အခန်း (၂၂) နေရာတိုင်းသွေးမှုံများဖုံးလွှမ်း
ရုတ်တရက်… လူတစ်ယောက်ထွက်ပေါ်လာသောကြောင့် အနက်ရောင်ဝတ်လူ အံ့အားသင့်သွားသည်။
ထိုသူ၏ တည်ရှိမှုကို အနက်ရောင်ဝတ်လူ လုံး၀ သတိမပြုခဲ့မိပေ။ စောစောက ကြားလိုက်ရသည့် ခြေသံပြင်းပြင်းက ထိုသူ၏ ခြေသံဖြစ်ပေလိမ့်မည်။
လုန်ယွိကလည်း ရုတ်တရက် ထွက်ပေါ်လာသူကို မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်သည်။ ထိုသူက တန်ခိုးစွမ်းအား အသုံးပြုကာ ဖုံးကွယ်ထားသောကြောင့် လုန်ယွိ သေသေချာချာ တွေ့မြင်နိုင်ခြင်း မရှိပေ။
သို့သော်… စတုတ္ထတောင်ထွတ်မှ တပည့်ကို သတ်ဖြတ်လိုက်သည့် ထိုသူ၏ လက်သီးချက်ကို သူမ တွေ့မြင်ဖူးသည်ဟု ခံစားနေရသည်။
ပြီးတော့… ထိုသူ၏ တည်ငြိမ်သည့် ဟန်ပန်အမူအရာများ…။
လွန်ခဲ့သည့် (၃)နှစ်က သူမကို ကယ်တင်ခဲ့သည့် အမှောင်ရိပ်ထဲမှ လူငယ်များလားဟု လုန်ယွိ တွေးလိုက်မိသည်။ သို့သော်… သိပ်တော့ မသေချာလှပေ။
ထိုသူ ဖြစ်နေလျှင်တောင်မှ ယခုအချိန်တွင် ထိုသူ၏ လှုပ်ရှားမှုများကို လုန်ယွိ ခန့်မှန်းနိုင်ခြင်း မရှိပေ။
ထိုသူက သူမကို ကယ်တင်ရန် ရောက်လာခြင်းမဟုတ်သည်မှာတော့ သေချာသည်။
သို့သော်… အနက်ရောင်ဝတ်လူ၏ တပည့်များက ထိုသူကို သွားပြီး ရန်စမိဟန် တူသည်။ ထိုသူက သူ့ကို ရန်စပြီဆိုလျှင် ကိစ္စတုံးဖြေရှင်းတတ်သူဖြစ်ကြောင်း လုန်ယွိ ရိပ်မိထားသည်။
မည်သို့ပင်ဖြစ်စေ… ထိုသူ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် လုန်ယွိ ဝမ်းသာသွားမိသည်ကတော့ အမှန်ပင်။ အနည်းဆုံးတော့ သူမ အသက်ရှူချောင်သွားခဲ့ပြီ မဟုတ်ပါလား။
သူမအတွက် အချိန်လိုအပ်လေသည်။ အချိန်ဆွဲထားနိုင်သည်နှင့်အမျှ မှော်ရုံနယ်မြေထဲတွင် ပြဿနာတက်နေပြီကို သူမ၏ဆရာဖြစ်သူ သိရှိသွားမည်ဖြစ်သည်။
ထိုအခါ… သူမကို ကူညီရန် စစ်ကူလွှတ်ပေးနိုင်ပေလိမ့်မည်။
အနက်ရောင်ဝတ်လူက မျက်မှောင်တစ်ချက်ကြုတ်ရင်း ကျန်းလန်ကို မေးလိုက်သည်။
“မင်းက ဘယ်သူလဲ…”
ယခုလိုအချိန်မျိုးတွင် လူတစ်ယောက် ရုတ်တရက်ပေါ်လာမည်ဟု မျှော်လင့်မထားခဲ့မိပေ။
ထို့ပြင်… ထိုသူကိုကြည့်ရသည်မှာ အနည်းငယ် ထူးခြား၏။ ထိုသူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်သူ ဖြစ်သည်။
ထိုသူက သေချာပေါက် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေလိမ့်မည်။
နောက်ထပ် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာခြင်းက အနက်ရောင်ဝတ်လူကို အတော်လေး စိတ်ဖိစီးစေသည်။
ကျန်းလန်က သူ သတ်ဖြတ်ပစ်လိုက်သည့် တပည့်ကို လှမ်းကြည့်လိုက်ရင်း…
“ကျုပ်က မှော်ရုံနယ်မြေကို ဖြတ်သွားဖြတ်လာ ရောက်လာတာ… ဒါပေမဲ့… ဒီကောင်တွေက ကျုပ်ကို ရန်လာစတယ်လေ…”
အနက်ရောင်ဝတ်လူက အေးဆေးသည့်လေသံဖြင့်…
“မင်းလို စွမ်းအားကြီးမားတဲ့သူကို ရန်လာစတယ်ဆိုကတည်းက သူတို့ အမှားပဲပေါ့… ၊ အခု သူတို့လည်း အမှားအတွက် ပေးဆပ်ပြီးသွားပြီ မဟုတ်လား… ၊ မင်း ထွက်သွားလို့ရပါပြီ…”
အနက်ရောင်ဝတ်လူက အကြောင်းမရှိဘဲ ထိုသူနှင့် ရန်သူ မဖြစ်ချင်ပေ။
လုန်ယွိကို သတ်ဖြတ်နိုင်ရန်အတွက် လက်တစ်ကမ်းသာ လိုတော့သည်။ ထို့ကြောင့် အခြားမလိုအပ်သည့် ပြဿနာများ မဖြစ်ချင်ပေ။
ကျန်းလန်က လုန်ယွိကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် … အနက်ရောင်ဝတ်လူကို ပြန်ကြည့်လိုက်၏။
အနက်ရောင်ဝတ်လူက လုန်ယွိကို အပြတ်ရှင်းချင်နေသည်မှာ ထင်ရှားသည်။
ထို့ပြင်… ဤအနက်ရောင်ဝတ်လူက မိစ္ဆာသားရဲဒီရေလှိုင်းကို ပြုလုပ်ခဲ့သူဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။ ပြဿနာအားလုံး၏ အစက ဤအနက်ရောင်ဝတ်လူ ဖြစ်လေ၏။
ကျန်းလန်က တည်ငြိမ်စွာဖြင့်…
“မင်းတို့တွေကြောင့် မှော်ရုံနယ်မြေကိုလာတဲ့ ကျုပ်ရဲ့ ခရီးစဉ် အနှောက်အယှက် ဖြစ်သွားတယ်…”
ထိုသူ ထွက်သွားခိုင်းတိုင်း ကျန်းလန်က ထွက်သွားရမည်တဲ့လား…။ သူသာ ယခုနေထွက်သွားလျှင် ငပေါကြီးဖြစ်သွားပေလိမ့်မည်။
ပြီးတော့ သူ ဒီနေရာထိ ရောက်လာရသည်က ပြဿနာများကို တစ်ခါတည်း အမြစ်ပြတ်ရှင်းပစ်ရန် ဖြစ်၏။
ဝူကျိနှင့်အဖွဲ့က သူ့ကိုအန္တရယ်ပေးမည်ကို အနက်ရောင်ဝတ်လူ သိပြီးသား ဖြစ်ပေလိမ့်မည်။ ဤသည်က သူတို့ အကွက်ဆင်ထားသည့် အကြံအစည်ပင် မဟုတ်ပါလား။
ထို့ကြောင့်… ကျန်းလန်က ပြဿနာကို မြေလှန်ပြီး ရှင်းပစ်ရပေမည်။ ပြဿနာအမြစ်တွယ်ပြီး သူ့ကို အကြိမ်ကြိမ်အခါခါ ဒုက္ခပေးနေမည်ကို ကျန်းလန် စိတ်မရှည်ပေ။ ထိုပြဿနာများကြောင့်လည်း စိတ်ရှုတ်လည်း မခံနိုင်ပေ။
အနက်ရောင်ဝတ်လူက…
“ဒါဖြင့် မင်းက သေချင်နေတာပဲ…”
ပြောပြီးသည်နှင့် အနက်ရောင်ဝတ်လူက အနောက်မှ သူ့လူများကို လှည့်ကြည့်လိုက်သည်။
“မင်းတို့ သူ့ကို တားထားလိုက်… ၊ ကျုပ် လုန်ယွိကို ရှင်းပစ်လိုက်မယ်…”
ထို့နောက်… အနက်ရောင်ဝတ်လူက ကျန်းလန်ကို အရေးမစိုက်တော့ဘဲ လုန်ယွိကို တိုက်ခိုက်ရန် အာရုံစိုက်လိုက်သည်။
အနက်ရောင်ဝတ်လူ၏ တပည့်များက မိစ္ဆာသားရဲများကို တိုက်ခိုက်ရန် အချက်ပြလိုက်သည်။ ထိုအခါ… မိစ္ဆာသားရဲများက ကျန်းလန်ကိုတိုက်ခိုက်ရန် ပြေးဝင်လာကြ၏။
အနက်ရောင်ဝတ်လူက ကျန်းလန်ကို အရေးမစိုက်တော့ပေ။ လုန်ယွိကို သတ်ဖြတ်ပြီးမှ ကျန်းလန်ကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။
ပြီးလျှင် လူစုကွဲစေရန် ထွက်သွားခွင့်ပေးလိုက်သည့် တပည့်အုပ်စုကိုလည်း လိုက်လံရှင်းလင်းရဦးမည် ဖြစ်သည်။ သူတို့အဖွဲ့၏တည်ရှိမှုကို သိရှိသူမှန်သမျှကို ရှင်းပစ်ရပေမည်။
မိစ္ဆာသားရဲများက ကျန်းလန်ကို အနိုင်ယူနိုင်ပါမည်လားဆိုသည့်အချက်ကို အနက်ရောင်ဝတ်လူ အလေးမထားခဲ့ပေ။
သားရဲများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရသောကြောင့် လုန်ယွိပင်လျှင် အခြေအနေဆိုးနေခဲ့သည် မဟုတ်ပါလား။
လူသားများက နဂါးများလောက် ခံနိုင်ရည်မရှိကြပေ။ သိပ်မကြာမီ ထိုလူထူးလူဆန်းသည်လည်း သားရဲများဖြင့် တိုက်ခိုက်ရင်း အားအင်ကုန်ခမ်းသွားမည်ဟု သူ တွေးထားသည်။
သူ့ပတ်ပတ်လည်ကိုဝန်းရံလာသည့် မိစ္ဆာသားရဲများကို ကြည့်ပြီး ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။ သားရဲများက များပြားလွန်းလှ၏။
သို့သော်… ကျန်းလန် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
သူက မိစ္ဆာသားရဲအုပ်ကြီးကြားတွင် ဟာရီကိန်းမုန်တိုင်းတစ်ခုအလား လှည့်ပတ်ရွေ့လျားသွားသည်။
“ဘုန်း…”
“ဘုန်း…”
“ဘုန်း…ဘုန်း…ဘုန်း…”
နွေခေါင်ခေါင် မိုးကြိုးပစ်သည့်အလား ကြောက်မက်ဖွယ်ရာ အသံကြီးများ ဆက်တိုက်ထွက်ပေါ်လာ၏။
ပြင်းထန်လှသည် စွမ်းအားကြီးတစ်ခုက အနက်ရောင်ဝတ်လူထံသို့ အမှုန့်ချေပစ်တော့မည်အလား ဝင်ရောက်လာသည်။ လုန်ယွိကို သတ်ရန်ဟန်ပြင်နေသည့် အနက်ရောင်ဝတ်လူမှာ အံ့အားသင့်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အနက်ရောင်ဝတ်လူ၏ မျက်လုံးများက မယုံကြည်နိုင်စွာ ဝိုင်းစက်ပြူးကျယ်သွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံများဖုံးလွှမ်းလျှက် ရှိသည်။
သွေးမှုံများအလယ်တွင် လူတစ်ယောက် မတ်တတ်ရပ်နေလေသည်။
ထိုသူ၏ပုံစံက လောကအလယ် လှည့်လည်သွားလာနေသည့် သေမင်းအလား ဖြစ်သည်။ သူ၏ ခြေထောက်အောက်တွင် သွေးများ အိုင်ထွန်းနေပြီး အဆုံးမရှိသည့် သွေးပင်လယ်ကြီး စီးဆင်းနေသည့်အလား ထင်မှတ်ရသည်။
အနက်ရောင်ဝတ်လူထိန်းချုပ်ထားသည့် မိစ္ဆာသားရဲများအားလုံး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
မိစ္ဆာသားရဲများတင် မဟုတ်ပေ။ သူ့လူ (၃)ယောက်သည်လည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ…။
“ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
အနက်ရောင်ဝတ်လူ ရေရွတ်လိုက်သည်။
အရာအားလုံးကို အမှုန့်ချေပြီးသည့်နောက် ကျန်းလန်က အနက်ရောင်ဝတ်လူရှိရာသို့ ခြေတစ်လှမ်းချင်းလှမ်းလာသည်။
မိစ္ဆာသားရဲများကို တိုက်ခိုက်ရန်အတွက် ကျန်းလန်က နွားရိုင်းသုံးကောင်စွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို ပေါင်းစပ်အသုံးပြုခဲ့သည်။
ထို့ကြောင့် တိုက်ပွဲက မြန်မြန်ဆန်ဆန် အဆုံးသတ်သွားခြင်း ဖြစ်သည်။
အနက်ရောင်ဝတ်လူက…
“တာအိုရောင်းရင်း… တစ်ခုခုတော့ နားလည်မှုလွဲနေကြပြီထင်တယ်…”
ကျန်းလန်၏ တန်ခိုးစွမ်းအားက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က မိစ္ဆာသားရဲများကို ထိုမျှ လွယ်လွယ်ကူကူဖြင့် အမှုန့်ချေပစ်လိုက်သည်တဲ့လား…။
ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူများလေလား…။
အမှန်တော့.. ဤမျှ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် မှော်ရုံနယ်မြေထဲတွင် ရှိမနေသင့်ပေ။
လုန်ယွိမှာလည်း သွေးမှုံများကြားတွင် ရပ်နေသည့် လူထူးလူဆန်းကို ငေးကြည့်နေမိလေသည်။
တန်ခိုးစွမ်းအားမြင့်မားသည် ၊ တည်ငြိမ်သည် ၊ ဆုံးဖြတ်ချက်ပြတ်သားသည်…။
ထိုသူသည် လွန်ခဲ့သည့် (၃)နှစ်က သူမနှင့် ဆုံခဲ့ဖူးသူဖြစ်သည်မှာ သေချာလှသည်။ ထိုစဉ်ကလည်း ထိုသူက ဖြတ်သွားဖြတ်လာတစ်ယောက်ဟုပင် ပြောခဲ့သည်။
ယခုလည်း ထိုသူက ဖြတ်သွားဖြတ်လာတစ်ယောက်ဟုပင် ပြောနေပြန်သည်။
သို့သော်… ထိုသူက လွန်ခဲ့သည့် (၃)နှစ်ကထက်ပင် ပိုမိုစွမ်းအားကြီးမားလာဟန် ရှိသည်။ သူမ ယုံပင်မယုံနိုင်ခဲ့ပေ။
ထို့ပြင်… ထိုသူ၏ စိတ်နေစိတ်ထားကို လုန်ယွိ နားလည်လေသည်။ ထိုသူက သူ့ကို သွားနှောက်ယှက်ပါက သူမပင် ဖြစ်နေလင့်ကစား သေချာပေါက် သတ်ဖြတ်ပစ်ပေလိမ့်မည်။
“နားလည်မှုလွဲတယ်… ဟုတ်လား…”
ကျန်းလန်က အနက်ရောင်ဝတ်လူကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာဖြင့် မေးလိုက်၏။
“တစ်ခါဆို ကိစ္စမရှိဘူး… ဒါပေမဲ့ ကျုပ်ကိုပဲ ခဏခဏ ပြဿနာ လာရှာနေတယ် ၊ ပြီးတော့ နားလည်မှုလွဲတယ်လို့ ပြောတယ်… ဘာလဲ… မင်းကို အပြတ်ရှင်းပစ်ဖို့ နောက်တစ်ခါ ပြဿနာလာရှာတဲ့အထိ စောင့်ရမှာလား…”
အနက်ရောင်ဝတ်လူက အလျှင်အမြန် ငြင်းဆန်လိုက်သည်။
“မဟုတ်ပါဘူး… လုံး၀ မဟုတ်ပါဘူး…”
ပြီးမှ သူက စိတ်ရှုတ်ထွေးစွာဖြင့်…
“ဒါက တကယ် နားလည်မှုလွဲတာပါ… ၊ ကျုပ်လူတွေက သူတို့သဘောနဲ့သူတို့ လျှောက်လုပ်နေကြတာ… ၊ တကယ်တော့ မင်းတို့ ကျုပ်တို့ဆိုတာ ခွန်လွန်တောင်က တပည့်အချင်းချင်းတွေပဲ… ၊ ဘာလို့ ဒုက္ခပေးရမလဲကွာ…”
ကျန်းလန် ခန္ဓာကိုယ်ကို ရိပ်ခနဲ တစ်ချက်လှုပ်ရှားလိုက်သည်။
ချက်ချင်းပင် အနက်ရောင်ဝတ်လူ၏ရှေ့သို့ ရောက်ရှိလာ၏။
“နားလည်မှုလွဲတယ်… ဟုတ်လား…”
ပြောပြီးသည်နှင့် ကျန်းလန် လက်သီးကို မြှောက်လိုက်သည်။
“ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်သာ မမြင့်မားဘူးဆိုရင်… မင်းတို့ ဒီစကား ပြောမှာ မဟုတ်ဘူး…”
ပြောပြီးသည်နှင့် ကျန်းလန်က အနက်ရောင်ဝတ်လူကို လက်သီးဖြင့် ထိုးချလိုက်၏။
“ဘုန်း…”
သို့သော်… လက်သီးချက်ထိုးလိုက်ပြီးသည်နှင့် ကျန်းလန် မျက်မှောင်တစ်ချက်ကြုတ်လိုက်မိသည်။
သူ၏ လက်သီးချက်က အနက်ရောင်ဝတ်လူကို ထိမှန်ခဲ့ခြင်း မရှိပေ။
အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကျန်းလန်၏ လက်သီးချက်ကို ပိတ်ဆို့တားဆီးထားလိုက်သောကြောင့် ဖြစ်၏။ အလင်းရောင်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားက အလွန်မှ ပြင်းထန်လွန်းသည်။
“ဝုန်း…”
ပြင်းထန်လှသည့် တန်ခိုးစွမ်းအား (၂)ခု ရိုက်ခတ်မိသွားပြီး ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကျန်းလန်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ လုန်ယွိမှာတော့ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားရိုက်ခတ်မှုဒဏ်ကို မခံနိုင်ဘဲ လေထဲသို့ မြောက်တက်သွားတော့သည်။
ထိုခဏမှာပင်… အလင်းတန်းက အနက်ရောင်ဝတ်လူကို အဝေးသို့ ရစ်ပတ်ခေါ်ဆောင်သွားတော့သည်။
“သူတို့အဖွဲ့နောက်ကွယ်မှာ တန်ခိုးစွမ်းအားမြင့်မားတဲ့လူတစ်ယောက် ရှိနေတာပဲ…”
ကျန်းလန် ချက်ချင်းပင် ခန့်မှန်းလိုက်သည်။
သို့သော်… ကျန်းလန်က နှေးကွေးနေသူ မဟုတ်ပေ။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်သည်။
“မင်းက ထွက်ပြေးချင်တယ်ပေါ့လေ…”
ကျန်းလန် အသံကိုနှိမ့်ကာ ရေရွတ်လိုက်ပြီး ပြင်းထန်လွန်းသည့် နွားရိုင်းလေးကောင်စွမ်းအားကို စုစည်းလိုက်သည်။
ထို့နောက်… အဝေးသို့ ရောက်သွားသည့် အနက်ရောင်ဝတ်လူရှိရာသို့ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအား အသုံးပြုကာ လိုက်ပါသွားလေ၏။
ပြင်းထန်လှသည့် စွမ်းအားရိုက်ခတ်မှုများကြောင့် ပတ်ဝန်းကျင်မှ သစ်ပင်များမှာ မုန်တိုင်းတိုက်ခတ်သည့်အလား ယိမ်းထိုးလျှက် ရှိကြသည်။
“ဘုန်း…”
ကျန်းလန်၏ ပြင်းထန်လှသည့်လက်သီးချက်က အနက်ရောင်ဝတ်လူရှိရာသို့ ဦးတည်ဝင်ရောက်သွားသည်။
ကျန်းလန်၏ စွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း အနက်ရောင်ဝတ်လူ သိရှိလိုက်ပြီ ဖြစ်သည်။ သူ၏ မျက်နှာထက်တွင် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နက်နေလေ၏။
ထို့နောက်… ကောင်းကင်ထက်သို့ မော့ကြည့်ပြီး အော်ဟစ်လိုက်လေတော့သည်။
“ဂိုဏ်းတူအစ်ကိုကြီး… ကျုပ်ကို ကယ်ပါဦး…”