Switch Mode

အပိုင်း(၉၈၈)

မြေအကျဉ်းထောင်

ဓားကို ထိန်းချုပ်နေရင်း ဝမ်လင်း၏ခေါင်းထဲ၌ အတွေးတစ်ခု ဖျပ်ခနဲ ပေါ်လာ၏။ “ငါ…ဒီမွန်းစတားအိုတွေရဲ့ မူလစွမ်းအင် မြန်မြန်သုံးစွဲစေမယ့် နည်းလမ်းတစ်ခု ရှာဖို့ လိုပြီ။ ဒါမှသာ ငါ့အတွက် လမ်းကြောင်းတစ်ခု ရှိနေမှာ…”

ချက်ခြင်းပင် ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲမှ ဓားပျံဆယ်လက်ကျော်ကို ပျံသန်းထွက်လာစေ၏။ သူက ၎င်းဓားများကို ပြီးခဲ့သည့်စစ်ပွဲအတွင်း၌ စုဆောင်းခဲ့ခြင်းပင်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူက ၎င်းဓားများထဲသို့ သူ့ မူလစွမ်းအင်ကို ဖိသိပ်ထည့်သည်။ ဓားပျံများအားလုံး ပေါက်ကွဲမှုက ပျက်စီးမှုအတော်များများကို ဖြစ်စေပေလိမ့်မည် မဟုတ်လား။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။သူက သူ့လက်ကို ဝေ့ယမ်းကာ ဓားပျံများကို ပျံ့လွင့်စေ၏။ ၎င်းတို့က ဝမ်လင်းသိထားသော လမြွေနဂါး၏အာရုံခံအင်္ဂါများထံသို့ ချက်ခြင်း တိုးဝင်သွားကြတော့သည်။

“ဒီလိုနည်းနဲ့…ငါက လမြွေနဂါးရဲ့ ခန္ဓာကိုယ်အတွင်းမှာ ပြောင်းလဲမှုအချို့ ဖြစ်စေနိုင်လိမ့်မယ်…”

ဝမ်လင်းနတ်ဘုရားအာရုံနှင့် ဓားပျံကမူ ဝဲကတော့အနားသို့ ရောက်သွားချိန်၌ ရုတ်တရက် ဝဲကတော့အတွင်းမှ မူလစွမ်းအင်တစ်ခု မြင့်တက်လာချေသည်။

ဝမ်လင်း၏အသွင်က ပြောင်းလဲသွား၏။သူ့နတ်ဘုရားအာရုံက ဓားပျံကနေ ချက်ခြင်း ထွက်ခွာကာ ၎င်းမူလစွမ်းအင်ကို ချက်ခြင်း ရှောင်ရန် ပြင်၏။သို့သော် ထိုစွမ်းအင် ပေါက်ကွဲထွက်လာမှုက အားကောင်းလှ၏။

ဓားထိပ်ဖျားသည် တစ်လက်မချင်း ပျက်စီးကာ ဓားရိုးထိသို့ပင် ရောက်ရှိသွားသည်။သို့သော ဝမ်လင်း၏နတ်ဘုရားအာရုံက ပို၍ ခပ်မြန်မြန် တန်ပြန်နိုင်လိုက်၏။၎င်းနတ်ဘုရားအာရုံက ပျက်စီးနေသည့်ဓားကနေ ထွက်ခွာကာ ရှောင်တိမ်းသွားလေသည်။

ထိုသို့ ရှောင်လိုက်နိုင်သော်လည်း သူ့နတ်ဘုရားအာရုံသည် ထိုမူလစွမ်းအင်နှင့် ထိတွေ့မိဆဲပင်။ထို့ကြောင့် ဝမ်လင်း၏နတ်ဘုရားအာရုံ တော်တော်များများက လွင့်ပြယ်သွားရသည်။

