ထုထည်ကြီးမားလှသည့် ဟင်းလင်းပြင်အတွင်း၌ တောက်ပသောကြယ်စုကြယ်ဝေး ရှိလေ၏။ထိုရောင်စုံကြယ်စုကြယ်ဝေးကြီးသည် တည်မြဲနေသကဲ့သို့ ထင်ရ၏။သို့သော မျက်စိဖြင့် မြင်နိုင်ခြင်း မရှိ၊၎င်းကြယ်စုကြီးအတွင်း၌ ပြောင်းလဲမှုတို့ ရှိနေသည်သာ ဖြစ်သည်။
ဤကြယ်စုကြီးမှာ အရောင်စုံ၍ လှပလွန်းသည်။
ယနေ့တွင် အလင်းတန်းတစ်ခုသည် ကြယ်စုကြယ်ဝေးကို ဖြတ်၍ ပျံသန်းလာနေ၏။ထိုအလင်းတန်းသည် မြန်ဆန်လှခြင်း မရှိပေ။
ထိုအလင်းတန်းထဲရှိ လူမှာ ကြယ်သံလိုက်အိမ်မြှောင်ကဲ့သို့ ရတနာမျိုးကို အသုံးပြုခြင်း မရှိဘဲ သည်အတိုင်းသွားလာနေခြင်းက အံ့အားသင့်ဖွယ်ပင်။
ထိုလူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ အသက်သုံးဆယ်ပတ်လည်ခန့် ရှိမည်။သူ့ရုပ်သွင်က သာမန်ပင်။ သူ့ထံမှ ရှေးကျလှသည့်အော်ရာတစ်ခု ထွက်ပေါ်နေခြင်းကသာ သတိပြုမိစရာ တစ်ခု ဖြစ်နေနိုင်ကောင်းသည်။
ထိုသူမှာ ဝမ်လင်း ဖြစ်၏။ သူက လမ်းတစ်လျှောက်လုံး သည်အတိုင်းလျှောက်လှမ်းလာခြင်းပင်။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကိုပင် အသုံးမပြုဘဲ ကြယ်များကြား၌ တည်ငြိမ်စွာ လျှောက်လှမ်းနေ၏။
သူ လေဟာနယ်နေရာကနေ ပုံမှန်ဟင်းလင်းပြင်သို့ ပြန်ရောက်သည်မှာ လေးရက် ရှိခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သောလေးရက်က သူနှင့်ချင်းရွှေတို့သည် အရှင်မီးတောက်၏အကူအညီဖြင့် လေဟာနယ်နေရာကို ဖွင့်လှစ်ကာ ပြန်ရောက်လာခဲ့ကြ၏။ဝမ်လင်းက လေဟာနယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အများကြီး ပြန်ထုတ်ဖော်ခြင်း မပြုပေ။သူက ရီမူဇီ၊ဝူဒိုချန်နှင့်လမြွေနဂါးတို့နှင့် ပတ်သတ်၍လေး အသေးစိတ် ပြန်မပြောတော့ချေ။
အရှင်မီးတောက်ကလည်း ထိုအကြောင်းနှင့် ပတ်သတ်၍ အများကြီး မမေးခဲ့ပါ။ သို့သော် သူတို့နှစ်ယောက် စကားပြောနေရင်း လမြွေနဂါးအကြောင်း ရောက်သွားသည့်အခါ အရှင်မီးတောက်က မျက်မှောင်ကြုတ်၏။
ဝမ်လင်းက အရှင်မီးတောက်နှင့် အချိန်အတန်ကြာ ဆက်၍ မနေတော့ပေ။သူက ကိုယ်ရေးကိုယ်တာကိစ္စတစ်ခု ရှိသည်ဟု အကြောင်းပြ၍ ထွက်လာခဲ့၏။ အရှင်မီးတောက်က အချိန်အတန်ကြာ စဉ်းစားလိုက်ပြီးနောက် ဝမ်လင်းကို နေဖို့ အတင်းဖိအားမပေးတော့ပေ။သူက ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကို မြင်တွေ့နိုင်စွမ်း မရှိသော်လည်း ဝမ်လင်းထံမှ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်နေသည်ကိုတော့ ခံစားမိ၏။
