အခန်း (၂၃)

လုန်ယွိ၏ကံကြမ္မာ

အခန်း (၂၃) လုန်ယွိ၏ကံကြမ္မာ

အနက်ရောင်ဝတ်လူက အော်ဟစ် အကူအညီတောင်းခံလိုက်သည်။

ထိုအချိန်မှာပင်… တန်ခိုးစွမ်းအားလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ကျန်းလန်၏လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။

“ဘုန်း…”

တန်ခိုးစွမ်းအားလှိုင်းလုံးကြီးနှင့် ကျန်းလန်၏ လက်သီးချက်တို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

ပြင်းထန်လှသည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားပြီး ပတ်ဝန်းကျင်မှ သစ်ပင်များ အပိုင်းပိုင်း ကျိုးပျက်ကုန်ကြသည်။

စောစောကပင် မြေပြင်ထက်မှ မြောက်တက်သွားပြီး ပြန်လည်ပြုတ်ကျလာသည့် လုန်ယွိခမျာ ထပ်မံ မြောက်တက်သွားရပြန်သည်။

သူမ ဒဏ်ရာအပြင်းအထန်ရထားပြီး မတ်တတ်ပင် မရပ်နိုင်တော့ပေ။

ဤသို့ ပြင်းထန်လှသောတိုက်ပွဲအတွင်း တန်ခိုးစွမ်းအားရိုက်ခတ်မှုများကို ခံနေရခြင်းက သူမအတွက် နေရာတွင်ပင် သေဆုံးသွားနိုင်သည်။

သို့သော်… သူမထက် အခြေအနေဆိုးသူက အနက်ရောင်ဝတ်လူ ဖြစ်၏။

ထိုသူက ကြီးမားလှသည့် စွမ်းအား (၂)ခု၏ အလယ်တည့်တည့်တွင် ရှိနေခဲ့သည်။

စွမ်းအားလှိုင်းတစ်ခုက ထိုသူကို ကယ်ထုတ်သွားချင်နေပြီး နောက်ထပ်စွမ်းအားလှိုင်းတစ်ခုကတော့ ထိုသူကို အမှုန့်ချေပစ်ချင်နေခဲ့သည်။

စွမ်းအား (၂)ခုက လွန်ဆွဲလျှက် ရှိသည်။

ကျန်းလန် မျက်မှောင်ကြုတ်လိုက်၏။

နောက်ကွယ်မှရန်သူက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားကြောင်း ရိပ်မိလိုက်သည်။ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း ကျန်းလန်ထက် အဆင့်မြင့်မားဟန်ရှိသည်။

သို့သော်… ကျန်းလန်၏ လက်သီးချက်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ထိုသူက အနက်ရောင်ဝတ်လူကို ဆွဲခေါ်သွားနိုင်ခြင်း မရှိခဲ့ပေ။

အစပိုင်းတွင် နောက်ကွယ်မှလူ၏ တည်ရှိမှုကို ကျန်းလန် အာရုံခံနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုတော့ အနည်းငယ် အာရုံခံနိုင်လာခဲ့သည်။

အနက်ရောင်ဝတ်လူမှာ မြေပြင်ထက်သို့ ဝုန်းခနဲနေအောင် ပြုတ်ကျသွား၏။ ထို့နောက်… ချက်ချင်းပင် လူးလဲထပြီး ဒရောသောပါး ထွက်ပြေးတော့သည်။

သို့သော်… ကျန်းလန်က ထိုသူကို လုံး၀ အလွတ်မပေးပေ။

“သေစမ်းကွာ…”

ကျန်းလန်ထံမှ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးက ဒီရေလှိုင်းအလား မြင့်တက်လာသည်။

ထိုစွမ်းအားလှိုင်းကြီးက အနက်ရောင်ဝတ်လူဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