ဝမ်လင်း၏မျက်နှာက နီမြန်းလာ၏။ သူက ပြန်ကောင်းမွန်ရန် အချိန်ခဏ ယူလိုက်ရသည်။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ မူလစွမ်းအင် မြင့်တက်လာမှုလဲ။ ဒီစွမ်းအင်က ဝဲကတော့ကို ဖြတ်ပြီး လာတာကြောင့်သာ မဟုတ်ရင် ငါ့နတ်ဘုရားအာရုံက လုံးဝ ကျန်ရစ်တော့မှာ မဟုတ်ဘူး…” သူက ထိုမူလစွမ်းအင် မြင့်တက်လာမှုသည် လျှံထွက်လာရုံမျှသာ ဖြစ်ကြောင်း သိနေ၏။

ပို၍ အရေးကြီးသည်က သည်ဝဲကတော့တွင် အားကောင်းသောစုပ်အား ရှိနေခြင်း ဖြစ်၏။ ထိုသို့ မူလစွမ်းအင် ဝဲကတော့ထဲမှ ထွက်လာနိုင်ဖို့ မလွယ်လှပေ။အကယ်၍ ဝဲကတော့ကို ချိုးဖျက်၍ မူလစွမ်းအင်ထွက်လာခဲ့လျှင်ပင် ၎င်းစွမ်းအင်သည် အားနည်းနေပြီဟု ယူဆနိုင်သည်။

သိုလှောင်အိတ်ထဲမှ နောက်ထပ် ဓားတစ်လက်ကို ဝမ်လင်းက ထုတ်ယူ၏။ သူ့နတ်ဘုရားအာရုံကို ၎င်းဓားပတ်လည်ရှိစေ၏။ထိုဓားက အလင်းတန်းတစ်ခုအလား ရှေ့တည့်တည့်သို့ ပျံသန်းသွားတော့သည်။

ခဏအကြာတွင် သူ့နတ်ဘုရားအာရုံသည် ဝဲကတော့နားသို့ တဖန် ရောက်လာပြန်၏။ထိုဓားပျံက ခဏတာ တုံ့ဆိုင်းသွား၏။မည်သည့် မူလစွမ်းအင်တုန်ခါမှုလှိုင်းမှ ထွက်မလာမှန်း သေချာမှ ယင်းဓားသည် ဝဲကတော့ထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

ပြင်းထန်သောစုပ်အားကြောင့် ဝမ်လင်းအတွက် အထဲသို့ ဝင်ရောက်ရန် အားသိပ်စိုက်ထုတ်ဖို့ မလိုအပ်ပေ။ သိပ်မကြာခင်တွင် ဓားပျံသည် ဝမ်လင်းနှင့် ရင်းနှီးခဲ့ဖူးသော ဥမင်ထဲ၌ ပေါ်လာတော့သည်။

သူက အထဲသို့ ဝင်သွားသည့်အခိုက်၌ ဝမ်လင်း၏ အသိဉာဏ်ကိုပင် ဆုံးရှုံးသွားစေဖို့ လုံလောက်သည် တုန်ခါမှုလှိုင်းသည် သည်လျှောက်လမ်းကျဉ်းကျဉ်းထဲကနေ ရိုက်ခတ်လာသည်။

ဥမင်ထဲရှိ လက်တံများစွာသည် ထိုတုန်ခါမှုမုန်တိုင်းအောက်၌ ပျက်စီးသွားရသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံ ရှိနေသော ဓားသည် ဆူးချွန်တစ်ခုအလား ဘေးတစ်ဖက်ရှိ အသွေးအသားနံရံနားသို့ တိုး၏။လက်တံများထဲမှ တစ်ခုသည် ပျက်စီးသွားသည့်အချိန်၌ အသွေးအသားနံရံကို အပေါက်တစ်ခု ဖြစ်သွားစေသည်။ထိုအခါ ဓားသည် ချက်ခြင်း ဝင်ရောက်သွား၏။

ထိုသို့ ပြုလုပ်လိုက်သည်ပင် ဝမ်လင်း၏နတ်ဘုရားအာရုံအဖို့ တုန်ခါမှုမုန်တိုင်းလှိုင်းကို ခပ်ရေးရေး ရှောင်နိုင်ရုံမျှသာ ဖြစ်သည်။

