Switch Mode

အပိုင်း (၉၉၉)

တိုက်ပွဲစာလိပ်များရဲ့ လျှို့ဝှက်ချက်

လီယွမ်ဇီက သူတို့ ဘာတွေ့မြင်ခဲ့သည်ကို သိထား၏။

လူအနည်းငယ်ကသာ ၎င်းဒုတိယတိုက်ပွဲစာလိပ်ကို ဖွင့်လှစ်နိုင်စွမ်း ရှိကြပေ၏။ မရေမတွက်နိုင်သော မျိုးဆက်များစွာ တစ်လျှောက် ဒုတိယစာလိပ်ကို လုံးဝ ဖွင့်လှစ်နိုင်စွမ်း ရှိသူများမှာ သူအပါအဝင် သုံးယောက်သာ ရှိခဲ့သေးသည်။

ထိုသုံးယောက်သာလျှင် ဒုတိယတိုက်ပွဲစာလိပ်ကို လုံးဝ ဖွင့်လှစ်နိုင်ခဲ့ကြပေသည်။

ရှုထင်၏မျက်နှာက သေလောက်အောင် ဖြူရောနေ၏။ သူ့ခန္ဓာကိုယ်က တုန်ယင်သည်။ ချွေးများရွှဲနစ်နေသည်။သူ့မျက်လုံးက အမျှင်တန်းတစ်ခုမျှသာ ဖွင့်လှစ်နိုင်သည့် စာလိပ်ကို ကြည့်နေရင်း ဝေဝါးနေ၏။

သူသည် ထိုစာလိပ်၏ သေးငယ်သောအပေါက်လေးထဲကပင် ကြမ်းကြုတ်သောအော်ရာတစ်ခု ထွက်ပေါ်နေသည်ဟု ခံစားမိ၏။ထိုအော်ရာက သူ့ကို ဝါးမြိုချင်နေသည်။ ထိုအဖြစ်က သူ့ကို အလွန်မသက်မသာ ဖြစ်စေသည်။ သူ့ရင်ဘက်ကို တစ်ခုခုနှင် ဖိနှိပ်ထားသလို ခံစားရသည်။သူက မာန်သွင်းအော်ဟစ် ပစ်ချင်သော်လည်း အသံတစ်သံပင် မထွက်နိုင် ဖြစ်ရသည်။

ရှေးဟောင်းအချိန်များမှ လာသည့် ဟိန်းသံက သူ့နားထဲ၌ ပဲ့တင်ထပ်နေသည်။ထို့နောက် လေပြင်းတစ်ခုက သူ့ကို တိုက်ခတ်သွားရာ သူ့အဝတ်အစားနှင့်ဆံပင်များကို တဖျပ်ဖျပ် လွင့်လူးသွားစေသည်။

သူက မိန်းမောနေမိ၏။ သူက လှိုင်းထန်လေထန် လှိုင်းလုံးများကြား၌ ရုန်းကန်နေရသည့် တစ်ကိုယ်တည်းလှေငယ်တစ်စင်းကဲ့သို့ ဖြစ်နေလေ၏။

သို့ရာတွင် ရှုထင်က တန်လင်းဂြိုဟ်၊ရှုမိသားစုမှ ပါရမီရှင်ဂျူနီယာ တစ်ယောက် ဖြစ်၏။သူက ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်ခဲ့ပြီး သူ့နယ်ပယ်ကို ပျော်ဝင်စေခဲ့ပြီး ဖြစ်၍ သူ့ကောင်းကင်ဘုံမူလကို ပိုင်ဆိုင်လာနိုင်ခဲ့သည်။သူသာ ရှေးဟောင်းကျင့်ကြံခြင်းလောကမှာသာ ဖြစ်ခဲ့ပါက အစစ်အမှန်ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်လာပေမည်။

ဤအခိုက်၌ သူက အသက်ဝဝရှုသွင်းကာ သူ့မျက်လုံးသည် တောက်ပလာသည်။ သည်လို အခြေအနေ၌ သူ့စိတ်နှလုံးထဲရှိ အကြောက်တရားကို ဖိနှိပ်ကာ စာလိပ်ကို စူးစိုက်ကြည့်သည်။ သူ့တုန်ယင်နေသောလက်များဖြင့် ၎င်းစာလိပ်ကို ဖြည်းဖြည်းချင်း ထပ်ဖွင့်၏။

ထိုမြင်ကွင်းက လီယွမ်ဇီ၏ မျက်လုံးကို လင်းလက်သွားစေသည်။ သူ့ထံ၌ အသိအမှတ်ပြုဟန် ပေါ်လာ၏။ သူက တွေးမိလိုက်သည်။ “ရှုထင်က ပထမစာလုံးကို လေးစက္ကန့်အတွင်း ဖွင့်လှစ်နိုင်ခဲ့တဲ့ လူအနည်းငယ်ထဲမှာ ပါဝင်ခဲ့တာပါ။ ပုံမှန်အားဖြင့် သူ့လိုမျိုး ကျင့်ကြံသူတွေက ဒုတိယစာလိပ်ကို (၄၀) ရာခိုင်နှုန်းလောက်ထိ ဖွင့်လှစ်နိုင်ကြတယ်။ သူက ဒီစာလိပ်ကို ဘယ်လောက်ပမာဏ ဖွင့်လှစ်နိုင်မလဲတော့ ငါလဲ မသိဘူး…”

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက ရှုထင့်ကိုသာ အေးစက်စက် ကြည့်နေ၏။

ရှုထင်၏လက်က ပို၍ တုန်ယင်လာသည်။ သူက စာလိပ်ကို အနည်းငယ် ဖွင့်လိုက်ချိန်တိုင်း ကြမ်းကြုတ်မှုအော်ရာသည် ပိုပြင်းထန်လာ၏။ သူက သူ့လက်ထဲ၌ ရှေးဟောင်းသားရဲ တစ်ကောင်ကို ဆုပ်ကိုင်ထားရပြီး ၎င်းသားရဲက ချိပ်ပိတ်မှု ဖွင့်လှစ်သွားသည်နှင့် သူ့ကို ဝါးမြိုပစ်တော့မည့်အလား ခံစားနေမိသည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ထိုစာလိပ်သည် ထပ်၍ ပွင့်လာလေလေ ရှုထင်၏လက်က ပိုတုန်မိနေလေပင်။သူ့အဝတ်အစားများသည် ချွေးများဖြင့် ရွှဲနစ်နေ၏။သူ့မျက်နှာ ဖြူရောနေသည်။ ရှုထင်က တိုက်ပွဲစာလိပ်ကို (၄၀)ရာခိုင်နှုန်းနီးပါး ဖြစ်လာနိုင်ခဲ့လေပြီ။ စာလိပ်ထဲမှ ထွက်ပေါ်လာသည့် တိုက်ပွဲစိတ်ဆန္ဒက ပြင်းထန်နေပြီးသား ဖြစ်၏။

ထိုစာလိပ်ထဲမှ အနက်ရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ရှုထင်ကို ခြုံလွှမ်းသွားသည်။

ရှုထင်၏စိတ်က တုန်ယင်၏။သို့သော် သူ့စိတ်နှလုံးထဲ၌ အညံ့မခံလို့သည့်စိတ်အားတစ်ခု ရှိနေသည်။သူက အံတင်းတင်းကြိတ်ထားရင်း သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်များအားလုံးကို မြင့်တက်စေ၍ စာလိပ်ကို ကြမ်းတမ်းစွာ ဖွင့်လှစ်ပစ်သည်။ ထို့အတွက်ကြောင့် သူက စာလိပ်၏ (၇၀)ရာခိုင်နှုန်းလောက်ထိ ဖွင့်လှစ်နိုင်သွား၏။

လီယွမ်ဇီက ရုတ်တရက် မတ်တပ်ထရပ်သည်။ သူ့မျက်လုံးထဲ၌ အံ့အားသင့်ခြင်းနှင့် ပြည့်နေ၏။

တိုက်ပွဲစာလိပ်ကို (၇၀) ရာခိုင်နှုန်းထိ ဖွင့်လှစ်လိုက်ချင်းချင်း အတွင်းထဲမှ သားရဲတစ်ကောင်၏ ဟိန်းသံတစ်ခု ထွက်ပေါ်လာလေသည်။ အနက်ရောင်မြူများစွာ ထွက်ပေါ်လာပြီး ဧရာမသားရဲအသွင်ပြောင်း၍ ရှုထင်ကို ဝါးမြိုပစ်ရန် တာဆူ၏။

