ဝမ်လင်းက ရှိုက်သွင်းနေသည့်အခါ ခရမ်းရောင်ကြယ်သည် တုန်ယင်၍ သူ့ထံသို့ ဦးတည်ဝင်လာ၏။ဝမ်လင်းက ၎င်းကြယ်ကို ဝါးမြိုရန် ဟန်ပြင်ခါနီးမှာပင် လမြွေနဂါးက ဟိန်းသံပြုသည်။ထို့နောက် လမြွေနဂါးထံမှ အားကောင်းလှသော ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။
တချိန်တည်းမှာပင် ရီမူဇီနှင့်ဝူဒိုချန်တို့၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။သူတို့နှစ်ယောက်ကလည်း ခရမ်းရောင်ကြယ်ရှိရာသို့ တိုးဝင်လာကြ၏။ သို့ရာတွင် သူတို့နှစ်ယောက်လုံးသည် ပြီးခဲ့သောတိုက်ပွဲ၌ မူလစွမ်းအင်များစွာ သုံးဆွဲခဲ့ရ၏။ထို့ကြောင့် သူတို့၏ကျင့်ကြံမှုအဆင့်သည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ထိ လျော့ကျသွားခဲ့သည်။
သူတို့နှစ်ယောက်က ခရမ်းရောင်ကြယ်ရှိရာသို့ မတူညီသောရှု့ထောင့်ကနေ တိုးဝင်လာသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ ရူးသွပ်မှုအရိပ်အမြွက်တို့ ရှိလာ၏။ ထိုနှစ်ယောက် နီးကပ်လာသည့်အခါ သူ့ခန္ဓာကိုယ်မှ တစီစီပေါက်ကွဲသံများ ထွက်လာ၏။သူက အုန်းခနဲ ကြီးမားလာကာ ကြယ်ကို တိုက်ရိုက် ဝါးမြိုပစ်လေသည်။
ဝမ်လင်းက ၎င်းကြယ်ကို ဝါးမြိုလိုက်သည့်အခိုက် သူသည် သူ့ခန္ဓာကိုယ်ကနေ အံ့မခန်းစွမ်းအား ပေါက်ကွဲထွက်လာသည်ဟု ခံစားရ၏။ ထိုစွမ်းအားသည် သူ့ထံ၌ ပေါက်ကွဲသွားပြီးနောက် သူက နောက်သို့ အသည်းအသန် ဆုတ်သည်။
အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း၊အပြင်နှစ်ခုစလုံး၌ ရွှေ့လျားနေ၏။ဝမ်လင်းသည် အားကောင်းသောခံစားချက်ကို ရရှိနေသည်။သူက သူ့ရှေ့ရှိ အရာအားလုံးကို လက်သီးတစ်ချက်ဖြင့်ပင် ဖျက်စီးပစ်နိုင်မည့်အလား ခံစားမိ၏။
သူက ရယ်မောကာ နောက်ဆုတ်ရင်း ရုတ်တရက် ဦးတည်ချက် ပြောင်း၏။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာပြီး ဝမ်လင်းသည် ပေတစ်ရာလောက်ထိ ကြီးမားလာ၏။
ပြင်းထန်သောအော်ရာတစ်ခုက ဤဟင်းလင်ပြင်နေရာ၌ ပြည့်နှက်သည်။ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား ဖုံးကွယ်ထားသည့် ရှေးဟောင်းနတ်ဘုရားကြယ်သည် သိပ်သည်းလာကာ အရင်ကြယ်သုံးလုံးနှင့်တစ်ဝက်သည် ကြယ်လေးလုံးထိ ဖြစ်လာ၏။
ထိုကြယ်များမှာ အစစ်အမှန်ကြယ်လေးလုံးပင်။ ရှေးဟောင်းနတ်ဘုရားထူစီ၏ အမွေအနှစ်နှင့် တော်ဝင်သွေးမျိုးဆက်မှလာသည့် ကြယ်လေးလုံးရှေးဟောင်းနတ်ဘုရားပင်။ ထိုအဖြစ်က သာမန်ကြယ်လေးလုံး ရှေးဟောင်းနတ်ဘုရားနှင့် ကွာခြားပေသည်။
ဝမ်လင်း၏ခန္ဓာကိုယ်ထဲမှ တစီစီအသံများ ထွက်ပေါ်လာခြင်းက ပို၍ ပြင်းထန်လာကာ သူသည် ပေတစ်ထောင်လောက်ထိ မြင့်မားလာသည်။ ပြင်းထန်သောအော်ရာက အရူးအမူး ပျံ့လွင့်သည်။
ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း ရီမူဇီနှင့်ဝူဒိုချန်တို့၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားလေ၏။
ဝမ်လင်းက လက်သီးခပ်တင်းတင်းဆုပ်၏။သူက အားပါးတရ ရယ်မောပစ်သည်။ သူက ယုံကြည်မှုနှင့် ပြည့်နေ၏။ သည်အခိုက်အတန့်၌ သူသည် ရုတ်တရက် လှည့်ကာ သူ့ဧရာမခန္ဓာကိုယ်ကြီးသည် ရီမူဇီနှင့်ဝူဒိုချန်တို့ကို ကျော်သွား၏။သူက ဖြစ်ပျက်သမျှကို ကြောင်ရီစွာ ကြည့်နေသော ရွှေရောင်နဂါးထံသို့ တိုက်ရိုက် ဦးတည်သွားသည်။
ရွှေရောင်နဂါးသည်လည်း ဒဏ်ရာများစွာ ရထား၏။၎င်းက မန္တာန်များစွာကိုလည်း အသုံးပြုခဲ့ရသည်။ထို့အပြင် ၎င်း၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့မှာလည်း သည်နေရာတွင် ချိပ်ပိတ်ခြင်း ခံထားရခြင်းကြောင့် သူ့အစွမ်းသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် လောက်သာ ရှိတော့၏။
ပေတစ်ထောင်လောက် ရှိသည့် ဝမ်လင်း သူ့ထံသို့ တိုးဝင်လာသည်ကို ကြည့်ရင်း ရွှေရောင်နဂါးသည် မြန်ဆန်စွာ ကျုံ့၍ နဂါးဝတ်စုံနှင့်လူအဖြစ်သို့ ပြန်ပြောင်းသွား၏။ထို့နောက် သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ သူ့ခေါင်းပတ်လည်ရှိ အဆောင်ငါးခုမှာ မြန်ဆန်စွာ လှည့်လည်သည်။ သူက အော်ဟစ်လိုက်၏။ “မီးအဆိပ်…”
သူက ထိုသို့ ပြောလိုက်သည့်နောက် သူ့ခေါင်းထက်ရှိ အဆောင်ငါးခုမှ တစ်ခုသည် စတင်လောင်ကျွမ်းလာသည်။ အစိမ်းရောင်မီးတောက်ပြင်းတစ်ခုသည် ဝမ်လင်းထံသို့ တဟုန်ထိုး ဝင်လာ၏။
ဝမ်လင်းဟန်ပန်က မထူးခြားနားပင်။ခုချိန်၌ သူသည် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။သို့သော် သူသည် ရှေးဟောင်းနတ်ဘုရား၏မှတ်ဉာဏ်အမွေအနှစ်နှင့် စွမ်းအားအမွေအနှစ်တို့ကို ရရှိထားသည့်သူ ဖြစ်နေလေပြီ။ ကြယ်လေးလုံးတော်ဝင်ရှေးဟောင်းနတ်ဘုရား။
ဝမ်လင်း၏ကိုယ်ပွားက လုံးဝ ချိပ်ပိတ်ခြင်း ခံထားရပြီး သူသည် သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုသာ အသုံးပြုနိုင်သော်လည်း ကြယ်လေးလုံးရှေးဟောင်းနတ်ဘုရား၏စွမ်းအားသည် အနှီရွှေရောင်နဂါးကို သတ်ပစ်ဖို့အတွက် လုံလောက်ပေသည်။မီးအဆိပ်သည် ကျင့်ကြံသူများကို သေစေနိုင်သည့် အဆိပ်ပါဝင်၏။သို့သော် ရှေးဟောင်းနတ်ဘုရားအတွက်မူ မပြောပလောက်ပေ။ဝမ်လင်းက အနားသို့ တိုးလာရင် းသူ့လက်သီးချက်ကို ထုတ်ဖော်၏။
ဘုန်း…။ အသံပေါက်ကွဲမှုများ ဖြစ်ပွားသွားသည်။လက်သီးချက်သည် လေပြင်းကို ဖန်တီး၏။ အစိမ်းရောင်မီးတောက်က ရောက်ရှိလာသည်နှင့် ငြှိမ်းသက်ခြင်းခံရလေပြီ။
အစိမ်းရောင်အခိုးငွေ့များစွာ ထွက်ပေါ်လာပြီး နဂါးဝတ်ရုံနှင့်လူထံသို့ ပြန်တိုးဝင်သွား၏။
နဂါးဝတ်ရုံနှင့်သက်လတ်ပိုင်းလူ၏ ဟန်ပန်သည် ကြီးစွာ ပြောင်းလဲသွား၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ပြော၏။ “အလေးအမြတ်ရေ၊ဖျက်စီးခြင်းသတ္တု၊ပြစ်ဒဏ်သစ်သား၊လောင်ကျွမ်းမြေ…”
သူက ထိုသို့ အော်ဟစ်ရင်း သူ့ခေါင်းထက်ရှိ အဆောင်ငါးခုလုံးသည် တောက်ပ၍ လှုပ်ရမ်းလာသည်။ထို့နောက် အပြာရောင်ပင်လယ်တစ်ခုသည် ရုတ်တရက် ပေါ်လာပြီး ဝမ်လင်းကို ရိုက်ချသည်။
ထိုပင်လယ်က အလေးအမြတ်ရေပင်။၎င်းကစွမ်းအားအပြည့်ကို သယ်ဆောင်ထား၏။သို့သော် ကြယ်လေးလုံးရှေးဟောင်းနတ်ဘုရားဝမ်လင်း၏ လက်သီးချက်ကို တားဆီးနိုင်စွမ်း မရှိပေ။
ထိုပင်လယ်ရောက်ရှိလာသည်နှင့် ၎င်းက မရေမတွက်နိုင်သော ရေစက်များအဖြစ်သို့ ပျက်စီးသွားကာ နောက်သို့ လွင့်စင်သွား၏။ဝမ်လင်း၏ လက်သီးချက်က ယင်းပင်လယ်၏စွမ်းအားထက် များစွာ ပိုအားကောင်းပေ၏။ထို့ကြောင့် ၎င်းပင်လယ်သည် မည်သို့ မပျက်စီးဘဲ နေပါ့မည်နည်း။
အလေးအမြတ်ရေ ပျောက်ကွယ်သွားသည်နှင့် နဂါးကြေးခွံများကြောင့် ဖြစ်ပေါ်လာသည့် ဓားတစ်လက်သည် ဝမ်လင်းထံသို့ ထိုးစိုက်လာ၏။
သူ့လက်သီးချက်သည် ကျရောက်လာသည်အခါ ပေါက်ကွဲမှု ဖြစ်၏။ နဂါးကြေးခွံထားသည် တုန်ယင်ကာ ဓားဖျားကနေ အက်ကွဲသွား၏။
နဂါးကြေးခွံဓားနောက်၌ အနက်ရောင်သစ်တုံးတစ်ခုသည် နီးကပ်စွာ ကပ်ပါလာသည်။ထိုသစ်တုန်းကြီးက သွေးနံ့ကို ပေးစွမ်း၏။၎င်းအတွင်း၌ မရေမတွက်နိုင်သော ကောင်းကင်ဘုံသားများ၏ စိတ်ဝိညာဉ်များ ရှိနေသည်။ထိုစိတ်ဝိညာဉ်များ၏ ငြီးတွားသံများ ထွက်ပေါ်နေရင်း လှိုင်းများသည် ဝမ်လင်းကို တိုက်ခိုက်လာသည်။
ပြစ်ဒဏ်သစ်သားနောက်၌ အနက်ရောင်မြေကြီးများစွာသည် မုန်တိုင်းအသွင် ဖြစ်ပေါ်၍ ဝမ်လင်းရှိရာသို့ ဦးတည်လာနေ၏။
ဝမ်လင်း၏ဟန်ပန်က မတုန်မလှုပ်ပင် ရှိနေ၏။သူ့ညာလက်သီးချက်သည် ပြစ်ဒဏ်သစ်သားပေါ်သို့ ကျရောက်သည်။ထိုသစ်လုံးသည် နှစ်ပိုင်းကွဲသွား၏။၎င်းကလည်း ဝမ်လင်း၏လက်သီးချက်ကို အနည်းငယ်မျှ ဟန့်တားနိုင်စွမ်း မရှိိပေ။
အနက်ရောင်မြေကြီးကြောင့် ဖြစ်ပေါ်လာသည့် အနက်ရောင်မုန်တိုင်းသည် သစ်သားတုံးနှစ်ပိုင်းကွဲသွားသည့်အခိုက်မှာပင် ရုတ်တရက် ပျက်စီးသွား၏။
မည်သည့်အရာကမျှ ဝမ်လင်း၏ လက်သီးချက်ကို မဟန့်တားနိုင်ပေ။
ဒြပ်စင်ငါးခုပျက်စီးသွားသည့်နောက် ထိုလက်သီးချက်မှာ နဂါးဝတ်ရုံနှင့်လူပေါ်သို့ တိုက်ရိုက် ကျရောက်လာ၏။ နဂါးဝတ်ရုံနှင့်လူသည် သွေးအန်ထုတ်ကာ နောက်သို့ လွင့်စင်ထွက်သွား၏။
ထိုအရာများအားလုံးသည် အချိန်တိုအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ရီမူဇီနှင့်တခြားလူများ၏ အမြင်၌ ဧရာမဝမ်လင်းက ခြေတစ်လှမ်းလှမ်း၊လက်သီးတစ်လုံးပစ်သွင်း၊ နဂါးဝတ်ရုံနှင့်လူ လွင့်ထွက်သွားခြင်းဟုသည် ထင်စရာဖြစ်သည်။
နဂါးဝတ်ရုံနှင့်လူထံမှ တစီစီအသံများထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်သည်။ သူတို့က သည်နေရာတွင် မဟုတ်ဘဲ အပြင်ဘက်တွင် သူ့ကျင့်ကြံမှုအဆင့်ကိုသာ ချိပ်ပိတ်ထားခြင်း မခံရပါက ဝမ်လင်းအဖို့ သူ့ကို ဒဏ်ရာရစေဖို့ အလွန့်အလွန် ခက်ခဲလှပေမည်။
သို့သော် သည်နေရာ၌ ဝမ်လင်းအဖို့ အားသာချက်များစွာ ရနေ၏။ကျင့်ကြံခြင်းအဆင့်ကို ချိပ်ပိတ်ခံထားရသည့် နဂါးဝတ်ရုံနှင့်လူအဖို့ နောက်ဆုတ်ဖို့သာ ရှိတော့သည်။
ဝမ်လင်းက ရှေ့သို့ တိုးလာရင်း ခြေကန်ထုတ်၏။နဂါးဝတ်ရုံနှင့်လူ၏ မျက်နှာသည် ဖူးယောင်သွားသည်။သူ့မျက်လုံးထဲ၌ အလိုမကျမှုတို့ ပြည့်နှက်နေကာ သူသည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၍ အော်ပြော၏။ “ဒြပ်စင်ငါးခုစွမ်းအား…”
သူက ထိုသို့ပြောလိုက်သည့်နောက် သူ့ခေါင်းထက်မှ အဆောင်ငါးခုမှာ မြန်ဆန်စွာ လှည့်ပတ်၍ ဒြပ်စင်ငါးခု၏အော်ရာ ပေါ်လာကာ ပုံရိပ်ယောင်သရဖူအဖြစ် ဖြစ်တည်၏။သည့်နောက် ဒြပ်စင်ငါးခု၏စွမ်းအားသည် ဝမ်လင်းထံသို တဟုန်ထိုး ဝင်ရောက်သည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်သည်။သူ့ခန္ဓာကိုယ်က ကြီးမားလာသည် ဖြစ်သော်လည်း သူ့သိုလှောင်အိတ်မှာမူ သူနှင့်အတူ ရှိနေဆဲ ဖြစ်၏။သူ့ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက သိုလှောင်အိတ်သည် သေးငယ်လှနေသော်လည်း သူသည် သူ့အိတ်ကို ဖွင့်လှစ်နိုင်ပေ၏။
သူက ရှေ့သို့ လက်ဆန့်ထုတ်လိုက်သည့်နောက် လက်ထဲ၌ သရဖူတစ်ခု ပေါ်လာသည်။
ထိုသရဖူ ပေါ်လာသည်နှင့် နဂါးဝတ်ရုံလူ၏အသွင်က ကြီးစွာ ပြောင်းလဲ၏။ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်ကာ အံ့အားတသင့်ဆိုသည်။ “နဂါးသူတော်စင်ရဲ့ ဒြပ်စင်ငါးခုသရဖူ…။ဒါက မင်းရှိမှာ ရှိိနေတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…”
“ဒါက စိတ်ဝိညာဉ်တစ်ခုတောင် ရှိနေသေးတယ်…” နဂါးဝတ်ရုံနှင့်လူသည် ထိတ်ပြာသွား၏။ သူက သူ့မန္တာန်ကို ဆက်၍ မထုတ်ဖော်တော့ဘဲ နောက်သို့ ဆုတ်၏။တချိန်တည်းမှာ သူက သစ်သားတုန်ကင်တစ်ခုကို ထုတ်ယူကာ ၎င်းကို ချက်ခြင်း ချေမွပစ်သည်။
ထိုသစ်သားတုန်ကင်သည် အခိုးငွေ့များအဖြစ်သို့ ပြောင်းသွားရင်း သည်ဟင်းလင်းပြင်နေရာထဲ၌ လမ်းကြောင်းတစ်ခု ဖွင့်လှစ်၏။သူက ၎င်းလမ်းကြောင်းထဲသို့ ဝင်ရောက်ရန် ပြင်သည်။
ထိုအခိုက်မှာပင် ဝမ်လင်းလက်ထဲရှိ သရဖူသည် ပျံသန်းထွက်လာ၏။၎င်းက လှည့်ပတ်ရင်း ငါးရောင်စုံအလင်းကို ပေးစွမ်းသည်။ သည့်နောက် နှင်းဆီတစ်ပွင့် ပေါ်လာ၏။ထိုနှင်းဆီက ဖူးပွင့်လာသည့်အခါ အမျိုးသမီးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအမျိုးသမီး၏ ဟန်ပန်က မောက်မာ၏။ထို့အတူ သူမသည် အကြွင်းမဲ့လှ၏။သူမပေါ်လာသည်နှင့် သူမ၏ လက်ကို နဂါးဝတ်ရုံနှင့်လူထံသို့ ညွှန်သည်။
သူမ၏လက်ညွှန်မှုကြောင့် နဂါးဝတ်ရုံနှင့်လူသည် အထိတ်အလန့်နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူသည် ဆက်၍ ထွက်မပြေးနိုင်တော့ချေ။သူက ဆွဲငင်ခြင်းခံရသည့်အလား အလင်းတန်းအဖြစ်သို့ ပြောင်း၍ သရဖူ၏စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
ထိုလှပသောအမျိုးသမီးက ဝမ်လင်းကို လှည့်၍ သေချာကြည့်၏။သူမက တစ်ခုခုကို ပြောလိုဟန်ဖြင့် ပါးစပ်ဟ၏။သို့သော် မည်သည့်အသံမှ ထွက်ပေါ်မလာပေ။သူမသည် ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်သွားတော့သည်။
ထိုမြင်ကွင်းက ရီမူဇီနှင့်အခြားလူများကို တုန်လှုပ်စေသည်သာမဟုတ် ဝမ်လင်းကိုပါ တုန်လှုပ်မိစေ၏။သူက သရဖူကို အမြန် သိမ်းဆည်းကာ ရီမူဇီနှင့်ဝူဒိုချန်တို့အား အေးစက်စွာ ကြည့်၏။
သည်နှစ်ယောက်က ခုချိန်၌ သူ့ကို ချိန်းခြောက်နိုင်စွမ်း မရှိတော့ပေ။သူတို့၏ ကျင့်ကြံမှုအဆင့်က အပြင်းအထန် ချိပ်ပိတ်ခြင်းခံထားရသည့်အပြင် ဆက်လက်၍လည်း ချိပ်ပိတ်မှု ခံနေရဆဲ ဖြစ်သည်။
ထို့နောက် ဝမ်လင်း၏အကြည့်က ရှေးဟောင်းနတ်ဘုရား၏အော်ရာ ပေးစွမ်းနေသော လမြွေနဂါးထံသို့ ရောက်သွား၏။သူက သူ့ပါးစပ်ကိုဟကာ ဟိန်းသံပြု၏။
ပေတစ်ထောင်ရှိသည့် ဝမ်လင်းထံမှ ဟိန်းသံသည် လမြွေနဂါးကြီး ရှေးဟောင်းနတ်ဘုရားအသံကို ထုတ်ဖော်ချိန်ထက် အားနည်းခြင်း မရှိပေ။သူက ထိုဟိန်းသံကို ထုတ်ဖော်သည့် အချိန်၌ သည်ဟင်းလင်းပြင်ပင် ရှေးဟောင်းနတ်ဘုရား၏ဟိန်းသံကို မဟန့်တားနိုင်သည့်ပုံ ပေါ်သွားရသည်။
မရေမတွက်နိုင်သော တုန်ဟီးသံများ၊အသံပေါက်ကွဲမှုများ ပြန့်နှံ့ကုန်၏။ ထိုဟိန်းသံ၏ အဓိပ္ပာယ်မှာ စိန်ခေါ်မှု မည်၏။
ရှေးဟောင်းနတ်ဘုရားကလေးငယ်တိုင်းသည် အရွယ်ရောက်ဖို့အတွက် အခြားရှေးဟောင်းနတ်ဘုရားတစ်ပါးကို စိန်ခေါ်ဖို့ လိုအပ်၏။ ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သည့်အတွက် သူသည် ထိုအကြောင်းကို ကောင်းကောင်းသိထားသည်။
ရှေးဟောင်းနတ်ဘုရားကလန်အတွက် ကြယ်သုံးလုံးမှ လေးလုံးသို့ ကူးပြောင်းခြင်း၌ ကလန်ဝင်တစ်ယောက်သည် အရွယ်ရောက်ပြီးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အော်ရာ လိုအပ်ပေ၏။ ထိုသို့မဟုတ်ပါက ရှေ့ဆက်တိုးတက်ဖို့ မဖြစ်နိုင်တော့ပေ။ ထိုအချက်က မပြောင်းလဲသည့် အရာ ဖြစ်၏။ရှေးဟောင်းနတ်ဘုရားတစ်ပါးက ကြယ်လေးလုံးကို ပိုင်ဆိုင်သည်နှင့် အရွယ်ရောက်သည့်အရည်အချင်း ပြည့်မှီဖို့ လိုလာပေပြီ။
ထိုသို့ ပြည့်မှီဖို့က စိန်ခေါ်ရန် ဖြစ်၏။
ဝမ်လင်း၏ဟိန်းမြည်သံက လမြွေနဂါးထဲရှိ ရှေးဟောင်းနတ်ဘုရားကို သူ စိန်ခေါ်လိုကြောင်း ပြောခြင်း ဖြစ်၏။
ဝမ်လင်း၏ ဟိန်းသံ ထွက်ပေါ်လာသည့်အခိုက်၌ လမြွေနဂါးအတွင်းမှလည်း ဟိန်းသံတစ်ခု ထွက်လာ၏။လမြွေနဂါးသည် ၎င်း၏ ပါးစပ်ကို ဟလိုက်ရာ လက်တံမြောက်များစွာ ထွက်လာသည်။ထိုလက်တံများ၏အတွင်း၌ လူတစ်ယောက် ရှိနေ၏။
ထိုလူ၏ အရွယ်အစားမှာ သာမန်ကျင့်ကြံသူတစ်ယောက်နှင့်အတူတူပင်။ သို့သော် သူ့နှဖူးထက်၌ ခပ်ဖျော့ဖျော့ကြယ်ငါးလုံး လှည့်ပတ်နေ၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။
“ငါ့ကလန်ဝင်… သင် အရွယ်ရောက်တဲ့လမ်းကြောင်းကို လျှောက်လှမ်းဖို့အတွက် ငါ့ကို စိန်ခေါ်တာ လက်ခံတယ်…”
ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားက ထိုသို့ ပြောလိုက်သည်နှင့် သူ့ပတ်လည်ရှိ လက်တံများသည် တစ်ခုပြီးတစ်ခု ပြေလျော့သွားသည်။ထို့နောက် သူက ရှေ့သို့ တိုးလာ၏။ သူသည် ခြေသုံးလှမ်းလှမ်းလိုက်သည်။
ပထမတစ်လှမ်း၌ သူ့ခန္ဓာကိုယ်က ပေသုံးရာထိ မြင့်မားလာ၏။ဒုတိယခြေလှမ်း၌ ပေတစ်ထောင်ထိ မြင့်မားလာ၏။ ရှေးဟောင်းအော်ရာတစ်ခုသည် ခြုံလွှမ်းလာသည်။ သူက တတိယခြေလှမ်းကို လှမ်းချိန်၌ ပေသုံးထောင်မြင့်မားလာကာ နတ်ဘုရားတစ်ပါးအသွင် ရောက်ရှိသည်။
***