ်ဇီ၏ ဆင့်ခေါ်မှုကို လေးစားပြဖို့ လိုပေသည်။
သူက ရွေးချယ်စရာ မရှိမှတော့ လာခဲ့ရ၏။ သို့သော် ဝမ်လင်း၏ဉာဏ်ရည်ဖြင့် သူသည် မပြင်ဆင်ဘဲ မည်သို့ လာခဲ့ပါ့မည်နည်း။ ချင်းရွှေက သူ့ကို ဆယ်ရက်အတွင်း လာရှာမည်ဟု ပြောခဲ့သည့် ကိစ္စ မဖြစ်ခဲ့လျှင်ပင် သူက ချင်းရွှေကို အကူအညီတောင်းခဲ့မည်သာ ဖြစ်သည်။
ထို့အပြင် ဝမ်လင်းက အခြေအနေကို အသေးစိတ်သိရှိိလာသည့်အခါ၌ လီယွမ်ဇီနှင့် တွေဆုံရခြင်းသည် သူ့အတွက် အချည်းနှီးသပ်သပ်တော့ မဟုတ်ပေ။ သူက မူလစွမ်းအင်ရင်းမြစ်ကို ပို၍ ရရှိလာခဲ့သည့်အပြင် တိုက်ပွဲစာလိပ်၏ မူလအကြောင်းကိုလည်း သိရှိလာခဲ့ရသည်။ထို့အပြင် သူက လျိုဖုသွေးလုံးတစ်လုံးကိုလည်း ရရှိလာခဲ့သေးသည် မဟုတ်လား။
သူ လီယွမ်ဇီကိုသာ လာမတွေ့ခဲ့ပါက နောက်ကြုံရမည့် ပြဿနာသည် ခုထက်ပင် ပိုဆိုးသွားနိုင်သည်။ တကယ်တော့ လီယွမ်ဇီက အလုံးစုံကောင်းကင်၏မွန်းစတားအိုကြီးများထဲမှ တစ်ယောက် ဖြစ်နေသည် မဟုတ်လား။
ဝမ်လင်းက ပျံသန်းနေရင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားနေ၏။ သူ့အသွင်က တဖြည်းဖြည်း ပြန်တည်ငြိမ်လာခဲ့သည်။ ထို့နောက် သူသည် ကြယ်များကြား၌ ပျောက်ကွယ်သွားချေသည်။
ဟင်းလင်းပြင်ထဲရှိ လွင့်မြောကျောက်တုံးတစ်တုံးကို ရှာတွေ့ပြီးသည့်နောက် ဝမ်လင်းက ၎င်းကျောက်တုံးပေါ်တွင် ထိုင်ချ၍ ချင်းရွှေကို စောင့်နေ၏။ ရက်အနည်းငယ် ကြာပြီးနောက် လှိုင်းတွန့်များ ဝမ်လင်း ရှေ့၌ ပေါ်လာခဲ့သည်။ ထို့နောက် ချင်းရွှေသည် လှမ်းထွက်လာခဲ့သည်။
သူ ပေါ်လာသည်နှင့် ပြင်းထန်သောသွေးနံ့ကို ပေးစွမ်းလာသည်။ ချင်းရွှေ၏နောက်၌ မျှော်လင့်ချက်မဲ့မှုနှင့် ပြည့်နှက်နေသော ခေါင်းများ ရှိနေ၏။ သူ့နောက်၌ လွင့်မြောနေသည့်သူများမှာ အနည်းဆုံး တစ်ရာလောက် ရှိပေမည်။
ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူက မချင့်ပြုံး ပြုံးမိသည်။ချင်းရွှေ၏ကျင့်ကြံမှုအဆင့်က လွန်ခဲ့သော ဆယ်ရက်ကထက် ပို၍ မြင့်မားလာခဲ့ပြန်သည်။ ချင်းရွှေက ကျင့်ကြံသူတော်တော်များများကို ဝါးမြိုခဲ့သည်မှာ သိသာလှပေ၏။
“သတ်ဖြတ်ခြင်းနယ်မြေက ကျင့်ကြံသူတွေက ပုန်းတာ တော်ကြသားပဲ။ ငါတို့သာ သတ်ဖြတ်ခြင်းနယ်မြေထဲကို ဝင်ချင်ရင် ငါတို့ ဒီခေါင်းတွေ လိုအပ်လိမ့်မယ်…”
