အဘိုးအိုက ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်ပေါ်လာနေသည်။သူက အလျင်စလို ဆို၏။ “ချိပ်ပိတ်နယ်မြေရဲ့ အုပ်စိုးသူ…ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ…”
သို့သော်လည်း ဝမ်လင်းသည် ယခုကိစ္စကို ထိန်ချုပ်စေခိုင်းခြင်း မဟုတ်ပေ။ သူသည်လည်း တုန်လှုပ်မိနေ၏။
ဝမ်လင်းက ကောင်းကင်ဘုံပုတီးစေ့ကို ရပ်တန့်စေသည်ကို မတွေ့သည်အခါ အဘိုးအို နာကျင်စွာ ပြုံးမိ၏။သူက သူ့နှဖူးထက်မှ လခြမ်းကွေးအမှတ်အသားသည် ဝဲကတော့ထဲသို့ ဖြည်းဖြည်းချင်း ပြန်ဝင်ရောက်နေသည်ကိုသာ ကြည့်နေရသည်။
သူ့နှဖူးထက်မှ သွေးများစွာ ပန်းထွက်၏။သူ့မျက်လုံးသည် ဝေဝါးသွားသည်။သူက ပြင်းထန်သောဖိအားတစ်ခုနှင့် ထိမှန်ခြင်းခံရသည့်အလား သူ့ခန္ဓာကိုယ်သည် နောက်သို့ လွင့်သွား၏။
အဘိုးအို၏တပည့်လူငယ်ကလည်း ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်လုံးထဲ အကြောက်တရားတို့သာ ကြီးစိုးနေမိသည်။ သူက ဝမ်လင်းနှင့် မျက်လုံးအကြည့်ခြင်းပင် မဆုံဝံ့တော့ချေ။
သူက ဖျပ်ခနဲ အဘိုးအိုကို ဆွဲယူ၏။ အဘိုးအို၏မျက်လုံးထဲတွင် ရုန်းကန်နေရသည့်ဟန် ဖြစ်ပေါ်၏။ သူ့မျက်ခုံးနှစ်ခုကြားမှ သွေးများ တစက်စက်ကျဆင်းနေရင်း သူသည် အော်ဟစ်လိုက်၏။ “မြန်မြန်…နောက်ဆုတ်တော့…”
လူငယ်ကလည်း ဖင့်နှေးနေခြင်းမရှိဘဲ အဘိုးအိုကို သယ်ဆောင်၍ အလျင်အမြန်ဆုတ်၏။
အဖြူအနက်အခိုးငွေ့ကြောင့် ဖြစ်ပေါ်လာသည့် အစီအရင်သည် အဖြူအနက်အခိုးငွေ့အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ထို့နောက် ၎င်းက ပိုက်ကွန်ကို ထွင်းဖောက်၍ ကောင်းကင်ဘုံဆန့်ကျင့်ခြင်းပုတီးစေ့ထဲသို့ ပြန်ဝင်ရောက်လာ၏။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှာ ဝမ်လင်းနားသို့ ပြန်ရောက်ကာ သူ့ရှေ့၌ ဝဲနေသည်။
သည့်နောက် ပတ်ဝန်းကျင်ရှိ တလက်လက်ဖြစ်နေသော ပိုက်ကွန်သည် လုံးဝဥဿုံပြန်စေ့သွားချေ၏။ သည်လေဟာနယ်နေရာထဲ၌ အမှောင်ထုနှင့်တိတ်ဆိတ်မှုတို့သာ ပြန်ကြီးစိုးသွားလေသည်။
ပိုက်ကွန်အခြားဘက်ရှိ လမြွေနဂါး၊လျိုချန်တို့မှာမူ သီးသန့်ဖြစ်သွားရသည်။ ဟင်းလင်းပြင်နေရာက ပြန့်ကားချိန် သူတို့သည် ထာဝရပျောက်ကွယ်သွားရပေတော့မည်။
ချင်းရွှေက ဖြစ်ပျက်သမျှကို စူးစိုက်ကြည့်နေ၏။ သူ့ကောင်းကင်ဘုံမူလစွမ်းအင်အများအပြားသည် ချိပ်ပိတ်ခြင်း ခံထားရသည်။သူက ဝမ်လင်းကို အာရုံစိုက်၍ ကြည့်၏။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ကြည့်နေရင်း ဝမ်လင်းသည်လည်း ရှေးဟောင်းအချိန်များကတည်းက ရှိခဲ့သည့် လခြမ်းအမှတ်အသား ဆုံးရှုံးသွားရသော အဘိုးအိုကဲ့သို့ တုန်လှုပ်နေမိပေသည်။ သူသည် ဝဲကတော့မှ ထွက်ပေါ်လာသည့် အော်ရာနှင့် မစိမ်းလှပါ။ သူက သည်ပုတီးစေ့ကို ပထမဆုံးအသက်သွင်းခဲ့သည့်အခါ ၎င်းအော်ရာကို တွေ့မြင်ခဲ့ဖူး၏။
သည်အခိုက်အတန့်၌ စဉ်းစားနေရင်း ဝမ်လင်းသည် သူ့ညာလက်ဖြင့် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ဂရုတစိုက်ထိလိုက်၏။ ထိုပုတီးစေ့က ချက်ခြင်း သူ့ညာလက်ထဲသို့ ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
“ရှေးဟောင်းအချိန်တွေတုန်းက… သူတို့ရဲ့ ကိုယ်ပိုင် ကောင်းကင်နဲ့မြေကြီးကို ကျင့်ကြံတဲ့ ရှေးဟောင်းလူတွေ ရှိခဲ့ကြတယ်။ ဒီလူတွေဟာ ကောင်းကင်ဘုံသားတွေ ဖြစ်လာခဲ့ကြပြီး ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ဖြစ်တည်စေခဲ့တယ်။ အဲ့ဒီ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ ငါ့ကောင်းကင်ဘုံနယ်မြေရဲ့ တော်ဝင်နေရာလည်း ဟုတ်ခဲ့သလို အစစ်အမှန်ကောင်းကင်ဘုံနယ်မြေလို့လည်း ဆိုနိုင်တယ်…” ချင်းရွှေက အနှီစကားများကို သူ့ကိုယ်သူ ပြောနေသည့်အလားပင်။သူ့မျက်လုံးထဲ၌လည်း ဝမ်းနည်းသည့်အရိပ်အယောင်တို့ ရှိလို့နေ၏။
“ဆရာပေဖန်ဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက လာတဲ့ တစ်စုံတစ်ယောက်ပဲ။ သူဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ ဆင်းသက်လာပြီး ငါတို့အားလုံးကို သင်ကြားပေးခဲ့တယ်…”
“ဆရာ တစ်ခါ ပြောခဲ့ဖူးတာက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ သက်ရှိတွေအားလုံးရဲ့ အစောင့်အရှောက်ပဲတဲ့။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေသာ တည်ရှိရင် ကောင်းကင်နဲ့မြေကြီးလည်း တည်ရှိလိမ့်မယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပျက်စီးရင် အရာအားလုံး ဖျက်စီးခံရလိမ့်မယ်…”
“သူက ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ အဆုံးမဲ့ထာဝရ တည်ရှိလိမ့်မယ်လို့ အတွေးရှိခဲ့တယ်…။ဒါပေမဲ့လည်း တနေ့မှာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ထောက်ပိုးထားတဲ့ မိုးထိမြင့်မားတဲ့သစ်ပင်ကြီးဟာ ပျက်စီးသွားခဲ့ပြီး ဒီနယ်မြေလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ရယ်။ တသက်လုံးနီးပါး ရှာဖွေခဲ့တာတောင်မှ ဆရာဟာ ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ သဲလွန်စအရိပ်အယောင်ကို လုံးဝ ရှာတွေ့နိုင်ခဲ့ခြင်း မရှိခဲ့ဘူး…”
