Switch Mode

အပိုင်း(၉၈၆)

မိုးကြိုးသားရဲ

သည်တိုက်ပွဲများပြီးသွားသည့်နောက် မြောက်ပိုင်းနယ်မြေရှိ တိုက်ပွဲကွင်းပြင်သည် လုံးဝ ဆုတ်ပြတ်သတ်လုနီးပါး ဖြစ်သွား၏။ ကီလိုမီတာ သောင်းချီဧရိယာသည် တားမြစ်နေရာတစ်ခု ဖြစ်လာခဲ့သည်။

တိုက်ပွဲကွင်းပြင်၏ ဗဟို၌ ဝဲကတော့ကြီးက မြန်ဆန်စွာ လှည့်ပတ်နေ၏။ အမှုန်အမွှားများစွာသည် ဝဲကတော့ထဲသို့ စုပ်ယူခြင်း ခံရသည်။

သည်တိုက်ပွဲ၌ အနိုင်၊အရှုံးဟူ၍ မရှိပေ။ အလုံးစုံကောင်းကင်ဘက်နှင့်မဟာမိတ်ဘက် နှစ်ခုလုံးသည် ယခုတိုက်ပွဲအတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရပေသည်။

နှစ်ဖက်လုံးရှိ ကျင့်ကြံသူ ထောင်သောင်းချီသည် သေဆုံးခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ နှစ်ဖက်လုံးသည် နောက်ထပ် လာမည့် တိုက်ပွဲအတွက် အကောင်းဆုံး ကြိုပြင်ဆင်မှုများ ထပ်မံ၍ ပြုလုပ်ထားကြသည်။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများစွာသည် ပြန်ဆုတ်၍ အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေကြားတွင် စုဝေးပြီး အားပြန်မွေးကြ၏။ မဟာမိတ်မှာ လုံးဝ ငြိမ်သက်နေ၏။ သို့သော် ယခုတိုက်ပွဲသတင်းများမှာ မဟာမိတ်ကြယ်အဖွဲ့အစည်းအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။

သည်နေ့၌ လူတစ်ယောက်သည် ဝဲကတော့ဘေးနား၌ ပေါ်လာ၏။သူက ဆံပင်ဖြူများ ရှိ၍ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ဝမ်လင်းသာ သည်နေရာတွင် ရှိနေပါက ထိုအဘိုးအိုကို ဟောင်လုံနှင့်တူသည့်လူဟူ၍ သိရှိပေလိမ့်မည်။

ထိုသူက လေဟာနယ်ထဲ၌ တည်ငြိမ်စွာ ရပ်နေကာ သူ့အောက်ရှိ ဝဲကတော့ကို ကြည့်နေသည်။ ပြင်းထန်သော စုပ်အားက သူ့အနီးနားသို့ ရောက်လာသည့်အခါ ပြိုပျက်ရသည်။

“ဒီကျူးကျော်စစ်က သရေနဲ့ အဆုံးသပ်သွားပုံရပေမဲ့ အမှန်တကယ်တော့ မဟာမိတ်က ရှုံးတယ်လို့ ဆိုနိုင်တယ်…” ယောင်လုံက တိုက်ပွဲအခင်းနေရာများကို ကြည့်နေရင်း စဉ်းစားနေသည်။သူက ဖြစ်ပွားခဲ့သည့် စစ်ပွဲ၏ပြင်းထန်မှုကို စိတ်ကူးကြည့်နိုင်သည်။

“ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့က အမြဲတမ်း မောက်မာနေခဲ့တာ။ ဒီစစ်ပွဲဟာလည်း အတိတ်တုန်းက အရှင်မီးတောက်နဲ့ ပတ်သတ်တဲ့ ကိစ္စကြောင့် ခုလို ဖြစ်ပွားခဲ့ရတာပဲ။ စိတ်ဝင်စားစရာပဲ။ အတိတ်တုန်းက ငါဟာ မမျှော်လင့်ဘဲ အရှင်မီးတောက်ကို ကူညီခဲ့ဖူးတယ်။ဒါက ငါ့နတ်လေးပါးကလန်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ကောင်းတယ်…”

ဟောင်လုံ၏မျက်လုံးက တိုက်ပွဲကွင်းပြင်ကို ကြည့်နေရင်း တလက်လက် ဖြစ်နေ၏။ထို့နောက် သူက လေဟာနယ်ထဲသို့ လှမ်းလျှောက်ဝင်သွားချေသည်။

“ငါ ဒီကိစ္စကို အခြားသုံးယောက်နဲ့ ဆွေးနွေးဖို့ လိုပြီ။ငါ့နတ်လေးပါးကလန်ဟာ ဒီလိုနေ့ကို ရောက်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့တာ။ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းနောက်မှာ ရှိတဲ့ အဆင့်ကိုးကျင့်ကြံခြင်းနိုင်ငံဟာ ဒီကိစ္စကို ဝင်စွက်ဖက်မလားတော့ ငါလည်း မသိသေးဘူး…။တကယ်တော့ သူတို့က ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ကို အသိအမှတ်ပြုထားတာပဲလေ…”

ဟောင်လုံသည် စဉ်းစားနေရင်း လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည်။

“အလောင်းကောင်ကလန်လည်း ဒီကိစ္စအပေါ် စဉ်းစားနေပြီလို့ ငါ ထင်တယ်။အလုံးစုံကောင်းကင် ရောက်ရှိလာတာဟာ မဟာမိတ်ကြားမှာ ရှိတဲ့ တိုက်ခိုက်မှုတွေကို ပျက်စီးသွားစေခဲ့လောက်ပြီ။ ဝမ်လင်း ဆိုတဲ့ တစ်ယောက်လည်း ရှိသေးတယ်။ ဒီကောင်လေးကလည်း တော်သားပဲ။ သူ့ကို တိုက်ပွဲအတွင်း ဝင်ရောက်ခွင့် ပြုတာဟာ ငါ့နတ်လေးပါးကလန်အတွက် ရှေ့ပြေးတပ်လိုမျိုး ဖြစ်စေလိမ့်မယ်။ အရှင်မီးတောက်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် သူဟာ ဝမ်လင်းနှဖူးထက်က ငါ့အမှတ်အသားကို တွေ့မြင်မှာပဲ။ ဒါက ငါ့နတ်လေးပါးကလန် အလုံးစုံကောင်းကင်နဲ့ပတ်သတ်လို့ အရိပ်အမြွက် ပြတဲ့ သဘောလည်း ပါဝင်နေတယ်…”

ဟောင်လုံသည် ပြုံးနေရင်း ကြယ်များကြား၌ ပျောက်ကွယ်သွားတော့သည်။

“ဒီတိုက်ပွဲက လုံလောက်အောင် မကြီးမားသေးဘူး။ ဒါက ပိုပြီး ပြင်းထန်လာပြီး ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ရဲ့ အင်အားတွေလည်း ပိုသုံးစွဲရလိမ့်မယ်။ငါ့နတ်လေးပါးကလန်က ဒီလောက်အချိန်ကြာအောင် တောင့်ခံထားခဲ့ရတယ်။ အခု ငါတို့ လျှိုထားတဲ့ခွန်အားကို ပေါက်ကွဲပြဖို့ အချိန် ဖြစ်လာခဲ့ပြီ…”

ဝဲကတော့၏အတွင်း၌ နောက်ထပ် စကြဝဠာတစ်ခု ရှိနေ၏။ သည်နေရာမှာ အဆုံးမဲ့အမှောင်ထုနှင့် အကန့်အသတ်မဲ့စွာ တည်ရှိမှုမျိုးပင်။ မည်သည့် အသံ၊အလင်းမှ ရှိိမနေသည့်အပြင် စိတ်ဝိညာဉ်စွမ်းအင်နှင့်မူလစွမ်းအင်အမျှင်တန်းတစ်ခုတစ်လေတောင် မရှိချေ။

အသက်ဓာတ်ဟူ၍ သည်နေရာ၌ ပျောက်ကွယ်လုနီးနီး ဖြစ်နေ၏။

သည်နေရာမှာ တစီစီပျက်စီးခြင်းဟင်းလင်းပြင်အောက်ရှိ လေဟာနယ် ဖြစ်၏။ မည်သူကမျှ ၎င်းလေဟာနယ် ဘာကြောင့် တည်ရှိသည်ကို မသိပေ။

တစ်ခါတုန်းက အားကောင်းသောကျင့်ကြံသူများသည် သည်လေဟာနယ်နေရာ၏ ရင်းမြစ်ကို ရှာချင်ခဲ့ကြ၏။သို့သော် နှစ်ပေါင်း မရေမတွက်နိုင်အောင် လွန်လာခဲ့သော်လည်း မည်သူကမျှ သည်လေဟာနယ်၏ လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်စွမ်း မရှိကြသေးပေ။

သည်နေရာ၌ ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို မမြင်ရသောအားတစ်ခုက ဆက်တိုက် ချိပ်ပိတ်ပစ်နေသကဲ့သို့ အတောမသတ်နိုင်အောင် အားနည်းစေနိုင်စွမ်း ရှိ၏။ ထိုအဖြစ်က ကျင့်ကြံသူတစ်ယောက်ကို ရှင်သန်နိုင်ဖို့ပင် ခက်ခဲလှစေသည်။ထို့အပြင် ဤနေရာက လောက၏မူလစွမ်းအင်နှင့် တသီးတခြား ဖြစ်နေသည့်အတွက် ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ပိုင်မူလစွမ်းအင်ပင် တနေ့ ကုန်ဆုံးသည့်အဖြစ်သို့ ‌ရောက်ရှိသွားနိုင်သည်။

ထို့အတွက်ကြောင့် သူတို့၏ အစွမ်းကို အနည်းငယ်မျှသာ အသုံးပြုနိုင်တော့၏။

အမှန်တော့ သည်နေရာမှာ ကျင့်ကြံသူများအဖို့ တားမြစ်ဧရိယာလို ဖြစ်နေခဲ့၏။

မဟာမိတ်ကြယ်အဖွဲ့အစည်း၌ အဆင့်တစ်ခုသို့ ရောက်နေသည့် လူများသာ သည်နေရာအကြောင်းကို နှစ်ပေါင်းများစွာကတည်းက သိရှိထားနိုင်သည်။ ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်ချိန်က သည်နေရာ၌ အံ့ချီးဖွယ်တုန်လှုပ်စရာ အဖြစ်အပျက်တစ်ခု တစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းသည် ကောင်းကင်ဘုံနယ်မြေကိုပါ တစစီဖြစ်သွားလုနီး ဖြစ်စေခဲ့ဖူးသည်။

မည်သူကမျှ သည်လေဟာနယ်ဟင်းလင်းပြင်၏ အဆုံးသပ်ကို မသိကြပါ။ နိဗ္ဗာနဖြိုခွဲခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် သည်နေရာတွင် အချိန်ကြာမြင့်စွာ မနေဝံ့ပေ။ တကယ်တော့ သူတို့ထံ၌ မူလစွမ်းအင် မည်မျှ ရှိပါစေ ကုန်ဆုံးသည့်တနေ့ ရောက်လာနိုင်သည် မဟုတ်လား။

သည်ဟင်းလင်းပြင်လေဟာနယ်က သဘာဝမူလစွမ်းအင်ကိုလည်း တသီးတခြား ဖြစ်စေသည့် အစီအရင်တစ်ခုကဲ့သို့ ရှိနေ၏။ဤနေရာက လုံးဝ ချိပ်ပိတ်ခံထားရကာ ကျင့်ကြံသူများ အတွင်းနက်ပိုင်းထိ ဝင်ရောက်မစူးစမ်းနိုင်အောင် ကာဆီးထားသည်။

သို့သော်လည်း ဤနေရာက မူလစွမ်းအင်ကင်းမဲ့နေစေသည့် သဘာဝ အစီအရင်တစ်ခု ဟုတ်လား၊မဟုတ်လား။ မည်သူမျှ ထိုအဖြေကို သေချာ မသိကြပေ။

သို့ရာတွင် အချို့လူများ၏ စိတ်ထဲ၌ ဖုန်းကွယ်ထားသည့် ခန့်မှန်းမှုတစ်ခုတော့ ရှိကြ၏။ ထိုသူတို့က သည်ခန့်မှန်းမှုကို ထိကိုင်ဖို့ ကြောက်လန့်နေရခြင်းမှာ အံ့မခန်းကပ်ဘေးတစ်ခုကို ယူဆောင်လာမည်ကို စိုးရွှံ့နေခြင်းကြောင့် ဖြစ်သည်။ သည်လေဟာနယ်ကုန်းမြေက သဘာဝ မဟုတ်ပေ။ သို့သော် လူသား ဖန်တီးထားခြင်းလော…။

ဤအခိုက်အတန့်၌ လမြွေနဂါးကြီး၏ ဧရာမခန္ဓာကိုယ်ကြီးသည် သည်လေဟာနယ်နေရာထဲ၌ မထင်မရှား ဖြစ်ရ၏။၎င်းက သည်နေရာထဲသို့ ရောက်လာသည်နှင့် ၎င်း၏စွမ်းအားများကို သိပ်သည်းစေကာ ၎င်း၏ခန္ဓာကိုယ်ပေါ်၌ ပြင်ပအရာဝတ္ထုများကို စုပ်ယူနိုင်ဖို့ လှည့်ပတ်၏။

သည်အဆုံးမဲ့အမှောင်ထုအတွင်း၌ လမြွေနဂါးကြီးက ဦးတည်ချက်မရှိ တိုးဝင်နေ၏။ သည်နေရာရှိ ထူးဆန်းသောအားက လမြွေနဂါးပေါ်သို့ သက်ရောက်ခြင်း မရှိသည့်အလားပင်။

ဝမ်လင်းက လမြွေနဂါး၏ခန္ဓာကိုယ်ထဲ၌ ရှိနေ၏။သူက အရှင်မီးတောက် သူ့အား ပေးထားသော ကောင်းကင်ဘုံအစိတ်အပိုင်းကို ကိုင်ထားလျက် ရှိ၏။သူ့နတ်ဘုရားအာရုံဖြင့် ၎င်းပေါ်သို့ ဖြန့်ကျက်ပြီး သူ့ကိုယ်ပိုင်အမှတ်အသားကို ချန်ထားလိုက်သည်။တစ်ချိန်တည်းမှာ ထိုအစိတ်အပိုင်းမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်နှင့်အတူ မိုးကြိုးတန်းတစ်ခု ထိုးထွက်လာသည်။

ဝမ်လင်းရှေ့၌ ထိုမိုးကြိုးက ပြန့်ကျဲသွား၏။ ထို့နောက် ငွေရောင်ဦးချိုနှင့် မိုးကြိုးသားရဲတစ်ကောင် ပေါ်လာသည်။၎င်း၏ လည်တိုင်၌ ချိန်းကြိုးတစ်ခု ရှိနေကာ အဆောင်စာရွက်များစွာသည်လည်း ၎င်း၏ ကိုယ်ပေါ်ရှိ ချိတ်ဆွဲထားလျက် ရှိသည်။

ငွေရောင်ဦးချိုပင် အမည်မသိနည်းလမ်းအချို့ဖြင့် အပေါက်ငယ်တစ်ခုအဖြစ် ထွင်းဖောက်ခံထားရကာ သံကွင်းတစ်ခု ဦးချိုအတွင်း၌ ဖြတ်ဖောက်ထားသည်။

အရှင်မီးတောက် ဝမ်လင်းကို ပေးခဲ့သည့် ကောင်းကင်ဘုံအစိတ်အပိုင်းထဲ၌ ပင်မစိတ်ဝိညာဉ် တစ်ခုအပြင် မိုးကြိုးသားရဲလည်း ရှိနေခြင်းပင်။ မိုးကြိုးသားရဲက ဝမ်လင်းကို တွေ့မြင်သည့်အခါ ၎င်း၏မျက်လုံးတို့သည် ရစ်ဆိုင်းလာ၏။ နှစ်ပေါင်းများစွာ မတရားခံစားခဲ့ရမှုသည် ပေါက်ကွဲထွက်လာသည်။

ဝမ်လင်း မိုးကြိုးသားရဲကို မတွေ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အခု ဝမ်လင်းက ထိုမိုးကြိုးသားရဲကို ကြည့်ကာ ရယ်ရမလား၊ငိုရမလား မသိ ဖြစ်ရသည်။မိုးကြိုးသားရဲ၏ ပုံပန်းအသွင်က ထူးဆန်းနေ၏။သူက မိုးကြိုးသားရဲအနားသို့ ရောက်သွားကာ ငွေရောင်ဦးချိုပေါ်ရှိ သံကွင်းကို ကြည့်၏။ဝမ်လင်းက ထိုသံကွင်းကို လက်ဖြင့်သာ ထိကြည့်နိုင်သည်။

ထိုအပြုအမူက မိုးကြိုးသားရဲ၏ မတရားခံစားခဲ့ရမှုကို ပိုပြင်းထန်လာစေကာ ၎င်းက ခပ်အုပ်အုပ်ဟိန်းသံ ပြုသည်။

ဝမ်လင်းက မချင့်ပြုံးပြုံး၍ ညင်သာစွာ ဆို၏။ “ပြီးခဲ့တဲ့နှစ်တွေဟာ မင်းအတွက် အတော်လေး ခက်ခဲခဲ့မှာပဲ…” ၎င်းမိုးကြိုးသားရဲက ဆက်လက်၍ ငြီးတွားပြနေသည့်ပုံမှာ ၎င်း ခံစားခဲ့ရသည့်နာကျင်မှုများကို ပြောပြချင်နေသည်ဟုပင် ထင်ရ၏။

ဝမ်လင်းက မိုးကြိုးသားရဲ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ “တကယ်တော့…မင်းကအတော်လေး တော်လှပါတယ်…”

ဝမ်လင်း၏ စကားက အမှန်တော့ နှစ်သိမ့်ပေးသည့် အဓိပ္ပာယ်ပင်။ သို့သော် သူက ထိုစကားကို ပြောလိုက်သည့်အခိုက၌ မိုးကြိုးသားရဲသည် ဆက်၍ ငြီးတွားခြင်း မပြုတော့ဘဲ ၎င်း၏ ခေါင်းကို ဆက်ခနဲ လှည့်၏။ ၎င်းခန္ဓာကိုယ်ပေါ်ရှိ အဆောင်စာရွက်တစ်ရွက်မှာလည်း တုန်သွားကာ ၎င်းသည် ဝမ်လင်းကို သံသယအကြည့်နှင့် ကြည့်၏။

၎င်းသားရဲအဖို့ ဝမ်လင်း၏စကားများအပေါ် မရေရာ ဖြစ်နေသည်မှာ သိသာပေသည်။ ၎င်းက အရှင်မီးတောက်ထံမှလည်း ထိုသို့ တူညီသောစကားများကို အကြိမ်များစွာ ကြားခဲ့ရသည် မဟုတ်လား။

ဝမ်လင်းက မချင့်ပြုံးသာ ပြုံးမိတော့၏။သူက မိုးကြိုးသားရဲကို မည်သို့နှစ်သိမ့်ရမှန်း မသိ ဖြစ်နေ၏။ သူက စိတ်ထဲကနေ သည်မိုးကြိုးသားရဲကို ထပ်မံတွေ့ရသည့်နောက် ၎င်းအ‌ပေါ် သနားနေမိ၏။ ဝမ်လင်းက သူ့မိုးကြိုးသားရဲ နှစ်ပေါင်းများစွာ ခံစားခဲ့မှုအ‌ပေါ် စိတ်ကူးကြည့်မိသည်။

သို့ရာတွင် မိုးကြိုးသားရဲ၏ခွန်အားက သူ့ကို တုန်လှုပ်စေသည်ပင်။ ၎င်းက အရင်ထက်များစွာ အားကောင်းလာသည်မှာ ထင်ရှားနေသည်။

ခုချိန်၌ မိုးကြိုးသားရဲက သူ့အား စူးစိုက်ကြည့်နေသည့်အခါ ဝမ်လင်းသည် သူ ပြောသည့်စကားမှာ အမှန်ဖြစ်ကြောင်း ရည်ညွှန်း၍ ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။

မိုးကြိုးသားရဲက သံသယဝင်နေဆဲ ဖြစ်နေသည်ကို တွေ့သည့်အခါ ဝမ်လင်းသည် သက်ပြင်းချ၍ သူ့သိုလှောင်အိတ်ကို ထိ၏။ထိုအခါ ကောင်းကင်ဘုံဓားက ဖျပ်ခနဲ ပျံသန်းထွက်လာပြီး ရှုလီကောကို ထွက်လာစေသည်။

သူက ပေါ်ထွက်လာသည်နှင့် မိုးကြိုးသားရဲဦးချိုပေါ်ရှိ သံကွင်းကို ဟိုထိဒီထိ လုပ်ကာ မကစားဘဲ မနေနိုင်အောင် ဖြစ်ရသည်။ရှုလီကောက အကျယ်ကြီး ရယ်မောလေ၏။

မိုးကြိုးသားရဲက ချက်ခြင်း ဒေါသထွက်သွားကာ ဟိန်းဟောက်၏။၎င်း၏ ကိုယ်ပေါ်၌ မိုးကြိုးများ ခြုံလွှမ်းလာသည်။မိုးကြိုးများက စူစည်းလာကာ ရှုလီကောထံသို့ တိုးဝင်သွား၏။

ရှုလီကောက အတော် ထိတ်လန့်သွားသည်။သူက အကြောက်လန့်အောက်ကာ နောက်သို့ အမြန်ဆုတ်သည်။သို့သော် မိုးကြိုးက မြန်လွန်းလှ၏။ထို့ကြောင့် သူ့အပေါ်သို့ ကျရောက်သွားသည်။ရှုလီကောက တဆတ်ဆတ် တုန်ယင်နေကာ ခပ်သွက်သွက် ပြောသည်။ “ရန်မလိုပါနဲ့ဦး…။ငါက ဒီသံကွင်းကို ကြိုက်လို့ ကိုင်ကြည့်ရုံလေးပါ…”

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စူးစမ်း၏။သူက ရှုလီကောနှင့်မိုးကြိုးသားရဲတို့ကို လစ်လျူရှုထားသည်။ ဝမ်လင်း ရှုလီကောကို ခေါ်ထုတ်ရခြင်းမှာ မိုးကြိုးသားရဲကိုနှစ်သိမ့်ပေးနိုင်ဖို့ ဖြစ်၏။ အမှန်တော့ ဝမ်လင်းသည် အခုလို နှစ်သိမ့်ပေးရသည့်ကိစ္စကို မည်သို့ပြုလုပ်ရမှန်း မသိပေ။

ရှုလီကောနှင့်မိုးကြိုးသားရဲက မည်သို့မှန်းမသိ ပွဲကျသွား၏။ စကားအနည်းငယ် ပြောပြီးနောက် မိုးကြိုးသားရဲအသွင်က ပိုကောင်းလာ၏။၎င်း၏ မျက်လုံးထဲရှိ သံသယမှာလည်း ပျောက်ကွယ်သွားသည်။ သိပ်မကြာခင်တွင် ၎င်း၏မျက်လုံးထဲ၌ ဝင့်ကြွးမှုတစ်ခု အမှန် ပြန်ပေါ်လာ၏။၎င်းက ရှုလီကောနှင့် ဆက်နွှယ်နေရင်း ပျော်ရွှင်စွာ ဟိန်းသံပြုသည်။

နောက်ဆုံး၌ ၎င်းက ရှုလီကောကို သူ့ခေါင်းပေါ်တွင် ထိုင်ခွင့်ပြုသည်။မိုးကြိုးသားရဲက ရှုလီကောက ၎င်း၏ ဦးချိုပေါ်ရှိ သံကွင်းကို ထိထိမထိထိ အလေးမထားတော့ပေ။၎င်းက ကျေနပ်နေသည့်အသွင် ရှိနေ၏။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ထိုအဖြစ်ကို တွေ့သွား၏။သူက ရှုလီကောကို မလေးစားဘဲ မနေနိုင် ဖြစ်မိ၏။ဝမ်လင်းက ဟင်္သာပြဒါးအုတ်ဂူအတွင်း၌ ဓားသွားနက်တစ်ခုကို တွေ့ခဲ့ချိန်ကတည်းက ရှုလီကော၏ သည်ဆက်ဆံရေးစွမ်းရည်ကို သတိပြုမိခဲ့၏။ ရှုလီကောက ထိုဓားသွားကို မည်သို့ သွေးဆောင်ခဲ့သည့်မသိရသော်လည်း ယင်းဓားသွားမှာ ရှုလီကောကို အချိန်အတန်ကြာ မခွဲနိုင် ဖြစ်ခဲ့ရသည်။

သည်အခိုက်၌ ရှုလီကောက သံကွင်းကို ထိကိုင်ထားရင်း စိတ်ထဲကနေ တွေးနေ၏။ “မင်းတို့ရဲ့ ဘိုးဘိုးရှုက တကယ်တော်နေတုန်းပဲ။ငါက ဒီမိစ္ဆာကောင်ဝမ်လင်းကိုလည်း ရိုက်နိုင်စွမ်း ရှိချင်နေတာ…” သူက ထိုသို့တွေးနေရင်း သံကွင်းကို အားအများကြီးစိုက်၍ ဆွဲကိုင်မိကာ မိုးကြိုးသားရဲကို ဒေါသထွက်လာစေသည်။

ရှုလီကောက ခပ်မြန်မြန်ပင် မိုးကြိုးသားရဲကို ပုတ်၍ ပွစိပွစီ ပြောလိုက်၏။ မိုးကြိုးသားရဲ၏ မျက်လုံးတို့က ယဉ်ပါးလာကာ သူက ၎င်း၏ခေါင်းကို ယမ်း၍ သူ့ကိုယ်သူ ပြန်ကြည့်နေ၏။ စောနက မိုးကြိုးသားရဲ၏မျက်လုံးထဲ၌ ရှိခဲ့သည့် မောက်မာမှုမှာ တမဟုတ်ချင်း ပြန်ပျောက်ကွယ်သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset