“ရှေးဟောင်းမိုးကောင်းကင်ဘုံနယ်မြေရဲ့ မှတ်တမ်းတွေက အမှန်တကယ် ဖြစ်လိမ့်မယ်လို့ ငါ မထင်ဘူး…” ရွှမ်ပေါင်က လမြွေနဂါးကို ကြည့်နေရင်း ပြုံး၏။
သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူ့ညာလက်ကို လေထဲသို့ ဝေ့ယမ်း၍ တိုးညင်းစွာ ဆိုသည်။ “မိုးကောင်းကင်ဘုံအစောင့်အကြပ်…”
သူက ထိုသို့ပြောလိုက်သည့်နောက် ကြယ်များကြား၌ မည်ဟိန်းသံများ ပေါက်ကွဲထွက်လာသည်။ ရွှမ်ပေါင်၏ ရှေ့၌ အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းသည် လေထုကို ပေတစ်ထောင်အနည်းဆုံး ဖွင့်ဟသည်။
သည်ဧရိယာ၌ ပြင်းထန်သောဖိအားတစ်ခု လွှမ်းခြုံလာသည်။ သည့်နောက် ရွှေရောင်ဖျပ်ခနဲ လင်းလက်ကာ ရွှေရောင်ချပ်ဝတ်နှင့်လူတစ်ယောက် လှမ်းထွက်လာလေ၏။
ထိုရွှေရောင်လူထံမှ ရွှေရောင်တောက်ပမှုကို ပေးစွမ်းနေ၏။ သူက ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ကောင်းကင်ဘုံမှ စစ်သည်တော်တစ်ယောက်အလား ဖြစ်နေသည်။
ခြေတစ်လှမ်းဖြင့်ပင် ထိုရွှေရောင်ချပ်ဝတ်နှင့်လူသည် အက်ကြောင်းထဲကနေ သက်ဆင်းလာ၏။သည့်နောက် ရွှေရောင်များတဖျပ်ဖျပ်လင်းလက်ရင်း နောက်ထပ် ရွှေရောင်ချပ်ဝတ်နှင့်လူ သုံးယောက် အက်ကြောင်းထဲကနေ ထွက်ပေါ်လာပြန်သည်။
ဝမ်လင်းသည် ထိုလေးယောက်ကိုတွေ့မြင်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွား၏။သူက မင်သက်မိသွားသည်။
“ကောင်းကင်ဘုံသက်တော်စောင့်…”
ဝမ်လင်းက ထိုလူများထံမှ ထာရှန်နှင့် တူညီသော အော်ရာကို ပေးစွမ်းနေသည်အား ခံစားမိ၏။ သည်လေးယောက်သည် ကောင်းကင်ဘုံအင်ပါယာချင်းလင် ဖန်တီးထားသည့် လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ သန့်စင်မွန်းမံထားခြင်းပင်။
“ကောင်းကင်ဘုံသက်တော်စောင့်တွေကို ရွှေ၊ငွေ၊ကြေးနဲ့သံ ဆိုပြီး အဆင့်ခွဲထားတယ်။ ဒီလေးယောက်လုံးက ရွှေအဆင့်တွေပဲ…” ဝမ်လင်းသည် ရွှမ်ပေါင်ကို လှမ်းကြည့်၏။သည့်နောက် သူက ဝဲကတော့အစွန်းနားသို့ မြန်ဆန်စွာ ဆုတ်သွားသည်။
ရွှေရောင်ချပ်ဝတ် ကောင်းကင်ဘုံသက်တော်စောင့်လေးယောက် ပေါ်လာပြီးနောက် ရွှမ်ဘိုက သူ့ညာလက်ကို ပင့်မြှောက်၏။ ဖျပ်ခနဲပင် ထိုလေးယောက်သည် လမြွေနဂါးကြီးထံသို့ တိုးဝင်သွားကြတော့သည်။