ပုံရိပ်နှစ်ခုသည် တိုက်ခိုက်ရင်း ဖြတ်ပြေးသွားသည်။ မန္တာန်မျိုးစုံ တလက်လက် တဖျပ်ဖျပ် ဖြစ်ကုန်၏။ ထိုပုံရိပ်နှစ်ခုမှာ ချင်းရွှေနှင့်ရွှေရောင်နဂါးတို့ပင်။

ထိုတိုက်ပွဲမှာ ဘယ်အချိန်ကတည်း ဖြစ်နေမှန်း မသိရပါ။ ရွမ်ပေါင်၏မူလစိတ်ဝိညာဉ်သည်လည်း ရွှေရောင်နဂါးနှင့်အတူ ဆက်၍ မရှိတော့ပေ။ထိုအစား လမြွေနဂါးလက်တံဆယ်ခု၏ ဝန်းရံထားခြင်းကို ခံရ၏။ရွှမ်ပေါင်၏ မူလစိတ်ဝိညာဉ်သည် မျက်လုံးမှိတ်ထားလျက်ရှိကာ အလွန်အမင်း အားနည်းဟန် ပေါ်သည်။

ကောင်းကင်ဘုံမူလစွမ်းအင်အတော်များများသည်လည်း လက်တံများ၏ စုပ်ယူခြင်းကို ခံရသည်။ ထိုလက်တံများသည် အသက်ဝင်လှကာ လှုပ်ရှားရင်း ပုံမှန်ထက် ထွေးခြုံထားသည်။

အတန်းလှမ်းသောနေရာ၌ ရီမူဇီ၏ပတ်လည်၌ ပူဖောင်းများစွာ ရှိနေ၏။ဝူဒိုချန်က သူ့ကို မှီလာခဲ့ကာ သူတို့နှစ်ယောက်ကြားတိုက်ပွဲ ပြန်စနေသည်။

ထိုအခြင်းအရာများကို တွေ့မြင်သည့်နောက် ဝမ်လင်းက မျက်မှောင်ကြုတ်၏။

သည်ဥမင်လျှောက်လမ်းမှာ အရင်ကတည်းက ၎င်း၏ အရွယ်အစား တစ်ဝက်သာ ရှိတော့၏။သူက အဆုံးကိုပင် တစ်ချက်လှမ်းကြည့်ရုံနှင့် တွေ့မြင်နိုင်သည်။ထိုလျှောက်လမ်း၏ အဆုံး၌ ရှေးဟောင်းနတ်ဘုရားကလေးငယ်ကို လုံးဝ ချိပ်ပိတ်ထားပေသည်။

ဝမ်လင်းသည် သူ့ကိုယ်သူ ဖုန်းကွယ်ရင်း တိတ်ဆိတ်စွာသာ ရှိနေ၏။သူက တိုက်ပွဲကို သေချာဂရုတစိုက် စောင့်ကြည့်နေ၏။

ရွှေရောင်နဂါးသည် ဟိန်းသံပေးရင်း ရွှမ်ပေါင်ကို လှည့်ပတ်နေ၏။နဂါးဦးခေါင်းထက်ရှိ အဝါရောင်အဆောင်များသည်လည်း နီးနီးကပ်ကပ် လှည့်လည်နေ၏။ချင်းရွှေက ၎င်းနဂါး၏ ရှေ့၌ မထူးခြားနားဟန်ပန်နှင့် ရပ်နေသည်။သူ့မျက်လုံးက ဖျပ်ခနဲ နီမြန်းသွား၏။အနီရောင်အလင်းက အနီရောင်လျှပ်စီးတန်းများအဖြစ်သို့ ပြောင်းလဲသွားချေသည်။ ထိုအနီရောင်လျှပ်စီးများသည် ရွှေရောင်နဂါးထံသို့ တိုးဝင်သွားလေသည်။

ရွှေရောင်နဂါး၏ ဟိန်းသံပြုရင်း ၎င်း၏ကိုယ်ပေါ်ရှိ ကြေးခွံများသည် တလက်လက် ဖြစ်လာ၏။၎င်း၏ ဟိန်းသံထံမှ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာသည်။ “သတ္တုဖျက်စီးခြင်း…”

ထိုသို့ ဆိုသည့်အခါ ရွှေရောင်နဂါးသည် တုန်ယင်လာ၏။၎င်း၏ ခန္ဓာကိုယ်မှ ကြေးခွံရာချီသည် ပျံဝဲ စုစည်းသည်။ မျက်စိတစ်မှိတ်အတွင်း ရွှေရောင်ကြွေးခွံဓားတစ်လက် ပေါ်လာချေသည်။

ထိုဓားက ပြင်းထန်သောဖိအားကို ပေးစွမ်း၏။အစစ်အမှန်နဂါးတစ်ကောင်၏ အော်ရာသည် ဖြစ်ပေါ်၏။၎င်းဓားက ချင်းရွှေထံသို့ တဟုန်ထိုး ဝင်လာသည်။

ချင်းရွှေ၏မျက်လုံးတို့က အေးစက်နေဆဲပင်။ အနီရောင်လျှပ်စီးတန်းက လက်မောင်းလုံးခန့် ထူလာပြီး ရွှေရောင်ကြွေးခွံဓားထံသို့ တိုးဝင်သည်။ချက်ခြင်းလိုလိုပင် အနီရောင်လျှပ်စီးတန်းနှင့် ရွှေရောင်ကြေးခွံဓားတို့သည် ထိပ်တိုက်တွေ့၏။

လမြွေနဂါး၏ ခန္ဓာကိုယ်တစ်လျှောက် ကျယ်လောင်စွာ ပေါက်ကွဲသံ မည်ဟိန်းသွားကာ မုန်တိုင်းတစ်ခုသည် ဤကျဉ်းမြောင်းလှသော ဥမင်တစ်လျှောက်တွင် ရိုက်ခတ်သည်။သည်အခိုက်၌ ၎င်းလျှောက်လမ်းမျာ အတင်းအကြပ်အားကြောင့် ချဲ့ကားလာရ၏။ အသွေးအသားနံရံထက်၌ အဟများ ပေါ်လာကာ အစိမ်းရောင်သွေးများ ပန်းထွက်သည်။

ရွှေရောင်နဂါးက နာကျင်စိတ်ဟိန်းသံပြုရ၏။ထိုမုန်တိုင်း၏ ဖိသိပ်မှုအားအောက်၌ ၎င်းက နောက်သို့ လွင့်စင်သည်။ သို့သော် ၎င်းက ရွှမ်ပေါင်၏ပတ်လည်၌ မြွေတစ်ကောင်ကဲ့သို့ ရစ်ခွေကာ ကာကွယ်ပေးထားဆဲပင်။

ထို့အတွက်ကြောင့် ၎င်း၏ခန္ဓာကိုယ်က ဖိသိပ်မှုအားကြောင့် စတင်ပျက်စီးလာ၏။နဂါးထံမှ ရွှေရောင်သွေးများ ပန်းထွက်လာသည်။

ချင်းရွှေသည်လည်း နောက်ဆုတ်သွားရ၏။ သည်အခိုက်၌ လမြွေနဂါး၏ခန္ဓာကိုယ်အတွင်း၌ ခပ်အုပ်အုပ်ဟိန်းသံများ ထွက်ပေါ်လာ၏။ထိုဟိန်းသံသည် လမြွေနဂါးကိုယ်တိုင်ထံမှ ထွက်ပေါ်လာခြင်းပင်။

၎င်းက မြည်ဟိန်းရင်း ဥမင်သည် ပြင်းပြင်းထန်ထန် စတင် တုန်ခါ၏။ဥမင်လျှောက်လမ်း၏ အထက်၌ ဧရာမအက်ကြောင်းကြီး တစ်ခု ပေါ်လာသည်။ အစိမ်းရောင်သွေးများ စီးကျလာ၏။ အဆုံးမဲ့ မကောင်းဆိုးဝါးအော်ရာသည်လည်း ထွက်ပေါ်လာသည်။ ထိုဟိန်းသံက ပို၍ အားကောင်းလာ၏။၎င်းအက်ကြောင်းကြီးထဲမှ တစ်စုံတစ်ခု ထိုးထွက်လာလိုသည်ကဲ့သို့ ဖြစ်နေသည်။

ချင်းရွှေ၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက နောက်ဆုတ်နေရာကနေ ရပ်တန့်ကာ ရှေ့သို့ ပြန်တိုးလာ၏။ သူ့ဆံပင်ရှည်များက ဝဲလွင့်နေ၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစခုကို ဖြစ်စေကာ အော်ပြောသည်။ “သတ်ဖြတ်ခြင်းနယ်မြေ…”

သူက ထိုသို့ ပြောလိုက်သည့်အခိုက်၌ သူ့ဆံပင်များသည် လွင့်ဝဲကာ အနီရောင်အလင်းတန်းတစ်ခုသည် သူ့ခြေထောက်အောက်၌ ဖြစ်ပေါ်လာပြီး စတင် ပျံ့နှံ့သည်။သတ်ဖြတ်ခြင်းနယ်မြေသည် ချင်းရွှေကိုယ်တိုင် ပြုလုပ်ထားသည် မန္တာန် မည်၏။

သူ့အောက်ရှိ အနီရောင်အလင်းက တလျှံညီးညီးတောက်ပ၏။ ၎င်းက ရွှေရောင်နဂါးပေါ်သို့ တောက်ပသွားသည့်အခါ နဂါးသည်ပင် မတူညီသော အရောင်တစ်ခု ဖြစ်လုနီးပါး ရှိလာသည်ဟု ထင်ရ၏။

ချင်းရွှေက နီးကပ်လာနေရင်း ထိုအနီရောင်အလင်းထဲမှ အဆုံးမဲ့စိတ်ဝိညာဉ်အပိုင်းအစများ ထွက်ပေါ်လာ၏။ ထိုစိတ်ဝိညာဉ်များမှာ ချင်းရွှေ၏ သတ်ဖြတ်မှုကို အဆုံးစွန်ထုတ်ဖော်မှုပင် ဖြစ်ချေသည်။

ရွှေရောင်နဂါးက ချင်းရွှေကို မာန်ဖီ၏။ ၎င်း၏ ဦးခေါင်းထက်ရှိ အဝါရောင်အဆောင်ငါးခုမှာ မြန်ဆန်စွာ လှည့်လည်၍ ၎င်း၏ ပါးစပ်ကနေ ဟိန်းသံတစ်ခု ထွက်လာသည်။

“ဖျက်စီးခြင်းသတ္တု၊ အပြစ်ပေးသစ်သား၊အလေးအမြတ်ရေ၊ မီးအဆိပ်၊ လောင်ကျွမ်းမြေ…ဒြပ်စင်ငါးခု ပြောင်းပြန်ဖြစ်ခြင်း…”

ရွှေရောင်နဂါး ဟိန်းသံ ပြုသည့်အခိုက်တွင် ၎င်း၏ဦးခေါင်းပတ်လည်ရှိ အဆောင်ငါးခုမှာ လည်ပတ်နေရာကနေ တန့်သွားသည်။၎င်းအဆောင်များက တစ်ခုပြီးတစ်ခု ကျဆင်းကာ ၎င်း၏ ဦးခေါင်းပေါ်သို့ အကိုင်းအခတ်များကဲ့သို့ ခပ်နှိပ်သည်။

ပြင်းထန်သောအော်ရာတစ်ခုသည် ရွှေရောင်နဂါးထံမှ ပေါက်ကွဲထွက်လာ၏။ထို့နောက် ၎င်းက မြန်ဆန်စွာ ချဉ်းကပ်လာနေသော ချင်းရွှေကို ကြည့်၏။၎င်း၏ ပါးစပ်ကို ဟကာ အလင်းတန်းငါးခုကို ထွေးထုတ်သည်။ ဒြပ်စင်ငါးခုသည် ပြောင်းပြန်လည်ရင်း အလင်းတန်းငါးခုမှာ ဖျက်စီးခြင်းသတ္တု၊အပြစ်ပေးသစ်သား၊အလေးအမြတ်ရေ၊မီးအဆိပ်၊လောက်ကျွမ်းမြေ အဖြစ်သို့ ပြောင်းလဲသွားသည်။