မည်သို့မှ ရှောင်တိမ်းနိုင်စွမ်းမရှိတော့ကြောင်း သိလိုက်သည်နှင့် အနက်ရောင်ဝတ်လူ အလွန်ပင် ကြောက်ရွံ့တုန်လှုပ်သွားသည်။ ထို့နောက်… စူးစူးဝါးဝါး တစ်ချက်အော်ဟစ်လိုက်၏။

သို့သော်… သူ့အော်သံ အဆုံးမသတ်ခင်မှာပင် သူ၏ ခန္ဓာကိုယ်က ကျန်းလန်၏ စွမ်းအားလှိုင်းလုံးကြီးအောက် နစ်မြုပ်သွားပြီး လုံး၀ ပျောက်ကွယ်သွားလေတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံများ လွင့်စင်ထွက်သွားပြီး အနီးအနားရှိသစ်ပင်များ ထက်ပိုင်းကျိုးကာ မြေပြင်ထက် လဲကျကုန်ကြသည်။

ကျန်းလန်ကတော့ နေရာတွင် မတ်တတ်ရပ်နေဆဲ ဖြစ်လေသည်။

စွမ်းအားအတော်များများ အသုံးပြုလိုက်ရသောကြောင့် သူလည်း… အတော်လေး အားအင် ကုန်ခမ်းနေပြီ ဖြစ်၏။

နောက်ကွယ်မှ ဆရာကြီးလည်း လစ်သွားပြီဖြစ်ဟန်တူသည်။

“နောက်ကွယ်ကလူက အတော်လေး တန်ခိုးစွမ်းအားမြင့်မားတာပဲ … ၊ ခုချိန်သာ ဒီလူနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် ငါတော့ မချောင်ဘူး…”

ကျန်းလန် တွေးလိုက်သည်။

ရန်သူက အလွန်တရာ တန်ခိုးစွမ်းအားကြီးမားသောကြောင့် တကယ်တမ်း ရင်ဆိုင်ရလျှင် ကျန်းလန် အနိုင်ယူတိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သို့သော်… ရန်သူက တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေဟန် ရှိသည်။ နောက်ထပ်ပေါ်မလာတော့ဘဲ တစ်ချိုးတည်း ပျောက်ကွယ်သွားခဲ့သည်။

“ငါ့ရဲ့ စွမ်းအားတွေလည်း အတော်လေး ကုန်သွားပြီ… ဒီနေရာက အမြန်သွားမှ ဖြစ်မယ်… ၊ နောက်ဆက်တွဲ ပြဿနာတွေသာ… ဖြစ်မလာပါစေနဲ့ ဆုတောင်းရတော့မှာပဲ…”

နောက်ဆက်တွဲ ပြဿနာများဖြစ်လာလျှင်တော့ ကျန်းလန် ပုန်းအောင်းနေရန်သာ ရှိတော့သည်။ လောလောဆယ်တွင် သူ့အသက် အသေမခံနိုင်သေးပေ။

သူ မှော်ရုံနယ်မြေထဲ ဝင်ရောက်လာသည်မှာ ကျင့်ကြံခြင်းအဆင့် အဆင့်တက်ရောက်လိုသောကြောင့် ဖြစ်သည်။

လက်ရှိတွင် ကျန်းလန်က ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့်တွင် ရှိနေလေသည်။ သို့သော်… သူက ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့်သို့ တက်ရောက်ရန် စိတ်မဝင်စားပေ။

သူ စိတ်ဝင်စားသည်က မူလဝိညာဉ်အဆင့်သို့ တက်ရောက်ရန် ဖြစ်သည်။

အဆင့်တက်ရန် ခက်ခဲနေလျှင် စနစ်မှရရှိထားသည့် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို သောက်လိုက်ရုံသာ ရှိသည်။

သို့သော်… လက်ရှိတွင် သူ၏ စွမ်းအားများ ကုန်ခမ်းနေပြီ ဖြစ်သည်။ ထိုအချက်က သူ့အတွက် အလွန်အန္တရယ် ရှိ၏။

နောက်ကွယ်မှ ကြိုးကိုင်သူက တန်ခိုးစွမ်းအားမြင့်မားသူ ဖြစ်သည်။ ထိုသူနှင့်ရင်ဆိုင်ရန် ကျန်းလန်အတွက် မဖြစ်နိုင်သေးပေ။

ထို့ကြောင့် သတိကြီးစွာထားရန် လိုအပ်သည်။ ယခုအချိန်တွင်… သူ့ကိုယ်သူ အန္တရယ်ကင်းအောင် ဦးစားပေးရမည် ဖြစ်သည်။

သို့သော်… ရန်သူက ကျန်းလန်ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ လုန်ယွိကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်။

ကျန်းလန် လုန်ယွိကို လှမ်းကြည့်လိုက်သည်။

လုန်ယွိမှာ မဟန်နိုင်ဘဲ မြေပြင်ထက်တွင်လဲကျနေလေသည်။ သို့သော်… သူမ အသက်ရှင်နေဆဲ ဖြစ်၏။

ကျန်းလန်က လုန်ယွိအနားသို့ တိုးကပ်သွားခြင်း မရှိပေ။ သူ့အနေဖြင့် လုန်ယွိနှင့် စကားသွားပြောရန်လည်း အစီအစဉ်မရှိပေ။

ကျန်းလန်သာ သူမကို စကားသွားပြောပြီး အကူအညီပေးမိပါက ဒုက္ခလှလှတွေ့မည့်သူမှာ ကျန်းလန်ကိုယ်တိုင်သာ ဖြစ်သည်။ ထို့ပြင်… အစကတည်းက သူက လုန်ယွိနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးရှိသူ မဟုတ်ခဲ့ပေ။

ကျန်းလန် လုန်ယွိကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

သူမ… ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော်လည်း အသက်မသေနိုင်သေးကြေင်း ရိပ်မိလိုက်သည်။

ဘာဆက်ဖြစ်မည်လဲဆိုသည်ကတော့ လုန်ယွိ၏ ကံတရားပေါ်တွင် မူတည်လေသည်။ ကျန်းလန်ကတော့ သူမကို ဆက်ပြီး ကူညီနိုင်တော့မည် မဟုတ်ပေ။

အနက်ရောင်ဝတ်လူ၏နောက်ကွယ်မှ ကြိုးကိုင်နေသူ နောက်တစ်ခေါက်ပြန်ရောက်လာပါက ကျန်းလန် ဒုက္ခအကြီးအကျယ် ရောက်ပေမည်။ ထိုသူကို ရင်ဆိုင်ရန် ကျန်းလန် အသင့်မဖြစ်သေးပေ။

ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“တော်သေးတယ်… နဝမတောင်ထွတ်မှ တပည့်တွေအများကြီး မရှိလို့… ၊ မဟုတ်လို့ကတော့… ငါလည်း လုန်ယွိလို ဒုက္ခအကြီးအကျယ်ရောက်နေမှာ…”

ဟုတ်ပေ၏…။

သူ့တွင်သာ လုန်ယွိကဲ့သို့ ဂိုဏ်းတူညီငယ် ၊ ညီမငယ်များရှိနေလျှင် ထိုသူများကို ကာကွယ်ပေးနေရပေလိမ့်မည်။ ထိုသို့သာဆိုလျှင်… သူသည်လည်း လုန်ယွိကဲ့သို့ အန္တရယ်ထဲ ကျရောက်သွားနိုင်သည်။

အခန့်မသင့်လျှင် အသက်ပါပျောက်မည့်ကိန်း ဖြစ်၏။

ဆရာဖြစ်သူ နောက်ထပ် တပည့်များ ထပ်လက်မခံပါစေနှင့်ဟု ကျန်းလန် ဆုတောင်းလိုက်မိသည်။ ထိုသို့တွေးပြီးသည်နှင့် ကျန်းလန် ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။

ကျန်းလန် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုပြီး လုန်ယွိ ပြုလုပ်ထားသည့် အကာအကွယ်စည်းဝိုင်းရှိရာသို့ ပြန်လာခဲ့သည်။

အခြားတပည့်များရောက်လာလျှင် သူ စည်းဝိုင်းအပြင်သို့ လုံးဝမထွက်သည့်အလား ဟန်ဆောင်နေရမည် ဖြစ်သည်။

သို့သော်… ရန်သူများ ထပ်မံရောက်လာမည်ဆိုလျှင်တော့ တစ်ချက်တည်းဖြင့် လက်စဖျောက်ပစ်ရပေလိမ့်မည်။

……………

လင်စီးယာဦးဆောင်သည့် အခြားတပည့်များက အဝေးတစ်နေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုအချိန်မှာပင်… ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ မြေပြင်တစ်ခုလုံးမှာလည်း ငလျင်လှုပ်ခတ်သည့်အလား တုန်ခါလျှက် ရှိ၏။

ပြင်းထန်လှသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများကို လင်စီးယာတို့အုပ်စုပင် ခံစားလိုက်ကြရသည်။

လင်စီးယာက စွမ်းအားလှိုင်းလုံးကြီးများ ထွက်ပေါ်လာရာနေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။

ထိုနေရာက… သူမ၏ ဂိုဏ်းတူအစ်မ လုန်ယွိ ရှိရာ နေရာ ဖြစ်လေသည်။ သူမ… ဂိုဏ်းတူအစ်မလုန်ယွိအတွက် များစွာ စိတ်ပူပန်သွားမိသည်။

လုန်ယွိရှိရာနေရာသို့ ပြန်သွားပြီး အစ်မဖြစ်သူကို ကူညီလျှင်ကောင်းမည်လား…။ တပည့်အငယ်များနှင့်ပင် ဘေးလွတ်ရာသို့ ထွက်ခွာသွားရမည်လား…။

ချီတုံချတုံဖြင့် အတန်ကြာစဉ်းစားပြီးနောက် လင်စီးယာ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

“မင်းတို့တွေ သွားနှင့်ကြတော့… ၊ ငါ… ဂိုဏ်းတူအစ်မကို ပြန်သွားရှာလိုက်ဦးမယ်…”

ပြောပြီးသည်နှင့် လင်စီးယာက တပည့်အငယ်များ မည်သို့ တုန့်ပြန်မည်ကို အရေးမစိုက်တော့ဘဲ လုန်ယွိ ရှိရာနေရာသို့ ထွက်ခွာသွားလေတော့သည်။

အမှန်တော့… ယခုအချိန် သူမ သွားရောက်ကူညီလျှင်တောင်မှ ဂိုဏ်းတူအစ်မ အသက်ရှင်ပါဦးမည်လား မသေချာလှပေ။ သို့သော်… သူမ ဂိုဏ်းတူအစ်မကို တစ်ယောက်တည်း မထားရက်ခဲ့နိုင်ပေ။

လင်စီးယာထွက်ခွာသွားသည်နှင့် မော့လီနှင့် ကျင့်ကြံသူမိန်းကလေးတစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

မော့လီက…

“ကျုပ်လည်း ဂိုဏ်းတူအစ်မ’လင်’ နဲ့ လိုက်သွားမယ်…”

ပြောပြီးသည်နှင့် မော့လီနှင့် ကျင့်ကြံသူမိန်းကလေးတို့ လင်စီးယာနောက်သို့ လိုက်သွားကြသည်။

အခြားတပည့်များက ဘာလုပ်ရမှန်းမသိ ချီတုံချတုံ ဖြစ်နေစဉ်တွင် နောက်ထပ်တပည့်တစ်ယောက်ကလည်း မော့လီတို့ နောက်သို့ ပြေးလိုက်သွားလေ၏။

ထို့နောက်… ကျန်တပည့်များကတော့ အန္တရယ်ကင်းရာသို့ ဆက်လက်ထွက်ခွာသွားကြလေသည်။

အားလုံးက ကိုယ့်ရွေးခြယ်မှုနှင့်ကိုယ်ပင် ဖြစ်သည်။

အချို့သူများက ရန်သူက သူတို့ကို အလွတ်ပေးမည်မဟုတ်မှန်း သိရှိသည့်တိုင် ရဲဘော်ရဲဘက်စိတ်ဓာတ်အပြည့်ဖြင့် အန္တရယ်ကို ရင်ဆိုင်လိုကြသည်။ အချို့သူများကတော့ အန္တရယ်ကင်းသည့်လမ်းကိုသာ ရွေးခြယ်လိုကြပြီး ဒုက္ခမခံစားလိုကြပေ။

သို့သော်… မည်သူမှ အရူးမဟုတ်ပေ။

မည်သူမဆို…  မိမိ အကျိုးရှိမည့်လမ်းကိုသာ ရွေးခြယ်ကြစမြဲ ဖြစ်လေသည်။

မည်သည့်လမ်းကိုရွေးခြယ်ပါစေ နောက်ဆုံးတွင် ရှင်သန်ကျန်ရစ်နိုင်မည်လားဆိုသည်ကတော့ အရည်အချင်းအပေါ်တွင် မူတည်လေ၏။

***

သိပ်မကြာမီ … ကျန်းလန် စည်းဝိုင်းအတွင်းပြန်ရောက်လာသည်။

အပြန်လမ်းတွင်… မြူခိုးများ တဖြည်းဖြည်းပါးသွားသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။ ဤသည်မှာ အန္တရယ်မရှိတော့ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

ရန်သူများ နောက်ဆုတ်သွားကြပြီ ဖြစ်လေ၏။

ကျန်းလန် စည်းဝိုင်းပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

သူမရှိတုန်း မည်သူမှ ဤနေရာသို့ ရောက်လာကြဟန် မရှိပေ။ အားလုံးက ပုံမှန်အတိုင်းပင် ရှိနေသည်။

ကျန်းလန် စည်းဝိုင်းအတွင်း လှမ်းဝင်လိုက်သည်။

ထို့နောက် စည်းဝိုင်းအတွင်း တင်ပျဉ်ခွေထိုင်ချလိုက်ရင်း အခြားသူများရောက်လာသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

သို့သော်… လုန်ယွိကတော့ ဒဏ်ရာအပြင်းအထန် ရရှိထားလေသည်။ သူမ အသက်ရှင်နိုင်မည်လား ၊ ရန်သူက ပြန်ရောက်လာပြီး သတ်ဖြတ်ခြင်းကို ခံရမည်လား ကျန်းလန် မခန့်မှန်းနိုင်ပေ။

ထို့ပြင်… အနက်ရောင်ဝတ်လူ၏ နောက်ကွယ်မှ ကြိုးကိုင်နေသူက သူ့ကိုရော အလွတ်ပေးပါမည်လားဟု ကျန်းလန် တွေးလိုက်မိသည်။

အနက်ရောင်ဝတ်လူနှင့် တိုက်ခိုက်နေစဉ် နောက်ကွယ်မှလူအနေဖြင့် ကျန်းလန်မည်သူဖြစ်ကြောင်း သိရှိသွားနိုင်မည်လား မသေချာလှပေ။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားသောကြောင့် ကျန်းလန် မည်သူဖြစ်ကြောင်း နောက်ကွယ်မှလူ သိရှိနိုင်မည်မဟုတ်ဟုသာ ကျန်းလန် မျှော်လင့်မိသည်။

အချိန်အတန်ကြာသွားပြီ ဖြစ်လေသည်။

ကျန်းလန်ကို လာရောက်တိုက်ခိုက်သူလည်းမရှိသလို ချောင်းမြောင်းခြင်းခံရသည့် ခံစားချက်မျိုးလည်း မခံစားရပေ။

“ကြည့်ရတာ ဘာပြဿနာမှ ဖြစ်မလာလောက်တော့ဘူးထင်တယ်…”

ကျန်းလန် တွေးလိုက်၏။

ထို့နောက် မျက်လုံးများကို မှိတ်ကာ ကျင့်ကြံခြင်း ပြုလုပ်နေလေတော့သည်။

……………

နံနက်…

မိုးစင်စင်လင်းခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ကြီးတစ်ခုလုံး ကြည်လင်တောက်ပနေပြီး မြူခိုးများလည်း လုံး၀ ကင်းစင်သွားပြီ ဖြစ်သည်။

ယခုမှ… မှော်ရုံနယ်မြေပတ်ဝန်းကျင်၏ လှပစိမ်းလန်းသော တောတောင်ရေမြေသဘာဝများကို ကျန်းလန် တွေ့မြင်လိုက်ရသည်။

သိပ်မကြာမီ…

သူရှိရာသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေကြသည့် လူတစ်စုကို ကျန်းလန် သတိပြုလိုက်မိသည်။

စုစုပေါင် လူ (၅)ယောက် ဖြစ်၏…။

ထိုသူများထဲမှ တစ်ယောက်မှာ လုန်ယွိ ဖြစ်လေသည်။

သူမ၏ ညာဘက်မျက်နှာတစ်ခြမ်းနှင့် လည်ပင်းအထိ သွေးနီရောင် ဒဏ်ရာကြီးတစ်ခု ရရှိထားသည်။ ထို့ပြင်… သူမ၏ လက်နှစ်ဖက်လုံးမှာလည်း သွေးများဖြင့်ဖုံးလွှမ်းလျှက် ရှိသည်။

လုန်ယွိ၏ ဒဏ်ရာပြင်းထန်သည်ကို ကျန်းလန် သိရှိလေသည်။

သို့သော်… သူမ၏ မြင့်မားလှသည့် တန်ခိုးစွမ်းအားက ပြင်းထန်လှသည့်ဒဏ်ရာများကို ခံနိုင်ရည်ရှိဟန်တူသည်။

လုန်ယွိ၏ နံဘေးတွင်တော့ မိန်းကလေးတစ်ယောက် လိုက်ပါလာ၏။ သူမသည်လည်း ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူမ မည်သူဖြစ်ကြောင်းကိုတော့ ကျန်းလန် သိရှိခြင်း မရှိပေ။

ကျန် (၃)ယောက်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

ထို ကျင့်ကြံသူ (၃)ယောက်မှ မိန်းမပျိုတစ်ယောက်ကိုတော့ မှော်ရုံနယ်မြေထဲမဝင်ခင် ကျန်းလန် တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် အနည်းငယ် မျက်မှန်းတန်းမိသည်။

အခြားသူများကိုတော့ ကျန်းလန် မသိပေ။

သူတို့တစ်ဖွဲ့လုံး ဒဏ်ရာများရရှိထားကြဟန် ရှိသည်။

ကျန်းလန်က သူရှိရာသို့ လှမ်းလာနေသည့် လုန်ယွိတို့အုပ်စုကို တစ်ချက်အကဲခတ်ရင်း…

“ကြည့်ရတာ… ရန်သူတွေ ပြန်ဆုတ်သွားကြပြီထင်တယ်…”

ဟု တွေးလိုက်၏။

ယခုတော့…  အန္တရယ်ကင်းသည့် အခြေအနေ ရောက်ရှိသွားပေပြီ…။

ကျန်းလန် လုန်ယွိတို့အဖွဲ့ကို စည်းဝိုင်းအတွင်းမှာပင်ထိုင်ကာ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေလိုက်လေတော့သည်။

အနားသို့ရောက်လာမှသာ သူ ကူညီနိုင်သည်ရှိပါက ကူညီပေးတော့မည်ဟု ဆုံးဖြတ်လိုက်လေ၏။


Comment

Leave a Reply

Options

not work with dark mode
Reset