ထိုအော်ရာက ခုချိန်၌ ထင်သလောက်ကြောက်မက်ဖွွယ် မကောင်းလှသေးသော်လည်း တဖြည်းဖြည်း ကြီးထွားလာပါက အံ့မခန်းကြောက်စရာအဆင့်သို့ ရောက်ရှိလာနိုင်၏။
ချင်းရွှေ၏ ကျင့်ကြံမှုအဆင့်သည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။
ကျင့်ကြံမှုအဆင့် ပြန်ရရှိပြီးသည့်နောက် ချင်းရွှေက အရှင်မီးတောက် ရှိနေသော နေရာတွင် မနေတော့ဘဲ ကြယ်များကြား၌ ပျောက်ကွယ်သွားခဲ့သည်။သူ မည်သည့်နေရာသို့ သွားသည်ကိုမူ မသိရပေ။
အပြင်ပိုင်း၌ သူတို့နှစ်ယောက် ထွက်ခွာလာချိန်တွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မပတ်သတ်သလိုပင်။သို့သော် ဝမ်လင်းက ချင်းရွှေသည် သူ့ကို လာရှာမည်ကို သိနှင့်နေ၏။တကယ်တော့ ချင်းရွှေက ရွှမ်ပေါင်၏မှတ်ဉာဏ်များကို အခုထိ မရှာဖွေရသေးပေ။
လေဟာနယ်နေရာထဲ၌ အဖြစ်အပျက်များကို ပြန်တွေးမိရင်း ဝမ်လင်းသည် စိတ်မကောင်းသလို ဖြစ်မိ၏။ လျိုချန်၏ ဘဝ၊ ကောင်းကင်ဘုံနယ်မြေ၏လျှို့ဝှက်ချက်များသည် ဝမ်လင်း၏ စိတ်ထဲ၌ တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။
သူ့ကို တုန်လှုပ်မိစေဆုံးက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ဖြစ်၏။
ဝမ်လင်းသည် ထိုပုတီးစေ့မှာ ကောင်းကင်ဘုံနယ်မြေလေးခုကြား မဟာစစ်ပွဲကြီးကို ဖြစ်စေခဲ့သည့် အကြောင်းရင်း ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
“ဒီကောင်းကင်ဘုံနယ်မြေလေးခုကြားက မဟာစစ်ပွဲက အခု အလုံးစုံကောင်းကင်နဲ့မဟာမိတ်အဖွဲ့အစည်းတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲထက် အများကြီး ပိုကြမ်းမှာ ကျိန်းသေတယ်…”
ဝမ်လင်းက ကြယ်စုကြယ်ဝေးများကြား၌ သွားလာနေရင်း ရှေ့တည့်တည့်သို့ကြည့်ကာ သက်ပြင်းချမိသည်။ သူက နောက်သို့ ဆက်ခနဲ လှည့်၍ ရုတ်တရက် ရပ်တန့်လိုက်၏။
ခဏအကြာတွင် သူကြည့်နေသော နေရာကနေ လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး ချင်းရွှေလှမ်းထွက်လာ၏။ သူက ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်သည်။
ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြုံး၍ ဆိုသည်။ “စီနီယာအစ်ကို ရောက်လာပြီပေါ့…”
“ခုလက်ရှိမှာ မင်းက ကြယ်တွေကြား ခရီးသွားလာဖို့ အရည်အချင်း ရှိနေပြီ။ဒါ့ကြောင့် ငါ စိတ်ချရပါပြီ…” ချင်းရွှေက ခြေတစ်လှမ်းလှမ်း၍ ဝမ်လင်းနားသို့ ရောက်လာ၏။
ဝမ်လင်းသည် ချင်းရွှေထံမှ ပြင်းထန်သောသွေးရနံ့ကို ချက်ခြင်း သတိပြုမိ၏။သူက ချင်းရွှေ၏ကျင့်ကြံမှုအဆင့်သည် အရင်ရက်များထက် များစွာ ပိုအားကောင်းလာသည်ကိုလည်း ခပ်ရေးရေး ခံစားမိသည်။
“လမ်းတစ်လျှောက်မှာ ငါက မင်းနာမည်နဲ့ ပါတ်သတ်လို့ လူအချို့ ပြောနေရာကို ငါ ကြားခဲ့တယ်။ဒီတော့ ငါလည်း အပုန်းကောင်းတဲ့ မဟာမိတ်က ကျင့်ကြံသူအချို့ရှိ သွားပြီး သတ်ပစ်ခဲ့တယ်…” ချင်းရွှေက ဘာမဟုတ်သလို ပြောနေသလိုလည်း ဝမ်လင်းသည် ဤအရာမှာ ကိစ္စငယ်တစ်ခုမဟုတ်ကြောင်း သေချာပေါက် ပြောနိုင်ပေ၏။
မဟာမိတ်မှ သတ်ဖြတ်ခြင်းနယ်မြေသည် မိုးကြိုးကောင်းကင်ဘုံသားရှုမူကို သတ်ဖြတ်ရန် လိုက်လံနေကြ၏။ ဝမ်လင်းသည် လေဟာနယ်ထဲသို့ ရောက်ရှိနေခဲ့သေ်လည်း သူတို့က လက်မလျှော့ခဲ့သေးပေ။ သို့ရာတွင် သူတို့က ပြန့်ကျဲ၍ နေသည်တော့ မဟုတ်။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ ရှိနေသောသ နေရာအနီးအနားတွင် အုပ်စုနှစ်စု ဖွဲ့၍ ဝမ်လင်းကို စောင့်နေကြခြင်းပင်။
သို့ရာတွင် ထိုသတ်ဖြတ်ခြင်းနယ်မြေက အတော်လေး ကံဆိုးသွား၏။၎င်းအုပ်စုနှစ်ခုထဲမှ တစ်ဖွဲ့က ချင်းရွှေနှင့် လာဆုံခြင်းပင်။ သူတို့အားလုံး အသတ်ခံလိုက်ရ၏။ သူတို့ခေါင်းဆောင်ပင် ချင်းရွှေ၏ဝါးမြိုခြင်းကို ခံလိုက်ရပေသည်။
ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲမှ ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်ကို ထုတ်၍ ချင်းရွှေထံသို့ ပေးလိုက်၏။
ချင်းရွှေက ထိုမူလစိတ်ဝိညာဉ်ကို ယူဆောင်ကာ သူ့ညာလက်ကို ရွှမ်ပေါင်၏မျက်ခုံးနှစ်ခုကြားသို့ နေရာချသည်။ သူ့ညာလက်မှ ကောင်းကင်ဘုံမူလစွမ်းအင်များ မြင့်တက်လာကာ ရွှမ်ပေါင်သည် သတိပြန်လည်လာ၏။ နာကျင်ထိတ်လန့်ဖွယ်အော်သံများ ပဲ့တင့်ထပ်လာပြီးနောက် သူ့မူလစိတ်ဝိညာဉ်သည် သိမ့်သိမ့်တုန်လေ၏။
ချင်းရွှေ၏ အသွင်က သုန်မှုန်နေ၏။သူ့မျက်လုံးကို မှိတ်ထားသည်။အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာ၏။ သူ့မျက်နှာထက်၌ မြူအလွှာပါးတစ်ခု ရှိလာသည်။သူက ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်ကို ဝမ်လင်းထံသို့ ပြန်ပစ်ပေးလိုက်သည်။
ဝမ်လင်းက မည်သည့်စကားမှ မဆိုဘဲ မူလစိတ်ဝိညာဉ်ကိုသာ ပြန်ဖမ်းယူထားလိုက်၏။ထိုမူလစိတ်ဝိညာဉ်မှာ အသိစိတ်ဆုံးရှုံး၍ မူလစွမ်းအင်ရင်းမြစ်တစ်ခုသာ ပိုင်ဆိုင်ပြီး ကျန်သည့်အစွမ်း ဘာတစ်ခုမှ မရှိတော့ချေ။
ဂုဏ်ယူဖွယ်ကောင်းကင်ဘုံသား ထျန်ပေါင်၏ဂျူနီယာညီသည် ယခုလိုမျိုး အဆုံးသပ်သွားခဲ့လေပြီ။ ကောင်းကင်ဘုံသား ဖြစ်စေ၊ကျင့်ကြံသူတစ်ယောက် ဖြစ်စေ အနည်းငယ် ပေါ့ဆမိသည်နှင့် ယခုလိုမျိုး အဆုံးသပ်နှင့် ကြုံရနိုင်သည်ဟု ဆိုနိုင်ပေသည်။
ဝမ်လင်းက ထိုမူလစိတ်ဝိညာဉ်ကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်၍ ချင်းရွှေကို ကြည့်၏။ချင်းရွှေ၏အသွင်က ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့လေပြီ။ သို့သော် သူ့ထံ၌ ကြမ်းကြုတ်မှုအငွေ့အသက်တော့ ကျန်ရှိနေဆဲ ဖြစ်သည်။သူက ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်မှ တစ်ဆင့် သဲလွန်စအမျှင်တန်းတစ်ခုကို ရှာတွေ့ခဲ့၏။
ချင်းရွှေက ဝမ်လင်းကို ကြည့်၍ ဖြည်းဖြည်းချင်း ဆိုသည်။ “ရှုမူ…ငါ သတ်ဖြတ်ခြင်းနယ်မြေရှိသွားပြီး ပစ္စည်းတစ်ခု ယူစရာ ရှိတယ်။မင်း ငါနဲ့ လိုက်ချင်လား…”
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေ၏။ “စီနီယာအစ်ကိုက ငါ့ကို ဆယ်ရက်လောက် စောင့်ပေးနိုင်မလား…”
ချင်းရွှေက ခေါင်းညိတ်ပြ၏။သူက ပြောလာသည်။ “ကောင်းပြီ…ငါ နောက်ဆယ်ရက်နေရင် မင်းကို လာရှာမယ်…” ချင်းရွှေက အချိန်ဖြန်းမနေတော့ပေ။ သူက ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့၏။ သူ ပျောက်ကွယ်သွားသည်နှင့် မွန်းစတားဆန်သည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါ လိုက်ပါ ပျောက်ကွယ်သွားသည်။
ဝမ်လင်းက သက်ပြင်းချမိ၏။ သူသည် ချင်းရွှေမှာ ရွှမ်ပေါင်း၏မူလစိတ်ဝိညာဉ်မျ တစ်ဆင့် တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့မိမှန်း သိနေ၏။အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၏။သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာပြီး သူသည် လောကနှင့်တစ်သားတည်းပေါင်းစပ်သွားတော့သည်။
သူ ဆယ်ရက်အချိန်တောင်းရသည့် အကြောင်းရင်းမှာ သူ့ထံ၌ လုပ်စရာ ကိစ္စနှစ်ခု ရှိနေသောကြောင့်ပင်။
မဟာမိတ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိ၏။ထိုဂြိုဟ်သည် မြောက်ပိုင်းနယ်မြေ၏ အတွင်းနက်ပိုင်းတွင် ရှိသဖြင့် လွန်ခဲ့သော ရက်အတော်အတန့်က ဖြစ်ပွားခဲ့သော စစ်ပွဲနှင့် ဝေးကွာလှသည်။ထို့ကြောင့် ဤတိုက်ပွဲများကြောင့် ၎င်းဂြိုဟ်ပေါ်သို့ သက်ရောက်မှုများများ မရှိခဲ့ပေ။ထိုဂြိုဟ်သည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေပြီး သစ်တောများဖြင့် ဖုံးအုပ်နေ၏။
၎င်းဂြိုဟ်မှာ အဆင့်ခုနစ်ကျင့်ကြံခြင်းဂြိုဟ်ပင်။
ထိုဂြိုဟ်ပတ်လည်၌ ဂြိုဟ်ငယ်သုံးခု ဝန်းရံတည်ရှိ၏။
ထိုအဆင့်ခုနစ်ကျင့်ကြံခြင်း၏ နာမည်မှာ လှပကာ လနက်ဟု ခေါ်တွင်သည်။
ထိုလနက်ဂြိုဟ်၏ အဓိက အစိတ်အပိုင်းတော်တော်များများသည် သစ်ပင်သစ်တောများနှင့် ဖုံးလွှမ်းထားပြီး အနှီဂြိုဟ်အနှံ့အပြားတွင် သေမျိုးရွာများစွာ ပြန့်ကျဲ တည်ရှိနေသည်။ ၎င်းဂြိုဟ်၏ တောင်များအတွင်း၌လည်း ကျင့်ကြံခြင်းကလန်များစွာလည်း ရှိနေသည်။
ထိုဂြိုဟ်၏ တောက်ပိုင်း၌ ကျော်ကြားသောတောင်တစ်လုံး ရှိ၏။ ၎င်းကို ကောင်းကင်တောင်ဟု ခေါ်သည်။၎င်းတောင်မှာ မြင့်မား၍ ထိပ်ဖျား၌ မြူများ အုံ့ဆိုင်းနေ၏။
တောင်တက်လမ်းမှာ ကျောက်တုံးများနှင့် စီထား၍ ကျဉ်းမြောင်း၏။
မနက်ခင်းတိုင်း ထိုတောင်ထိပ်မှ ခေါင်းလောင်းသံများ ထွက်ပေါ်လေ့ ရှိသည်။ လှပသေငှက်များက တိမ်များကြား၌ ဝဲပျံကာ ကောင်းကင်တောင်ပတ်လည်၌ ဟိုဟိုဒီဒီ သွားလာနေကြသည်။ ၎င်းကျေးငှက်များ၏ အသံနှင့် ခေါင်းလောင်းသံတို့မှာ ရောထွေးယှက်တင် ဖြစ်နေသည်။
ထိုမြင်ကွင်းက ပန်းချီကားတစ်ခုအလားပင်။ အလွန် သာယာသည်ဟု ဆိုနိုင်၏။
ဒန်…ဒန်…ဒန်…။ ခေါင်းလောင်းသံက တောင်ထိပ်ကနေသည် တိမ်များကြား၌ ပျံ့လွင့်နေ၏။ ထိုအသံက လူတစ်ယောက်၏ စိတ်နှလုံးကို အေးချမ်းစေပေမည်။
ထိုတောင်ခြေ၌ သေမျိုးရွာလေးတစ်ရွာ ရှိသည်။ ထိုရွာ၌ လူဦးရေ မများလှပေ။ မိသားစုတစ်ရာဝန်းကျင်လောက်သာ နေထိုင်ကြ၏။ ၎င်းရွာ၌ တရုတ်ဇီးပင်များ အနှံ့အပြား ပေါက်ရောက်နေသည်။ တရုတ်ဇီးပင်၏ ဖူးပွင့်နေသော ပန်းရနံ့က လူတစ်ယောက်ကို တည်ငြိမ်မှုပေးသည်။
မီးခိုးငွေ့များနှင့် ခွေးဟောင်းသံများသည် ရွာ၏ မနက်ခင်းကို အစပြုသည်။
ဝမ်လင်းသည် အကွာအဝေးတစ်ခုတွင် တိတ်ဆိတ်စွာ ရပ်နေ၍ ၎င်းရွာကို ကြည့်လို့နေသည်။
ထိုရွာလေး၏ အငွေ့အသက်က ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ သူ့ကလေးဘဝကို ပြန်အမှတ်ရမိစေသည်။
ရွာထဲရှိ ကလေးငယ်တစ်ယောက်၏ နူးညံ့သောအသံသည် ဝမ်လင်းနားထဲသို့ တိုးဝင်လာ၏။ ထိုကလေးက နွားထီးတစ်ကောင်ကို စီး၍ ရွာထဲသို့ လှမ်းဝင်လာနေသည်။
ထိုနွား၏ နှခေါင်းပေါက်၌ သံကွင်းတစ်ခု ရှိကာ ခေါင်းလောင်းနှစ်ခု ချိတ်ဆွဲထားသည်။ နွားက လျှောက်လှမ်းနေရင်း ခေါင်းလောင်းသံက မြည်နေတော့သည်။ ထိုနွားထီးနောက်တွင် နွားငယ်လေးများ ကပ်၍ လိုက်လာကြသည်။
ထိုကလေးငယ်က ဝမ်လင်းကို တွေ့၏။သို့သော်သူက ကြောကလန့်မသွားဘဲ သီချင်းဆိုရင်း ဝမ်လင်းနားသို့ တဖြည်းဖြည်း ရောက်လာသည်။ထိုကလေးငယ်က သူ့ခေါင်းကို ပုတ်၍ မေး၏။ “ဦးလေး…ဒီမှာ ဘာလို့ ရှိနေတာလဲ…။လမ်းပျောက်နေတာလား…”
ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်၏။ “ဒီရွာကိုပဲ လာတာပါ…”
ကလေးငယ်က ရှေ့တည့်တည့်သို့ လက်ညှိုးထိုးပြ၍ သူ့ညင်သာသည့်အသံလေးနှင့် ဆိုသည်။ “ဒါက တရုတ်ဇီးပန်းပွင့်ရွာပါ…” သူက ထိုသို့ ပြောနေရင်း သူ့နွားထီးပေါ်တွင် ထိုင်ချပြီး ရွာထဲသို့ ဆက်ဝင်သွားသည်။
ဝမ်လင်းက သက်ပြင်းချမိ၏။ သူက ခပ်တိုးတိုး ရေရွတ်သည်။ “လနက်ဂြိုဟ် ကောင်းကင်တောင်အောက်မှာ ရှိိတဲ့ ရွာ…။ဒီရွာပဲ ဖြစ်ပါလိမ့်မယ်…”
ဝမ်လင်း၏ စိတ်ထဲ၌ လွန်ခဲ့သောနှစ်ပေါင်းများစွာအချိန်က သေခါနီးမိတ်ဆွေတစ်ယောက်၏ ခပ်ရေးရေးအသံများ ပြန်ပေါ်လာခဲ့သည်။
“ကျေးဇူးပြုပြီး ငါ့အရိုးပြာကို မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ လနက်ဂြိုဟ်ပေါ်ရှိ ယူသွားပေးပါ။ အဲ့မှာ ကောင်းကင်တောင်လို့ခေါ်တဲ့ နေရာတစ်ခု ရှိတယ်။ ဒီတောင်အောက်မှာ ရွာလေးတစ်ရွာ ရှိတာ ငါ မှတ်မိနေတုန်းပဲ..။ကျေးဇူးပြုပြီး ငါ့အရိုးပြာကို အဲ့ရွာလေးရှိ ယူသွားပေးပါ…”
(ဘာသာပြန်သူမှတ်ချက်…ဝမ်လင်း သည်နေရာသို့ ယူလာပေးသည့် အရိုးပြာသည် အတိတ်တုန်းက သူနှင့် တွေ့ဆုံခဲ့ဖူးသည့် အလောင်းကောင်ကလန်မှ အဘိုးအိုစွန်ထိုင်၏ အရိုးပြာပင်။)
***