ချင်းရွှေက ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ကို ဝေ့ယမ်း၏။ သူ့နောက်ရှိ ခေါင်းများသည် ပျံသန်းထွက်လာခဲ့ကာ စက်ဝန်းတစ်ခုကဲ့သို့ ဖြစ်ပေါ်သည်။
“ကောင်းကင်ဘုံမန္တာန် မြေနိမ့်လမ်းညွှန်…” ချင်းရွှေက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။ သူ့ကောင်းကင်ဘုံမူလစိမ်းအင်များသည် မြင့်တက်လာ၏။ သူက လက်ညွှန်သည်။ သူ့နောက်ရှိ ခေါင်းများထဲမှ တစ်ခုသည် သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားသည်။ထို့နောက် ဆက်တိုက် ပေါက်ကွဲလေ၏။စုစုပေါင်း ခေါင်းတစ်ရာလုံးသည် ပေါက်ကွဲ ပျက်စီးသွားသည်။
သိပ်သည်းသောသွေးမြူများသည် သည်ဧရိယာတွင် ခြုံလွှမ်းလာသည်။ ချင်းရွှေက သူ့ညာလက်ကို မြှောက်လိုက်ရာ သွေးမြူများသည် မြန်သထက်မြန်စွာ စတင် လှည့်ပတ်လာသည်။ ထိုလှည့်ပတ်မှုဝဲကတော့အတွင်းမှ ကျင့်ကြံသူများစွာ၏ စိတ်ဝိညာဉ် ငြီးတွားအော်ဟစ်သံများသည် ဝမ်လင်း၏ စိတ်ထဲ၌ ပဲ့တင်ထပ်နေမိသည်။
“မြေနိမ့်လမ်းညွှန်…” ချင်းရွှေ၏အေးစက်စက်အသံ ထွက်ပေါ်လာ၏။ ဝဲကတော့ထဲမှ ငြီးတွားသံများသည် ပိုပြင်းထန်လာသည်။ထို့နောက် အနက်ရောင်ဝဲကတော့လို အရာတစ်ခု ဖြစ်တည်လာ၏။
စိတ်ဝိညာဉ်အစိတ်အပိုင်းများမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်းနယ်မြေနှင့် ပတ်သတ်သည့် မှတ်ဉာဏ်များအားလုံးသည် စုံမှတ်တစ်ခုသို့ သိပ်သည်းလာ၏။ ထိုအရာက ကျင့်ကြံသူတစ်ရာကျော်၏ မှတ်ဉာဏ်များကို စုပေါင်းအသုံးချ၍ သတ်ဖြတ်ခြင်းနယ်မြေသို့ လမ်းညွှန်ပေးမည့် လမ်းကြောင်းတစ်ခုလို ဖြစ်ပေါ်လာခဲ့၏။
ထိုအရာက ကောင်းကင်ဘုံမန္တာန် မြေနိမ့်လွှမ်းညွှန်ပင် ဖြစ်လေ၏။
ကျင့်ကြံသူတစ်ရာကျော်၏ ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာသော အနက်ရောင်တွင်းနက်သည် အရူးအမူး လှည့်ပတ်နေသည်။ ချက်ခြင်းပင် ၎င်းက လေဟာနယ်ကို ချိုးဖျက်သွားသည်ဟု ထင်ရကာ အနီရင့်ရောင်လောကသည် ထိုတွင်းနက်ထဲ၌ ပေါ်လာ၏။
ထိုနေရာလောက၌ အဆောက်အဦများစွာ ရှိနေကာ ဓားသွားများအလား ထောင်မတ်နေသည်။ ပြင်းထန်သောသတ်ဖြတ်ခြင်း စိတ်ဆန္ဒက ၎င်းနေရာတစ်ခုလုံးကို ခြုံလွှမ်းလို့နေ၏။