“ဆက်လုပ်…” လီယွမ်ဇီ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်တို့ ရှိနေသည်။

ရှုထင်၏ခန္ဓာကိုယ်သည် တုန်ယင်၏။ ကြမ်းကြုတ်သော သားရဲက သူ့ထံသို့ တိုးဝင်လာသည့်အခိုက်တွင် သူသည်သွေးအန်၍ နောက်သို့ လွင့်ထွက်သွားရသည်။ သူ့ခန္ဓာကိုယ်မှလည်း သွေးများစီးကျလာသည်။

နာကျင်စွာပြုံး၍ သူက ပေတစ်ရာကျော်အကွာတွင် ပြန်ခြေချမိ၏။

ထို့နောက် တိုက်ပွဲစာလိပ်က ချက်ခြင်း ပြန်ပိတ်ကာ လေထဲ၌ မြောလွင့်နေသည်။

လီယွမ်ဇီက သက်ပြင်းချမိ၏။ သည်ရှုထင်က တိုက်ပွဲစာလိပ်(၇၀) ရာခိုင်နှုန်းကို ဖွင့်လှစ်နိုင်စွမ်း ရှိခဲ့သည်။သူက စာလိပ်ထဲရှိ သားရဲကို ခုခံနိုင်စွမ်း မရှိိသော်လည်း ထူးချွန်လှသူဟု ဆိုနိုင်ပေသည်။

လီယွမ်ဇီက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ စာလိပ်သည် ဝမ်လင်းထံသို့ ပျံသန်းလာသည်။သူက သုန်မှုန်စွာ ပြောလိုက်၏။ “ရှုမူ…မင်းအလှည့်…”

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။ သူက စာလိပ်ကို ဖမ်းယူ၍ လီယွမ်ဇီကို ကြည့်သည်။သူနှင့် လီယွမ်ဇီတို့သည် မည်သည့်ပတ်သတ်မှုမှ ရှိမနေပေ။ထို့ကြောင့် လီယွမ်ဇီက သည်ဒုတိယစာလိပ်ကို သူ့အား စူးစမ်းစေချင်ခြင်းက သူ့ထံ၌ အခြားရည်ရွယ်ချက်များ ရှိရပေမည်။ ခုချိန်၌ ရှုထင်၏ နာကျင်ထိတ်လန့်ဖွယ်အခြေအနေကို တွေ့မြင်သည့်အခါ သူ့ထင်မြင်ချက်က ပို၍ သေချာလာ၏။

ပို၍ အရေးကြီးသည်က ပထမစာလိပ်ထံမှ ရှုထင်ရရှိခဲ့သော မူလစွမ်းအင်အမျှင်တန်းပင် ဒုတိယစာလိပ်ထဲမှ သားရဲ သူ့ကို ဝါးမြိုလာချိန်၌ ပြန်ယူဆောင်သွားခဲ့ခြင်း ဖြစ်၏။

“တိုက်ပွဲစာလိပ်က စိတ်ဝင်စားစရာပဲ…” ဝမ်လင်းက ထိုစာလိပ်ကို ဖမ်းယူ၍ ရုတ်တရက် ဖွင့်လိုက်၏။

ထိုအခါ ကြမ်းကြုတ်၍ ရှေးဟောင်းဆန်သောအော်ရာတစ်ခုက ဝမ်လင်းကို ဝါးမြိုလာသည့်အလား သူ့ထံသို့ မြင့်တက်လာသည်။

လီယွမ်ဇီ ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ လီယွမ်ဇီက ဝမ်လင်းကို တန်ဖိုးထားသော်လည်း သိပ်များများစားစား မမျှော်လင့်ထားပေ။ ဝမ်လင်းသည် သည်တိုက်ပွဲစာလိပ်ကို ကြည့်ရှုခွင့်ပြုသည့် မိသားစုဝင် မဟုတ်သည့် ပထမဆုံးလူ မဟုတ်ပါ။

သို့သော် မရေမတွက်နိုင်သောနှစ်များအတွင်း လူအများသည် ဒုတိယတိုက်ပွဲစာလိပ်ကို ဖွင့်လှစ်နိုင်လုနီးပါး ဖြစ်ခဲ့သော်လည်း မည်သူကမျှ လုံးဝ ဖွင့်လှစ်နိုင်စွမ်း မရှိခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ ရှုထင်နှင့် ယှဉ်ပါက လီယွမ်ဇီသည် ဝမ်လင်းအ‌ပေါ် ပို မျှော်လင့်ထားမိ၏။

ကြမ်းကြုတ်သည့်အော်ရာ သူ့ပတ်လည်သို့ ဝန်းရံလာခြင်းက ဝမ်လင်း၏အသွင်ကို ပြောင်းလဲမသွားစေပေ။ သူ့အမြင်၌ ထိုအော်ရာက ရှေးဟောင်းနတ်ဘုရားအော်ရာနီးနီးလောက်ပင် သန်မာခြင်း မရှိပေ။ သူ့ရှေ့၌ သားရဲငယ်တစ်ကောင်က လာဟိန်းပြနေသည်နှင့်ပင် တူသေး၏။

ဝမ်လင်းက တည်ငြိမ်စွာပင် စာလိပ်ကို ဖွင့်၏။သူက ၎င်းကို ဖွင့်လိုက်သည်နှင့် ကြမ်းကြုတ်သည့်အော်ရာက ပို၍ ပြင်းထန်လာပြီး ဝမ်လင်းထံသို့ လေပြင်းတစ်ခု ရိုက်ခတ်လာ၏။ သို့ရာတွင် ထိုလေပြင်းက သူ့ကို တစက်ကလေးမှ ရွှေ့သွားအောင် မလုပ်နိုင်ချေ။

လီယွမ်ဇီ၏မျက်လုံး သူငယ်အိမ်က ကျုံ့သွား၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးသည် တောက်ပနေသည်။

အခုချိန်၌ ရှုထင်၏ကောင်းကင်ဘုံမူလစ တော်တော်များများသည် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သူက ဝမ်လင်းကို အမုန်းတရား၊စိတ်ရှုပ်ထွေးမှုတို့နှင့် ကြည့်နေမိသည်။

ဝမ်လင်း၏လုပ်ဆောင်မှုများက မမြန်လှပါ။ စာလိပ်ကို (၃၀)ရာခိုင်နှုန်းလောက်ထိ ဖွင့်လှစ်ပြီးနောက် သူက အေးစက်စက် နှာခေါင်းရှုံ့၏။ အချိန်ဆက်ဖြုန်းမနေတော့ဘဲ သူက ရုတ်တရက် စာလိပ်၏(၇၀) ရာခိုင်နှုန်းကို ဖွင့်ပစ်သည်။

ချက်ခြင်းပင် ရှုထင်ကို ဝါးမြိုခဲ့သည့် သားရဲက ဟိန်းသံပေးကာ ဝမ်လင်းကို ဝါးမြိုရန် တာဆူလာ၏။

ဝမ်လင်း၏မျက်လုံးက ထိုသားရဲကို ကြည့်နေရင်း အေးစက်နေ၏။သူက အော်ပြောလိုက်သည်။ “တိရိစ္ဆာန်ကောင်ကများ…ငါ့ကို ဒီလိုလုပ်ဝံ့တယ်လား…”

ဝမ်လင်း၏အသံက ကောင်းကင်ကိုပင် ပိုင်းခြားစေမည့် မိုးကြိုးသံအလား။ သည်ကျင့်ကြံခြင်းဂြိုဟ်ပင် တုန်ခါမှုလှိုင်းများ ပျံ့နှံ့ကုန်၏။ ဝမ်လင်း ရပ်နေသော တောင်ထိပ်ပင် တဝုန်းဝုန်း တုန်ခါကာ ပျက်စီးမည့် အရိပ်လက္ခဏာများ ပြလာသည်။

ဝမ်လင်းသည် အားကောင်းလှသောကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရပါက သူ့ခွန်အားမှာ ထိုသူနှင့် ရင်ဆိုင်ရန် လုံလောက်ချင်မှ လုံလောက်နိုင်မည်။ သို့သော် သည်ရှေးဟောင်းသားရဲ စိတ်ဝိညာဉ်ကမူ ဝမ်လင်း၏စိတ်ကို တုန်လှုပ်မိစေဖို့ မလုံလောက်သေးပေ။ အခုအခိုက်၌ ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါးအလားပင်။

ထို့အပြင် သူက သာမန်ရှေးဟောင်းနတ်ဘုရား မဟုတ်၊ကြယ်ငါးလုံးတော်ဝင်ရှေးဟောင်းနတ်ဘုရား မည်၏။

ထိုကြမ်းကြုတ်သောသားရဲက မာန်သွင်း အော်ဟစ်၏။ဝမ်လင်းထံသို့ တိုးဝင်လာသော ၎င်း၏ခန္ဓာကိုယ်ကြီးက ရပ်တန့်သွားသည်။ထိုသားရဲ၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။

ချက်ခြင်းပင် ၎င်းက သည်ကျင့်ကြံသူ၏ ရှေ့၌ ၎င်းကို တုန်လှုပ်စေသော အော်ရာကို ခံစားမိသည်။ ၎င်းသားရဲက ထိုအော်ရာသည် ရန်စဝံ့နိုင်ခြင်းမရှိသည့် အရာတစ်ခုဟု ရှင်းရှင်းလင်းလင်းမှတ်မိ၏။

ထိုမြင်ကွင်းက လီယွမ်ဇီကို မျက်လုံးပြူးသွားစေသည်။လီယွမ်ဇီ၏ကျင့်ကြံမှုဖြင့်ပင် သူက မင်သက်မမိဘဲ မနေနိုင် ဖြစ်ရ၏။သို့သော် သိပ်မကြာခင်တွင် သူ့စိတ်ထဲ၌ ကျေနပ်မှုတို့ ပြည့်လာချေ၏။

“ဒီရှုမူက သားရဲစိတ်ဝိညာဉ်ကို ကြောက်လန့်သွားအောင် လုပ်နိုင်စွမ်း ရှိနေတာပဲ။ ငါ့ကျန်းမိသားစုမှာ ဒီလိုလုပ်နိုင်တဲ့လူဟာ ဘိုးဘေး ကျန်းရှင်းရီ တစ်ယောက်ပဲ ရှိခဲ့တယ်…” လီယွမ်ဇီက ဝမ်လင်းကိုသာ စူးစိုက်ကြည့်နေ၏။

ရှုထင်က လက်သီးခပ်တင်းတင်း ဆုပ်ထား၏။သို့သော် သူ့မျက်လုံးထဲရှိ တုန်လှုပ်နေမှုက အားကောင်းနေပြန်သည်။

ဝမ်လင်းက စာလိပ်ကို တုံ့ဆိုင်းခြင်းမရှိ ချက်ခြင်း မာန်သွင်းကာ ဖွင်လှစ်လိုက်ခြင်း မဟုတ်လား။

စာလိပ်ပေါ်ရှိ တိုက်ပွဲ ဟူသော စာလုံးသည် အတွင်းထဲကနေ ထွက်လာတော့မလား ထင်မှတ်ရသည်။ထိုအဖြစ်က အံ့အားသင့်ဖွယ်ရာပင်။

တိုက်ပွဲ စာလိပ်မှ ရှေ့ဟောင်းအော်ရာတစ်ခု ထွက်ပေါ်နေ၏။ချက်ခြင်းပင် ဝမ်လင်း၏မျက်လုံးထဲ၌ တိုက်ပွဲတာအိုအရိပ်တစ်ခု ပေါ်လာသည်။ သည်အခိုက်၌ ဝမ်လင်း၏အမြင်က ဝေဝါးသွားကာ သူသည် ထူးဆန်းသောနယ်မြေတစ်ခုထဲသို့နစ်မြုပ် သွားသည်။

ထိုနယ်မြေမှာ အဆုံးမဲ့ ဟင်းလင်းပြင်တစ်ခု ရှိနေ၏။အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်လည်း ရှိနေသည်။ ထိုအဘိုးအိုက ထိုင်လျက်ကနေ သူ့ညာလက်ဖြင့် လေဟာနယ်ထဲတွင် စာလုံး တစ်လုံးကို ရေးဆွဲသည်။

“ဒီအဘိုးအိုက လေဟာနယ်နယ်မြေကို ရောက်ရှိခဲ့ပြီး လောကရဲ့နယ်နမိတ်ကို ဖမ်းဆုပ်နိုင်ခဲ့တယ်။ငါ့ရဲ့ မျိုးဆက်ဟာ တစ်ယောက်မှ မကျန်ခဲ့တော့ဘူး။ ငါ့ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံးဟာ တိုက်ပွဲ ဆိုတဲ့ စကားလုံးထဲ သက်ဆင်းခဲ့ကြတယ်။ အဲ့အချိန်…ငါ လောကရဲ့ နယ်နမိတ်ကို ချိုးဖျက်ဖို့ မရည်ရွယ်ခင် ငါဟာ ကျရှုံးပြီး အသက်ဆုံးရှုံးလာခဲ့ရင် ဆိုပြီး တိုက်ပွဲစာလိပ်ခြောက်ခုကို ချန်ထားရစ်ခဲ့တယ်။တစုံတစ်ယောက်က အနာဂတ်မှာ ဒီစာလိပ်ခြောက်ခုကို ရခဲ့ရင် အဲ့လူဟာ ဒီအဘိုးအိုရဲ့ အမွေဆက်ခံသူ ဖြစ်လာလိမ့်မယ်…”

အဘိုးအိုက ခပ်တိုးတိုး ရေရွတ်ရင်း သူ့ညာလက်သည် ရုပ်တရက် တန့်သွား၏။ ထို့နောက် သူ့ပတ်လည်၌ တိုက်ပွဲ ဟုရေးထွင်းထားသည့် စာလုံးများသည် အရွယ်အစားမျိုးဆုံ ထောင်သောင်းချီ၍ ဝန်းရံထားသည်။ အဘိုးအိုက သူ့လက်ကို ညွှန်လိုက်ရာ ထိုစာလုံးအားလုံးသည် တိုက်ပွဲစိတ်ဆန္ဒနှင့် ပေါင်းစပ်၍ မျက်စိတစ်မှိတ်အတွင်း အဘိုးအို၏ ရှေ့၌ စာလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

“တိုက်ပွဲ…” အဘိုးအို၏အသံက တည်ငြိမ်၏။ သို့သော် သူ ထိုစကားကို ပြောလိုက်ချိန်၌ တိုက်ပွဲ စာလုံးသည် တုန်ယင်လာပြီး အနက်ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းသွားကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လို့သွားသည်။

ဝမ်လင်းက ထိုတိုက်ပွဲတာအိုအရိပ် သူ့မျက်လုံး ရှေ့၌ ပျောက်ကွယ်သွားသည့်အခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူက ပြန်နိုးထလာခဲ့သည်။

လီယွမ်ဇီက အလျင်အမြန် လှမ်းလာ၏။သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေသည်။သူက အလျင်စလို မေးလာ၏။ “မင်း အဲ့ဒါကို တွေ့ခဲ့ရလား…”

ဝမ်လင်းက အနည်းငယ် စဉ်းစား၏။ထို့နောက် သူက ခေါင်းညိတ်ပြသည်။ သူက တစ်ခုခု ပြောဟန် ပြင်လိုက်စဉ် လီယွမ်ဇီက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ပေတစ်ရာကျော်တွင် ရှိနေသော ရှုထင်သည် လေပြင်းတစ်ခု၏ သယ်ဆောင်ခြင်း ခံရကာ ကီလိုမီတာ မြောက်များစွာသို့ ရောက်ရှိသွားတော့သည်။

လီယွမ်ဇီက သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရင်း ပြောလာ၏။ “မင်း ဘာတွေ့မြင်ခဲ့လဲ ငါ့ကို ပြောပါ….”

ဝမ်လင်းက ဖြည်းဖြည်းချင်း ဖြေ၏။ “အမွေအနှစ်…”

“အမွေအနှစ်…ဒါက တကယ့်ကို အမွေအနှစ်ပဲ။ ဘိုးဘေး ပျောက်ကွယ်သွားခဲ့တာက ဒီအမွေအနှစ်နဲ့ အများကြီး ပတ်သတ်မှု ရှိနေလိမ့်မယ်…”

လီယွမ်ဇီ၏ဟန်ပန်အသွင်က ပြောင်းလဲသွား၏။သူက ဝမ်လင်းသည် အမွေအနှစ် ဟူသော စကားကို ဆိုသည်နှင့် အမှန်ကို ပြောနေမှန်း သိ၏။

“ဘိုးဘေး ကျန်းရှင်းရီဟာ ဒုတိယစာလိပ်ကို တွေ့မြင်ပြီးတဲ့အချိန်မှာ သူလည်း ဒီလို တူညီတဲ့ အရာတစ်ခုကို ပြောခဲ့ဖူးတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset