မရေမတွက်နိုင်သောရတနာများသည် ရွှမ်ပေါင်ပတ်လည်၌ စုဝေးနေ၏။သည့်နောက် ၎င်းတို့သည် ပျက်စီးသွားကြသည်။ ရတနာလက်နက်တစ်ခု ပျက်စီးတိုင်း ၎င်းထံမှ အဖြူရောင်အခိုးငွေ့အမျှင်တန်းတစ်ခု ပျံဝဲထွက်လာ၏။
ချက်ခြင်းလိုလိုပင် ရွှမ်ပေါင်၏ ပတ်လည်၌ အဖြူရောင်အခိုးငွေ့ မြောက်များစွာ ခြုံလွှမ်းလာ၏။ ချင်းရွှေ၏ ဆန်းကြယ်လက်နက် နီးကပ်လာသည့်အခါ ရွှမ်ပေါင်က သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ မာန်သွင်း အော်ဟစ်သည်။ “နိဗ္ဗာနလေဟာနယ် ဆန်းကြယ်စွမ်းအား…”
သူက ထိုစကားများကို ဆိုသည့်အခိုက်၌ သူ့ပတ်လည်ရှိ အဖြူရောင်အခိုးငွေ့များသည် အရူးအမူး ထိုးထွက်လာကာ ချင်းရွှေ၏ ဆန်းကြယ်လက်နက်နှင့် ထိပ်တိုက်တွေ့သည်။
ဘန်း…ဘန်း…ဘန်း…ဘန်း…။
ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်ကာ ဟင်းလင်းပြင်သည် ပို၍ ဆိုးရွာစွာ ပျက်စီးသွားရသည်။မူလက ကီလိုမီတာငါးထောင်ရှိသော ဝဲကတော့ကြီးက ပို၍ ချဲ့ကားလာ၏။ ကျင့်ကြံသူတော်တော်များများသည် သည်ပျက်စီးပြိုပျက်မှု၌ အချိန်မှီ မရှောင်နိုင် ဖြစ်ကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားရသည်။
ဟင်းလင်းပြင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့ကြီးထဲသို့ လူတစ်ယောက် ယောက်သွားပါက အသက်ရှင်နိုင်ဖို့ ခက်ခဲလှပေမည်။မည်သူမျှ ထိုဝဲကတော့ကြီး၏ အတွင်းထဲသို့ မဝင်ရဲကြပေ။
ခုချိန်၌ ဟင်းလင်းပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ သို့သော် ထိုတုန်ခါမှုက လမြွေနဂါးပေါ်သို့ မည်သို့ သက်ရောက်မှုမှ မရှိပါ။ ၎င်း၏ မျက်လုံးများက နီရဲနေ၏။ ၎င်းက သူ့အား ဒဏ်ရာရစေပြီး လမြွေနဂါးငယ်များစွာကို သေဆုံးစေခဲ့သည့် ရွှမ်ပေါင်ကို အရိုးထဲက မုန်းနေ၏။
ချင်းရွှေပေါ်လာသည့်အခါ၌ ရှေးဟောင်းနတ်ဘုရားလက်က ခဏတာ တုံ့ဆိုင်းသွားသေးသည်။ ရွှမ်ပေါင် သူ့မန္တာန်ကို ထုတ်ဖော်ချိန်၌ ထိုရှေးဟောင်းနတ်ဘုရားလက်သည် ရှေ့သို့ ဆက်တိုးလာတော့သည်။
တချိန်တည်းမှပင် ကြယ်များကြား၌ ရယ်မောသံတစ်ခု ပဲ့တင်ထပ်၏။ အရှင်မီးတောက်က တုန်လှုပ်နေသော ဝူဒိုချန်ကို လှောင်ရယ်နေခြင်း ဖြစ်သည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၍ ကောင်းကင်ဘုံအစိတ်အပိုင်းများကို ပျံသန်းထွက်စေသည်။ယင်းအစိတ်အပိုင်းများက ဝဲကတော့နှင့်အတူ ကီလိုမီတာသောင်းချီ ဧရိယာကို ဖုံးလွှမ်းသွားသည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့လာခြင်းက ဝဲကတော့ကို စွမ်းအား ပြည့်ဝစေကာ ၎င်းဝဲကတော့သည် ရွှမ်ပေါင်ထံသို့ တိုးဝင်လာ၏။
“ကောင်းကင်ဘုံအရှင်သခင် ချင်းရွှေ…ဒီအဘိုးအိုကိုလည်း ကူညီခွင့်ပြု…”
အရှင်မီးတောက်က ဤသို့ ပြောလိုက်၏။
ဝူဒိုချန်၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက အရှင်မီးတောက်နောက်ကနေ လိုက်လာ၏။ သူသည် ရွှမ်ပေါင် ခုလို သေရေးရှင်ရေးဖြစ်နေချိန်၌ ကူညီရပေမည်။
ရွှမ်ပေါင်၏ ဦးရေပြားပင် ထုံထိုင်းသွားမိ၏။ သည်တိုက်ပွဲသည် သူ့ဘဝတစ်လျှောက်၌ ကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့ချိန်ကလွဲ၍ အန္တရာယ်အများဆုံး မဟုတ်လား။ သူ့ရှေ့၌ ချင်းရွှေ၊သူ့နောက်၌ လမြွေနဂါး၊ သူ့အထက်၌ အရှင်မီးတောက် ရှိနေချေသည်။
သူ့အတွက် ရှောင်ထွက်နိုင်ဖို့ အခွင့်လမ်း မရှိပေ။ သည်လို အခြေအနေကို ရင်ဆိုင်ဖို့သာ ရှိမည်။ ရွှမ်ပေါင်၏ခန္ဓာကိုယ်ထဲမှ အားကောင်းသော ကောင်းကင်ဘုံမူလစွမ်းအင်များ မြင့်တက်လာကာ မရေမတွက်နိုင်သော အရံအတားများ ဖြစ်စေ၏။
သူ့ပတ်လည်၌ ကောင်းကင်ဘုံမူလစွမ်းအင်တို့ ဝန်းရံထားနေရင်း လမြွေနဂါး၏ ရှေးဟောင်းနတ်ဘုရားလက်သည် ရောက်ရှိလာသည်။ ကျယ်လောင်စွာ ပေါက်ကွဲ၏။ ကောင်းကင်ဘုံမူလ အရံအတားများအားလုံး အလွှာလိုက် ပျက်စီးကုန်သည်။
ထိုအခိုက်၌ ချင်းရွှေသည် အနီရောင်လျှပ်စီးတန်းများကို သယ်ဆောင်ရင်း ရောက်ရှိလာသည်။ တုန်ဟီးသံများ ဆက်တိုက် ဖြစ်ပေါ်နေသည်။ရွှမ်ပေါင်က ချက်ခြင်း သွေးအန်ထုတ်ရ၏။
အရှင်မီးတောက်၏ ကောင်းကင်ဘုံအစိတ်အပိုင်းမြေများ ရောက်ရှိလာချိန်၌ ရွှမ်ပေါင်၏ ခန္ဓာကိုယ်သည် ပျက်စီးသွားရသည်။သူ့မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာ၏။ သူ့မူလစိတ်ဝိညာဉ်လည်း ပျက်စီးခါနီးအချိန် ဖြစ်နေ၏။ သို့သော် ထိုအခိုက်အတန့်၌ ရွှေရောင်ကြိုးတစ်ချောင်းသည် ရွှမ်ပေါင်၏မူလစိတ်ဝိညာဉ်ကို ဝန်းရံပေးထားကာ ဖိအားများ ထုတ်လွှတ်ပေးပြီး လုံးဝ တစစီမဖြစ်အောင် တားဆီးသည်။
ထိုအဖြစ်က ဟင်းလင်းပြင် ပျက်စီးမှုကို ပို၍ မြန်ဆန်သွားစေသည်။ ဟင်းလင်းပြင်၏ ကီလိုမီတာသောင်းချီသည် အခုချိန်၌ အပျက်အစီးဧရိယာတစ်ခု ဖြစ်လာ၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ၎င်းပျက်စီးမှုအတွင်းသို့ ကျရောက်ရသည်။ဝမ်လင်း၏ ပတ်လည်၌ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုပေါ်လာ၏။၎င်းက ဆက်တိုက် ပုံသဏ္ဌာန်အသွင် ပြောင်းလဲနေသည်။ သို့ရာတွင် ဝမ်လင်း၏အကြည့်က လမြွေနဂါးပေါ်သို့သာ ကျရောက်နေပြီး အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေသည်။
ယခုအခိုက်အတန့်၌ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီး၏ ပတ်လည်တွင် ကြာပန်းက လှည့်လည်နေ၏။သူမက လုံးဝ အဆင်ပြေသည်။ သူမဘေးရှိ ရွှေရောင်အလောင်းကောင်သည်လည်း အဆင်ပြေသည်ပင်။၎င်းအလောင်းကောင်က အေးစက်စက်အသွင်နှင့်သာ ရှိနေဆဲ ဖြစ်၏။
သူမရှေ့ရှိ အဖြစ်အပျက်များအားလုံးကို ကြည့်ကာ သက်ပြင်းချမိ၏။သူမက ဝမ်လင်းကို ကြည့်၏။ သူမ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတစ်ခု ဖြတ်ခနဲ ပေါ်လာကာ သူမသည် ခပ်တိုးတိုး ရေရွတ်သည်။ “ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါမှာ အရှင်က ငါ့ကို သိရဲ့လား ငါ မသိဘူး…”
ကြာပန်းက သည်တိုက်ပွဲအတွင်း၌ သေဆုံးခြင်းအော်ရာအားလုံးကို စုပ်ယူနေ၏။ ခုချိန်၌ သေဆုံးခြင်းအော်ရာက ပျံ့နှံ့နေရာ ကြာပန်းပတ်လည်၌ မြူလွှာပါးတစ်ခု ရစ်ဆိုင်းနေသည်နှင့်ပင် တူသေးသည်။
သူမက သူမ၏ လက်ကို ပင့်မြှောက်ကာ သူမရှေ့ရှိ ရွှေရောင်အလောင်းကောင်ကို ညွှန်၍ ညင်သာစွာ ဆိုသည်။ “ချိပ်ပိတ်မှု ဖြေလျော့ခြင်း…”
ထိုစကားနှစ်ခွန်းက ထူးဆန်းသောချိပ်တံဆိပ်များအဖြစ်သို့ ပြောင်း၍ ရွှေရောင်အလောင်းကောင်ပေါ်သို့ ကျရောက်သည်။ထိုရွှေရောင်အလောင်းကောင်သည် တုန်ယင်လာ၏။၎င်း၏ ခေါင်းထက်ရှိ အဆောင်ငါးခုမှာ လှည့်ပတ်နေရာကနေ ရပ်တန့်သွားသည်။ရွှေရောင်အလောင်းကောင်၏မျက်လုံးက တောက်ပနေ၏။၎င်း၏ ပါးစပ်ထဲကနေ နဂါးဟိန်းသံ ထွက်ပေါ်လာသည်။
၎င်း၏ ခန္ဓာကိုယ်က မထင်ထားလာအောင် ချဲ့ထွက်၍ ဖျပ်ခနဲ နဂါးတစ်ကောင်အသွင်သို့ ပြောင်းသွားသည်။
ဤအရာက အစစ်အမှန်နဂါးပင်။၎င်းက ပုံရိပ်ယောင်မဟုတ်၊အသွေးအသား ရှိနေ၏။နဂါးကြေးခွံများက တောက်ပလွန်းသည်။ဖျပ်ခနဲပင် ၎င်းနဂါးက ဟိန်းသံပြုကာ ထိုးထွက်သွားတော့သည်။အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးက သက်ပြင်းချ၏။ သူမက အကွာအဝေးတစ်ခုတွင် ရှိနေသည့် ဝမ်လင်းကို ကြည့်သည်။ထို့နောက် သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း လွင့်ပါးလာရင်း ပျောက်ကွယ်သွားတော့သည်။
ရွှေရောင်နဂါးက ဟိန်းသံပေးရင်း တိုက်ပွဲကွင်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာ၏။၎င်း၏ ခေါင်းထက်ရှိ အဝါရောင်အဆောင်ငါးရွက်ထံမှ ဖိနှိပ်မှုအားတစ်ခု ထွက်ပေါ်နေသည်။
၎င်း တိုက်ပွဲကွင်းပြင်သို့ ရောက်လာသည့်အခိုက် ရွှေရောင်နဂါးသည် တောက်ပသွားကာ ရှေးဟောင်းအသံတစ်ခုသည် လောက၌ ပဲ့တင်ထပ်လာသည်။
“အဆိပ်မီးတောက်…”
အဆောင်ငါးရွက်ထဲမှ တစ်ခုသည် ချက်ခြင်းပင် မီးတောက်များကို ထုတ်လွှတ်၏။မျက်စိတစ်မှိတ်အတွင်း မီးတောက်ပင်လယ်တစ်ခုသည် နဂါးကို ဝန်းရံသွားသည်။ဤမီးတောက်များက အဆိပ်ရှိနေပေ၏။
ထိုအဆိပ်၏စွမ်းအားက အံ့မခန်းပင်။ ၎င်းက နီးကပ်လာသည်နှင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရွှမ်ပေါင်၏ မူလစိတ်ဝိညာဉ်ကို ဝန်းရံကာ လွတ်မြောက်နိုင်ရန် ပြင်၏။
သို့သော် ဤအခိုက်၌ မည်သို့မှ ပြောင်းလဲသွားခြင်း မရှိသည့် သစ်သားပိုင်းကြီးထံမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ အက်ကြောင်းကြီးတစ်ခု ပွင့်ဟလာလေသည်။
အစိမ်းရောင်အလင်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားရင်း လူတစ်ယောက် လှမ်းထွက်လာ၏။သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်၍ အလွန်ကြည့်ကောင်း၏။သူ လှမ်းထွက်လာသည်နှင့် ပြုံးကာ ရွှေရောင်နဂါးပေါ်သို့ ချက်ခြင်း နီးကပ်သွားသည်။သည့်နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ နဂါးကို ညွှန်သည်။
ပုံရိပ်ယောင်သစ်သားပိုင်းကြီးတစ်ခု ရုတ်တရက် နဂါးပတ်လည်၌ ပေါ်လာကာ ခုတ်ပိုင်းချလာ၏။
“ဒီအဘိုးအိုက အလုံးစုံကောင်းကင် ရှေးဟောင်းမိသားစုတွေရဲ့ ကိုးယောက်မြောက် အကြီးအကဲပဲ။ မင်းက ငါလက်ကနေ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ…”
ရွှေရောင်နဂါးသည် ပုံရိပ်ယောင်သစ်သားပိုင်းကြီး၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။သို့သော် ၎င်း၏ မျက်လုံးက စတင် တောက်ပလာသည်။၎င်းက ပါးစပ်ဟလိုက်ရာ အနက်ရောင်မြေကြီးများ ထွက်လာသည်။ထိုအနက်ရောင်မြေများသည် အဆုံးစွန်သေဆုံးခြင်းအော်ရာနှင့် ပြည့်နှက်၏။
အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအို ရီမူဇီက သူ့ညာလက်ဖြင့် လေဟာနယ်ကို ရိုက်ချ၏။မရေမတွက်နိုင်သော တုန်ဟိန်းသံများ ပေါ်လာကာ မုန်တိုင်းတစ်ခု ဖြစ်စေသည်။သူက ရှေ့သို့ တိုးထွက်ရင်း သူ့လက်ကို ဝေ့ယမ်းသည်။ မျှော်စင်တမျှမြင့်မားသည့် သစ်သားအပိုင်းအစများသည် သူ့နောက်၌ ပေါ်လာသည်။ထိုသစ်သားအပိုင်းအစများက စုစည်း၍ အရံအတားတစ်ခုကို ဖြစ်စေသည်။
“မင်း ထွက်မပြေးနိုင်ပါဘူး…” ရီမူဇီက ပြုံး၍ သူ့ညာလက်ကို ဝေ့ယမ်းသည်။သူ့နောက်ရှိ သစ်သားအပိုင်းအစကြီးများသည် ပျံသန်းထွက်လာကာ ရွှေရောင်နဂါးကို ဆက်တိုက် နောက်ပြန်ဆုတ်စေသည်။
သည်အခိုက်၌ ဝူဒိုချန်က ကူညီပေးရန် ချဉ်းကပ်လာ၏။သို့သော် ချင်းရွှေက နှာခေါင်းရှုံ့၏။ အနီရောင်လျှပ်စီတန်းတစ်ခုသည် ထိုးထွက်သွားသည်။အရှင်မီးတောက်က ထိုအခွင့်အရေးကို အမီဖမ်း၏။ သူ့လက်ကို လှုပ်ရှားလိုက်ရာ ကောင်းကင်ဘုံအစိတ်အပိုင်းများကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့မှာ ပို၍ အဆများစွာ ကြီးမားလာသည်။
သည့်အပြင် လမြွေနဂါးကြီးကြောင့် ဖြစ်ပေါ်သည့် ရှေးဟောင်းနတ်ဘုရားလက်သည်လည်း ရောက်နှင့်လာပြီ ဖြစ်၏။ သို့သော် လမြွေနဂါးကြီးက ၎င်း၏ ဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးနေ၏။ထို့ကြောင့် ၎င်းက ရွှမ်ပေါင်ကို မုန်တီးနေရုံသာမဟုတ်တော့ဘဲ အခြားလူတိုင်းကိုပါ သူ့အမုန်းတရားက ငြိစွန်းလာချေသည်။
ရှေးဟောင်းနတ်ဘုရားလက် ရောက်ရှိလာသည့်အခိုက်၌ လမြွေနဂါးက ၎င်း၏ပါးစပ်ကြီးကိုဟကာ ရှိုက်သွင်းပစ်သည်။၎င်းက အပြင်းအထန် ရှိုက်သွင်းရာ ၎င်း၏ ခန္ဓာကိုယ်ပင် စတင် တုန်ယင်လာသည်။ရှေးဟောင်းနတ်ဘုရားသည် ၎င်းရှေ့ရှိ အရာရာကို ရိုက်ခတ်ရင်း ရွှေရောင်နဂါးကို တိုက်ရိုက် ဖမ်းယူသည်။
ရွှေရောင်နဂါးကို ကိုင်ထားရင်း ရှေးဟောင်းနတ်ဘုရားလက်သည် နောက်သို့ မြန်ဆန်စွာ ပြန်ဆုတ်ခွာကာ နဂါးကို လမြွေနဂါး၏ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။လမြွေနဂါးအတွက် ၎င်းကို ဒဏ်ရာရစေသည့်ကျင့်ကြံသူကို သတ်ပစ်ခြင်းသပ်သပ်က သူ့ဒေါသအတွက် မလုံလောက်သေးပေ။၎င်းက ထိုကျင့်ကြံသူ၏ အသက်ဓာတ်အားကို စုပ်ယူကာ ချေဖျက်ပစ်ချင်နေသည်။
ရွှေရောင်နဂါးကို ဝါးမြိုပြီးသည့်နောက် လမြွေနဂါးက ရှေ့သို့ ဆက်သွားရမည့်အစား ဟင်းလင်းပြင်ပျက်စီးမှုကြောင့် ဖြစ်ပေါ်သည့် ဝဲကတော့ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ထိုဝဲကတော့ထဲသို့ ဝင်ရောက်ခြင်းသည် ပျက်စီးနေသောဟင်းလင်းပြင်အောက်ရှိ လေဟာနယ်ထဲသို့ ဝင်ရောက်ခြင်း မည်၏။
သည်ရုတ်တရက် ပြောင်းလဲမှုက ချင်းရွှေ၏ မျက်လုံးကို လက်ခနဲ ဖြစ်သွားစေသည်။သူက ရွှမ်ပေါင်၏ မူလစိတ်ဝိညာဉ်ကို ရယူကာ အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ ဗြောင်ဆန်ပျက်စီးစေခဲ့သည့် အကြောင်းကို မေးယူရန် ဆုံးဖြတ်ထား၏။
ရွှေရောင်နဂါးနှင့်ရွှမ်ပေါင်၏ မူလစိတ်ဝိညာဉ်တို့ကို လမြွေနဂါးကြီး ဝါးမြိုသွားပြီးနောက် သူကလည်း လမြွေနဂါးကြီး၏ စုပ်အားကို အသုံးပြုကာ ၎င်း၏ ပါးစပ်ထဲသို့ ချက်ခြင်း တိုးဝင်သွားသည်။
ချင်းရွှေတစ်ယောက်တည်းသာ မဟုတ်ပေ။ရွှမ်နန်းတော်မှ တစ်ယောက်ဖြစ်သည့် ဝူဒိုချန်က ရွှမ်ပေါင်နှင့် ရင်းနှီးမှု ရှိထားသူ ဖြစ်သည်။သူကလည်း အံတင်းတင်းကြိတ်ကာ လမြွေနဂါးကြီး၏ ပါးစပ်ထဲသို့ လိုက်ဝင်သည်။
ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက သည်အခွင့်အရေးကို စောင့်နေခြင်းပင်။ တုံ့ဆိုင်းခြင်းမရှိ သူ့ခန္ဓာကိုယ်မှ မိုးကြိုးများ မြင့်တက်လာ၏။သူက မိုးကြိုး၏ အမြန်နှုန်းကို ငှားယမ်းကာ လမြွေနဂါးထံသို့ တိုးဝင်သွားသည်။
အရှင်မီးတောက်ကမူ ချီတုံချတုံ ဖြစ်နေ၏။ အဘိုးအိုရီမူဇီ၏မျက်လုံးကလည်း တလက်လက် ဖြစ်နေသည်။သူက သူ့စိတ်ထဲတွင် တစ်ခုခုရှိသည့် ပုံပင်။သူသည်လည်း လမြွေနဂါး၏ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။
သည်အခိုက်အတန့်၌ လမြွေနဂါးကြီး၏ ခန္ဓာကိုယ်ကြီးမှာ အက်ကြောင်းထဲသို့ ဝင်ရောက်လုနီးပါး ဖြစ်နေ၏။၎င်း၏ ပါးစပ်ကြီးကလည်း ပြန်စေ့သွားသည်။၎င်းက သည်ဟင်းလင်းပြင်ကနေ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။
ဝမ်လင်းက လမြွေနဂါးအနားသို့ ရောက်လာကာ ၎င်း၏ ခန္ဓာကိုယ်ကြီးပေါ်သို့ ခြေချလိုက်၏။သူက ခြေစောင့်ကာ လမြွေနဂါးထဲသို့ ဝင်ရောက်ရန် ဟန်ပြင်သည်။
အရှင်မီးတောက်က ဝမ်လင်းကိုလည်း တွေ့မြင်ပေသည်။သူက သက်ပြင်းချ၏။အချိန်ဖြုန်းမနေဘဲ သူသည် လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်ရာ လက်သီးစုပ်ခန့်ကောင်းကင်ဘုံအစိတ်အပိုင်းသည် သူ့လက်ထဲ၌ ပေါ်လာ၏။သူက ၎င်းအစိတ်အပိုင်းကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။
“မင်းက ဒီတိုက်ပွဲမှာ အများကြီး အကျိုးဆောင်ပေးခဲ့ပြီးပြီး။ဒီပစ္စည်းက မင်းကို လုံခြုံမှု ပေးနိုင်ကောင်းတယ်။ဒါနဲ့ဆိုရင် ငါလည်း မင်းရဲ့ တည်နေရာကို ရှာနိုင်ပြီး မင်းနဲ့ချင်းရွှေကို ကယ်တင်နိုင်လိမ့်မယ်…”
အရှင်မီးတောက်က လမြွေနဂါးကြီးထဲသို့ မဝင်ရောက်တော့ပေ။ တကယ်တော့ သူက အလုံးစုံကောင်းကင်နှင့်မဟာမိတ် တို့ကြား စစ်ပွဲ၌ ဦးဆောင်မှု ပြုရဦးမည် မဟုတ်လား။ ဝမ်လင်းက လမြွေနဂါးထဲသို့ ဘာကြောင့် ဝင်ရောက်သည်ကို သူနားမလည်ခဲ့ပေ။ သူက ဝမ်လင်းသည် ချင်းရွှေကို ကယ်တင်ချင်၍လားဟုသာ စိတ်ကူးကြည့်မိသည်။
“ဖြစ်နိုင်တာက ဒီကလေးမှာ တခြားအတွေးတွေကော ရှိနေတာများလား…”
ဝမ်လင်းက ကောင်းကင်ဘုံအစိတ်အပိုင်းကို ဖမ်းယူ၏။သူက ချက်ခြင်းပင် မိုးကြိုးသားရဲ၏အော်ရာကို ခံစားမိ၏။ သည်အစိတ်အပိုင်းအတွင်း၌ အားကောင်းလှသောပင်မစိတ်ဝိညာဉ်တစ်ခုကို ချိတ်ပိတ်ထားသည့်အပြင် မိုးကြိုးသားရဲပါ ရှိနေ၏။
“ကျေးဇူးပါ…စီနီယာ…” ဝမ်လင်းသည် ထိုသို့ ပြောလိုက်ပြီးပြီးချင်း သူသည် လမြွေနဂါးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
အခုချိန်၌ လမြွေနဂါးကြီးက ဝဲကတော့ထဲသို့ လုံးဝ နစ်မြုပ်နေ၏။သို့သော် ၎င်း၏ ခန္ဓာကိုယ်က ကြီးမားလွန်းလှသည့်အတွက် ဝဲကတော့သည် ပို၍ ချဲ့ကားလာရသည်။ထိုအဖြစ်က ဟင်းလင်းပြင် ပျက်စီးမှုကို ပို၍ ပြန့်ကား သွားစေသည်။
ဟင်းလင်းပြင်က တုန်ဟီးမည်ဟိန်း ပျက်စီးနေရင်း အရှင်မီးတောက်က သက်ပြင်းချ၏။ ထို့နောက် သူက နောက်လှည့်၍ တကွဲတပြား ပြန့်ကျဲနေသော အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကို ကြည့်သည်။
***