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပျောက်ကွယ်မှုဟာ ရှေးဟောင်းကျင့်ကြံခြင်းလောက ပျက်စီးပြိုလဲမှုကို ကိုယ်စားပြုပေတယ်။ ဒီလိုနဲ့ ခေတ်သစ်တစ်ခု မွေးဖွားလာခဲ့တယ်။ လောကဟာ ရှုပ်ထွေးလွန်းတယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ မရှိတော့ဘဲနဲ့ ကောင်းကင်ဘုံသားတွေ ဘယ်လိုဖြစ်လာနိုင်မလဲ…။ဒါ့ကြောင့် ချီကျင့်ကြံသူတွေဟာ မွေးဖွားလာခဲ့ရတယ်။ ငါ…ချင်းရွှေဟာလည်း ချီကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ပြီး ငါဟာ ကြယ်လင်သောရေနိုင်ငံရဲ့ အမွေဆက်ခံသူလည်း ဖြစ်ခဲ့တယ်…”
“ဒါပေမဲ့လည်း ကောင်းကင်ဘုံနယ်မြေ ပျောက်ကွယ်သွားခဲပေမဲ့ ဆရာပေဖန်နဲ့သူ့အပေါင်းအပါအနည်းငယ်ဟာ သူတို့ရဲ့ ကိုယ်ပိုင်လောကကို ဖွင့်လှစ်ခဲ့ကြတယ်။ သူတို့က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ရှိခဲ့တဲ့နေရာထိ မဟာလျှောက်လမ်း လေးခုကို လုပ်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုယ်နယ်မြေကို ဖန်တီးခဲ့တယ်။ ဒီနယ်မြေလေးခုကို ကောင်းကင်ဘုံနယ်မြေလို့ အမည်တပ်ခဲ့ကြတယ်…”
“လေ၊မိုး၊မိုးကြိုးနဲ့လျှပ်စီး ကောင်းကင်ဘုံနယ်မြေတွေကို ကြယ်အဖွဲ့အစည်းလေးခုအဖြစ် ပိုင်းခြားထားခဲ့ကြတယ်။ လေကောင်းကင်ဘုံနယ်မြေအောက်မှာက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၊ မိုးကောင်းကင်ဘုံနယ်မြေအောက်မှာတော့ တောက်ပသောလေဟာနယ် အဖွဲ့အစည်း၊ မိုးကြိုးကောင်းကင်ဘုံနယ်မြေအောက်မှာတော့ အလုံးစုံကောင်းကင်၊ လျှပ်စီးကောင်းကင်ဘုံနယ်မြေ အောက်မှာတော့ ဆင့်ခေါ်ခြင်းမြစ်လို့ သတ်မှတ်ခဲ့ကြတယ်။ မိုးကောင်းကင်ဘုံနယ်မြေရဲ့ အောက်မှာ ရှိတဲ့ အဖွဲ့အစည်းကို တခြားလူတွေက မဟာမိတ်အဖွဲ့အစည်းလို့ အမည်ပြောင်းလဲခဲ့ကြလေတယ်။ ဘယ်သူကများ ဒီနေရာကို တခါတုန်းက တောက်ပသောလေဟာနယ်လို့ ခေါ်တွင်ခဲ့ကြတာကို သိနေကြဦးမလဲ…”
ချင်းရွှေက သည်လေဟာနယ်နေရာကို ကြည့်နေရင်း သက်ပြင်းချမိသည်။သူက အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ပြန်ကြည်မိနေသည့်အလား သူ့မျက်လုံးထဲ၌ အတိတ်ကိုအောက်မေ့မှုတို့ ပြည့်နေ၏။
“မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ…ငါ သူမနဲ့ ဆုံခဲ့တယ်…”
ဝမ်လင်းက စဉ်းစားနေရင်း သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်ကျုံ့လာ၏။ သူ့ပေသုံးထောင်လောက် ရှိသည့်ခန္ဓာကိုယ်မှာ သာမန်အရွယ်အစားသို့ ပြန်ရောက်ရှိသွားသည်။
သူ့မျက်ခုံးနှစ်ခုကြား၌ ရှေးဟောင်းနတ်ဘုရားကြယ်ငါးလုံးက လှည့်လည်နေပြီး ကြမ်းကြုတ်သောရှေးဟောင်းနတ်ဘုရားအော်ရာကို ပေးစွမ်းနေသည်။အခုချိန်၌ ဝမ်လင်း၏မူလခန္ဓာကိုယ်သည် ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားနေပေပြီ။ သူက ခုချိန်၌ သန်မာသူတစ်ယောက်အဖြစ် ယူဆ၍ ရနိုင်ပေပြီ။
ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးက မန္တာန်တစ်ခု အသုံးပြုပါက သူသည် နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူများနှင့် ယှဉ်တိုက်နိုင်ပေပြီ။ သူက ပုံမှန်ဟင်းလင်းပြင်နေရာသို့ ပြန်ရောက်ရှိ၍ သူ့မူလစွမ်းအင်တို့ ချိပ်ပိတ်ခံထားရခြင်း မရှိတော့ပါက နိဗ္ဗာနသန့်စင်ခြင်း အစောပိုင်းအဆင့်ကျင့်ကြံသူများသည် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။
ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် သူဟာ စွမ်းအားကောင်းလှသူ အဖြစ် ခံစားမိ၏။ သူ့အသွင်က တည်ငြိမ်နေသည်။သူက ချင်းရွှေကို တိတ်ဆိတ်စွာ ကြည့်နေ၏။
ချင်းရွှေ၏မျက်လုံးသည် နူးညံ့မှုတို့ ပေါ်ထွက်နေသည်။သို့သော် သိပ်မကြာခင်တွင် နာကျင်မှုနှင့် အစားထိုးသွား၏။သူက သူ့အသိဉာဏ်ဆုံးရှုံး၍ သူ့ချစ်သူကို မတော်တဆ သတ်မိသည့်အချိန်ကို လုံးဝ မေ့နိုင်လိမ့်မည် မဟုတ်ပေ။
သည်လိုနာကျင်မှုက သူ့နှလုံးသားအနက်ပိုင်းတွင် သန္ဓေတည်ထား၏။
“ရှေးဟောင်းအချိန်တွေတုန်းက ငါ့ကောင်းကင်ဘုံကလန် အထွတ်အထိပ် ရောက်ရှိစဉ်ကပေါ့ ငါ့မှတ်ဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်းမှတ်မိနေတာ တစ်ခု ရှိတယ်။ငါ့ကလန်ရဲ့ အထွတ်အထိပ်ဟာ ကြာကြာမခံဘူးဆိုတာပဲ။ ကောင်းကင်ဘုံနယ်မြေလေးခုဟာ ပစ္စည်းလေးတစ်ခုကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ကြတယ်…”
“ဒီကြီးကျယ်လှတဲ့စစ်ပွဲဟာ အချိန်အရမ်းကြာမြင့်ခဲ့တယ်။ နောက်ဆုံးမှာတော့ ကောင်းကင်ဘုံနယ်မြေတွေဟာ ဆုံးရှုံးမှုများခဲ့ကြတယ်။ အဆုံးသပ် စစ်ပွဲရဲ့အထွတ်အထိပ်အချိန်မှာ လူတစ်ယောက်ဟာ လေဟာနယ်နေရာထဲကနေ လှမ်းထွက်လာခဲ့တယ်။ ဆရာပေဖန်ရဲ့ ပြောစကားအရ ဒီလူဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက အသိအကျွမ်းအဘိုးအိုတစ်ယောက်တဲ့…”
“သူထွက်ပေါ်လာမှုက ဆက်လက်ဖြစ်ပွားမယ့် စစ်ပွဲကို တားဆီးစေခဲ့တယ်။သူက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အမိန့်တစ်ခုကို ကိုင်ထားရင်း ကောင်းကင်ဘုံနယ်မြေလေးခုကြားမှာ အရံအတားကို ချမှတ်တယ်။ ဒီအရံအတားက နောက်တစ်ဖန် ပြန်ပွင့်လာခဲ့ရင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ဒေါသဟာ သက်ဆင်းလာပြီး အရာအားလုံးကို လောင်ကျွမ်းစေလိမ့်မယ်…”
ချင်းရွှေက စကားဆိုနေရင်း ဝမ်လင်းသည် တိတ်တဆိတ်သာ နားထောင်နေ၏။
“ကောင်းကင်ဘုံနယ်မြေလေးခုဟာ တစ်ခုနဲ့တစ်ခု သီးခြားစီ ဖြစ်သွားခဲ့ပြီး စစ်ပွဲလည်း ပြီးဆုံးသွားခဲ့တယ်။ ဒီလိုစစ်ပွဲကြီးဖြစ်စေခဲ့တဲ့ အကြောင်းရင်း လူတိုင်းလိုချင်ခဲ့တဲ့အရာကတော့ ဘာလဲဆိုတာ ငါလည်း သေချာ မသိခဲ့ဘူး။ ဒီအရာနဲ့ ပတ်သတ်လို့ ငါသိထားတာ တစ်ခုတော့ ရှိတယ်။ ဒီဟာက ပုတီးစေ့တစ်ခု ဖြစ်တယ်ဆိုတာပဲ…” ချင်းရွှေက ဝမ်လင်းကို ကြည့်၏။
ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူ့စိတ်က တုန်လှုပ်နေမိသည်။
“ငါသာ ဒီပုတီးစေ့ကို ပိုင်ဆိုင်ထားခဲ့ရင် သေချာသိမ်းထားရမှာပဲ။ ဒါကို တစ်ယောက်ယောက် တွေ့မြင်စေလို့ မရဘူး။ဒီအရာဟာ တကယ့်ကိုမှ အရေးကြီးလွန်းလှတယ်…” ချင်းရွှေက သူ့ကိုယ်သူ ပြောနေသကဲ့သို့ ဆို၏။ သူက သက်ပြင်းချသည်။
“ဒီကောင်းကင်ဘုံနယ်မြေလေးခု စစ်ပွဲကြီးဟာ ကောင်းကင်ဘုံသားများစွာကို ဆုံးရှုံးစေခဲ့တယ်။နယ်မြေလေးခုလုံးဟာ အားအနည်းဆုံး ဖြစ်သွားခဲ့ကြတယ်။ဒါပေမဲ့ ဒီစစ်ပွဲကြီး ပြီတော့ နောက်ထပ်တုန်လှုပ်ဖွယ်ပြောင်းလဲမှု တစ်ခု ဖြစ်ပွားခဲ့ပြန်တယ်…”
“ဘယ်ကမှန်း ရောက်လာတာ မသိရတဲ့ တက်တူးကလန်ဟာ ကောင်းကင်ဘုံနယ်မြေလေးခု အောက်ရဲ့ နယ်မြေမှာ ပေါ်လာခဲ့ကြတာပဲ။ ဒီတက်တူးကလန်ဝင်တွေဟာ ထူးဆန်းလွန်းလှတဲ့မန္တာန်တေွကို အသုံးပြုကြတယ်။ငါတို့ကောင်းကင်ဘုံသားတွေနဲ့လည်း မတူဘူး။ငါတို့က တာအိုကို မကျင့်ကြံဘဲ ငါတို့ရဲ့ ကောင်းကင်ဘုံမူလကိုသာ ကျင့်ကြံကြတယ်။ ဒီလူတွေကတော့ သူတို့ရဲ့စွမ်းအားတွေကို ငါတိုအသုံးပြုတဲ့ ရတနာတွေလိုမျိုး အဆောင်တွေပေါ်မှာ စုစည်းထားတာပဲ…”
“ဒီတိုက်ပွဲဟာလည်း အတော်လေး ပြင်းထန်ခဲ့ပြန်တယ်။ အဆုံးသပ်မှာ ငါတို့ကောင်းကင်ဘုံကလန်က အနိုင်ရခဲ့ပြီး တက်တူးကလန်ဟာ ပြန့်ကျဲသွားခဲ့ရတယ်။ငါတို့က သူတို့ထဲကကလန်ဝင်တော်တော်များများကိုလည်း ကျေးကျွန်အဖြစ်တောင် ပြောင်းလဲစေခဲ့တယ်။ဒါပေမဲ့လည်း ကောင်းကင်ဘုံနယ်မြေလေးခုဟာ ပိုပြီး ပျက်စီးမှုဒဏ်ကို ကြုံလာခဲ့ရတာပါပဲ။ဒီတိုက်ပွဲတွေပြီးတဲ့နောက်မှာတော့ ဒီတက်တူးကလန်ဟာ ဟင်းလင်းပြင်အောက်မှာ ရှိတဲ့ လေဟာနယ်နေရာထဲကနေ လာခဲ့ကြတယ်ဆိုတာ ငါတို့ သိရှိလာခဲ့တယ်။ အဲ့နေရာက အခု မင်းနဲ့ငါ ရှိနေတဲ့နေရာပဲ…” ချင်းရွှေက သူ့ခြေထောက်အောက်သို့ လက်ညှိုးထိုးပြ၏။
ဝမ်လင်းသည် ပင့်သက်ရှိုက်မိနေသည်။သူ့မျက်လုံးကလည်း တောက်ပနေ၏။သူက ရွေးချယ်ခံမသေမျိုးကလန်ဝင် တော်တော်များများနှင့် တွေ့ဆုံခဲ့ဖူး၏။ သို့သော် သူသည် ထိုရွေးချယ်ခံမသေမျိုးကလန်၏ မူလဇစ်မြစ်သည် အခု ဟင်းလင်းပြင်နေရာ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
အစောပိုင်းက အဘိုးအိုနှင့်လူငယ်အကြောင်းကို တွေးမိရင်း ဝမ်လင်းစိတ်ထဲ၌ အကြံတစ်ခုပေါ်လာ၏။
“ဒီဟင်းလင်းပြင်နေရာဟာ မဟာမိတ်အဖွဲ့အစည်းတစ်ခုတည်းကို ဝန်းရံထားတာ မဟုတ်ဘူး။ ဒီနေရာဟာ ကောင်းကင်ဘုံနယ်မြေအောက်မှာ ရှိတဲ့ ကြယ်အဖွဲ့အစည်းလေးခုလုံးကို ဝန်းရံထားတာ ဖြစ်တယ်…” ချင်းရွှေက သက်ပြင်းချ၍ ခပ်တိုးတိုးဆို၏။ တက်တူးကလန်နဲ့ စစ်ပွဲပြီးတဲ့နောက် ငါဟာ ရူးသွပ်မယ့်အရိယ်အယောင် စပြလာခဲ့တယ်။အစပိုင်းမှာတော့ ငါက ဒီအဖြစ်ကို အလေးအနက် မထားခဲ့ဘူးလေ။ ဒီနောက်ပိုင်းကတော့ မင်း အရှင်မီးတောက် ပြောခဲ့ဖူးတာ ကြားခဲ့ပြီးပြီးပဲ…”
ဝမ်လင်းသည် ချင်းရွှေကို ကြည့်၏။သူက စဉ်းစားနေသည်။အတန်ကြာမှ သူက ဖြည်းဖြည်းချင်း မေးလာသည်။ “စီနီယာအစ်ကို…ဟိုအဘိုးအိုက သူဟာ ရှေးပဝေသဏီကောင်းကင်ဘုံကလန်ရဲ့ လဝါးမြိုခြင်းကလန်ကနေ လာခဲ့တဲ့လူလို့ ဆိုခဲ့တယ်…”
ချင်းရွှေ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်လာ၏။သူက ခပ်တိုးတိုး ဆိုသည်။ “ဒါက ငါ့ကို စိတ်ရှုပ်စေမိတာပဲ။ ငါက ဒီပဝေသဏီကောင်းကင်ဘုံကလန်ကို တခါမျှ မကြားခဲ့ဖူးဘူး။ အတိတ်တုန်းက တက်တူးကလန်နဲ့များ တစ်နေရာတည်း ဖြစ်နေနိုင်မလား။ အဲ့ရှေးပဝေသဏီကောင်းကင်ဘုံကလန်မှာကော အဖွဲ့တွေအများကြီး ရှိိနေနိုင်မလား…” ချင်းရွှေ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုအားကောင်းလာ၏။
“ဒါပေမဲ့လည်း…ငါက အတော်လေးထူးဆန်းတယ်လို့ ခံစားမိနေတယ်။ ဒီခုနစ်ရောင်စုံအခိုးငွေ့ ပေါ်လာတဲ့အချိန်တုန်းက ငါဟာ မမျှော်လင့်ဘဲ ပုံရိပ်ယောင်တစ်ခုကို တွေ့မြင်ခဲ့ရတယ်။ ဒီပုံရိပ်ယောင်မြင်ကွင်းမှာ ဆရာဟ ကောင်းကင်ထက်ကို အရူးတစ်ယောက်လို လက်ညွှန်ပြီး သေဆုံးသွားခဲ့တယ်…။ဆရာ မသေခင် မြင်တွေ့ခဲ့တာက ဘာများ ဖြစ်နေမလဲ…
ဝမ်လင်းက အလေးအနက် စဉ်းစားနေမိ၏။
ထူးဆန်းဆန်းကြယ်မှုများသည် ပတ်ဝန်းကျင်တစ်ခုလုံး၌ ပြည့်နှက်နေသည့်သဘောပင်။ သို့သော် မည်သူကမျှ ၎င်းဆန်းကြယ်မှုများထဲရှိ အမှန်တရားကို မြင်တွေ့စေခြင်း မရှိအောင် မြူခိုးများဖြင့် ဖုံးနေသည့်အလားပင်။ ဝမ်လင်းနှင့်ချင်းရွှေတို့သည် ဟင်းလင်းပြင်နေရာထဲ၌ တိတ်ဆိတ်စွာ စဉ်းစားနေကြ၏။
ချင်းရွှေ၏ကောင်းကင်ဘုံမူလစွမ်းအင်များသည် တဖြည်းဖြည်းလုံးဝ ချိပ်ပိတ်ခြင်း ခံရ၏။သူက တဖြည်းဖြည်းအားနည်းလာကာ တတိယမြောက်နေ့၌ ပျံသန်းနိုင်သည့်စွမ်းရည်ပင် မကျန်ရှိိတော့ပေ။
ဝမ်လင်းက ချင်းရွှေကို ဖေးကူ၍ ဟင်းလင်းပြင်နေရာထဲသို့ ဆက်၍ သွားနေ၏။ အရှင်မီးတောက်သူ့ကို ပေးခဲ့သော ကောင်းကင်ဘုံအစိတ်အိုင်းသည် သူ့ရှေ့၌ မြောလွင့်နေသည်။၎င်းက နူးညံ့သောအလင်းတစ်ခုကို ပေးစွမ်းသည်။ထိုအရာက အပြင်လောကနှင့် ချိတ်ဆက်မှု ရှိနေကာ လမ်းပြနေသည့်သဘောဆောင်၏။
ချင်းရွှေကို ဖေးကူထားရင်း ဝမ်လင်းက ထိုကောင်းကင်ဘုံအစိတ်အပိုင်းနောက်သို့ လိုက်ပါနေ၏။ ကိုးရက်မြောက်နေ့၌ ချင်းရွှေသည် အတော်လေး အားနည်းနေလေပြီ။သူက လေဟာနယ်နေရာကို ကြည့်နေရင်း ပြောသည်။ “ရွှမ်ပေါင်ရဲ့မူလစိတ်ဝိညာဉ်ထဲက မှတ်ဉာဏ်ကို ငါ ရှာပြီးရင် မင်းက ဒီမူလစိတ်ဝိညာဉ်ကို သိမ်းထားသင့်တယ်။သူ့မူလစိတ်ဝိညာည်ထဲမှာ ကောင်းကင်ဘုံမူလစွမ်းအင် အများကြီး ပါဝင်တယ်။ဒါ့ကြောင့် ဒီမူလစိတ်ဝိညာဉ်ဟာ မင်းအတွက် အလွန်အသုံးတည့်လိမ့်မယ်…”
“မင်းရဲ့ စိတ်နေစိတ်ထားဟာ အတိတ်တုန်းက ငါနဲ့ အတော်လေး တူတယ်။မင်းက ငါ့ထက်ပိုပြီး ကံကောင်းမှု ရပါစေလို့ ငါ မျှော်လင့်မိတယ်။ငါကတော့ ဒီလိုအရည်အချင်းမျိုး ထပ်မရှိတော့ဘူး…” ချင်းရွှေက ဝမ်လင်းကို ကြည့်သည့်အခါ သူ့အတိတ်ကိုယ်သူ ပြန်ကြည့်မြင်နေရသည့်အလား ခံစားရ၏။
တူညီသောအေးစက်မှု၊တူညီသောသတ်ဖြတ်မှု၊တူညီသော အထီးကျန်ဆန်မှု။
ယနေ့၌ ကောင်းကင်ဘုံအစိတ်အပိုင်းသည် ရုတ်တရက် တောက်ပကာ ရပ်တန့်သွား၏။ ၎င်းက တောက်ပနေရင်း ဝဲကတော့တစ်ခုသည် ၎င်းရှေ့၌ ပေါ်လာ၏။
ထိုဝဲကတော့ပေါ၌ ပလ္လင်တစ်ခု ရှိနေကာ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စကားစမြည် ပြောနေကြသည်။ အရှင်မီးတောက်က ထိုပလ္လင်ထက်၌ မတ်တပ်ရပ်နေသည်။သူက ပြုံး၍ ဆို၏။
“ပြန်လည်ကြိုဆိုပါတယ်…”
***