ထိုအေးစက်စက် တစ္အေဆင်း ထွက်ပေါ်လာသည့်အခိုက်၌ ချင်းရွှေ၏ တည်ငြိမ်နေသော ဟန်ပန်သည် ပြောင်းလဲသွား၏။သူက ထိုတစ္ဆေအလင်းထွက်ပေါ်လာသည့်နေရာကို စူးစိုက်ကြည့်နေ၏။သူ့မျက်လုံးတို့က တောက်ပနေသည်။
သို့ရာတွင် ထိုတစ္ဆေအလင်းက ဘယ်တုန်းကမှ မတည်ရှိခဲ့သည့်အလား ချက်ခြင်း ပျောက်ကွယ်သွားသည်။
တစ္ဆေအလင်း ပျောက်ကွယ်သည် ဖြစ်စေ၊မပျောက်ကွယ်သည် ဖြစ်စေ ချင်းရွှေသည် မည်သည့်အရာကိုမျှ မြင်လိုက်နိုင်ခြင်း မရှိပေ။သို့သော် ထိုအခိုက်အတန့်လေးမှာပင် ကြောက်မက်ဖွယ်ခံစားချက်က သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များကိုပါ ထောင်မတ်သွားစေသည်။သူက သည်လိုခံစားချက်မျိုးကို သူ့ဆရာ ပေဖန်နှင့် တွေ့သည့်အချိန်တွင်ပင် မခံစားခဲ့ရဖူးပေ။
သို့သော်လည်း သူ့မသိစိတ်ထဲ၌ ခုလိုခံစားချက်မျိုး ရရှိဖူးသည်ဟု ထင်မိ၏။သည်လိုဘာကြောင့် ခံစားရသည့်အကြောင်းရင်းကို ချင်းရွှေက မသိ ဖြစ်ရ၏။
သူ့ဟန်ပန်က သုန်မှုန်နေ၏။ သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူသည် သူ့မှတ်ဉာဏ်ထဲ၌ ထိုခံစားချက်နှင့် ပတ်သတ်သည့် အဖြေကို ရှာဖွေကြည့်နေရင်း ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေသည်။
လျိုချန်က ရယ်မောနေရင်း ရုတ်တရက် သူသည် နတ်ဘုရားသတ်ဖြတ်ခြင်းချိပ်တံဆိပ်ထံကနေ နောက်သို့ ဆုတ်၏။ သူ့လက်မောင်းပေါ်ရှိိ ဆူးချွန်တော်တော်များများသည် ပျက်စီးသွား၏။သို့သော် သူက စိတ်လှုပ်ရှားနေသည်။သူသည် ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်၏။
ထပ်ခါထပ်ခါ တိုက်ခိုက်ပြီးသည့်နောက် ဝမ်လင်းသည်လည်း နောက်ဆုတ်၏။သူ့လက်ထဲရှိ နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် ခုချိန်၌ ထွင်းဖောက်လုနီး ကြည်လင်နေ၏။ သူက အပြင်ဘက်၌ သာမန်ဟန်ပန်အတိုင်း ရှိနေသော်လည်း တုန်လှုပ်မိနေ၏။ အစောပိုင်းက ဝမ်လင်းသည် သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေသည့် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် အချိန်ကြာမြင့်စွာ ငြိမ်သက်နေရာကနေ မထင်ထားစွာ တုန်ယင်သွားသည်ကို ခံစားမိ၏။
ထိုအရာက ဖြစ်တောင့်ဖြစ်ခဲပင်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ တုန်ယင်သွားသည့်အချိန်၌ ထိုပုတီးစေ့ထဲမှ ဆန်းကြယ်စွမ်းအားအမျှင်တန်းတစ်ခု ထွက်လာပြီး ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။ထိုအရာက သူ့မျက်လုံးကို ချက်ခြင်း အပြာရောင်တောက်ပလာစေသည်။
နောက်သို့ ဆုတ်နေရင်း ဝမ်လင်းက သူ့ပတ်ဝန်းကျင်ကို ခြုံငုံကြည့်၏။ သည်အခိုက်၌ သူ့စိတ်ထဲ၌ မိုးကြိုးချက်ပေါင်းများစွာ ပစ်ချခံလိုက်ရသည့်အလား တုန်ယင်သွားသည်။သူသည် ပိုက်ကွန်အောက်၌ ချင်းရွှေပင် မမြင်ရသော တစ္ဆေအလင်းကို တွေ့မြင်နေပေသည်။
ထိုတစ္ဆေအလင်း၏ ကြမ်းကြုတ်မှုက ဝမ်လင်းမျက်လုံးထံသို့ ကျရောက်၏။ထိုအခါ ဝမ်လင်း၏ခန္ဓာကိုယ် အတွင်း၊အပြင်သည် အေးစက်သွား၏။ သည်တစ္ဆေအလင်းကလည်း ဝမ်လင်း၏အကြည့်ကို သတိပြုမိပုံ ရသည်။ ထိုတစ္ဆေအလင်းထံမှ တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်သွားပြီး ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်သွားသည်။
“ဒါက ဘာလဲဟ…” ဝမ်လင်းက နောက်ဆုတ်နေရင်း သူ့စိတ်မှာ တုန်လှုပ်မိနေ၏။ သူက ချင်းရွှေ၏အကြည့်ကို တွေ့သည့်အခါ သူသည် ချင်းရွှေလည်း ထိုအရာကို သတိပြုမိမည်မှန်း သိသွားသည်။
သည်အခိုက်၌ လျိုချန်က ရယ်မောရင်း နောက်တစ်ဖန် တိုးဝင်လာ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ကြမ်းကြုတ်စွာ ညှစ်ချေ၏။ သူ့နှဖူးထက်ရှိိ ကြယ်ငါးလုံးသည် လှည့်ပတ်သည်။မျက်စိတစ်မှိတ်အတွင်း ကြယ်ငါးလုံးသည် သူ့နှဖူးထက်ကနေ ပျံဝဲ၍ သူ့လက်သီးစုပ်ထဲသို့ ကျရောက်၏။
သူ့လက်သီး ရောက်ရှိလာချိန်၌ သူ့လက်သီးချက်ပေါ်၌ ကြယ်ငါးလုံးပေါ်နေ၏။ ၎င်းကြယ်များက မြန်ဆန်စွာ လှည့်ပတ်၍ ဝဲကတော့တစ်ခုကို ဖြစ်စေသည်။လျိုချန်၏ လက်သီးချက်က နီးကပ်လာနေရင်း ထိုဝဲကတော့ကနေ မုန်တိုင်းတစ်ခုကို ဖြစ်စေသည်။
“ကြည့်ရတာ လျိုချန်က ပုံမှန်မဟုတ်တဲ့ အခြေအနေကို သတိမပြုမိလိုက်ဘူးနဲ့တူတယ်။သူက ကြယ်ငါးလုံးနတ်ဘုရားပဲ။ ဒါတောင် သူက သတိမပြုမိဘူးလား။ ဒီအစား ချင်းရွှေကတောင် သတိပြုမိနေသေးတယ်…”
ဝမ်လင်းက ပိုက်ကွန်အောက်ရှိ တစ္ဆေအလင်းနှစ်ခုသည် အတော်လေး ထိတ်လန့်ဖွယ်ကောင်းလှသည်ဟု ခံစားမိ၏။ သည်အခိုက်မှာပင် လျိုချန်၏ညာလက်သီးသည် ကျရောက်လာသည်။ဝမ်လင်းက သူ့လက်ကို ရှေ့သို့ ချက်ခြင်း ဝေ့ယမ်း၏။ ကြယ်လေးလုံးနတ်ဘုရား၏စွမ်းအားသည် ချက်ခြင်း ပေါက်ကွဲထွက်လာသည်။ ဝမ်လင်းက ထိုစွမ်းအားကို အသုံးချကာ ဦးတည်ချက်များ ပြောင်းလဲပြီး ပိုက်ကွန်နှင့်အဝေးသို့ ရွှေ့လျားသွားသည်။
“ငါက ဒါကို သတိပြုမိတာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကနေ ထွက်လာတဲ့ ဆန်းကြယ်စွမ်းအားကြောင့် ဖြစ်မယ်။ချင်းရွှေမှာလည်း ဒီလိုမထောက်လှမ်းနိုင်တဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက် တစ်ခု ရှိနေရလိမ့်မယ်။ဒါပေမဲ့လည်း ဒီလေဟာနယ်နေရာထဲမှာ ဘယ်လိုအရာမျိုးကများ ပုန်းကွယ်နေရတာလဲ…”
ဝမ်လင်းနှင့်လျိုချန်တို့သည် တိုက်ခိုက်ရင်း နေရာချိန်းနေကြ၏။ သူတို့၏ ထိပ်တိုက်တွေ့မှုများသည် အဆုံးမဲ့တုန်ဟီးသံများကို ဖြစ်စေသည်။လျိုချန်၏လက်သီးချက်က ဝမ်လင်းပေါ်သို့ ဆက်တိုက် ထိုးနှက်၏။ သူ့လက်ပေါ်ရှိ ကြယ်များက စုပ်အားတစ်ခုကို ထုတ်လွှတ်ပေးနေကာ အမှန်တကယ်ပင် ဝမ်လင်းကို ဆွဲငင်နိုင်၏။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်လေးလုံးသ်ည မြန်ဆန်စွာ လှည့်လည်၏။ သည့်နောက် ၎င်းကြယ်များသည် သူ့ညာလက်ထဲသို့ နစ်မြုပ်ကာ လျိုချန်၏ တိုးဝင်လာသည့် လက်သီးချက်များကို ရင်ဆိုင်သည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ တိုက်ပွဲသာ သာမန်နေရာတစ်ခုတွင် ဖြစ်ပွားနေပါက ထိုနေရာရှိ ဟင်းလင်းပြင်သည် တစစီ ဖြစ်သွားပေလိမ့်မည်။ သို့သော် သည်နေရာတွင်မူ သက်ရောက်ခြင်း မရှိပေ။ တုန်ဟီးသံများ ဆက်တိုက်ထွက်ပေါ်နေရင်း ဝမ်လင်းက နောက်ဆုတ်ကာ လျိုချန်၏လက်သီး စုပ်အားမှ လွတ်မြောက်အောင် လုပ်၏။
လျိုချန်က ခြေတစ်လှမ်းလှမ်းရာ ဝမ်လင်းနားသို့ ရောက်သွား၏။သူ့လက်သီးတိုက်ခိုက်မှုကလည်း တပါးတည်း ပါဝင်လာသည်။ မရေမတွက်နိုင်သော ကြမ်းကြုတ်သည့်အရိုးဆူးချွန်များသည် သူ့ခန္ဓာကိုယ်ပေါ်၌ ပေါ်လာ၏။ ၎င်းဆူးချွန်များက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏စွမ်းအား ပြည့်နှက်ကာ ဝမ်လင်းရှိရာသို့ မြှားများကဲ့သို့ တိုးဝင်လာကြသည်။
ဝမ်လင်းက သူ့ညာလက်ဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို လှုပ်ခါ၍ ရှေ့သို့ ဝေ့ယမ်း ရိုက်ချသည်။ သူ့ပါးစပ်ကနေလည်း ရှေးဟောင်းနတ်ဘုရားဘာသာစကားများ ထွက်ပေါ်လာ၏။
“ရှေးဟောင်းနတ်ဘုရားမူလ၊ ဘိုးဘေးတွေရဲ့စွမ်းအားကို ငှားယမ်းခြင်း…”
သူက ထိုသို့ ပြောလိုက်သည်နှင့် သူ့ရှေ့တွင် ဝဲကတော့တစ်ခု ပေါ်လာကာ အရိုးဆူးချွန်များအားလုံးကို စုပ်ယူ၏။
ပထမဆုံးအကြိမ်အဖြစ် လျိုချန်၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသည်။သူက ပြုံး၍ ဆို၏။ “ဘိုးဘေးတွေရဲ့စွမ်းအားကို ငှားယမ်းနိုင်တဲ့ ရှေးဟောင်းနတ်ဘုရားမူလ မန္တာန်ဟာ တော်ဝင်ကလန်ဝင်တွေသာ အသုံးပြုနိုင်တဲ့အရာပဲ။ ငါ လျိုချန်က ဒီမန္တာန်ကို မတွေ့ရတာ အလွန်ကြာမြင့်ခဲ့လှပြီ…”
သူက ထိုသို့ပြောလိုက်ရင်း သူသည် ဟင်းလင်းပြင်ထဲ၌ ရပ်တန့်၏။သူ့လက်ဖြင့် ကွင်းတစ်ခုကို ဖြစ်စေသည်။ သူ့နှဖူးထက်၌ ပုံရိပ်ယောင်ရှေးဟောင်းနတ်ဘုရား ကြယ်တစ်လုံး ပေါ်လာ၏။သိပ်မကြာခင်တွင် နောက်ထပ်ကြယ်တစ်လုံး ပေါ်လာသည်။ လျိုချန်က သူ့လက်ကို လှုပ်ရှားလိုက်သည့်အခါ ကြယ်ငါးလုံးသည် ညင်သာသောအလင်းကို ထုတ်လွှတ်၍ ဖြည်းဖြည်းချင်း စတင်လှည့်ပတ်၏။ထို့နောက် ကွင်းထဲမှ တစ်စုံတစ်ခုသည် ပျံသန်းထွက်လာသည်။
“ရှေးဟောင်းနတ်ဘုရား သားရဲ စိတ်ဝိညာဉ်…” လျိုချန်က အော်ပြော၏။ သည့်နောက် ထိုပျံသန်းသွားသည့် အရာမှာ ဖျပ်ခနဲ လင်းလက်ကာ ဧရာမဆင်ကြီးအဖြစ်သို့ ပြောင်းလဲ၏။
ထိုဆင်မှာ လုံးဝ နက်မှောင်နေ၏။၎င်း၏ နှာမောင်းနှစ်ခုသည် အဖြူရောင်တောက်ပမှုကို ပေးစွမ်းကာ ကြမ်းတမ်းလှသည့်လက်ကြီးများကဲ့သို့ ထင်ရသည်။ထိုဆင်က ၎င်း၏ ခန္ဓာကိုယ်ကို ပင့်၍ မာန်ဟိန်းကာ နင်းခြေချသည်။
ထိုနင်းခြေမှုသည် ပြင်းထန်သောတုန်ဟီးသံများကို ဖြစ်စေ၏။ ထိုဆင်ထံမှ အရိုင်းဆန်သောမီးတောက်တစ်ခု အရူးအမူး ထွက်လာ၏။
ရှေးဟောင်းနတ်ဘုရားကလန်ဝင်များသည် လောကကိုဖျက်စီးနိုင်သည့် ခန္ဓာကိုယ်ကြီးများ ရှိရုံသာမက တုနှိုင်းမဲ့ဆန်းကြယ်မန္တာန်များကိုလည်း ပိုင်ဆိုင်ထားကြပေသည်။
ထိုသားရဲ စိတ်ဝိညာဉ်သည် ရှေးဟောင်းနတ်ဘုရားများ၏ အားကောင်းသောမန္တာန်များထဲမှ တစ်ခု ဖြစ်၏။ကြယ်ငါးလုံးနတ်ဘုရားများသည် ထိုမန္တာန်ကို အသုံးပြုနိုင်သည်။ ၎င်းတို့က သည်မန္တာန်ကို အသုံးမပြုခင် နှစ်ပေါင်းများစွာ သန့်စင်မွန်းမံထားကြရ၏။
အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားတိုင်းတွင် ဤမန္တာန်ကို ပိုင်ဆိုင်ထားကြ၏။ ရှေးဟောင်းနတ်ဘုရားတိုင်း အရွယ်ရောက်လာသည့်အခါ ပထမဆုံးလုပ်သည်က သူတို့၏ကိုယ်ပိုင်သားရဲစိတ်ဝိညာဉ်ကို ရှာ၍ မွန်းမံရန် ဖြစ်သည်။
ထူစီထံ၌လည် သားရဲစိတ်ဝိညာဉ် ရှိ၏။ အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားနယ်မြေ၌ ထူစီ၏မှတ်ဉာဏ်အမွေအနှစ်ကို တာ့ဆန်မရရှိအောင် တားဆီးခဲ့သည့်သားရဲမှာ ထူစီ၏ သားရဲစိတ်ဝိညာဉ် ဖြစ်ချေသည်။
သည်အခိုက်၌ လျိုချန်က စိတ်ဝိညာဉ်သားရဲမန္တာန်ကို အသုံပြု၏။ သည့်နောက် ဧရာမဆင်ကြီးသည် ရှေ့သို့ တိုးလာ၏။ ဝမ်လင်းရှေ့ရှိ ဝဲကတော့သည် ရုတ်တရက် ပြောင်းလဲသွားသည်။ ဆင်ကြီး အနားရောက်လာသည်အခါ ဝဲကတော့ထဲမှ ဧရာမလက်သီးတစ်လုံး ထွက်လာ၏။
ထိုလက်သီးသည် အပြာရောင်ရှိ၏။ ယင်းလက်သီးချက်က ဆင်ကြီးနှင့် ထိပ်တိုက် တွေ့ဆုံသည်။
ဘုန်း…။
ထိုအခါ ဧရာမဆင်သည် ဟိန်းအော်သံ ပြု၍ ၎င်း၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်သွား၏။၎င်း၏နှာမောင်းနှစ်ခုမှ တစ်ခုသည်လည်း တဝက်တိတိပျက်စီးကာ ပျောက်ကွယ်သွားသည်။
လျိုချန်ကလည်း နောက်ဆုတ်၏။ သူ့မျက်လုံးထဲရှိ လေးစားမှုက ပို၍ အားကောင်းလာသည်။
ဝမ်လင်းက သွေးအန်ထုတ်ကာ နောက်သို့ ဆုတ်ရ၏။ သူက ထိပ်တိုက်တွေ့မှုကနေ ထွက်ပေါ်လာသည့် ဖိအားနှင့် ပိုက်ကွန်ကို ရှောင်လိုနေခြင်းသာ။
လျိုချန်က ဝမ်လင်းကို ကြည့်၍ ဖြည်းဖြည်းချင်း ပြော၏။ “မင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာဖို့ အရည်အချင်း ရှိတယ်…”
သူက ထိုသို့ ပြောလိုက်သည့်အခါ အကွာအဝေးတစ်ခုရှိ လမြွေနဂါး၏ မျက်လုံးထဲမှ နတ်ဆိုးအလင်းတစ်ခု တောက်ပလာ၏။၎င်းက မာန်ဟိန်းသံ ပြု၏။ ထိုဟိန်းသံက လျိုချန်၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။သူ့မျက်လုံးထဲ၌လည်း ရုန်းကန်မှုတို့ ပြန်ပြည့်လာ၏။သူ့သွေးကြောများပင် ဖောင်းကြွလာကာ သူ့အသွင်က ကြမ်းတမ်းလာ၏။လမြွေနဂါးကို ကြည့်နေရင်း သူသည် အော်ဟစ်၏။ “တိရိစ္ဆာန်ကောင်ကများ….ငါ့ကို ထပ်ပြီးလာနှောက်ယှက်နေတယ်…”
လမြွေနဂါး၏မျက်လုံးတို့က အေးစက်လာ၏။၎င်း၏ ဟိန်းသံက ပို၍ ပြင်းထန်လာ၏။ ထိုဟိန်းသံထဲ၌ လျိုချန်ကို တုန်ယင်စေသည့် စိတ်ဆန္ဒတစ်ခု ပါဝင်၏။သူ့အသွင်က နာကျင်နေဟန် ဖြစ်ပေါ်လာသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပွားလာ၏။လမြွေနဂါးရှိနေသည့် နေရာ၌ ကြီးမားသည်ပိုက်ကွန်တစ်ခု ပေါ်လာကာ တစ္ဆေအလင်းတန်းနှစ်ခုသည် ထပ်မံ ထွက်ပေါ်လာချေသည်။
ချင်းရွှေသည် ထိုအရာများကို သေချာ စောင့်ကြည့်နေ၏။ဤအခိုက်၌ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။သူက လမြွေနဂါးအနီးနားရှိ ပိုက်ကွန်ကို စူးစိုက်ကြည့်သည်။သူ့မျက်နှာသည် သုန်မှုန်လာသည်။
ဝမ်လင်းသည်လည်း ထိုအရာကို မြင်၏။သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားသည်။
လျိုချန်သည်လည်း တခုခုမှားနေသည်ကို သတိပြုမိလာ၏။
လမြွေနဂါးကြီး၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးသည် တုန်ယင်လာကာ ၎င်းက ဟိန်းသံ ပြု၏။၎င်း၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့်ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်နေသည်။
တလက်လက်ဖြစ်လာသည့် ပိုက်ကွန်သည် လမြွေနဂါးကြီး၏ အနီးဆုံးနေရာတွင် စုတ်ပြဲသွား၏။ချက်ခြင်းပင် ကျယ်ပြောသောအပေါက်တစ်ခု ဖြစ်လာကာ ချဲ့ကားလာသည်။
သည်ဟင်းလင်ပြင်ကို ချိပ်ပိတ်ထားမှုမှာ ပွင့်ဟလာသည်သဘောမျိုး ဖြစ်၏။ထို့နောက် တစ္ဆေအလင်းနှစ်ခုသည် ထိုးထွက်လာသည်။
ထိုတစ္ဆေအလင်းတန်းနှစ်ခု ထိုးထွက်လာသည့်အခိုက် ဝမ်လင်း၊ချင်းရွှေနှင့်လျိုချန်တို့သည် မင်သက်သွားကြ၏။
“ဆရာ…” ချင်းရွှေ၏မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန်တို့နှင့် ပြည့်လာ၏။
“ထူစီ…” ဝမ်လင်းက ပင့်သက်ရှိုက်မိ၏။သူ့ဦးရေပြားပင် ထုံထိုင်းသွားသလို ခံစားမိသည်။သူက ပျံသန်း၍ ထွက်ခွာရန်ပင် ဟန်ပြင်၏။
“ဘိုးဘေး…” လျိုချန်က ထိုအဟအက်ကြောင်းထဲမှ ထွက်လာသည့်အရာကို ကြည့်ကာ မင်သက်နေမိသည်။
သူတို့သုံးယောက်လုံးက မတူညီသည့်အရာသုံးခုကို တွေ့မြင်လိုက်ရ၏။ အက်ကြောင်းထဲကနေ ခုနစ်ရောင်စုံအခိုးငွေ့များ ထွက်လာ၏။ထိုအခိုးငွေ့သည် အလွန်သိပ်သည်းကာ လမြွေနဂါးကို ဝန်းရံပြီး အက်ကြောင်းအတွင်းသို့ ကြမ်းတမ်းစွာ ဆွဲချသည်။
လမြွေနဂါးက ရုန်းကန်၏။၎င်းက ဟိန်းအော်သံများ ပြုသည်။သို့ရာတွင် ၎င်း၏ခန္ဓာကိုယ်ကြီးမှာ ခုခံနိုင်စွမ်းအားလုံး ဆုံးရှုံးသွားသည့်အလား အက်ကြောင်းအဟထဲသို့ ဆွဲသွင်းခြင်း ခံနေရသည်။
လမြွေနဂါးကို ဆွဲယူရင်း အက်ကြောင်းက မြန်ဆန်စွာ ပြန်ပိတ်နေ၏။
ထိုအခိုက်အတန့်၌ လမြွေနဂါး၏ဒေါသ သက်ရောက်မှုမှာ ဆုံးရှုံးသွားရုံသာမက ၎င်း၏ခန္ဓာကိုယ်အတွင်း၌ ရှိနေကြသော ရီမူဇီနှင့်ဝူဒိုချန်တို့သည်လည်း တုန်လှုပ်မိကြ၏။သူတို့နှစ်ယောက်က မြန်ဆန်စွာ လှုပ်ရှား၍ လမြွေနဂါးတစ်လျှောက်သွားလာနေ၏။ ခုနစ်ရောင်စုံသည် လမြွေနဂါး၏ခန္ဓာကိုယ်တွင် ပြည့်နှက်လာသည့်အခါ သူတို့နှစ်ယောက်သည် သူတို့၏မူလစွမ်းအင်ဆုံးရှုံးမှုမှာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာသည်ဟု ခံစားမိ၏။
ဟင်းလင်းပြင်နေရာ အဟအက်ကြောင်းထဲကနေ ခုနစ်ရောင်စုံအခိုးငွေ့များစွာ ထွက်ပေါ်လာ၏။ ထိုအခိုးငွေ့များသည် သုံးပိုင်းခွဲကာ ဝမ်လင်း၊လျိုချန်နှင့် ချင်းရွှေတို့ထံသို့လည်း တန်းတန်းမတ်မတ် ဝင်ရောက်လာလေသည်။
***