ဂျီရှန်ထန်းက မာန်သွင်း၏။ အသံပေါက်ကွဲမှုများကို ဖန်တီးစေသည်။သူက ဖျပ်ခနဲ မြန်ဆန်စွာ တိုးဝင်လာ၏။
အသံပေါက်ကွဲမှုနှင့်အတူ သူ့ခန္ဓာကိုယ်သည် ရွှေရောင်နဂါးနားသို့ ရောက်လာ၏။ သူက လက်သီးတစ်လုံး ပစ်သွင်းကာ ရွှေရောင်နဂါးကို တုန်ယင်ကာ သွေးအန်စေသည်။ရွှေရောင်နဂါး၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးက နောက်သို့ လွင့်စင်သွားရ၏။
ရွှေရောင်နဂါးနောက်သို့ လွင့်သွားသည်နှင့် ဂျီရှန်ထျန်သည် ရုတ်တရက် ပျောက်ကွယ်သွား၏။ ဝူဒိုချန်၏ ပတ်လည်ရှိ ပူဖောင်းမှာ ပေါက်ကွဲထွက်သွားသည်။ဝူဒိုချိန်၏ရင်ဘက်သည် လက်သီးဖြင့် ထိုးချခံရကာ နစ်ဝင်သွား၏။သူက သွေးအန်ထုတ်ရသည်။သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နေရင်း နောက်သို့ လွင့်စင်သွား၏။
ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ရွှေရောင်နဂါးနှင့်ဝူဒိုချန်တို့ လွင့်စင်သွားသည့်နောက် ရီမူဇီ၏ ပတ်လည်ရှိ ခရမ်းရောင်သစ်သားတုံးသုံးခုသည် မြန်ဆန်စွာ လှည့်ပတ်၏။၎င်းတို့ထံမှ အသံများ မြည်ဟိန်း၍ သိပ်သည်းသောအကာအရံတစ်ခုအဖြစ် ဖြစ်ပေါ်သည်။
သို့ရာတွင် ဂျီရှန်းထျန်က မြန်လှ၏။သူက ထိုလှည့်ပတ်နေသောသစ်သားတုံး သုံးခုကြားအဟကို ရှာတွေ့သွား၏။သူ့လက်သီးချက်က ထိုအဟကနေ ဖြတ်၍ ရီမူဇီပေါ်သို့ ကျရောက်သည်။
ရီမူဇီ၏ နောက်ဆုတ်ရင်း သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။
ချင်းရွှေ၏ရှေ့၌ လှိုင်းတွန့်များစွာ ပေါ်လာ၏။သူ့ဘယ်မျက်လုံးသည် လွန်စွာ တောက်ပလာ၏။ ဖိသိပ်မှုအားတစ်ခုက သူ့ထံသို့ တိုးဝင်လာကာ သူ့အား နောက်ဆုတ်သွားစေသည်။သူက ပို၍ နောက်ဆုတ်လေလေ သူ့ရှေ့ရှိ လှိုင်းများက ပိုပြင်းထန်လာလေပင်။
ခဏအကြာတွင် ထိုလှိုင်းများသည် ရုတ်တရက် သိပ်သည်း၍ ပေါက်ကွဲ၏။ချင်းရွှေ၏မျက်နှာသည် ဖြူရောသွားသည်။ထို့နောက် သူက ပို၍ မြန်ဆန်စွာ ဆုတ်သည်။
ထိုအရာများအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ ဂျီရှန်းထျန်၏ အမြန်နှုန်းကို နတ်ဘုရားအာရုံဖြင့်ပင် ဖမ်းမိနိုင်ဖို့ မဖြစ်နိုင်သလောက် ရှိ၏။
သည်အဆုံးမဲ့လေဟာနယ်အတွင်း၌ သူတို့၏မူလစွမ်းအင်များ ဖိနှပ်ထားခံရသည်။ဂျီရှန်းထျန်၏ တိုက်ခိုက်မှုများကြောင့်လည်း သူတို့၏ကျင့်ကြံမှုအဆင့်မှာ အတော်လေး လျော့ကျသွားကြသည်။
ဝမ်လင်းသည် ဂျီရှန်းထျန်၏အရိပ်ကိုပင် မြင်နိုင်စွမ်း မရှိပေ။သူက လေပြင်းတစ်ခုသူ့ထံသို့ နီးကပ်လာသည်ဟုသာ ခံစားမိ၏။ထို့နောက် အံ့မခန်းအားတစ်ခုက သူ့ထံသို့ ဦးတည်၏။
သို့ရာတွင် ဝမ်လင်းက သတိမထားဘဲ နေနေသူ မဟုတ်ပေ။ ထိုစွမ်းအား အနားရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်ကို လှည့်၍ လေဟာနယ်အတွင်းသို့ လက်သီးတစ်လုံး ပစ်သွင်း၏။ထိုလက်သီးချက်၏စွမ်းအားမှာ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို အခြေခံထားပေသည်။
ဘန်း…။
အသံပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီးနောက် ဝမ်လင်းသည် နောက်သို့ လွင့်ထွက်သွား၏။သူ့မျက်နှာက ဖြူရောရသည်။သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။သူ့ရှေ့၌ ဂျီရှန်းထျန်သည် ဟင်းလင်းပြင်ထဲကနေ ပထမဆုံးအကြိမ်အဖြစ် ကန်ထွက်လာရ၏။ဂျီရှန်းထျန်က နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရပြီး သူသည် ဝမ်လင်းကို ထူးဆန်းစွာ ကြည့်သည်။
ဝမ်လင်းက နောက်ဆုတ်ရင်း ခပ်သွက်သွက်လှမ်းအော်၏။ “ဒီလူ့ခန္ဓာကိုယ်ထဲမှာ မူလစွမ်းအင် လုံးဝ မရှိဘူး။ ဒါ့ကြောင့် သူက ဒီနေရာမှာ လုံးဝ ကန့်သတ်ခြင်း ချိပ်ပိတ်ခြင်း မခံထားရဘူး။ သူက ရုပ်ပိုင်းတိုက်ခိုက်မှုမှာပဲ ကောင်းမွန်တာပါ။ စီနီယာတို့ရဲ့ မူလစွမ်းအင် လုံးဝ မပျောက်ပျက်ခင် ငါတို့အတူ စုပေါင်းပြီး မတိုက်ခိုက်နိုင်ဘူးဆိုရင် ဒါက အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်…”
“ဂျူနီယာ…ပါးစပ်ပိတ်ထားစမ်း…” ရွှေရောင်နဂါး၏ခန္ဓာကိုယ်က လှုပ်ရှားလာ၏။သူ့ပတ်လည်ရှိ အဝါရောင်အဆောင်ငါးခုသည် ထူးဆန်းသောတောက်ပမှုကို ပေးစွမ်းလာသည်။ ထိုဒြပ်စင်ငါးခု၏ အော်ရာက ၎င်းနဂါး၏ ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်၏။၎င်းနဂါးက ဂျီရှန်းထျန်ထံသို့ တိုးဝင်ရမည့်အစား ဝမ်လင်းရှိရာသို့ ဦးတည်လာသည်။
ဒြပ်စင်ငါးခုအော်ရာသည် လှည့်ပတ်၏။ရွှေရောင်နဂါးသည် ဟိန်းဟောက်ရင်း အလင်းတန်းငါးခုသည် ဝမ်လင်းရှိရာသို့ တဟုန်ထိုး ဝင်လာသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြစ်ပေါ်သွားသည်။သူက ရွှေရောင်နဂါး၏မန္တာန်မှ မလွတ်မြောက်နိုင်သည်ကို သိပေသည်.ထို့ကြောင့် သူက ဒြပ်စင်ငါးခုအော်ရာ သူ့ရှေ့သို့ ရောက်မလာခင် ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်ကို ချက်ခြင်း ထုတ်ယူသည်။သူက ၎င်းကို ချေမွပစ်ရန် ပြင်၏။
“သင် နောက်ထပ်ခြေတစ်လှမ်း ထပ်တိုးတာနဲ့ ဒီမူလစိတ်ဝိညာဉကို ငါ ဖျက်စီးပစ်မယ်။ အဲ့အခါကျမှ ငါ့ကို အပြစ်မတင်ပါနဲ့…”
ဒြပ်စင်ငါးခုအော်ရာသည် ရုတ်တရက် တန့်သွား၏။ ရွှေရောင်နဂါး၏မျက်လုံးထဲ၌ ဒေါသနှင့် ပြည့်လာသည်။၎င်း၏မူလစွမ်းအင် မြန်ဆန်စွာ ပျောက်ကွယ်နေခြင်းနှင့် ဂျီရှန်းထျန်ကြောင့် ဒဏ်ရာရသွားခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူသည် ခုလိုမျိုး ချိန်းခြောက်ခံရလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ခုချိန်၌ သူသည် ဒေါသဖြစ်ရုံသာ ရှိတော့၏။
အကွာအဝေးတစ်ခု၌ ဂျီရှန်းထျန်က ထူးဆန်းစွာ ပြုံး၏။သူက ရုတ်တရက် ပျောက်ကွယ်သွားသည်။ရီမူဇီ၏အသွင်က ပြောင်းလဲသွားသည်။သူက နောက်သို့ အမြန်ဆုတ်၏။ သို့သော် သူ့အမြန်နှုန်းက နှေးနေ၏။ သူ့ပတ်လည်၌ တစီစီအသံများ ထွက်ပေါ်လာပြီး သူသည် ပြင်းထန်သောဖိသိပ်အားတစ်ခုနှင့် ထိမှန်ခြင်း ခံလိုက်ရသည့်အလား။အခုအခိုက်အတန့်၌ သူ့မန္တာန်များအားလုံးသည်လည်း အတော်လေး နှေးကွေးနေ၏။ သူက ၎င်းတို့ကို အသုံးမပြုနိုင်ခင်မှာပင် ပျက်စီးပြီး ဖြစ်နေသည်။
သူက မန္တာန်တစ်ခုကို အသုံးပြုရန် ကြံလိုက်တိုင်း သည်နေရာကြောင့် ၎င်းမန္တာန်၏စွမ်းအားက အတော်လေး အားပျော့သွားရသည်။ထိုအဖြစ်က သူ့ကို မချင့်မရဲဒေါသထွက်စေ၏။ သည်နေရာ၌ သူ့မန္တာန်စွမ်းအား အပြည့်အဝကိုသာ ဖော်ထုတ်နိုင်ပါက သူသည် ခုလိုမျိုး သနားစရာအခြေအနေသို့ မည်သို့ ဆိုက်ရောက်ပါ့မည်နည်း။
သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် ဆက်လက်၍ လွင့်ပါးနေ၏။ ၎င်းက ပို၍ မြန်ဆန်စွာ ပျောက်ကွယ်လာနေသည်။သူ့ကျင့်ကြံမှုအဆင့်ပင် နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ထိ လျော့ကျသွား၏။
ခဏအကြာ၌ ရီမူဇီက မူလစွမ်းအင်ဆုံးရှုံးမှုအပေါ် ဆက်၍ အလေးမထားတော့ပေ။သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ အော်ပြော၏။ “သစ်သားတစ်ခု…နယ်မြေတစ်ခု…”
ခရမ်းရောင်သစ်တုံးသုံးခုထဲမှ တစ်ခုသည် ချက်ခြင်းပင် အလင်းအမှုန်အမွှားများအဖြစ်သို့ ပျက်စီး၍ ကိုယ်ပိုင်နယ်မြေတစ်ခု ဖြစ်ပေါ်၏။သူက သူ့ပတ်လည်ကီလိုမီတာငါးဆယ်ကို ချိပ်ပိတ်ပစ်လိုက်ခြင်းပင်။
သို့သော် ဂျီရှန်းထျန်က ပို၍ မြန်နေ၏။ ကီလိုမီတာငါးဆယ် ချိပ်ပိတ်နေရင်းမှာပင် ဂျီရှန်းထျန်က နောက်သို့ ခြေတစ်လှမ်းဆုပ်ကာ ပျောက်ကွယ်သွားချေသည်။
“တော်လောက်ပြီ…။ဒီးဂျီရှန်းထျန်ရုပ်သေးကောင်ကို အရင်ဆုံးသတ်ကြမယ်။ပြီးမှ တခြားကိစ္စတွေ ဖြေရှင်းကြတာပေါ့…” ဝူဒိုချန်၏အသွင်က သုန်မှုန်နေ၏။သူ့ကျင့်ကြံမှုအဆင့်ကလည်း အတော်လေး လျော့ကျသွားခဲ့လေပြီ။ သူက မာန်သွင်းရင်း ရှေ့သို့ ခြေတစ်လှမ်းလှမ်း၏။ ပူဖောင်းလုံးများစွာ ပေါ်လာသည်။သူ့ထိန်းချုပ်မှုအောက်၌ ပူဖောင်းလုံးတစ်လုံးသည် ရီမူဇီထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားလေသည်။
“လေဟာနယ်ပျက်သုဉ်းခြင်း…” ဝူဒိုချန်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်၏။ ထိုအခါ ပူဖောင်းသည် တစ်ခုမှနှစ်ခု၊နှစ်ခုမှ လေးခု အဖြစ် ဆင့်ပွားလာပြီ သည်ဧရိယာကို ခြုံလွှမ်းလာသည်။
သည်အခိုက်အတန့်၌ ပူဖောင်းများထဲမှ တစ်ခုက ရုတ်တရက် ပျက်စီးသွား၏။ဝူဒိုချန်၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ရှိ ပူဖောင်းအားလုံးကို စုစည်းသည်။
“ပေါက်ကွဲစမ်း…”
ပြင်းထန်သောပေါက်ကွဲမှုများ ဖြစ်ပေါ်လာရင်း ရီမူဇီကလည်း သူ့အင်္ကျီလက်အိုးကို ဝေ့ခါ၏။သူ့အသွင်က သုန်မှုန်နေသည်။ပေတစ်ထောင်လောက် ရှည်လျားသည့် သစ်လုံးသည် ချက်ခြင်း ပေါ်လာကာ သူလက်ဝေ့ယမ်းသည့်နေရာတိုင်းသို့ ပျံသန်း၏။
ပြင်းထန်သောဖိသိပ်မှုအားသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့၏။တချိန်တည်းမှာပင် ရွှေရောင်နဂါးက မာန်ဖီ၏။ဂျီရှန်းထျန်က ရွှေရောင်နဂါးနားတွင် ပြန်ပေါ်လာသည်။ထို့နောက် သူက ရွှေရောင်နဂါးကို ဆက်တိုက် တိုက်ခိုက်သည်။
ရွှေရောင်နဂါးက နောက်သို့ဆုတ်နေရင်း မာန်ဟိန်းသံပြုသည်။ ၎င်းက ရစ်ခွေ၍ ၎င်း၏ပါးစပ်ကိုဟာ ဂျီရှန်းထျန်ကို ဝါးမြိုရန် တာဆူသည်။သို့သော် ၎င်း ပါးစပ်ဟလိုက်သည်နှင့် ၎င်း၏သွားများသည် တစစီ ပျက်စီးသွားတော့၏။
ဂျီရှန်းထျန်က ကျယ်လောင်စွာ ရယ်မောနေ၏။သူက နောက်ပြန်ဆုတ်သည်။ သည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားရင်း ဘာသာစကားတစ်ခုကို ပြော၏။ဝမ်လင်းတစ်ယောက်သာ ထိုစကား၏ အဓိပ္ပာယ်ကို နားလည်၏။
“ဒီနေ့…မင်းတို့အားလုံး ဘယ်သူမှ ထွက်မသွားနိုင်စေရဘူး…”
နောက်ဆုတ်နေရင်း ဂျီရှန်းထျန်က ပျောက်ကွယ်သွားပြန်၏။ဝမ်လ်းက တည်ငြိမ်လျက်ပင်။ ဂျီရှန်းထျန်ပျောက်ကွယ်သွားသည်နှင့် သူ့ညာလက်ဖြင့် လက်သီးစုပ်ကာ ဘေးတစ်ဖက်သို့ ထိုးချသည်။
ပေါက်ကွဲသံတစ်ခုနှင့်အတူ ဝမ်လင်းသည် နောက်သို့ လွင့်သွားရပြန်၏။သို့သော် သည်တစ်ကြိမ်၌လည်း ဂျီရှန်းထျန်က ပျောက်ကွယ်နေရာကနေ ထွက်လာရပြန်၏။
ချင်းရွှေသည် ချက်ခြင်းနီးကပ်လာ၏။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ အနက်ရောင်လေပြင်းပေါ်လာသည်။ထိုအနက်ရောင်လေပြင်းက နဂါးနက်ရှစ်ကောင်အဖြစ်သို့ ပြောင်း၍ ဂျီရှန်းထျန်ထံသို့ တိုးဝင်သွားလေသည်။
ဂျီရှန်းထျန်က ထူးဆန်းစွာ ပြုံး၏။ နဂါးနက်များရောက်လာချိန်၌ သူသည် ပျောက်ကွယ်သွားခဲ့ပြန်သည်။
သို့ရာတွင် သူ ပျောက်ကွယ်ခါနီးချိန်၌ ဝမ်လင်း၏မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု ပေါ်လာ၏။ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုသည် သူ့ပတ်လည်၌ ပေါ်လာကာ သူသည်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ဝမ်လင်း ပြန်ပေါ်လာချိန်၌ ဂျီရှန်းထျန်နောက်ဆုတ်မည့်နေရာသို့ ရောက်နှင့်နေ၏။
သူ ပေါ်လာသည့်နောက် ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုသည် ပျောက်ကွယ်မသွားသေးပေ။ ဝမ်လင်းက လက်သီးတစ်လုံ ပစ်သွင်း၏။ ဂျီရှန်းထျန်သည် ချက်ခြင်း နောက်လှည့်၍ ဝမ်လင်း၏လက်သီးချက်ကို သူ့လက်သီးချက်ဖြင့် ပြန်တုန့်ပြန်၏။
ပေါက်ကွဲသံတစ်ခုနှင့်အတူ ဝမ်လင်းသည် သွေးအန်ကာ နောက်သို့ လွင့်သွားပြန်၏။တချိန်တည်းမှာပင် ဂျီရှန်းထျန်ကလည်း နောက်သို့ ဆုတ်သွားရ၏။သည်အခိုက်၌ ချင်းရွှေက သူ့လက်ဖြင့်ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ မိုးစက်များစွာ ပေါ်ထွက်၍ ဂျီရှန်းထျန်အနားသို့ ကျဆင်းလာ၏။
ဂျီရှန်းထျန်က နှာခေါင်းရှုံ့၏။သူ့အမြန်နှုန်းကို အသုံးပြုကာ နောက်တစ်ဖန် ပျောက်ကွယ်စေ၏။ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူက အော်ပြော၏။ “စီနီယာအစ်ကို…ငါ့ကို ကောင်းကင်ဘုံမူလစွမ်းအင်နဲ့ ကူညီပေးပါ…”
တချိန်တည်းမှာပင် သူက လက်ညွှန်၍ အော်ပြော၏။ “ရပ်တန့်ခြင်း…”
စကားတစ်ခွန်းဖြင့်ပင် ဝမ်လင်း၏ ကျန်နေသေးသည့် မူလစွမ်းအင်နှင့်ကောင်းကင်ဘုံမူလစွမ်းအင်တို့သည် စတင် ရွှေ့လျားလာသည်။ ၎င်းတို့က သူ့ညာလက်ကနေ စီးဆင်း၍ ဟင်းလင်းပြင်ထဲသို့ တိုးဝင်၏။ ချင်းရွှေကလည်း တုံ့နှေးမနေပေ။ သူက သူ့ညာလက်ကို လှုပ်ယမ်းကာ သူ့ထံရှိ ကျန်နေသေးသည့် ကောင်းကင်ဘုံမူလစွမ်းအင်များထဲမှ တစ်ဝက်ကို ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပေးသည်။
ကောင်းကင်ဘုံမူလစွမ်းအင်များ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခါ အဆုံးစွန်အားကောင်း၏။၎င်းစွမ်းအင်များသည် သူ့ညာလက်ကနေ ထွက်ပေါ်လာသည်။
ရပ်တန့်ခြင်းမန္တာန်ကို ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် ရူးသွပ်ဖွယ်ကောင်းလောက်အောင် အသုံးပြုလိုက်ခြင်းပင်။ ထိုမန္တာန်က အရင်အသုံးပြုခဲ့ဖူးသည့် အစွမ်းများထက် ကျော်လွန်နေသော အဆင့်သို့ ရောက်ရှိသွား၏။
ရပ်တန့်ခြင်း စကားတစ်ခွန်းဖြင့်ပင် ဂျီရှန်းထျန်၏ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲ၌ တန့်သွား၏။
အကွာအဝေးတစ်ခုကနေ ရီမူဇီက မြန်ဆန်စွာ တိုးဝင်လာ၏။ သည်နေရာရှိ ချိပ်ပိတ်ထားမှုက တည်နေရာရွှေ့ပြောင်းကို တားဆီးထားသည်။သို့သော် သူ့အမြန်နှုန်းက နှေးလှခြင်း မရှိပေ။ သူက အနားသို့ ရောက်လာသည်နှင့် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ထိုအခါ သူ့ရှေ့၌ ပုံရိပ်ယောင်သစ်တုံးတစ်ခု ပေါ်လာသည်။ယင်းပုံရိပ်ယောင်သစ်တုံးသည် သစ်သားဓားတစ်လက်အဖြစ်သို့ ကျုံ့သွား၏။
ထိုသစ်သားဓားက လျှပ်စီးတန်းအလား ရွှေ့လျား၍ ဂျီရှန်းထျန်၏ ခေါင်းကို ထွင်းဖောက်သွားသည်။တစီစီအသံများ ဂျီရှန်းထျန်၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။
သည့်နောက် ၎င်းသစ်သားဓားသည် ရုတ်တရက် မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ်သို့ ပေါက်ကွဲထွက်၏။
တချိန်တည်းမှာပင် ဝူဒိုချန်သည် သူ့လက်ကို ဝေ့ယမ်းလိုက်ရင်း မူလစွမ်းအင်ကို ထွေးထုတ်၏။၎င်းစွမ်းအင်များသည် ပူဖောင်းလုံးများအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုပူးဖောင်းအလုံးများက ဂျီရှန်းထျန်ကို ဝန်းရံသွားရင်း ပေါက်ကွဲသွားလေသည်။ ထိုအရာများအားလုံးက ဝမ်လင်း ဂျီရှန်းထျန်ကို ရပ်တန့်စေလိုက်သည့် အခိုက့်အတန့်အတွင်း ဖြစ်ပျက်သွားခြင်းပင်။
ရွှေရောင်နဂါးလည်း ရှိသေး၏။ခုချိန်၌၎င်းနဂါးက ဂျီရှန်းထျန်ကိုအတော်လေး မုန်းတီးနေ၏။၎င်းက မာန်ဟိန်းသံနှင့်အတူ ဒြပ်စင်ငါးခုအား ပေါင်းစည်းစေသည်။ထိုအခါ မထင်မှတ်ထားလောက်သည့် ပုံရိပ်ယောင်သရဖူတစ်ခု ဖြစ်ပေါ်လာသည်။
၎င်းသရဖူက ဂျီရှန်းထျန်အနားသို့ ရောက်ရှိကာ သူ့ဦးခေါင်းပေါ်သို့ ကြမ်းကြုတ်စွာ ရိုက်ချလာလေသည်။
မွန်းစတားအိုကြီးသုံးယောက်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု မဟုတ်လော။ဂျီရှန်းထျန်က မာန်သွင်း၍ ရုန်းကန်လို၏။သို့သော် နောက်ကျသွားလေပြီ။ သစ်သားဓား၊ပူဖောင်းလုံးများနှင့်သရဖူတို့က တစ်ချိန်တည်း ကျရောက်ကာ ပေါက်ကွဲသွားလေပြီ။ထို့နောက် ဂျီရှန်းထျန်၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျက်စီးသွားချေ၏။
အသွေးအသားနှင့်သွေးတို့သည့် ပြန့်ကျဲကုန်သည်။ဝမ်လင်း၏မျက်လုံးထဲ၌ လောကတက်ဟန်တို့ ဖြစ်ပေါ်လာ၏။ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုက သူ့ပတ်လည်၌ ပေါ်လာကာ သူသည် ဂျီရှန်းထျန်၏ပျက်စီးနေသည့်ခန္ဓာကိုယ်နားသို့ ချက်ခြင်း ရောက်ရှိသွားသည်။
ဖျပ်ခနဲပင် သူ့လျှာကိုကိုက်၍ ရှေးဟောင်းနတ်ဘုရားသွေးကို ထွေးထုတ်သည်။ထို့နာက် သူက ပါးစပ်ဟ၍ အရူးအမူး ရှိုက်သွင်းလေသည်။
“စွမ်းအားအမွေအနှစ်…”
ဂျီရှန်းထျန်၏ပျက်စီးသွားသည့်ခန္ဓာကိုယ်မှ လက်သီးစုပ်ခန့် ကြယ်တစ်လုံးသည် နူးညံစွာတောက်ပနေ၏။၎င်းက ရှေးဟောင်းနတ်ဘုရား၏စွမ်းအားကို ထုတ်လွှတ်သည်။
***