ထိုနေရာ အလယ်ဗဟိုရှိ မျှော်စင်အဆောက်အဦမှာ ပေတစ်သောင်းထိ မြင့်မားသည်။ ၎င်းမျှော်စင်ထံမှ အနက်ရောင်ချိန်းကြိုးများ တွဲလဲကျကာ ပတ်ဝန်းကျင်ရှိ အဆောက်အဦများနှင့် ချိတ်ဆက်ထားသည်။
ဤနေရာက သတ်ဖြတ်ခြင်းနယ်မြေပင်။
“ဒီမန္တာန်က လက်တွေ့ကျတယ်။ ဒါ့ကြောင် ငါတော့ တော်တော်လေး သဘောကျတယ်…” ချင်းရွှေ၏မျက်လုံးထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပြည့်နှက်နေရင်း သူသည် မန္တာန်မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြားကို ထုတ်ယူကာ ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။ ထို့နောက် သူက ဝဲကတော့ထဲသို့ တုန့်ဆိုင်းခြင်းမရှိ ခုန်ဆင်းသွားသည။ဝမ်လင်းက မချိပြုံးပြုံးမိသည်။သူသည် ချင်းရွှေ၏မန္တာန်ကို ထိတ်လန့်မိပေ၏။ ထိုမန္တာန်သည် ချင်းရွှေကို ရန့်သူ့နယ်မြေကို တိုက်ရိုက် အလွယ်တကူ ရောက်စေရန် သတ်ဖြတ်မှုများ ပြုလုပ်စေနိုင်သည် မဟုတ်လော။
ဝမ်လင်းသည်လည်း ချင်းရွှေ ဝင်ရောက်သွားပြီးနောက် သူပါ ဝဲကတော့ထဲသို့ လိုက်ပါဝင်ရောက်သွား၏။
သတ်ဖြတ်ခြင်းနယ်မြေ၌ ဝဲကတော့ကြီးတစ်ခုသည် ရုတ်တရက် ပေါ်လာ၏။ထိုအဖြစ်က ၎င်းနယ်မြေရှိ ကျင့်ကြံသူအားလုံးကို အာရုံစိုက်လာစေသည်။ ချက်ခြင်းပင် အေးစက်စက်အသံတစ်ခု ပျံ့လွင့်လာသည်။
“ငါက ကောင်းကင်ဘုံအရှင်သခင်ချင်းရွှေပဲ။ ဒီနေ့က ဒီနေရာမှာ ငါနဲ့ သက်ဆိုင်တာ တစ်ခုကို လာယူတာ။ ငါ့လမ်းကို လာရှုပ်ရင် ဒီနယ်မြေကို ဖျက်စီးပစ်မယ်…”
ထိုအသံ ပေါ်လာသည်နှင့် ၎င်းအသံက သတ်ဖြတ်ခြင်းစိတ်ဆန္ဒမုန်တိုင်းအဖြစ် ပြောင်းလဲ၍ သတ်ဖြတ်ခြင်းနယ်မြေတစ်ခုလုံးသို့ ရိုက်ခတ်ပျံ့နှံ့သည်။
ဘန်း…ဘန်း…ဘန်း…ဘန်း…။
ချက်ခြင်းပင် ဓားအသွင်ဆောင်သည့် အဆောက်အဦများစွာမှာ ပျက်စီးကုန်သည်။
“စီနီယာချင်းရွှေဟာ ရွှမ်ပေါင်ရဲ့ မှတ်ဉာဏ်တွေကို ရှာဖွေပြီးတဲ့နောက် ဒီသတ်ဖြတ်ခြင်းနယ်မြေက သူ့ထံကနေ ဘယ်လိုအရာမျိုးကိုများ ယူဆောင်ထားခဲ့လို့ စီနီယာချင်းရွှေကို ဒီလောက် ဒေါသထွက်စေရတာလဲ…”
ဝမ်လင်းသည် ဝဲကတော့ထဲကနေ လှမ်းထွက်လာ၏။သူက သတ်ဖြတ်ခြင်းနယ်မြေကို အေးစက်စက် ကြည့်သည်။
***