လျိုချန်၏ ဝမ်းနည်းနေသည့်အသံသည် လေဟာနယ်နေရာအနှံ့တွင် ပဲ့တင်ထပ်ကာ ဝမ်လင်းနားထဲသို့ ဝင်ရောက်လာ၏။ဝမ်လင်း၏ စိတ်သည် တုန်ယင်မိသည်။သူက ဝမ်းနည်းပူဆွေးမှု အချို့ကို ခံစားမိသည်။
လျိုချန်သည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖိဆန်ဝံ့၊ ကောင်းကင်ဘုံကိုပင် အန်တုဝံ့သူပင်။သို့သော် သူသည် လမြွေနဂါးနှင့် ပေါင်းစပ်မှု သူ့ကံကြမ္မာကို ပြောင်းနိုင်စွမ်း မရှိခဲ့ပေ။
သူက လမြွေနဂါးနှင့် အာရုံခံစားမှုချင်းဆက်နွှယ်ကာ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားအများစုကိုလည်း စုပ်ယူခြင်း ခံခဲ့ရသည်။ သူသည် လမြွေနဂါး၏ကိုယ်ထဲ၌ နှစ်ပေါင်းသောင်းချီ ပိတ်လှောင်နေခဲ့ရခြင်းက သေသည်ထက်ဆိုးသည့် အခြေအနေပင်။ ရှေးဟောင်းနတ်ဘုရားတို့၏ ဂုဏ်ယူဝင့်ထည်မှု မာနဖြင့် ထိုအဖြစ်သနစ်က သူ့ကို အရှက်ရစေခဲ့ပေသည်။
ရှေးဟောင်းနတ်ဘုရားကလန်က အင်မတန်မောက်မာသည့် ကလန် ဖြစ်၏။ထိုသို့ ဂုဏ်မာနကြီးမှုသည် ထူစီထံ၌လည်း အတူတူ၊လျိုချန်သည်လည်း အတူတူသာ ဖြစ်သည်။
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေမိ၏။သူ့စိတ်နှလုံးထဲ၌ နာကျင်မှုတို့ ပြည့်သည်။သို့ရာတွင် သူ့မျက်လုံးထဲ၌ လေးစားမှုတို့ ရှိနေ၏။ သူက ရှေးဟောင်းနတ်ဘုရားလျိုချန်ကို လေးစားမိပေ၏။
သည်အခိုက်အတန့်၌ လေဟာနယ်နေရာအတွင်း၌ တဝီဝီအသံများ ဖြစ်ပေါ်လာကာ ရှေးဟောင်းနတ်ဘုရားကြယ်နှစ်လုံးသည် ဝမ်လင်းထံသို့ အဆုံးစွန်အမြန်နှုန်းဖြင့် ရွှေ့လျားလာနေခြင်းပင်။ ဝမ်လင်းသည် ထိုကြယ်နှစ်လုံးကို ဖမ်းဆုပ်၏။ သည်အခိုက်၌ ၎င်းကြယ်နှစ်လုံးသည် ဝမ်လင်းနှင့် ပေါင်းစပ်သွားသည်။
ဤအခိုက်၌ အံ့မခန်းရှေးဟောင်းနတ်ဘုရားစွမ်းအားသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ပြည့်လျှံလာ၏။ ထိုစွမ်းအားသည် အားကောင်းလွန်းလှချေသည်။ ဝမ်လင်း၏ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာနေသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်မှာ အဆများစွာ ကြီးမားလာသည်။သူသည် ပေသုံးထောင်ကျော်ထိ မြင့်မားလာ၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများအားလုံးသည် သူ့ကိုယ်ထဲရှိ စွမ်းအားက သူ့အား ဆုတ်ဖြဲလိုသည့်အလား ဖောင်းကြွလာကြသည်။နာကျင်မှုနှင့် ပြည့်နေရင်း ဝမ်လင်းသည် ရှေ့သို့ တိုးထွက်ကာ မာန်သွင်းဟစ်အော်သည်။
ထိုဟိန်းသံက မရေမတွက်နိုင်သော အသံပေါက်ကွဲမှုများ အဖြစ်သို့ ပြောင်းလဲ၍ ရှေ့သို့ တဟုန်ထိုး ထွက်သည်။ ၎င်းအသံစွမ်းအားထဲ၌ တော်ဝင်ရှေးဟောင်းနတ်ဘုရား၏စွမ်းအား ပါဝင်သည်။ထိုအဖြစ်က သူ့ထံသို့ တိုးဝင်လာသည့် လက်ကြီးကို တန့်သွားစေသည်။
ဝမ်လင်းသည် လျိုချန်သူ့ထံသို့ ပစ်ပေးခဲ့သည့် ကြယ်နှစ်လုံးထံမှ ရှေးဟောင်းနတ်ဘုရားစွမ်းအားများသည် သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။
ထိုစွမ်းအားအောက်၌ သူကိုယ်တိုင်ပင် လဲပြိုရလုနီးပါး ဖြစ်ရသည်။
သူ့ခန္ဓာကိုယ်ထဲရှိ အနှီခံစားချက်သည် သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေ၏။ထို့ကြောင့် သူက ဟိန်းသံများ ထုတ်ဖော်၍ သူ့နာကျင်မှုကို ပေါက်ကွဲစေသည်။ ထိုဟိန်းသံများအတွင်း၌ ပြင်းထန်သောဖိအားတစ်ခု ပါဝင်ချေ၏။
သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များသည် အလွန်မြန်ဆန်စွာ လှည့်ပတ်နေသည်။ဝမ်လင်းက မာန်သွင်းအော်ဟစ်ရင်း ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ကြမ်းတမ်းစွာ ထိုးချသည်။
ထိုလက်သီးချက်က မုန်တိုင်းထန်စေ၏။ သူ့ရှေ့ရှိ လေဟာနယ်နေရာသည် နောက်သို့ ရွေ့သွားသလား ထင်ရ၏။ပြင်းထန်သောအားတစ်ခုသည် ရှေ့တည့်တည့်သို့ ရိုက်ခတ်သွားသည်။
ရွှေရောင်အလင်းများဖြင့် ဖွဲ့တည်ထားသည့် လက်ကြီးသည် ဝမ်လင်း၏လက်သီးချက်ကြောင့် ရပ်တန့်သွား၏။ ဤအခိုက်၌ ဝမ်လင်း၏လက်နှင့် ၎င်းလက်တို့သည် ထိပ်တိုက် တွေ့ဆုံပေသည်။
ဘန်း…ဘန်း…ဘန်း…ဘန်း…။
ဆင့်ကဲလက်သီးချက်များကို နှစ်ဖက်လုံးက ထုတ်ဖော်၏။ ရူးသွပ်ဖွယ် တန်ပြန်အားကြောင့် ထိုဧရာမလက်ကြီးက နောက်သို့ ဆုတ်ရ၏။
ဝမ်လင်း၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်ကာ သူသည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ရသည်။ ထိုအချိန်၌ သူ့မျက်လုံးသည် တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။ သည်အခိုက်၌ သူ့ခန္ဓာကိုယ်မှ နာကျင်မှုကိုလည်း မခံစားရတော့ပေ။ သူ သက်တောင့်သက်သာ ခံစားနေရ၏။ သူက လက်သီးခပ်တင်းတင်းဆုတ်ထားရင်း လောကကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားမိ၏။
ချင်းရွှေထံသို့မူ ထိုဧရာမလက်က ရောက်မလာခဲ့ပေ။ သို့သော် ချင်းရွှေက ပိုက်ကွန်၏အခြားတစ်ဖက်ရှိ လူနှစ်ယောက်ကို ကြည့်နေသည်။ သူ့အကြည့်ထဲ၌ စိတ်ရှုပ်ထွေးမှုတို့လည်း ရှိနေ၏။ရုန်းကန်နေရဟန်လည်း ရှိ၏။
သူက သူ့ခေါင်းထဲမှ နာကျင်မှုတစ်ခု ထွက်ပေါ်လာသည့်အလား ရှိနေ၏။ ထိုအရာက သူ့မှတ်ဉာဏ်ထဲ၌ ဖုံးကွယ်နေသောအရာက သည်လူနှစ်ယောက်ကို တွေ့မြင်ချိန်၌ ခပ်ကြမ်းကြမ်း ပြန်ဖွင်ဟလာသည့်လား ခံစားမှုမျိုးပင်။
လေဟာနယ်နေရာရှိ တလက်လက် ဖြစ်နေသည့် ပိုက်ကွန်မှာ မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။၎င်းပိုက်ကွန်က လုံးဝ ပြန်ကောင်းမွန်လာခါနီး၌ ပိုက်ကွန်အပြင်၌ ရှိနေသော အဘိုးအို၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူက ဝမ်လင်း၏ဧရာမခန္ဓာကိုယ်ကြီးကို ကြည့်နေ၏။အထူးသဖြင့် ဝဲကတော့အလယ်၌ မြန်ဆန်စွာ လှည့်လည်နေသော ကြယ်လေးလုံးကိုပင်။ဝမ်လင်း၏ခန္ဓာကိုယ်ထံကနေ ရွှေရောင်အလင်းစက်များ ပြန့်ကျဲ၍ ဝဲကတော့ထဲ၌ စုဝေးနေသည်။ ထိုအခါ ပြင်းထန်သောရှေးဟောင်းနတ်ဘုရားစွမ်းအားလှိုင်းများသည် ပျံ့နှံ့တော့သည်။
ထိုဝဲကတော့အတွင်း၌ အနက်ရောင်အရည်စက်တစ်ခုသည် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။
“သူက တကယ့်ကို တော်ဝင်ရှေးဟောင်းနတ်ဘုရားပဲ…” အဘိုးအို၏မျက်လုံးသည် တောက်ပလာ၏။
“ကြယ်ငါးလုံးတော်ဝင်ရှေးဟောင်းနတ်ဘုရားက ခုမှ နိုးထာခါစ…။ငါက ဒီချိပ်ပိတ်နယ်မြေမှာ တော်ဝင်ရှေးဟောင်းနတ်ဘုရားတွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ အကြီးအကဲကောင်စီသာ ဒါနဲ့ ပတ်သတ်ပြီး ရှာတွေ့သွားခဲ့ရင် မုန်တိုင်းထန်စေတော့မှာပဲ။ ကံကောင်းစွာနဲ့ ဒီလူက ခုမှ နိုးထခါစ အခြေအနေပဲ ရှိသေးတယ်။သူသာ အပြည့်အဝ နိုးထလာပြီး ကြယ်ခြောက်လုံးအဖြစ် ရောက်ရှိရင် ငါနောက်ဆုတ်ပေးဖို့ပဲ ရှိတော့တယ်…”
ထိုအဘိုးအိုက ပင့်သက်ရှိုက်မိ၏။သူ့မျက်လုံးထဲ၌ လောဘတို့ ဖြစ်ပေါ်နေသည်။
“ငါသာ သူ့ရဲ့တော်ဝင်ရှေးဟောင်းနတ်ဘုရားစွမ်းအားကို စုပ်ယူနိုင်ရင် ငါဟာ အကြီးအကဲကောင်စီမှာ နေရာတစ်ခု သိမ်းပိုက်နိုင်လိမ့်မယ်…” အဘိုးအို၏မျက်ခုံးနှစ်ခုကြားမှ လခြမ်းကွေးအမှတ်အသားသည် တဖျပ်ဖျပ် ဖြစ်လာ၏။သူက အံတင်းတင်း ကြိတ်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ထိုအခါ လခြမ်းကွေးအမှတ်အသားသည် အမှန်တကယ် ပျံသန်းထွက်သွားရင်း ဆယ်ပေရှိသော လခြမ်းကွေးခပ်နှိပ်မှုအမှတ်အသား အဖြစ် ဖြစ်ပေါ်လာသည်။
“ဒီအဘိုးအိုက ရှေးပဝေသဏီကောင်းကင်ဘုံကလန်ရဲ့ ရှေးဟောင်းလဝါးမြိုခြင်းကလန်ဝင်ပဲ။ ဒီကနေ့ ငါက ငါ့ဘဝမှာ ကံကောင်းမှုကြီးတစ်ခုကို လာကြုံရတာပဲ။ ဘာပဲဖြစ်ဖြစ် ငါ ဒါကို လက်လွှတ်လို့ မဖြစ်ဘူး…” အဘိုးအိုက ထိုသို့ ပြောဆိုလိုက်ရင်း လခြမ်းကွေးအမှတ်အသားသည် ရှေ့သို့ ဦးတည်သွားတော့သည်။
လေဟာနယ်နေရာရှိ ပိုက်ကွန်သည် လုံးဝ ပြန်စေ့ခါနီးအခိုက်၌ လခြမ်းကွေးအမှတ်အသားသည် ရုတ်တရက် ထိုးခွဲ၍ ဝင်လာ၏။၎င်းက လေဟာနယ်နယ်မြေထဲ၌ ပေထောင်ချီ၍ မြင့်မားလာကာ ဝမ်လင်းနှင့်ပင် နှိုင်းယှဉ်၍ ရလာသည်။
“လကောင်းကင်ဘုံသား နတ်ဘုရားဝါးမြိုခြင်း…” အဘိုးအို၏မျက်လုံးသည် ရုတ်တရက် ပြူးကျယ်လာ၏။ သူ့မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာသည်။၎င်းသွေးကြောများသည် လခြမ်းကွေးအမှတ်အသားအောက်၌ စုစည်းကာ သူ့အသွင်ကို ကြမ်းကြုတ်လှသည့်ဟန် ဖြစ်စေသည်။
သူက ထိုသို့ ပြောလိုက်သည့်အခိုက် လခြမ်းကွေးအမှတ်အသားသည် နတ်ဆိုးအလင်းကို ပေးစွမ်းလာ၏။ထို့နောက် လခြမ်းကွေးအမှတ်အသားပေါ်၌ ဧရာမပါးစပ်ကြီး ပေါ်လာကာ ဝမ်လင်းထံသို့ ဝါးမြိုရန် တိုးဝင်လာချေသည်။
ထိုပါးစပ်ကြီးထံမှ အဆုံးမဲ့စုပ်အားများ ထွက်ပေါ်နေ၏။ထိုစုပ်အားသည် အလွန်ထူးဆန်းလှ၏။
ထိုလခြမ်းကွေးအမှတ်အသားမှ ပါးစပ်ကြီးသည် ဝမ်လင်းနားသို့ ချက်ခြင်းလိုလို ရောက်ရှိလာချေသည်။ ဝမ်လင်းအတွက် တုန့်ပြန်ရန်ပင် အချိန်မရှိလိုက်ချေ။ အဆုံးမဲ့စုပ်ယူအားက သည်ဧရိယာတွင် ပြည့်နှက်၍ ဝမ်လင်းကို တိုက်ရိုက် ဝါးမြိုလာ၏။
ဝမ်လင်း၏ပုံရိပ်က သည်လေဟာနယ်နေရာ၌ ဆက်၍ မတည်ရှိတော့ဘဲ ထိုလခြမ်းအမှတ်အသား တစ်ခုသာ ကျန်ရှိတော့သည်။ ထိုအဘိုးအိုက လခြမ်းအမှတ်အသား နောက်သို့ တရကြမ်း ပြန်ဆုတ်လာချိန်၌ အလွန်စိတ်လှုပ်ရှားနေမိသည်။သူက ပိုက်ကွန်လုံးဝ ပြန်မစေ့ခင် ဝမ်လင်းကို ဝါးမြိုထားသည့် လခြမ်းကွေးအမှတ်အသားကို ပြန်ထွက်လိုနေမိသည်။
အဘိုးအို၏ ရယ်မောသံက စိတ်လှုပ်ရှားမှုနှင့် ပြည့်နေ၏။သူက သူသည် ယနေ့လို ကံကောင်းမှုမျိုး ကြုံရလိမ့်မည်ဟု လုံးဝ မတွေးထားမိခဲ့ပေ။
“ဒီတော်ဝင်ရှေးဟောင်းနတ်ဘုရားကို ဝါးမြိုပြီးရင်တော့ ဒီအဘိုးအိုရဲ့ ကျင့်ကြံခြင်းအဆင့်ဟာ အကြီးအကဲကောင်စီမှာ နေရာတစ်ခု ရလာတော့မယ်…”
အဘိုးအိုသည် ပိုက်ကွန်ရှိရာသို့ တိုးသွား၏။သူ့ညာလက်ကို လခြမ်းကွေးအမှတ်အသားထံသို့ ဆန့်ထုတ်သည်။
သူသည် သူ့ကလန်အတွင်း၌ အထက်စီး၌ ရပ်တည်၍ အကြီးအကဲကောင်စီ၌ အလေးစားခံရမည့် အဖြစ်ကို တွေးနေမိသည်။
သို့ရာတွင် ထိုအခိုက်အတန့်လေးမှာပင် အဘိုးအို၏အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူ့မျက်နှာထက်၌ မယုံကြည်နိုင်ဟန်တို့ ရုတ်ချည်းထွက်ပေါ်လာသည်။သူ့အကြံအစည်များအားလုံးသည် ပျက်စီးယိုယွင်းသွားရလေပြီ။ သူက ရှေ့တည့်တည့်သို့သာ စူးစိုက်ကြည့်နေမိသည်။
ဝမ်လင်းကို ဝါးမြိုထားသည့် လခြမ်းအမှတ်အသားထံမှ ရူးသွပ်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်ရာသည် အဆုံးစွန်စွမ်းအားနှင့် ပြည့်၏။ထိုအဖြစ်က လခြမ်းကွေးအမှတ်အသားကို ပြင်းထန်စွာ တုန်ခါလာစေသည်။ထို့နောက် ၎င်းအမှတ်အသားသည် ဘန်းခနဲ ပေါက်ကွဲထွက်သွားချေ၏။
လခြမ်းကွေးအမှတ်အသားသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ပျက်စီးသွားသည်။ဤအခိုက်၌ အဘိုးအို၏မျက်နှာမှာ လုံးဝ ဖြူရောသွားသည်။သူ့မျက်ခုံးနှစ်ခုကြားကနေ တစီစီအသံများ ထွက်ပေါ်လာသည်။သည့်နောက် သူသည် သွေးအန်ထုတ်ရ၏။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်လာ၏။သူက ငြီးတွားဆို၏။ “မဖြစ်နိုင်ဘူး…”
သူ့မျက်ခုံးနှစ်ခုကြားရှိ လခြမ်းအမှတ်အသားသည် တစ်ဝက်တိတိ အက်ကွဲသွား၏။အဘိုးအိုသည်လည်း နောက်သို့ လွင့်ထွက်သွားသည်။ သူ့ဘေးရှိ လူငယ်သည် အကြောင်သား မင်သက်နေမိ၏။ ခုချိန်၌ သူက တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု မည်သို့မည်ပုံ ဖြစ်သွားခဲ့သည်ကိုပင် နားမလည်နိုင် ဖြစ်နေရသည်။
ပိုက်ကွန်အတွင်းရှိ လေဟာနယ်နေရာထဲသို့ ဝမ်လင်းသည် ပျက်စီးသွားသည့်လခြမ်းအမှတ်အသားကနေ လှမ်းလျှောက်ထွက်လာ၏။ သူ့နှဖူးထက်ရှိ ကြယ်ငါးလုံးသည် တဖြည်းဖြည်းလှည့်လည်ကာ ကြယ်ငါးလုံးတော်ဝင်ရှေးဟောင်းနတ်ဘုရား၏အော်ရာသည် ဤဧရိယာ၌ ပြည့်နှက်လေသည်။
သို့ရာတွင် ထိုရှေးဟောင်းနတ်ဘုရားစွမ်းအားက လခြမ်းကွေးအမှတ်အသားကို ပေါက်ကွဲထွက်သွားစေခြင်းနှင့် ပိုက်ကွန်တခြားဘက်ရှိ အဘိုးအိုကို သွေးအန်သွားစေခြင်းတော့ မဟုတ်ပါ။ဤအခိုက်၌ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ အဖြူ၊အနက်ပုတီးစေ့သည် မြောလွင့်လာသည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့။
ဝမ်လင်းသည် လခြမ်းကွေးအမှတ်အသား၏ ဝါးမြိုခြင်း ခံလိုက်ရချိန်၌ ကောင်းကင်ဘုံပုတီးစေ့သည် ၎င်းဘာသာ စတင်လှုပ်ရှား၍ သူ့မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်လာခြင်းပင်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပေါ်လာသည့်အခိုက် ဆန်းကြယ်သောအားတစ်ခုသည် ၎င်းအတွင်းကနေ ထွက်ပေါ်လာသည်။ထိုအားကသာ လခြမ်းကွေးအမှတ်အသားကို ခုခံနိုင်စွမ်းကင်းမဲ့စေ၍ ပျက်စီးသွားစေခဲ့ခြင်းပင်။
ယခုအချိန်၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပတ်လည်တွင် အဖြူအနက်အခိုးငွေ့များ ဝန်းရံနေသည်။ထိုအဖြူအနက်အခိုးငွေ့သည် ထိုးထွက်၍ ပိုက်ကွန်ကို ဖြတ်ကျော်ကာ အဘိုးအိုရှိရာသို့ တိုက်ရိုက် တိုးဝင်သွားချေသည်။
အဘိုးအိုသည် အထိတ်တလန့် အော်ဟစ်မိ၏။သူ့မျက်နှာထက်၌ အကြောက်တရားတို့သာ ကြီးစိုးကုန်သည်။ သူက ကောင်းကင်ဘုံပုတီးစေ့ကို မည်သည့်အရာမှန်း သိရှိနေသည့်အလားပင်။ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်က အံ့မခန်းကြောက်ရွှံ့မှုတို့နှင့်သာ ပြည့်နေတော့၏။
“သင်…သင်က…”
သူ့အသိစိတ်ပင် ဆုံးရှုံးသွားမိ၏။သူက တုန်လှုပ်ခြင်းကြီးစွာဖြင့် နောက်သို့ အလိုလို ဆုတ်မိသည်။
သို့ရာတွင် သူက နှေးလှ၏။ပိုက်ကွန်ကို ဖြတ်ကျော်လာသည့် အဖြူအနက်အခိုးငွေ့သည် ချက်ခြင်းလိုလို အဘိုးအိုနားသို့ ရောက်ရှိလာခဲ့ပေပြီ။
အဘိုးအိုသည် တည်နေရာရွှေ့ပြောင်းခြင်း၊လောကနှင့်တစ်သားတည်းပေါင်းစပ်ခြင်း မည်သို့အရာရာကို ကြိုးစားပါစေ ကောင်းကင်ဘုံပုတီးစေ့မှ ထွက်လာသည့် အဖြူအနက်အခိုးငွေ့ရှေ့တွင် အရာရာသည် အချည်းနှီးသာ ဖြစ်ရသည်။
အဖြူအနက်အခိုးငွေ့က အဘိုးအိုကို ဝန်းရံသွား၏။အဘိုးအို၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်သည်။ သူ့နှလုံးခုန်သံကိုပင် အတိုင်းသား ကြားနေရ၏။
အဖြူအနက်အခိုးငွေ့သည် သူ့ကို ဝန်းရံထားနေရင်း ထိုအဘိုးအို၏ ရှေ့၌ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ယင်းဝဲကတော့ထဲမှ လက်တစ်ဖက် ထွက်လာ၏။ ၎င်းလက်က အဘိုးအိုရှိရာသို့ ဆန့်တန်းလာသည်။
အဘိုးအို၏မျက်ခုံးနှစ်ခုကြားရှိ ပျက်စီးသွားသည့်လခြမ်းကွေးအမှတ်အသားသည် ပေါက်ကွဲ၍ ထိုးထွက်၏။ ထိုအမှတ်အသားပေါ်၌ သွေးကြောင်းများပင် ရှိလို့နေဆဲပင်။ ၎င်းအမှတ်အသား ပျံသန်းထွက်သွားသည့်အခိုက် အဘိုးအိုသည် အလွန်အမင်းနာကျင်ထိတ်လန့်စွာ အော်ဟစ်ရ၏။သူ့ခန္ဓာကိုယ်သည် တစက်စက်တုန်ယင်နေ၏။ သူ့မျက်နှာထက်၌ ချွေးသီးချွေးပေါက်များစွာ ကျင်ဆင်းနေသည်။သူက ပေါက်ကွဲထွက်တော့မည့်အလား သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများ ဖောင်းကြွလာလေ၏။
***