သတ္တုငါးခု ပြောင်းပြန်လည်ပတ် စီးဆင်းချိန်၌ သည်ဧရိယာသည် တသီးတသန့်ဖြစ်လာကာ ကိုယ်ပိုင်လောက ဖြစ်လာ၏။အကွာအဝေးတစ်ခုတွင် တိုက်ခိုက်နေကြသော ရီမူဇီနှင့်ဝူဒိုချန်တို့ပင် လှမ်းကြည့်လာကြသည်။

ချင်းရွှေ၏မျက်လုံးထဲ၌ အေးစက်မှုတို့ တလက်လက် ဖြစ်နေသည်။ သူ့ခြေထောက်အောက်ရှိ သတ်ဖြတ်ခြင်းနယ်မြေက ရွှေလျားရင်း သူ့လက်ကို ပင့်မြှောက်ကာ ဖိချသည်။သူက တိုးညင်းစွာ ဆို၏။ “မြေအကျဉ်းထောင်…”

ကောင်းကင်ဘုံအင်ပါယာပေဖန်၏ မန္တာန်ခြောက်ခုမှာ ချင်းရွှေ၏ အခြေခံအုတ်မြစ် ဖြစ်၏။သို့သော် သူက အလွန်ပါရမီပါသူ ဖြစ်သည့်အတွက် သူ့ကိုယ်ပိုင်ကောင်းကင်ဘုံမန္တာန်များကို ဖန်တီးထားခဲ့သူလည်း ဖြစ်သည်။ ထိုမန္တာန်များက သူ့သတ်ဖြတ်ခြင်းနယ်မြေကို အခြေခံထားကာ နောက်ထပ် စကြာဝဠာတစ်ခုကို ဖွင့်လှစ်စေပြီး မြေကြီးထုကို အကျဉ်းထောင်အဖြစ်သို့ ပြောင်းလဲစေခြင်းပင်။

၎င်း မန္တာန် ဖြတ်ကျော်သွားသည့်နေရာတိုင်းသည် နှလုံးသားအကျဉ်းထောင် ဖြစ်လာရပေမည်။

သင့်မန္တာန်ကမည်မျှတုန်လှုပ်ဖွယ် ကောင်းသည် ဖြစ်စေ သင်သည် လောကအကျဉ်းထောင်မှ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။ ချင်းရွှေ လက်ညွှန်လိုက်သည်နှင့် ဥပဒေသ၏ပြင်းထန်သောအားတစ်ခု ပေါ်လာ၏။ထိုအရာက အကျဉ်းချခြင်းဥပဒေသ မည်၏။

ချက်ခြင်းပင် ချင်းရွှေကို ဗဟိုပြုခြင်းနှင့်အတူ အရာရာမှာ မမြင်ရသောအားတစ်ခု၏ ခြုံလွှမ်းလာခြင်းကို ခံရသည်။ ပြောင်းပြန်ဒြပ်စင်ငါးခုသည်ပင် ချုပ်နှောင်ခံရလေ၏။

ချင်းရွှေက အလင်းတန်းအလား ရွှေ့လျားလာကာ ရွှေရောင်နဂါးနားသို့ ရောက်လာ၏။သူ့လက်ကို ဆန့်ထုတ်ကာ ထိုရွှေရောင်နဂါးခြုံလွှတ်းပတ်ခွေ ကာကွယ်ပေးထားသော ရွှမ်ပေါင်၏ မူလစိတ်ဝိညာဉ်ကို ဖမ်းယူသည်။

သူ့လက်တစ်ချက်လှုပ်ခါခြင်းနှင့်အတူ ရွှမ်ပေါင်ပတ်လည်ရှိ လက်တံများမှာ တစစီ ဖြစ်သွား၏။ အစိမ်းရောင်သွေးများစွာ နေရာတိုင်းသို့ ပန်းထွက်လေသည်။

မျက်လုံးမှိတ်ထားသော ရွှမ်ပေါင်က ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့ထံ၌ ကြောက်ရွှံ့မှုတို့ ပြည့်၏။ သို့ရာတွင် သူက မည်မျှ ကြိုးစားရုန်းကန်ပါစေ သူသည်ချင်းရွှေ၏ လက်ထဲမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ရွှမ်ပေါင်ကို ကိုင်ထားရင်း ချင်းရွှေက အထက်ရှိအက်ကြောင်းထဲမှ မကောင်းဆိုးဝါးအော်ရာ ထွက်လာချိန်၌ သူသည် ထွက်ခွာရန် ပြင်၏။ ထိုအခိုက်မှာပင် ယင်းအက်ကြောင်းက သွေးနီရောင်လက်တစ်ဖက်အသွင်ဆောင်၍ ချင်းရွှေ၏ခန္ဓာကိုယ်‌ပေါ်သို့ တိုက်ရိုက် ရိုက်ချလာသည်။

ထိုမကောင်းဆိုးဝါးအော်ရာထဲ၌ လမြွေနဂါးကြီး၏ အော်ရာလည်း ပါဝင်နေပြန်၏။

ထိုလက်မောင်း ရိုက်ချက်က မြန်လွန်း၏။၎င်းက မန္တာန်အားလုံးကို ချိုးဖျက်ပစ်မည့် စွမ်းအားကို သယ်ဆောင်လာသည်။၎င်းက ချင်းရွှေ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ သူ့အား တုန်ယင်သွားစေ၏။ ချင်းရွှေ၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက ၎င်းရိုက်ချက်ကို တောင့်မခံနိုင်ဘဲ နောက်သို့ လွင့်ထွက်ကာ သွေးများစွာ အန်ထုတ်လိုက်ရသည်။

တချိန်တည်းမှာပင် ထိုလက်မောင်းက ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်ကို ဖမ်းယူကာ နောက်သို့ ပြန်ဆွဲယူ၏။၎င်းလက်က အက်ကြောင်းထဲသို့ ပြန်ဝင်ရောက်ရန် ပြင်၏။

ချက်ခြင်းလိုလိုပင် ချင်းရွှေက မထူးခြားနာမျက်လုံးတို့၌ ရူးသွပ်မှုတို့ ပြည့်လာ၏။ရွှမ်ပေါင်က ကောင်းကင်ဘုံနယ်မြေ၏အဖြစ်အပျက်များနှင့် ပတ်သတ်၍ သူ့အတွက် သဲလွန်စ တစ်ခု ဖြစ်၏။သို့သော် ခုချိန်၌ အခြားတစ်စုံတစ်ယောက်က သူ့ထံကနေ ရွှမ်ပေါင်ကို လုယူသွားသည်။ထိုအဖြစ်က ချင်းရွှေကို ရူးသွပ်လာစေ၏။

ပေဖန်ပင် ချင်းရွှေကို ဒေါသထွက်အောင် မလုပ်ဝံ့ခဲ့ဟု ပြော၍ ရ၏။သူက ချင်းရွှေကို တပည့်တစ်ယောက်အဖြစ်သာ လက်ခံ၍ ချင်းရွှေက သူ့အပေါ် ကျေးဇူးကြွေးတင်စေခဲ့ခြင်းကိုသာ ပြုလုပ်ခဲ့၏။ အရှင်မီးတောက်ကဲ့သို့ ဆန်းကြယ်လှသော ပုဂ္ဂိုလ်မျိုးပင် ချင်းရွှေကို ရန်စဝံ့သည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ ရွှမ်ပေါင်ကို သူ့လက်ထဲကနေ ယူဆောင်သွားသည့်အခါ၌ ချင်းရွှေ၏ ဒေါသသည် ပေါက်ကွဲထွက်လာပေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset