လျိုချန်သည် လမြွေနဂါးနာကျင်စွာ ခံစားရသည့်အခါ သူလည်း ပူဆွေးစွာ ခံစားရ၏။သူတို့သည် တပေါင်းတစည်းတည်း ရှိခဲ့သည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပြီ မဟုတ်လား။ ချက်ခြင်းပင် သူသည် ရှေ့သို့တိုးကာ လက်သီးတစ်လုံး ပစ်သွင်းသည်။
ထိုလက်သီးချက်က ဝမ်လင်းနှင့် တိုက်ခိုက်ချိန်ကထက် အဆများစွာ ပို၍ အားကောင်း၏။ ဧရာမဆင်ကြီးကလည်း မာန်ဖီ၍ အနက်ရောင်အလင်းအဖြစ် ပြောင်းကာ လျိုချက်၏လက်သီး၌ ခြုံလွှမ်းသည်။ထိုအခါ လက်သီးချက်နှင့်အတူ ဆင်အော်သံသည် မြည်ဟိန်း၍ ကပ်ပါလာစေ၏။ လက်သီးချက်သည် ခုနစ်ရောင်စုံအခိုးငွေ့ထံသို့ တိုးဝင်လာရင်း အနားရောက်သည့်အခါ ဧရာမဆင်သည် ပြန်လည် ဖွဲ့စည်း၏။
တုန်လှုပ်ဖွယ်လှိုင်းတစ်ခု ပျံ့နှံ့လာ၏။ခုနစ်ရောင်စုံသည် နောက်သို့ အနည်းငယ် လွင့်သွားသည်။သို့သော် မြန်ဆန်စွာ ပြန်စုစည်း၍ ဆင်ကြီးအား ဝါးမြိုပစ်သည်။
ခုနစ်ရောင်စုံအခိုးငွေ့က ချင်းရွှေနားသို့ ရောက်လာချိန်၌ သူသည် နောက်မဆုတ်ပေ။သူ့လက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ထိုအခါ ခရမ်းနီရောင်လိုင်းတစ်ခု ပေါ်လာကာ စက်ဝန်းတစ်ခုကဲ့သို့ ဖွဲ့တည်သည်။
ချင်းရွှေက ထိုခုနစ်ရောင်စုံအခိုးငွေ့ကို တွေ့မြင်သည်အခါ သူ့စိတ်ထဲ၌ လျှပ်စီးတန်းတစ်ခု ဖြတ်စီးသွားသည့်အလား ခံစား၏။သူက အော်ပြောလိုက်သည်။ “ငါက ကောင်းကင်ဘုံသားအဖြစ် တဘဝလုံး ကျင့်ကြံခဲ့ပြီး ဂျိနယ်ပယ်ရင်းမြစ်ခုနစ်ကို မွန်းမံသန့်စင်ခဲ့တယ်။ ဒီလိုကျင့်ကြံမှုကြောင့် ငါဟာ ကောင်းကင်ဘုံအရှင်သခင်တစ်ယောက်အထိ ဖြစ်လာခဲ့တယ်။ငါက လူပေါင်းများစွာကိုလည်း သတ်ဖြတ်ခဲ့ဖူးပေမဲ့ ဒီလိုမျိုး ကောင်းကင်ဘုံရဲ့ တာအိုနဲ့တော့ လုံးဝ မတိုက်ခိုက်ခဲ့ဖူးဘူး…”
ခရမ်းနီရောင်စက်ဝန်းလိုင်း ပေါ်လာသည်နှင့် ၎င်းက စူးရှရှအသံကို ထုတ်လွှတ်ကာ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာ၏။
“ကောင်းကင်ဘုံတာအိုလား…” အက်ကြောင်းထဲမှ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာ၏။ရယ်သံတစ်ခုပါ ကပ်ပါလာသည်။ ထိုရယ်သံအရ ဤသို့ ပြောလိုက်သူမှာ အသက်သိပ်ကြီးသူ မဟုတ်မှန်း သိစေသည်။
“ချိပ်ပိတ်နယ်မြေကို ရောက်လာတဲ့ မင်းတို့နဲ့ယှဉ်ရင် ငါ့ကို ကောင်းကင်ဘုံတာအိုလို့ ယူဆနိုင်ပါတယ်လေ။ လမြွေနဂါး၊ရှေးဟောင်းနတ်ဘုရားနှစ်ပါးနဲ့ ဂျိနယ်ပယ်ကျင့်ကြံတဲ့ မင်း…ငါနဲ့အတူ ကောင်းကင်ဘုံတာအိုရဲ့ နေရာကို လိုက်လာခဲ့လေ။ဒါက မင်းတို့အားလုံးအတွက် ကံကောင်းမှုတစ်ခုလို့ မှတ်ယူနိုင်လိမ့်မယ်….”
ချင်းရွှေ၏ မျက်လုံးက အေးစက်နေ၏။ခုနစ်ရောင်စုံအခိုးငွေ့ နီးကပ်လာစဉ် သူသည် ရှေ့သို့ တိုးဝင်သွားသည်။ ခရမ်းနီရောင်လိုင်းက ခုနစ်ရောင်စုံအခိုးငွေ့ကို ဖြတ်ကျော်ကာ တစီစီအသံများကို ဖြစ်ပေါ်စေသည်။
ဝမ်လင်းထံသို့လည်း ထိုခုနစ်ရောင်စုံအခိုးငွေ့တို့ နီးကပ်လာ၏။ သည်အခိုးငွေ့ထဲ၌ အားကောင်းလှသော ချိပ်ပိတ်မှု ပါဝင်သည်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဖြတ်ပြေးသွားသည်။သူက လက်ထဲရှိ နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ဝေ့ယမ်းကာ အော်ပြော၏။ “ပျက်စီးစမ်း…”
နတ်ဘုရားသတ်ဖြတ်ခြင်းလှံ၏ ပထမဆံး ပေတစ်ရာသည် ပျက်စီးသွားကာ မုန်တိုင်းတစ်ခုအဖြစ်သို့ ဖန်တီး၍ ခုနစ်ရောင်စုံအလင်းထံသို့ တဟုန်ထိုး တိုးဝင်သည်။
လမြွေနဂါး၏ဟိန်းအော်သံက ပို၍ ပြင်းထန်လာ၏။၎င်းက ဆက်လက်၍ ရုန်းကန်နေသည်။ ၎င်း၏ခန္ဓာကိုယ်ပတ်လည်ရှိ ခုနစ်ရောင်စုံအလင်းသည် အလွန်လှပနေ၏။
သို့ရာတွင် ထိုလှပမှုထဲ၌ ဟိန်းသံ ပြည့်နေသည်မှာ ထူးဆန်းမှု တစ်ခုလော။
လမြွေနဂါး၏ခန္ဓာကိုယ်တစ်ဝက်က အက်ကြောင်းအဟထဲသို့ ဆွဲယူခြင်း ခံနေရကာ ၎င်းက ဆက်လက်၍လည်း ဆွဲငင်ခြင်း ခံနေရသည်။ခုနစ်ရောင်စုံအခိုးငွေ့ကြောင့် ၎င်း၏ ခုခံနိုင်မှုစွမ်းအားသည် ဆုံးရှုံးနေရ၏။၎င်းက ရုန်းကန်နေလျှင်ပင် ၎င်းထံမှ အထိတ်တလန့်မျှော်လင့်ချက်မဲ့မှုတို့ ပေါ်ထွက်နေသည်။
လျိုချန်က လမြွေနဂါးနှင့် အာရုံခံစားမှုချင်း ဆက်စပ်နေသည့်သူ ဖြစ်၏။လမြွေနဂါး၏ဟိန်းမြည်သံက သူ့ကို ထွင်းဖောက်နေသလိုပင်။ သူက ရှေ့သို့ တရကြမ်းတိုးဝင်လာရင်း ကြယ်ငါးလုံးသည် လှည့်လည်၍ ၎င်းတို့ထဲမှ တစ်လုံးသည် ပျံသန်းထွက်၍ ပျက်စီးသွားသည်။
“ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ကြယ်ခြေမွခြင်း…”
ထိုကြယ်က တစစီ ဖြစ်သွား၏။လေဟာနယ်နေရာထဲ၌ ရူးသွပ်ဖွယ်စွမ်းအားတစ်ခု ပေါ်လာသည်။ထိုပျက်စီးသွားသည့် ကြယ်၏ အစွမ်းအားသည် စတင်ပျံ့နှံ့ခါစ အချိန်မှာပင် လျိုချန်က ခပ်ကြမ်းကြမ်း ရှိုက်သွင်းသည်။
သူက ရှိုက်သွင်းနေရင်း အပျက်အစီးကြယ်၏စွမ်းအားသည် သူ့ပါးစပ်ထဲသို့ ဝင်ရောက်နေသည်။သူ့ပါးစပ်ထဲမှလည်း နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်နေရင်း သူ့ခန္ဓာကိုယ်သည် ပေသုံးထောင်ကနေသည် ပေခုနစ်ထောင်ထိ ရှိလာလေသည်။
ခြေတစ်လှမ်းဖြင့်ပင် သူသည် ခုနစ်ရောင်စုံအခိုးငွေ့ကို ချိုးဖျက်၍ အက်ကြောင်းအဟနားသို့ ရောက်ရှိသွားသည်။ သူက မာန်သွင်းရင်း သူ့အားကောင်းသော လက်သီးချက်ကို ထုတ်ဖော်သည်။သူ လက်သီးထိုးလိုက်သည်နှင့် သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်လေးလုံးမှ တစ်လုံးသည် တစစီဖြစ်သွားပြန်သည်။
ထိုပျက်စီးသွားသည့် ကြယ်က အံမခန်းဖိသိပ်မှုအားကို ဖြစ်စေကာ သူ့လက်လက်ထဲသို့ စီးဝင်၏။ ထိုအဖြစ်က သူ့လက်သီးထိုးချက်စွမ်းအားကို အထွတ်အထိပ်သို့ ရောက်စေလေသည်။
ထိုလက်သီးချက်က အပျက်အစီးကြယ်နှစ်ခု၏စွမ်းအားကို ငှားယမ်းထားခြင်း မည်သည်။ထိုအဖြစ်က လျိုချန်ကို အချိန်တိုအတွင်း သူ့အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။
သူက မာန်သွင်းအော်ဟစ်ရင်း ဧရာမဆင်ဆယ်ကောင် ပေါ်လာကာ ရှေ့သို့ ထိုးထွက်သွားကြသည်။
ဘုန်း…ဘုန်း…ဘန်း…။
ချက်ခြင်းပင် လေဟာနယ်နေရာ၌ ထည်ဝါခမ်းနားသည့် အသံတစ်ခု ပြည့်နှက်၏။သူ့အသံက ပြင်းထန်လှရာ ဝမ်လင်း၏နားပင် ထုံထိုင်းသွားရသည်။ သူ့ခြေထောက်အောက်ရှိ လေဟာနယ်သည် ပြင်းထန်သောအားတစ်ခု၏ ဖိသိပ်အားကို ခံရသည့်ပုံ ပေါ်သည်။
ဝမ်လင်းနှင့်ချင်းရွှေတို့ပတ်လည်ရှိ ခုနစ်ရောင်စုံအခိုးငွေ့ပင် နောက်ပြန်ကန်သွား၏။လမြွေနဂါးကို ဝါးမြိုနေသော အက်ကြောင်းသည် ပြန်ပိတ်နေရာကနေ အတင်းဖွင့်ခြင်း ခံရသည်။ခုနစ်ရောင်စုံအခိုးငွေ့ကလည်း နောက်သို့ လွင့်စင်သွားရသည်။ထိုအခါ ၎င်းခုနစ်ရောင်စုံအခိုးငွေ့အတွင်း၌ ဖုံးကွယ်နေသောပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်က လုံးဝ ထင်ပေါ်လာရသည်။သူက သာမန်ဆန်လှသည့် လူငယ်တစ်ယောက်ပင်။သို့သော် သူ့မျက်လုံးက အလွန်တရာအေးစက်၏။
သူ့မျက်ခုံးနှစ်ခုကြား၌ လခြမ်းကွေးအမှတ်အသားတစ်ခု ရှိနေသည်။
သူက ဝမ်လင်းတို့အုပ်စုကို အေးစက်စက် ကြည့်၏။ သူက လျိုချန်၏အထွတ်အထိပ်တိုက်ခိုက်မှုကိုပင် သာမန်အတိုင်း ထင်နေသည့်ပုံပင်။သူက သူ့ညာလက်ကိုမြှောက်၍ တည်ငြိမ်စွာ ဆိုသည်။ “ချိပ်ပိတ်နယ်မြေရဲ့ (၉၉)ခုမြောက် အစီအရင်၊ အစီအရင်ဝါးမြိုခြင်း…အသက်ဝင်လော့…”
သူ ထိုသို့ ပြောလိုက်သည့်နောက် သူ့ရှေ့၌ မြန်ဆန်စွာလှည့်လည်နေသော ဝဲကတော့တစ်ခု ပေါ်လာသည်။ထိုဝဲကတော့က နက်မှောင်၏။၎င်းဝဲကတော့က အရာအားလုံးကို ဝါးမြိုပစ်မည့်အလား ထင်ရသည်။၎င်းက အရူးအမူးချဲ့ကား၍ လျိုချန်၏ လက်သီးချက်ကို ဝါးမြိုရန် ပြင်သည်။
သို့သော် ထိုဝဲကတော့မှာ လျိုချန်၏ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ပျော်ဝင်စေဖို့အတွက် မလုံလောက်ပေ။၎င်းက ဝါးမြိုလိုက်သည့်နောက် ဝဲကတော့သည် တုန်ယင်ကာ ချက်ခြင်း ပျက်စီးသွားရသည်။
လူငယ်၏အသွင်က ပြောင်းလဲသွား၏။သူက နောက်ဆုတ်သည်။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ပြောသည်။ “ချိပ်ပိတ်နယ်မြေရဲ့ ကိုးခုမြောက်အစီအရင်…ကောင်းကင်ပိုင်းဖြတ်ခြင်းအစီအရင်…အသက်ဝင်လော့…” သူက ထိုသို့ပြောလိုက်ရင်း သူ့လက်ထိပ်ကို ကိုက်ကာ သွေးများစွာကို ပန်းထွက်စေသည်။ထိုသွေးများက အက်ကြောင်းအတွင်းသို့ ဝင်ရောက်၏။ထို့နောက်အလင်းစက်များ ပျံဝဲထွက်လာပြီး စစ်ပုဆိန်ကြီးတစ်လက်အဖြစ် သိပ်သည်းသည်။
ထိုပုဆိန်ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခါစေမည့် ဖိအား ပေါ်လာ၏။
စစ်ပုဆိတ်သည် ဖျပ်ခနဲ လျိုချန်ထံသို့ ဦးတည်သွားသည်။၎င်းက လျိုချန်၏ လက်သီးနှင့် ထိပ်တိုက်တွေ့သည်။ ထိုအခါ ပုဆိန်သည် ပျက်စီး၏။လျိုချန်သည်လည်း သွေးအန်ထုတ်ရသည်။နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးသည့်နောက် လျိုချန်နှဖူးထက်ရှိ လက်ကျန်ကြယ်သုံးလုံးမှ တစ်လုံးသည် တစစီ ဖြစ်သွားသည်။သူက နောက်တစ်ဖန် တဟုန်ထိုး တိုးဝင်သွားပြန်သည်။
တတိယကြယ် ပျက်စီးမှုက သူ့ပတ်လည်၌ မုန်တိုင်းများ ဖြစ်စေ၏။သူ့ခန္ဓာကိုယ်သည် ပေခုနစ်ထောင်ကနေသည် ပေတစ်သောင်းထိ မြင့်မားလာသည်။သူက ခုချိန်၌ အစစ်အမှန်ရှေးဟောင်းနတ်ဘုရားတစ်ပါးအလားပင်။ ၎င်းက သူ့အထွတ်အထိပ်အချိန်နှင့် အတော်လေး လှမ်းကွာနေသေးသော်လည်း အံ့မခန်းစွမ်းအားကို ပိုင်ဆိုင်နေလေပြီ။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ လျိုချန်သည် ရှုံးနိမ့်ပါက သူသည်လည်း အန္တရာယ်ကျရောက်နိုင်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ကြယ်လေးလုံးတော်ဝင်ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားက အရူးအမူး မြင့်တက်လာ၏။သူက သူ့လက်ထဲရှိ နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ပစ်လွှတ်သည်။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် စိန်အသွင်ကို ဖြစ်စေကာ ရှေ့သို့ ဖိချသည်။
ထိုစိန်အလင်းက တဖျပ်ဖျပ် ဖြစ်ပေါ်သွားပြီး နတ်ဘုရားသတ်ဖြတ်ခြင်းလှံထဲသို့ ပေါင်းစည်းသည်။၎င်းက လေဟာနယ်ကို ထိုးခွင်း၍ လူငယ်ထံသို့ တိုးဝင်သွားသည်။
ချင်းရွှေလည်း ရှိနေသေးသည်။ တုံ့နှေးခြင်းမရှိ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ဂျီနယ်ပယ်အမျှင်တန်းများ၏ စက်ဝန်းခုနစ်ခုက အတူချိတ်ဆက်ကာ ရှေ့သို့ မြန်ဆန်စွာ တိုးဝင်သွားသည်။
လျိုချန်က ဟိန်းသံ ပြုရင်း သူ့ပေတစ်သောင်းခန္ဓာကိုယ်သည် ရှေ့သို့ တိုးလာသည်။သူ့မျက်လုံးထဲ၌ အကြောက်တရားမဲ့၏။သူက သူ့လက်သီးချက်များကို တဖုန်းဖုန်း ထုတ်ဖော်လေသည်။
သည်သုံးယောက်၏ အထွတ်အထိပ်တိုက်ခိုက်မှုသည် လူငယ့်ကို ကြောက်လန့်သွားစေ၏။ သည်အခိုက်၌ ခြောက်သွေ့လက်တစ်ဖက်သည် ဆန့်ထွက်လာကာ လူငယ့်ကို နောက်သို့ ပြန်ဆွဲယူသွား၏။ ဆံပင်ဖြူအဘိုးအိုတစ်ယောက် လှမ်းထွက်လာကာ လူငယ့်ရှေ့၌ ရပ်၏။
“ဆရာ…” လူငယ်က ထိုသို့ ပြောလိုက်သည့်အခါ အဘိုးအိုက အော်ဟောက်၏။ “ပါးစပ်ပိတ်ထားစမ်း…မင်းကို ချိပ်ပိတ်နယ်မြေကို ဖွင့်လှစ်ဖို့ ဘယ်သူက ခွင့်ပြုလို့လဲ…”
အဘိုးအိုက ထိုသို့ ပြောလိုက်ရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ထို့နောက် သူက ပြော၏။ “ကောင်းကင်ထက်ပိုင်းခွဲပုဆိန် အသက်ဝင်ဖို့ အစီအရင်ကို တောင်းဆိုပါတယ်…”
အဘိုးအိုထိုသို့ ပြောလိုက်သည်နှင့် အလင်းစက်များသည် ပေသောင်းချီကီလိုမီတာအတွင်း၌ ပေါ်လာ၏။ ထိုအလင်းစက်များသည် ဝမ်လင်းတို့အုပ်စု ရှိနေသောနေရာသို့ အရူးအမူး စုစည်းသည်။
၎င်းအလင်းစက်များက မြန်ဆန်လွန်းလှ၏။၎င်းတို့၏အမြန်နှုန်းက ဥပဒေသကိုပင် ချိုးဖောက် သွားရသည်။ဝမ်လင်းတို့အုပ်စု၏ အထွတ်အထိပ်တိုက်ခိုက်မှုများထက်ပင် အဆများစွာ ပိုမြန်နေသေးသည်။
မူလက မှောင်မဲနေသည့် လေဟာနယ်တစ်ခုလုံးက လင်းလက်သွားသလား ထင်မှတ်ရသည်။ထိုအလင်းစက်များက ပုံသဏ္ဌန်ဆောင်လာ၏။
ပေတစ်ထောင်စစ်ပွဲပုဆိန်သည် ရုတ်တရက်ပေါ်လာသည်။ ထိုစစ်ပွဲပုဆိန်က အလင်းစက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ ကမ္ဘာဦးအော်ရာနှင့် ပြည့်နှက်၏။ ထိုအော်ရာ ပျံ့နှံ့လာနေရင်း စစ်ပွဲပုဆိန်သည် ရုတ်တရက် သက်ဆင်းလာသည်။
၎င်းပုဆိန်က အဘိုးအိုရှေ့၌ ပေါ်လာကာ ဝမ်လင်းတို့အုပ်စု၏ အထွတ်အထိပ်တိုက်ခိုက်မှုများနှင့် တိုက်ရိုက် တွေ့ဆုံသည်။
ဘန်း…ဘန်း…ဘန်း…။ရူးသွပ်ဖွယ်တုန်ဟီးသံများ ပဲ့တင်ထပ်၏။ချင်းရွှေသည် သွေးအန်ထုတ်ကာ နောက်သို့ လွင့်စင်သွားရသည်။ဝမ်လင်းသည် တုန်ယင်နေ၏။သူ့ခန္ဓာကိုယ်ပေါ်၌ အက်ကွဲရာများ ပေါ်လာသည်။သူ့နှဖူးထက်ရှိကြယ်လေးလုံးသည် ထိုဖိအားကို လျော့ချနိုင်ရန် မြန်ဆန်စွာ လှည့်ပတ်သည်။ သို့သော် သူသည် နောက်သို့ လွင့်စင်သွားရပေသည်။
လျိုချန်၏ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့လာ၏။ အပျက်အစီးကြယ်၏စွမ်းအားများသည် မြန်ဆန်စွာ လွင့်ပြယ်လာရသည်။ကောင်းကင်ထက်ရှိ ပုဆိန်ကို ကြည့်ရင်း သူ့မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာ၏။ သူက အော်ပြောလိုက်သည်။ “ဝမ်လင်း… မင်းအမွေအနှစ် ဆက်ခံထားမှုအရ ဒီအရာနဲ့ ပတ်သတ်လို့ သိလား။ ဒါက ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ တော်ဝင်ရတနာပဲ…”
ကောင်းကင်ထက်ပိုင်းခွဲပုဆိန်သည် မရေမတွက်နိုင်သောအလင်းစက်များအဖြစ်သို့ ပေါက်ကွဲထွက်သွားကာ အစိတ်စိတ်ဖြစ်နေသည့်လေဟာနယ်နယ်မြေ ချိပ်ပိတ်ထားမှု ပိုက်ကွန်သည် မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။
ပိုက်ကွန်အပြင်ဘက်ရှိ အဘိုးအိုထံ၌ ထူးဆန်းသောအကြည့်တစ်ခု ဖြစ်ပေါ်နေ၏။ထို့နောက် သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အလင်းစက်များသည် လက်ကြီးသုံးလက်အဖြစ်သို့ ပြောင်းသွားသည်။ ၎င်းလက်များထဲမှ လက်တစ်လက်က လမြွေနဂါးကို ဖမ်းယူ၍ ပိုက်ကွန်အပြင်ဘက်သို့ ကြမ်းတမ်းစွာ ဆွဲယူပစ်သည်။
အခြားလက်တစ်ဖက်က လျိုချန်ထံသို့ ဖြစ်၏။ ခုချိန်၌ သူသည် ခုခံရန်စွမ်းအား လုံးဝ မရှိတော့ပေ။ တတိယလက်တစ်ဖက်သည် ဝမ်လင်းရှိရာသို့ လှမ်းလာသည်။
ထိုအခိုက်၌ လျိုချန်၏မျက်လုံးထဲ၌ ပြတ်သားမှုတစ်ခုပေါ်လာ၏။ သူက တစ်ခုခုကို ဆုံးဖြတ်ပြီးသွားသည့်ပုံပင်။ သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ဆန့်ထုတ်၏။သူက နောက်ဆုံးကျန်နေသေးသည့် ရှေးဟောင်းနတ်ဘုရားကြယ်နှစ်လုံးကို ထုတ်ယူကာ ဝမ်လင်းရှိိရာသို့ ပေး၏။သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်နေသည်။ ဝမ်လင်းပေါ်သို့ သူ့အကြည့်က လုံးဝ နူးညံ့နေလေ၏။ မိသားစုအကြီးအကဲတစ်ယောက်က သူ့ကိုယ်ပိုင်ကလန်ဝင် ကလေးငယ်တစ်ယောက်ကို ကြည့်သည့်အကြည့်မျိုးပင်။
“အရွယ်ရောက်ဖို့ မင်းစိန်ခေါ်မှုက အရည်အချင်း ပြည့်မှီလှပါပေတယ်။ ငါ့ကလေးတောင် မင်းလောက် တော်မှာ မဟုတ်ဘူး…။ ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ ကလေးအားလုံးဟာ သူတို့ရဲ့ စိန်ခေါ်မှု ပြီးမြောက်ရင် လက်ဆောင်တစ်ခု လက်ခံရတယ်။ ဒီရှေးဟောင်းနတ်ဘုရားကြယ်နှစ်လုံးက မင်းအတွက် ငါ့ရဲ့ လက်ဆောင်ပဲ…”
လျိုချန်၏အသံက စိတ်ကျေနပ်မှု၊ဝမ်းနည်းမှု တို့နှင့် ပြည့်နေသည်။သူက လေဟာနယ်ကို ကြည့်၏။သည့်နောက် သူသည် လက်ကြီး၏ဖမ်းယူခြင်း ခံရကာ ပိုက်ကွန်အပြင်သို့ ဆွဲခေါ်ခြင်း ခံလိုက်ရတော့သည်။
“ရှေးဟောင်းနတ်ဘုရား…ရှေးဟောင်းနတ်ဘုရား သင်တို့က ကောင်းကင်နဲ့မြေကြီးကို ပြောင်းပြန်လှန်နိုင်ပါတယ်။ ဒါပေမဲ့ ငါကတော့ ငါ့ဘဝကိုတောင် ပြန်ပြောင်းနိုင်ဖို့ မတတ်နိုင်ခဲ့ဘူး…။ငါ…လျိုချန်ဟာ ရှေးဟောင်းနတ်ဘုရားမဟုတ်ဘဲ အထီးကျန်နတ်ဘုရား တစ်ပါးသာ ဖြစ်တယ်…”