လမြွေနဂါးက ဟိန်းဟောက်ရင်း ၎င်း၏ လက်တံများကို ပတ်ပတ်လည် ဝေ့ယမ်းနေ၏။ တချိန်တည်းမှာပင် သွေးနတ်ဘုရားနှင့် ကျန်သည့်သူများက ၎င်းကို ပတ်ချာရံနေရာကနေ ကောင်းကင်ဘုံသက်တော်စောင့်လေးယောက်ထံသို့ ဦးတည်ဝင်ရောက်သွားကြသည်။သွေးနတ်ဘုရားက ရှေ့သို့ တိုးလာရင်း ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။သည့်နောက် သွေးအလင်းသည် ပျံ့နှံ့လာကာ သူ့လက်ကို ဝေ့ယမ်းသည်။
သွေးပင်လယ်တစ်ခု ပေါ်လာကာ ရှေ့သို့ ထိုးတက်လာ၏။ သို့သော် သွေးပင်လယ်သည် ကောင်းကင်ဘုံသက်တော်စောင့်များနှင့် ထိတိုက်သွားသည့်အခါ ၎င်းတို့ကို ခဏတာသာ တုန့်ဆိုင်းသွားစေနိုင်သည်။ ကောင်းကင်ဘုံသက်တော်စောင့်များက အရပ်လေးမျက်နှာ ခွဲ၍ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများနှင့်အတူ ရှိနေသည့် လမြွေနဂါးထံသို့ တိုးဝင်လာကြသည်။
ရွမ်ပေါင်က သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ပြန်၏။ ထိုအခါ နောက်ထပ် အက်ကြောင်းတစ်ခု ပေါ်လာပြန်သည်။ သည့်နောက် ယင်းအက်ကြောင်းထဲမှ လိပ်ပြာနက်ကိုးကောင် ပျံသန်းထွက်လာသည်။
ထိုလိပ်ပြာနက်ကိုးကောင်သည် လုံးဝ နက်မှောင်နေ၏။ ၎င်းတို့က ပေါ်လာသည်နှင့် တောင်ပံခတ်ကာ မုန်တိုင်းထန်စေသည်။
ယင်းမုန်တိုင်းမှာ အားကောင်းလှကာ ရှေ့သို့ ခြုံလွှမ်း ရိုက်ခတ်လာသည်။ လိပ်ပြာကိုးကောင်သည်လည်း ရှေ့သို့ ပျံဝဲလာချေ၏။
လိပ်ပြာများ ပေါ်လာသည်နှင့် ဝမ်လင်း၏ စိတ်အင်အားဖြင့်ပင် သူ့အသွင်သည် ကြီးစွာ ပြောင်းလဲသွားရသည်။
“ဒါ…ဒါက နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကနေ ဖြစ်ပေါ်တဲ့ လိပ်ပြာပဲ…” ဝမ်လင်းက ပင့်သက်ရှိုက်မိ၏။ သို့သော် သူက ချက်ခြင်းပင် ခြားနားမှုတစ်ခုကို တွေ့ရှိသွားသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားမှ ဖြစ်ပေါ်သည့် လိပ်ပြာမှာ ရောင်စုံဖြစ်၍ အလွန်လှပခြင်းပင်။
သည်လိပ်ပြာကိုးကောင်ကမူ နက်မှောင်နေ၏။ ယင်းလိပ်ပြာများသည် ဝမ်လင်း၏ စစ်ရထားမှ လိပ်ပြာနှင့်ပင် တော်တော်နှိုင်းယှဉ်၍ ရနိုင်လောက်၏။
“ဒီအဘိုးအိုရဲ့ အဆင့်အတန်းက ဘာများလဲ…” ဝမ်လင်း၏ ဦးရေပြားပင် ထုံထိုင်းသွားရ၏။ ချင်းရွှေပင် ဝမ်လင်းကို ထိုသို့ မတုန်လှုပ်မိစေခဲ့ပေ။ ချင်းရွှေနှင့်သွေးနတ်ဘုရားတို့ကြား တိုက်ပွဲကို ဟန့်တားသည် ထူးဆန်းလှသည့်လူပင် ဝမ်လင်းကို မယုံကြည်နိုင်ဖွယ် ဖြစ်စေသည့်အထိ မခံစားမိစေပေ။
ကောင်းကင်ဘုံသက်တော်စောင့်နှင့် လိပ်ပြာနှစ်ခုလုံးက ဝမ်လင်း ပိုင်ဆိုင်သည့် လက်နက်ရတနာများ ဖြစ်၏။ သူက ၎င်းတို့ကို အခြားလူတစ်ယောက်၏ လက်ထဲ၌ တွေ့မြင်ရသည့်အခါ သူ့တုန်လှုပ်မှုကို အထွတ်အထိပ်သို့ ရောက်စေခဲ့ခြင်းပင်။
ဝမ်လင်းက အသက်ဝဝရှုသွင်းကာ နောက်ထပ် ကြည့်မနေတော့ပေ။သူက မြန်ဆန်စွာ ရွှေ့လျားနေတော့၏။
သူ လှုပ်ရှားရခြင်းမှာ မိစ္ဆာနက်သူတော်စင်ထုတ်ယူခဲ့သည့် သစ်သားပန်းပု ရတနာအတွက် ဖြစ်၏။၎င်းက ရတနာက တဝက်တိတိသာ ကျန်ရှိတော့သော်လည်း ပြင်းထန်သောဖိအားတစ်ခုကို ပေးစွမ်းနေဆဲပင်။
ဝမ်လင်း၏အသွင်က သုန်မှုန်နေ၏။ ခုလက်ရှိတိုက်ပွဲမှာ သူ ဆက်၍ ပါဝင်နိုင်သည့် အရာ မဟုတ်တော့ပေ။ ခုချိန်၌ အကောင်းဆုံး ရွေးချယ်မှုက ပြဿနာများကြား၌ အခွင့်ရေး ရှာနိုင်ရန်သာ ဖြစ်သည်။ဝမ်လင်းက တစ်ဝက်ပျက်စီးနေသည့် သစ်သားပန်းပုထံသို့ မြန်ဆန်စွာ သွားနေ၏။
သည်တိုက်ပွဲအတွင်း ထိုသို့ အခွင့်ရေး ဖမ်းဆုပ်နိုင်ရန် ချောင်းနေသည့် အကြံရှိသူများစွာ ရှိနေ၏။ ထို့အတွက်ကြောင့် ၎င်းသစ်သားပန်းပုနား၌ တိုက်ခိုက်နေကြသူများစွာ ရှိနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။
ဝမ်လင်း ရောက်ရှိလာမှုက ထိုတိုက်ခိုက်နေကြသော ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားသည်။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကတော့ တုံ့ဆိုင်းနေသေး၏။သို့သော် မဟာမိတ်မှ ကျင့်ကြံသူအချို့က ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။
ဝမ်လင်းက တည်ငြိမ်လျက်ပင်။သူက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဝေ့ယမ်းသည်။ လေပြင်းတစ်ခု ပေါ်လာ၏။ သည့်နောက် ဝမ်လင်းက လက်သီးချက်တစ်ခုကိုပါ ထပ်မံ၍ ထုတ်ဖော်သည်။
လက်သီးချက်နှင့်လေပြင်းတို့ ပေါင်းစပ်မှုက ဝမ်လင်း၏ အတုမဲ့စွမ်းအားကို ဖြစ်ပေါ်စေသည်။
သို့သော် ၎င်းအားနှစ်ခုက စတင် ပေါင်းစပ်ရုံမျှသာ ရှိသေး၍ အစစ်အမှန်ခွန်အားကို မပြသသေးပေ။ ၎င်းလေပြင်းနှင့်လက်သီးစွမ်းအား ပေါင်းစပ်မှုက မဟာမိတ်မှ ကျင့်ကြံသူများကို ရိုက်ခတ်လာသည့်နောက် ထိုသူတို့၏ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်များသည် တုန်ယင်ရသည်။
ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့ပတ်လည်၌ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုတစ်ခု ပေါ်လာသည်။မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် သူ့ရှေ့မှ လူများထဲမှ တစ်ယောက်နှင့် နေရာချင်း ချိန်းသွားသည်။
သည့်နောက် သူက ရှေ့သို့ ထိုးထွက်ကာ သစ်သားပန်းပုနားသို့ ချက်ခြင်း ရောက်ရှိသွား၏။
သို့ရာတွင် သူ အနားသို့ ရောက်လာသည်နှင့် ဓားစွမ်းအင်တန်းတစ်ခုက သူ့ထံသို့ တိုးဝင်လာသည်။ ထိုဓားစွမ်းအင်တန်း၌ ဖိနှိပ်နိုင်စွမ်း ကြီးမားသည့် အော်ရာတစ်ခု ပါဝင်၏။
ဝမ်လင်းသည် ထိုဓားစွမ်းအင်နှင့် ရင်းနှီးဖူး၏။ ၎င်းစွမ်းအင်မှာ လင်းထျန်ဟူ ပိုင်ဆိုင်သည့် အရာ မဟုတ်လော။
“ဒီရတနာက ငါ့တာလော့ဓားကလန်ရဲ့ ချန်လုံပိုင်ဆိုင်ရမယ့်ဟာ ဖြစ်တယ်…” အေးစက်စက်အသံက ဓားစွမ်းအင်တန်းနှင့်အတူ ထွက်ပေါ်လာသည်။ဝမ်လင်းသည် ၎င်းရတနာကို ယူဆောင်ရန် ကြိုးစားပါက အနှီဓားစွမ်းအင်၏ ထိမှန်ခြင်းကို ခံရပေမည်။
ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက တုံ့ဆိုင်းမနေဘဲ သစ်သားပန်းပုကိုသာ လှမ်းယူ၏။ တစ်ပြိုင်နက်တည်းမှာပင် သူက ပါးစပ်ဟ၍ ထွေးထုတ်ကာ သူ့ရှေ့၌ တစ်စုံတစ်ခု ဖြင့် ပိတ်ဆို့သည်။
ထိုအခါ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းငရဲရှစ်ထပ် တံဆိပ်တုံးသည် ချက်ခြင်း ပေါ်လာ၏။ ဓားစွမ်းအင်သည် ၎င်းတံဆိပ်တုံးပေါ်သို့ ထိမှန်သည့်အခါ ပျက်စီးသွားသည်။သည့်နောက် ဝမ်လင်းက ၎င်းတံဆိပ်တုံးကို ပြန်သိမ်းဆည်းလိုက်၏။
“အတိတ်တုန်းက စိတ်ဝိညာဉ်သပ်သပ်နဲ့ ထွက်ပြေးနိုင်ခဲ့တဲ့ အသိဟောင်းတစ်ယောက်က ငါ့ရှေ့မှာ ဒီရတနာကို လာလုဝံ့တာလား…” ဝမ်လင်းက ထိုအေးစက်စက် စကာများကို ပြောလိုက်သည့်အခါ ချန်လုံ၏မျက်နှာဟန်ပန်သည် ပြောင်းလဲသွားသည်။ သူက ခုချိန်မှာ သတ်ဖြတ်ရမည့် အချိန်မဟုတ်သေးမှန်း သိကာ နောက်ဆုတ်၏။
သည်တိုက်ပွဲအတွင်း၌ ကျင့်ကြံသူပေါင်း မြောက်များစွာ ရှိ၏။ထို့ကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်ဖို့ မဖြစ်နိုင်လှပေ။ သည့်အပြင် ဝမ်လင်းက တနေရာတည်း၌ အချိန်အကြာကြီး မနေပေ။ သူက ဆက်တိုက် လှုပ်ရှားနေ၏။ ထို့ကြောင့် ချန်လုံသည် ဝမ်လင်းကို မည်သူမည်ဝါမှန်း မသိလိုက်ခြင်းပင်။
သို့သော် ချန်လုံက လှမ်းကြည့်သည့်အခါ ဝမ်လင်းမှာ အနည်းငယ် ရင်းနှီးသလိုတော့ ခံစားမိသေး၏။သို့သော် သူက ဝမ်လင်းဟု မထင်ထားမိခဲ့ပေ။
ဝမ်လင်း၏ စကားများကို ကြားလိုက်မှ သူ့စိတ်ထဲ၌ လှိုင်းထန်သွား၏။သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်နေကာ သူက အံ့အားတသင့် ဆိုမိသည်။ “မင်းပဲ…”
ဝမ်လင်းက ချန်လုံကို အဖက်လုပ်မနေပေ။ သူက ပျောက်ကွယ်သွား၏။ သူက တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လှည့်ပတ်သွားနေရင်း သေဆုံးသွားသည့်သူများ၏ လက်နက်ရတနာများကို ဆက်တိုက် ယူဆောင်နေသည်။
သို့ရာတွင် သူ့နတ်ဘုရားအာရုံကမူ လမြွေနဂါးထံ၌သာ ရှိနေ၏။ သူက အခွင့်အရေးကို စောင့်နေခြင်းပင်။ မဟာမိတ်မှ လမြွေနဂါးကို တိုက်ခိုက်လာသည်နှင့် သူသည် လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ အမွေအနှစ်ကို ရယူနိုင်မည့် အချိန်ကို စောင့်နေခြင်းပင်။
ဝမ်လင်း၏အကြည့်က မကြာခဏ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ ရောက်ရောက်သွား၏။ သူမ၏ ပြောဆိုပြုမူနေပုံက သူ့အတွက် အတော်လေး ထူးဆန်းလှသည်။သူက သူမ၏ အနား၌ လှည့်ပတ်သွားနေရင်း ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်မည်ကို စဉ်းစားကြည့်နေသည်။
ရွှေရောင်သက်တော်စောင့်လေးယောက်က လမြွေနဂါးကို ဝန်းရံထား၏။၎င်းတို့က ရွှေရောင်စက်ဝန်းတစ်ခုကို ဖြစ်စေကာ လမြွေနဂါးကို အတွင်းထဲ၌ ပိတ်လှောင်ထားသည်။
သွေးနတ်ဘုရားနှင့် ကျန်သည့်သူများက ပြန်တုန့်ပြန်နေကြရင်း လိပ်ပြာကိုးကောင်သည် ၎င်းတို့၏ တောင်ပံများကို ခတ်၏။ထိုအခါ မုန်တိုင်းတစ်ခု ဖြစ်လာသည်။ယင်းမုန်တိုင်းက လမြွေနဂါးကို ဗဟိုပြုထားသည်။
ထိုဝဲကတော့ မုန်တိုင်းအတွင်း၌ သွေးနတ်ဘုရားနှင့်ကျန်သည့်သူများ၏ အသွင်အပြင်သည် သုန်မှုန်နေကြ၏။သူတို့က မန္တာန်လက်နက်အသီးသီးကို အသုံးပြုကာ ဆက်တိုက် တုန်ဟီးမည်ဟိန်းသံများကို ဖန်တီးနေ၏။လမြွေနဂါးက ပို၍ ဒေါမာန်ကြီးလာ၏။၎င်းက သူ့ပါးစပ်ကြီးကို ဟကာ ပြင်းထန်စွာ ဟိန်းဟောက်လေသည်။
၎င်း ဟိန်းဟောက်နေရင်း ရှေးဟောင်းနတ်ဘုရား ဘာသာစကားများမှာ ထွက်ပေါ်လာ၏။လမြွေနဂါးက ရှေးဟောင်းနတ်ဘုရားများ၏ မန္တာန်တစ်ခုကို အသုံးပြုနေခြင်းပင်။
ရွှမ်ပေါင်၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ရယ်မောရင်း ရှေ့သို့ လက်ညွှန်သည်။ လိပ်ပြာကိုးကောင်၏ အမြန်နှုန်းက ချက်ခြင်း တိုးမြင့်လာကာ အနက်ရောင်လိုင်းများ ပေါ်လာ၏။ထိုမရေမတွက်နိုင်သော အနက်ရောင်လိုင်းများက လမြွေနဂါးပတ်လည်၌ ရောထွေးယှက်တင်ကာ လှောင်ချိုင့်တစ်ခုအသွင် မြန်ဆန်စွာ ဖြစ်ပေါ်သွားသည်။
ရွှေရောင်သက်တော်စောင့်လေးယောက်က မာန်သွင်းလိုက်ရာ ၎င်းတို့၏ ခန္ဓာကိုယ်များက တုန်၍ ပေတစ်ထောင်လောက်ထိ ချက်ခြင်း ကြီးမားလာကြသည်။သည့်နောက် ၎င်းတို့၏ တိုက်ခိုက်မှုများကို စုပေါင်း ထုတ်ဖော်၏။
ရွှမ်ပေါင်၏ မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေ၏။ သူက သူညာလက်ကို ဆန့်ထုတ်ရာ အက်ကြောင်းတစ်ခု ပေါ်လာ၏။ ယင်းအက်ကြောင်းထဲကနေ အစိမ်းရောင်အခိုးငွေ့တို့ ထွက်ပေါ်လာ၏။ ယင်းအစိမ်းရောင်အခိုးငွေ့များနှင့်အတူ ကီလိုမီတာ ငါးထောင်အတွင်းရှိ ကျင့်ကြံသူအားလုံး၏ စိတ်ကို တုန်ယင်စေသော အော်ရာ တစ်ခုပါ ကပ်ပါလာသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က တန်ယင်သွား၏။ သူက လှမ်းမျှော်ကြည့်ရာ ယင်းအက်ကြောင်းအတွင်းမှ မြှားတစ်စင်း ထွက်ပေါ်လာသည်ကို တွေ့မြင်သည်။
၎င်းမြှားမှာ ကြီးမားလွန်းလှကာ ပေသုံးရာလောက်ထိ ရှည်၍ ဗျက် ခုနစ်ပေ ရှိသည်။၎င်းက အစိမ်းရောင်ဖြစ်၍ မြှားထိပ်ပိုင်း၌ အနားစောင်း ခြောက်ခု ရှိနေသည်။ မြှား၏ ဖင်၌ ခရမ်းရောင်ငှက်မွှေး ရှိကာ မြှားပေါ်၌ အနီရင့်ရောင် သွေးကွက်အချို့လည်း ရှိနေပြန်သည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ထိုအနီရင့်ရောင်သွေးကွက်အစွန်းအထင်းများကို တွေ့မြင်သည့်အခါ တုန်လှုပ်ကြရသည်။
၎င်းမြှားပေါ်လာသည်နှင့် သွေးနတ်ဘုရားနှင့်ကျန်သည့်သူများ၏ အသွင်အပြင်ပင် ပြောင်းလဲသွားကြသည်။ ဝူဒိုချန်နှင့် တိုက်ခိုက်နေသော အရှင်မီးတောက်ပင် တုန်ယင်သွားမိ၏။သူက ချက်ခြင်းပင် ၎င်းမြှားကို တွေ့မြင်၏။
“အယောင်ဆောင်နိဗ္ဗာနလေဟာနယ်မြှား…
***