Switch Mode

အပိုင်း(၉၈၃)

ရှေးဟောင်းနတ်ဘုရား၏ အော်ရာ

သည်အခိုက်အတန့်၌ လမြွေနဂါး၏ ဟိန်းဟောက်သံများက ပဲ့တင်ထပ်နေရင်း ရှေးဟောင်းနတ်ဘုရားဘာသာစကားများ ဆက်လက် ပါဝင်နေသည်။အက်ကြောင်းကြီးတစ်ခု ပေါ်လာကာ ရွှမ်ပေါင်ထံသို့ တန်းတန်းမတ်မတ် ဦးတည်နေသည်။

မျက်စိတစ်မှိတ်အတွင်း ရွှမ်ပေါင်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ပြိုပျက်သွားသည်။ တုန်ဟီးသံများ မြည်ဟိန်းနေရင်း ရွှမ်ပေါင်၏အသွင်သည် တည်ငြိမ်နေ၏။ သူက ပေသုံးရာရှိသော မြှားကို လက်ညွှန်ကာ ပြောလာသည်။ “နိဗ္ဗာနလေဟာနယ်…”

အရှင်မီးတောက်၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားသည်။သူက ထိုမြှားကို မှတ်မိပေ၏။၎င်းမြှားမှာ မဟာမိတ်မှ မဟာရတနာများထဲမှ တစ်ခုအပါအဝင်ပင်။

၎င်းမြှား၏ မူလအစကိုမူ မသိရဘဲ ၎င်းတည်ရှိသည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပြီဟု ဆို၏။ ၎င်းမြှားပေါ်ရှိ သွေးကွက်အစွန်းက ထူးဆန်းသောစွမ်းအားများကို ပေးစွမ်းသည်ဟုလည်း ဆိုကြသေးသည်။

သူက မဟာမိတ်ကြယ်အဖွဲ့အစည်းကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ချိန်ကတည်းက အရှင်မီးတောက်သည် မဟာမိတ်မှ သူသိသော ရတနာအားလုံးကို တန်ပြန်နိုင်ရန် ပြင်ဆင်ထားခဲ့သည်။သူက ၎င်းမြှားကို တွေ့သည့်အခါ နှာခေါင်းရှုံ့၏။

“ဒီအယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှားက မခန့်မှန်းနိုင်ဘူးလို့ ပြောကြတယ်။ဒါပေမဲ့ ငါ သိချင်တာက ဒီမြှားဟာ လမြွေနဂါးသားရဲကို နှိုင်းယှဉ်နိုင်မလား ဆိုတာပဲ…”

ပေသုံးရာမြှားသည် ရွှမ်ပေါင်၏လက်ညွှန်မှုနှင့်အတူ တုန်ယင်လာ၏။၎င်းက လေးကိုင်းမှာ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းအလား ရှေ့သို့ ရွှတ်ခနဲ ထိုးထွက်သွားသည်။၎င်း၏ ပစ်မှတ်မှာ လမြွေနဂါးပင်။

လမြွေနဂါး၏ မျက်လုံးထဲ၌ အဆုံးမဲ့အေးစက်မှုတို့ ဖြစ်ပေါ်နေသည်။၎င်းက ပေသုံးရာလောက်ရှိသည့် မြှားကို တွေ့မြင်သည့်အခါ အန္တရာယ်အငွေ့အသက်ကို ခံစားမိ၏။ ၎င်းသားရဲက မြှားထံမှ အန္တရာယ်အငွေ့အသက် ရှိမှန်း သိသည်နှင့် ၎င်း၏ ပါးစပ်ကိုဟကာ မာန်ဟိန်းသံပြု၏။ ထိုအခါ အလင်းစက်များ စုစည်းပေါ်ထွက်လာပြီးနောက် နောက်ထပ် ရှေးဟောင်းနတ်ဘုရားလက်ချောင်းတစ်ခုအဖြစ် အလျင်အမြန် သိပ်သည်းသွားချေသည်။

ရှေးဟောင်းနတ်ဘုရားလက်ချောင်း ပေါ်လာသည့်နောက် ၎င်းလက်ချောင်းသည် မြှားရှိရာသို့ တန်းမတ်စွာ တိုးဝင်သွားသည်။

လမြွေနဂါးက ဒေါသပုန်ထနေ၏။ မရေမတွက်နိုင်သော လမြွေနဂါးငယ်များသည် ၎င်းထံမှ ထိုးထွက်လာကြ၏။ ၎င်းလမြွေနဂါးငယ်တို့၏ အရွယ်အစားမှာ အမျိုးမျိုးပင်။၎င်းတို့ ပေါ်လာသည်နှင့် တိုက်ပွဲကွင်းပြင်မှာ ပို၍ ပြင်းထန်လာတော့၏။

မရေမတွက်နိုင်သော လမြွေနဂါးများသည် ထိုးထွက်လာသည့်အခါ မဟာမိတ်မှ ကျင့်ကြံသူများ၏ အသွင်သည် ကြီးစွာ ပြောင်းလဲကုန်၏။သူတို့က ခပ်သွက်သွက် ဆုတ်၏။သို့သော် သူတို့၏အမြန်နှုန်းသည် လမြွေနဂါးငယ်များနှင့် မယှဉ်နိုင်ကြပေ။သည့်နောက် သွေးလွှမ်းမှုကြီးတစ်ခု စတင်တော့၏။

သည်လို ဗြောင်းဆန်ပြင်းထန်နေသည့် တိုက်ပွဲများအတွင်း အချို့အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများပါ သက်ရောက်မှု ခံရ၏။ ဝမ်လင်းထံသို့လည်း ပေသုံးသောင်းလောက်ရှိသည့် လမြွေနဂါးငယ်တစ်ကောင် တိုးဝင်လာနေ၏။သူ့အသွင်က သုန်မှုန်သွာ၏။သူက ၎င်းကို အလျင်အမြန် ရှောင်ရှားကာ ၎င်းနှင့် တိုက်ခိုက်လိုစိတ် မရှိပေ။

ဝမ်လင်းက သည်လမြွေနဂါးငယ်များသည် ပေါ်လာသည့်အကြောင်းရင်းကို သိနေ၏။ ထိုအကြောင်းရင်းမှာ ရှေးဟောင်းနတ်ဘုရား၏လက်ချောင်း စွမ်းအားအကောင်းဆုံး အခြေအနေသို့ သိပ်သည်းရန် ဖြစ်သည်။

သည်အခိုက်အတန့်၌ မြှားသည် ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် ထိပ်တိုက်တွေ့၏။ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတခွင်တွင် ကျယ်လောင်စွာ ပေါက်ကွဲမှုကြီး ပဲ့တင်ထပ်သွားသည်။

မြှားပေါ်ရှိ သွေးကွက်မှ ရှေးဟောင်းအော်ရာတစ်ခု ထွက်ပေါ်လာကာ ၎င်းက ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို တိုက်ရိုက် ချိုးဖျက်၏။ သည့်နောက် ၎င်းမြှားသည် လမြွေနဂါးကြီးထံသို့ တန်းမတ်စွာ ဦးတည်သည်။

ထိုမြင်ကွင်းက ဝမ်လင်း၏ မျက်လုံးကို တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားစေသည်။

ပထမဆုံးအကြိမ်အဖြစ် လမြွေနဂါးကြီးက တုံ့ဆိုင်းသွားကာ နောက်တစ်ဖန် ဟိန်းသံပြု၏။ ချက်ခြင်းပင် လမြွေနဂါးငယ်အားလုံးသည် လှည့်၍ စတင်ဟိန်းသံ ပြုသည်။

ဤဟိန်းမြည်သံက လမြွေနဂါးကြီးတစ်ကောင်တည်း မဟုတ်၊လမြွေနဂါးငယ် ရာထောင်ချီ စုပေါင်း ဟိန်းသံပြုခြင်း ဖြစ်၏။

ရှေးဟောင်းနတ်ဘုရားလက်ချောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာ၏။ဝမ်လင်းက သူ့ဒွာရပေါက်များကို ဖွင့်ဟ၍ ထား၏။ သူက ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏အော်ရာကို စုပ်ယူနေရင်း သူ့မျက်လုံးထဲ၌ ကျေနပ်မှုတို့ ပြည့်နေတော့သည်။

သူက သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ခွန်အားမှာ ခုန်ပေါက်၍ တိုးတက်လာသည်ဟု ခံစားမိ၏။ သူ့မျက်ခုံးနှစ်ခုကြား၌ ဖုန်းကွယ်ထားသော လေးခုမြောက်ပုံရိပ်ယောင်ကြယ်မှာလည်း ပို၍ အထည်ဒြပ် ဖြစ်ကာ ပီပြင်လာ၏။

“ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာ။ ဒီနေရာမှာ ရှေးဟောင်းနတ်ဘုရားအော်ရာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါက သိပ်မများပေမဲ့လည်း တကယ့်ကို တည်ရှိတာ ဖြစ်တယ်…”

မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားလက်ချောင်းများက သည်ဧရိယာအတွင်း၌ ဖြစ်ပေါ်၏။မျက်စိတစ်မှိတ်အတွင်း အထည်ဒြပ်ဖြစ်လုနီးပါး ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် အနီးပတ်လည်ရှိ ကျင့်ကြံသူများ၏ မျက်လုံးရှေ့တွင်ပင် ပေါ်ထွက်လာခဲ့၏။

လက်ချောင်းပေါ်ရှိ ဆန်းကြယ်သောအက်ကြောင်းများမှာလည်း ရှင်းလင်းစွာ ရှိနေသည်။ဤမြင်ကွင်းက ရွှမ်ပေါင်၏အသွင်ကိုပါ ပြောင်းလဲသွားစေ၏။သူက အနည်းငယ် သုန်မှုန်လာ၏။

“ဒီလမြွေနဂါးက ရှေးဟောင်းမှတ်တမ်းတွေထဲကနဲ့ နဲနဲခြားနားနေတယ်။ဒါပေမဲ့လည်း ငါ့မှာ အယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှား ရှိနေတာပဲ။ ဒီလမြွေနဂါး ဘယ်လောက်ပဲ သန်မာပါစေ ဒီသားရဲက ဒီမြှာင်းကိုတော့ ရှောင်နိုင်မှာ မဟုတ်ဘူး…”

ရွှမ်ပေါင်က မြှား၏ စွမ်းပကားအပေါ် ယုံကြည်မှု အပြည့် ရှိနေ၏။

“ငါ့အယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှားက အဆင့်ကိုးသာ ရှိပေမဲ့ ငါသာ ဒီလမြွေနဂါးကို ဖမ်းပြီး သန့်စင်နိုင်ရင် ၎င်းဟာ နောက်ထပ် အယောင်ဆောင်နိဗ္ဗာနလေဟာနယ် ရတနာတစ်ခု ဖြစ်လာလိမ့်မယ်…။ ဒီနှစ်ခုကို ပေါင်းစပ်အသုံးပြုပြီး ငါနှစ်ပေါင်းများစွာ ကြိုပြင်ဆင်ထားမှုကိုပါ ထည့်တွက်ရင် အဆင့်ရှစ်နိဗ္ဗာနလေဟာနယ်ရတနာကို လုပ်နိုင်လိမ့်မယ်လို့ ငါ့ကိုယ်ငါ ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်။ ဒါဆိုရင် အကြီးအကဲအုပ်စုမှာ ငါ့အဆင့်အတန်းကလည်း တိုးတက်လာနိုင်ပြီး ကျုံးရွှမ်ဇီနဲ့လည်း ထိုက်သင့်သလောက် ဖက်ပြိုင်လာနိုင်လိမ့်မယ်…”

အယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှားသည် ရှေ့တည့်တည့်သို့ ဦးတည်ကာ ဖြစ်ပေါ်ကာစ ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် ထိပ်တိုက် တွေ့ဆုံ၏။

လမြွေနဂါးကြီး၏ ဟိန်းသံသည် ဖိနှိပ်မှုအဖြစ်သို့ ပြောင်း၍ ၎င်း၏ ကြီးမားသည့်ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားလက်ချောင်းနောက်သို့ လိုက်ပါလာ၏။ ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် မြှားတို့ ထိပ်တိုက် တွေ့သည့်အချိန်၌ တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခုသည် မဟာမိတ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတွင် ဖြစ်ပွားလာခဲ့သည်။

ရှေးဟောင်းနတ်ဘုရားလက်ချောင်းက မမျှော်လင့်စာပင် ထပ်မံ ပျက်စီးသွား၏။ တုန်ဟီးသံ ပဲ့တင်ထပ်ရင်း ဝမ်လင်းအပါအဝင် အနီးပတ်လည်ရှိ ကျင့်ကြံသူအားလုံး သွေးအန်ထုတ်ရသည်။

ဝမ်လင်းပင် အခုလို ဖြစ်ရသည့်အတွက် ကျန်သည့်သူများအဖို့ ပြောနေစရာပင် လိုတော့မည် မဟုတ်ပါ။ သူတို့၏ ခန္ဓာကိုယ်များက တိုက်ရိုက်ပျက်စီးကာ အသွေးအသားပုံ ဖြစ်သွား၏။ သွေးနတ်ဘုရားနှင့် သူ့အပေါင်းအပါများ၏ အသွင်ပင် ကြီးစွာ ပြောင်းလဲသွား၏။သူတို့က မြန်မြန် နောက်ဆုတ်ကြ၏။မျက်စိတစ်မှိတ်အတွင်း မည်သည့်ကျင့်ကြံသူမှ လမြွေနဂါးအနီးပတ်လည်၌ ဆက်၍ မရှိကြတော့ပေ။

ရွှေရောင်ကောင်းကင်ဘုံသက်တော်စောင့်လေးယောက်သာ လမြွေနဂါးနား၌ တွဲကပ်နေ၏။ သူတို့က လိပ်ပြာကိုးကောင်နှင့်အတူ ပူးပေါင်းကာ မုန်တိုင်းများ ဆက်လက်၍ ဖန်တီးနေကြ၏။

ရှေးဟောင်းနတ်ဘုရား၏လက်ချောင်း ပျက်စီးသွားသည်နှင့် လမြွေနဂါးငယ် တဝက်ကျော်သည်လည်း လိုက်ပါ ပျက်စီးသွားရ၏။

ထိုအခါ သည်ဝန်းကျင်ဧရိယာ၌ အပြာရောင်သွေးများ ပန်းထွက် ပြန့်ကျဲကုန်လေသည်။

၎င်းတို့မှာ လမြွေနဂါးငယ်များဖြစ်သော်လည်း သူ့စိတ်ကို အတော်လေး တုန်လှုပ်စေမိ၏။

လမြွေနဂါးဟူသည်မှာ ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်အတွင်း၌ ရှင်သန်၍ ၎င်း၏ မောကြောမှုမှာ အံ့မခန်း ဖြစ်သည်။ကျင့်ကြံသူများအဖို့ လမြွေနဂါးငယ်များကိုပင် ဖျက်စီးနိုင်စွမ်း မရှိခဲ့ကြပေ။ သို့သော် အခုအဖြစ်အပျက် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ဖြစ်နေ၏။

“ဒီအယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှားက ဘယ်လို အဆင့်ရတနာများလဲ…”

ဝမ်လင်းက သူ့ပါးစပ်ထောင့်မှ သွေးစများကို သုတ်၍ သူသည် သူ့ရှေ့ရှိ မြင်ကွင်းကို စူးစိုက်ကြည့်နေမိ၏။ သူ့စိတ်သည် ဗလာကျင်းလို့နေသည်။

လမြွေနဂါးငယ်များ၊ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့်အတူ ရွှမ်ဘို၏ နိဗ္ဗာနလေဟာနယ်မြှားသည်လည်း ပြိုပျက်သွား၏။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများသည် မြှားပေါ်၌ ပေါ်လာ၏။ ၎င်းမြှားက ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏ အံ့မခန်းဖိသိပ်မှုအားကို ခံရကာ တစ်လက်မချင်း အက်ကွဲပျက်စီးနေသည်။

ရွှမ်ပေါင်၏ မျက်လုံးက တောက်ပလွန်းနေ၏။ ဤအရာမှာ သူမျှော်လင့်ထားသလိုနှင့် အနည်းငယ် ကွဲပြားနေသော်လည်း များစွာ လွဲချော်နေသည်တော့ မဟုတ်ပေ။

“လမြွေနဂါးကို ဒီအဘိုးအို ပိုင်ဆိုင်တယ်…” ရွှမ်ဘိုက ရယ်မော၍ ရှေ့သို့ တိုးလာ၏။ ပျက်စီးနေသည့် အယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှားထံကနေ အရိပ်တစ်ခု ဖျပ်ခနဲ လင်းလက်လာ၏။ထိုအရိပ်မှာ မြှားတစ်ချောင်းပင်။ထိုမြှားက သုံးလက်ခန့်သာ ရှည်လျား၏။သို့သော် ပေသုံးရာ ရှည်လျားသည့် မြှားနှင့် ချွတ်ဆွတ်တူ၏။ ခြားနားသည်ဟူ၍ သုံးလက်မမြှားပေါ်ရှိ သွေးကွက်မှာ အနီရင့်ရောင် မဟုတ်တော့ခြင်းပင်။သို့သော် ၎င်းသွေးကွက်မှာ နီမြန်းနေဆဲ ဖြစ်၏။

ဤအရာကပင် အစစ်အမှန်အယောင်ဆောင် နိဗ္ဗာနလေဟာနယ်မြှား ဖြစ်ချေ၏။

ထိုသုံးလက်မမြှားက အံ့မခန်းအမြန်နှုန်းနှင့် တိုးထွက်လာ၏။ ချက်ခြင်းပင် ၎င်းမြှားက လမြွေနဂါး၏ မျက်လုံးကြားသို့ ထွင်းဖောက်သွားသည်။

၎င်းမြှား လမြွေနဂါးကို ထွင်းဖောက်သွားသည့်အခိုက် ယင်းမြှားထံမှ အံ့မခန်းအားတစ်ခုကို ထုတ်လွှတ်၏။ ထို့အတွက်ကြောင့် ကြယ်များပင် တုန်ခါရသည်။ ပထမဆုံးအကြိမ်အဖြစ် လမြွေနဂါးကြီး၏ခန္ဓာကိုယ်မှာ တုန်ယင်၍ နောက်သို့ ဆုတ်၏။

လမြွေနဂါးကြီး၏ မျက်လုံးနှစ်ခုကြားတွင် အနက်ရောင်ဝဲကတော့တစ်ခု ပေါ်လာကာ ယင်းဝဲကတော့ ပြင်းပြင်းထန်ထန် ပျက်စီးပြိုပျက်၏။ အပြာရောင်သွေးများ ပန်းထွက်လာသည်။

ထိုမြှားသည် အနက်ရောင်ဝဲကတော့အတွင်း၌ လှည့်လည်ရင်း အတွင်းပိုင်းသို့ ဦးတည်၏။၎င်းက တိုးဝင်လာတိုင်း ပျက်စီးမှုများ ဖြစ်ပေါ်သည်။

လမြွေနဂါး၏ နာကျင်ဖွယ်အော်ဟစ်သံက ကြယ်များကြား၌ မြည်ဟိန်းနေသည်။

ထိုငြီးတွားသံက သူ့စိတ်နှလုံးထဲ၌ နာကျင်ရသကဲ့သို့ ဝမ်လင်းကို တုန်ယင်စေ၏။သူက လမြွေနဂါးကို ကြည့်ရင်း ပို၍ ခပ်မြန်မြန် နောက်ဆုတ်သည်။

ဤအရာက ပထမဆုံးအကြိမ်အဖြစ် လမြွေနဂါး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခြင်းပင်။လမြွေနဂါးကြီး၏ နာကျင်စွာ အော်ဟစ်သံက ကျန်သည့် လမြွေနဂါးငယ်များအားလုံးကိုပါ စတင် ပျက်စီးစေ၏။သည်ဧရိယာရှိ လမြွေနဂါးငယ်အားလုံးသည် သေဆုံးသွားကြသည်။

လမြွေနဂါး၏မျက်လုံးက နီရဲတွတ်နေ၏။၎င်းက အမှန်အကန် ဒေါသထွက်နေချေပြီ။

သည်တစ်ကြိမ် ဒေါသက အတိတ်တုန်းက သူ ဖြစ်ခဲ့ဖူးသည့် ခံစားချက်အားလုံးထက် များစွာ ပိုပြင်းထန်၏။အထူးသဖြင့် သည်မြှားက ၎င်း၏ရှင်သန်မှုကိုပါ ချိန်းခြောက်လာသည် မဟုတ်လား။

ဒေါသထွက်လေလေ လမြွေနဂါး၏ ငြီးတွားအော်ဟစ်သံများက အထွတ်အထိပ်သို့ ရောက်လာလေပင်။ သည့်နောက် ခပ်ဖျော့ဖျော့ ကြယ်ခုနစ်ခုသည် ၎င်း၏ ရှေ့၌ ရုတ်တရက် ပေါ်လာတော့သည်။

ထိုကြယ်များက လှည့်ပတ်နေရင်း ကြယ်တစ်ခုသည် လမြွေနဂါးကြီး၏ ဟိန်းသံအောက်၌ ရုတ်တရက် ပေါက်ကွဲသွား၏။

ရှေးဟောင်းနတ်ဘုရား၏ ကြယ်တစ်လုံး ပျက်စီးခြင်း။

ဝမ်လင်းက ထိုအရာကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲကနေ ဆန်းကြယ်သောအလင်းတစ်ခု ထွက်ပေါ်နေသည်။

၎င်းကြယ်ကပျက်စီးနေရင်း အဆုံးစွန်ပြင်းထန်သည့်အားတစ်ခုသည် လမြွေနဂါးထံကနေ ထိုးထွက်လာသည်။ထိုအားသည် လမြွေနဂါး၏မျက်လုံးနှစ်ခုကြားရှိ ဝဲကတော့ကိုပင် ဆုတ်ပြဲသွားစေသည့်အထိ ပြင်းထန်အားကောင်းသည်။

မြှားသည် လမြွေနဂါး၏ခန္ဓာကိုယ်ထဲကနေ ပြန်ကန်ထွက်လာရ၏။

ထိုမြင်ကွင်းက အနားသို့ တိုးဝင်လာနေသည့် ရွှမ်ပေါင်၏ ဟန်ပန်ကို ပြောင်းလဲသွားစေသည်။

“မဖြစ်နိုင်ဘူး…။ ရှေးဟောင်းမှတ်တမ်းတွေ အရဆိုရင် သာမန်လမြွေနဂါးတစ်ကောင်က ဒီလို အယောင်ဆောင်နိဗ္ဗာနလေဟာနယ် လက်နက်ရတနာအောက်မှာ ရှင်သန်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုထားတယ်။ ဒီလမြွေနဂါးက ကြီးမား ကြမ်းတမ်းလှပေမဲ့ ဒဏ်ရာအပြင်းအထန် ရသွားသင့်တယ်…”

အရှင်မီးတောက်က ထိုအဖြစ်အပျက်ကို တွေ့မြင်သည့်အခါ သူသည် နှာခေါင်းရှုံ့၏။

“စီနီယာဟာ ဒီလမြွေနဂါးကို မဟာမိတ်အဖွဲ့အစည်းထဲ စေလွှတ်တဲ့ ရည်ရွယ်ချက်က ဒီလမြွေနဂါးကို ဒေါသထွက်စေဖို့လို့ ပြောခဲ့တယ်။ ဒီသားရဲက ပိုပြီး ဒေါသထွက်လာလေလေ ပိုဖျက်စီးနိုင်စွမ်း ရှိလေပဲ…”

လမြွေနဂါး၏ ဒေါသက အထွတ်အထိပ်သို့ ရောက်လာလေ၏။ ၎င်းက ပျက်စီးသွားသည့်ကြယ်၏ စွမ်းအားကို ငှားယူကာ သူ့ကိုယ်ထဲသို့ ဝင်နေသည့် မြှားကို အတင်းပြန်ကန်ထွက်စေလိုက်ခြင်းပင်။ ပြင်းထန်လှသည့်နာကျင်မှုကြောင့် လမြွေနဂါးသည် စိတ်လွတ်လုနီးပါးပင် ဖြစ်လာရ၏။၎င်း၏ မျက်လုံးက ရဲရဲနီနေ၏။၎င်း၏ စိတ်အတွေးထဲ၌ သတ်…သတ်…သတ်…သတ်ဖို့ အတွေးများသာ ရှိနေသည်။

“ဝေါင်း…”

***

Comment

Leave a Reply

Options

not work with dark mode
Reset