လမြွေနဂါးသည် ၎င်း၏ တုနှိုင်းမဲ့မန္တာန်ကို မဟာမိတ်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတွင် ပထမဆုံအကြိမ်အဖြစ် အသုံးပြုလာသည်။ ထိုမန္တာန်သည် ၎င်း၏ ဒေါသကို ဖော်ညွှန်း၏။ သည်နေရာရှိ ကျင့်ကြံသူများသည် ၎င်းမန္တာန်၏အံ့မခန်းခွန်အားကို ခံစားရသည်။
အချို့ လမြွေနဂါးကို လျော့တွက်ထားသည့် သူများပင် သူတို့၏ ထိုအတွေးကို ချက်ခြင်း စွန့်ပစ်ရ၏။ သူတို့စိတ်ဝိညာဉ်ထဲ၌ တုန်လှုပ်မှုသာ ရှိနေတော့သည်။
သည်အခိုက်အတန့်၌ လမြွေနဂါးပတ်လည်ရှိ အနက်ရောင် အက်ကြောင်းများစွာ ပေါ်လာ၏။
သည့်နောက် မရေမတွက်နိုင်သော အနက်ရောင်အခွံ၏အစိတ်အပိုင်းများသည် ပြင်းထန်သောအားနှင့်အတူ ပျံ့နှံ့ကုန်၏။ အချို့ကျင့်ကြံသူများသည် ထိုအစိတ်အပိုင်းများကို ရှောင်တိမ်းဖို့ အချိန် မမှီလိုက်ကြဘဲ ထိမှန်ခြင်း ခံရသည်။သူတို့က သွေးအန်ထုတ်ကာ သူတို့၏ခန္ဓာကိုယ်များသည် ပျက်စီးရသည်။ သူတို့၏ မူလစိတ်ဝိညာဉ်များပင် လွတ်မြောက်နိုင်စွမ်း မရှိ ဖြစ်ရ၏။
သွေးများစွာက သည်ဧရိယာ၌ ပြည့်နှက်ကုန်ကာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးတော့သည်။
ထိုအဖြစ်အပျက်များက ပတ်ဝန်းကျင်ကို ခဏတာ တိတ်ဆိတ် ငြိမ်သက်သွားစေ၏။ လူတိုင်း၏အကြည့်က လမြွေနဂါးကြီးရှိရာ နေရာနားသို့ ကျရောက်လာကြသည်။ သို့သော် သည်တိတ်ဆိတ်သွားသည့် အချိန်အတွင်း ရှေးဟောင်းအချိန်များက တည်ရှိသည့် ဟိန်းသံသည် အနက်ရောင်အခွံထဲကနေ ဟိန်းထွက်လာလေ၏။
ဝေါင်း…။
ထိုဟိန်းသံထဲ၌ အဆုံးမဲ့အားတို့ ပြည့်နှက်လေ၏။
ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းသည် ရုတ်တရက် ထွက်ပေါ်လာချေပြီ။ ထိုလက်ချောင်း၏ ခွန်အားကို ဖော်ပြရန်ပင် မဖြစ်နိုင်ချေ။ ယင်းလက်ချောင်းအောက်၌ ကမ္ဘာလောကပင် ပျက်စီးသွားနိုင်သည်ဟု၍သာ ပြောနိုင်ပေ၏။
ယင်းလက်ချောင်းအောက်၌ အရအားလုံးသည် လွင့်ပါးသွားရမည်။
ဝမ်လင်း နောက်သို့ လိုက်လာသည့် မွန်းမံအလောင်းမှာ ကြောင်ငေးသွား၏။ ၎င်း၏ စိတ်က ဗလာကျင်းသွား၏။
ဘုန်း…။
ရှေးဟောင်းနတ်ဘုရားက ထိုးထွက်လာပြီး ၎င်းမွန်းမံအလောင်းကောင်ပေါ်သို့ ကျရောက်သွား၏။ တစီစီအသံများ ထွက်ပေါ်လာပြီး ၎င်းမွန်းမံအလောင်းကောင် ပေါ်ရှိ ချိန်ကြိုးများအားလုံးသည် ပျက်စီးသွားရသည်။ သွေးနက်များစွာသည် ၎င်း၏ ခန္ဓာကိုယ်ကနေ ပန်းထွက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်သို့လွင့်ထွက်ကာ ၎င်း၏ ခရမ်းရောင်အသားအရေမှာ ချက်ခြင်း လွင့်ပြယ်သွားတော့၏။
မျက်စိတစ်မှိတ်အတွင်း မွန်းမံအလောင်းကောင်၏ အရိုး၊အသား အားလုံးသည် ပျက်စီး ပေါက်ကွဲသွားတော့၏။
ရှေးဟောင်းနတ်ဘုရား၏လက်ချောင်းက ရပ်တန့်ခြင်း မရှိပါ။ ရှေ့သို့ ကြမ်းကြုတ်စွာ ဆက်တိုး၍ ဖိနှိပ်ချလာ၏။ ဝမ်လ်ငးသည် ထိုအဖြစ် မတိုင်ခင်ကတည်းက နောက်ဆုတ်နှင့်ထားပြီး ဖြစ်၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက ထိုလက်ချောင်း၏ နောက်ကွယ်၌ အရွယ်ရောက်ပြီး အနိုင်မခံ အရှုံးမပေးတတ်သော ရှေးဟောင်းနတ်ဘုရားတစ်ပါး တည်ရှိနေသကဲ့သို့ ခံစားမိသည်။
လမြွေနဂါး၏ဧရာမကိုယ်ထည်ကြီးသည် ထိုရှေးဟောင်းနတ်ဘုရား၏ လက်ချောင်း တိုက်ချက်နောက်ကနေ လိုက်ပါလာ၏။၎င်း၏ မရေမတွက်နိုင်သော လက်တံများကိုလည်း ဖြန့်ကား ပျံ့နှံ့ထားစေသည်။၎င်း၏ ဘဲဥပုံခန္ဓာကိုယ်ကြီးမှ မြူများစွာ တရကြမ်း ထွက်နေကာ ၎င်း၏ ကြမ်းကြုတ်သည့်မျက်လုံးအကြည့်က ဝမ်လင်း၏မျက်လုံးနှင့် တွေ့ဆုံ၏။ထိုအကြည့်ကို တွေ့သည်နှင့် ဝမ်လင်းက တစ်ခုခုမှားနေပြီဟု ခံစားမိသည်။
ထိုလမြွေနဂါးကြီး၏ မျက်လုံးတို့က လုံးဝ ကြည်လင်နေ၏။ မည်သည့်စိတ်ရှုပ်ထွေးမှုမှ ရှိမနေပေ။ဝမ်လင်းသည် သူ လမြွေနဂါးကို ကြည့်မိသည့်အချိန်၌ အတိတ်တုန်းက သူ့ကို လမြွေနဂါးကြည့်ခဲ့သည့် အကြည့်မျိုး ဖြစ်သည်ဟု ခံစားမိ၏။
လမြွေနဂါးကြီးက ချုပ်လှောင်ထားမှုကနေ ချိုးဖျက်လာသည့်အခါ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၏ တိုက်ပွဲစိတ်သည် လုံးဝ မြင့်တက်လာတော့၏။ ယခု တိုက်ပွဲက အလှည့်အပြောင်း များလွန်းလှ၏။ တခါတရံ မဟာမိတ်ဘက်မှ အသာစီးရ၏။ တခါတရံ အလုံးစုံကောင်းကင်ဘက်မှ ဖိနှိပ်နိုင်မှု ရှိသည်။
လမြွေနဂါးကြီး ပြန်ပေါ်လာသည့်အခိုက်၌ ၎င်းထံမှ ကြယ်များကိုပင် တုန်ခါစေသည့် ဖိအားကို ပေးစွမ်းတော့၏။ ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် လွင့်ပြယ်သွားခြင်း မရှိသေးဘဲ ရှေ့သို့ အဆုံးစွန်အမြန်နှုန်းဖြင့် ရိုက်ခတ်နေဆဲပင်။
၎င်း လက်ညှိုးချက်၏ ရှေ့ရှိ ကျင့်ကြံသူအားလုံးသည် ပေါက်ကွဲသေဆုံးရသည်။
ဝမ်လင်းက သူ့တစ်ဘဝလုံး သတ်ဖြတ်ခြင်းဖြင့် ကုန်ဆုံးခဲ့သူ ဖြစ်၏။ သို့သော် သည်စစ်ပွဲ၌ သေဆုံးသူ အရေအတွက်က သူ့တဘဝလုံး သတ်ခဲ့သည့်လူအားလုံးထက် အပြတ်အသတ် ပိုလေ၏။ သည်လို စစ်ပွဲမျိုးကို ဝမ်လင်းအဖို့ ပထမဆုံး ကြုံတွေ့ဖူးခြင်းပင်။
အခြေအနေသည် ပြောင်းပြန် ဖြစ်သွားပြန်၏။ ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ဟင်းလင်းပြင်ကို တဝီဝီ ဖြတ်သန်းလာနေ၏။၎င်း ရှေ့ရှိ ကျင့်ကြံသူအားလုံး ပျက်စီးသေဆုံးရသည်။ ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် မိစ္ဆာနက်သူတော်စင် ရှိရာထိ ရိုက်ခတ်လာလေတော့၏။
မဟာမိတ်မှ မိစ္ဆာနက်သူတော်စင်၏ အသွင်ဟန်ပန်သည် ပြောင်းလဲသွားသည်။ရှေးဟောင်းနတ်ဘုရားလက်ချောင်း နီးကပ်လာနေသည်နှင့် သူက အံတင်းတင်းကြိတ်ကာ အနက်ရောင်မြူတစ်ခုကို ထွေးထုတ်၏။ ထိုမြူသည် ချက်ခြင်းပင် ဧရာမအနက်ရောင်ကြိုးကြာ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုကြိုးကြာနက်ကြီးက ၎င်း၏ ပါးစပ်ထဲ၌ သစ်ရွက်နက်တစ်ခုကို ချီကိုက်ထား၏။ ၎င်းက ပေါ်လာသည်နှင့် ထိုသစ်ရွက်ကို လွှတ်ချရာ သစ်ရွက်သည် ရူးသွပ်ဖွယ် စတင် ကြီးမားလာ၏။
ချက်ခြင်းလိုလိုပင် ထိုသစ်ရွက်သည် ပေတစ်သောင်းကျော်ထိ မြင့်မားကာ ဘေးတစ်ဖက်စီသို့ ပြန့်ကား၍ အတားအဆီးတစ်ခုကို ဖန်တီးသည်။
ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ထိုသစ်ရွက်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံ၏။ အက်ကွဲသံများ ထွက်ပေါ်လာ၏။သည့်နောက် သစ်ရွက်သည် ပျက်စီးကာ အနက်ရောင်အခိုးငွေ့အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
မိစ္ဆာနက်သူတော်စင်၏မျက်နှာသည် ဖြူရောသွား၏။ သူက သွေးအန်ထုတ်ရကာ နောက်သို့ ဆုတ်သည်။သို့သော် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ သူ့လက်ကြားထဲ၌ သစ်သားပန်းပုတစ်ခု ပေါ်လာ၏။
ထိုသစ်သားပန်းပုမှာ အင်မတန် ထူးဆန်းလှ၏။၎င်းရုပ်တုမှာ သစ်ပင်များနှင့် ဝန်းရံထားသည့် လူတစ်ယောက် လက်ဖြန့်ကားနေသည့်ပုံပင်။ ၎င်းရုပ်တု၏ မျက်နှာခြမ်းကိုလည်း အပင်များ ဖုံးအုပ်နေခြင်းကြောင့် မမြင်ရချေ။
ထိုသစ်သားပန်းပု ထွက်ပေါ်လာသည့်အခါ မိစ္ဆာနက်သည် ၎င်းကို ချက်ခြင်း ပစ်လွှတ်၏။
အနက်ရောင်အလင်းသည် ယင်းသစ်သားပန်းပုကနေ ထွက်ပေါ်လာ၏။ သစ်သားပန်းပုမှာ အသက်ဝင်လာသည့်အလား အပင်များမှာ စတင်ရွှေ့လျားလာ၏။ ထိုအပင်များသည် သစ်သားပန်းပုကနေ ထိုးထွက်လာသည်။
သည့်နောက် လေဟာနယ်ထဲကနေ ပေတစ်ထောင်လောက်ရှည်လျားသည့် ပန်းပွင့်များ ပေါ်လာ၏။ ထိုအနက်ရောင်ပန်းပွင့်ငါးပွင့်က ထူးဆန်းသောအော်ရာကို ပေးသည်။ထိုပန်းပွင့်များထဲမှ တစ်ခုသည် ရှေးဟောင်းနတ်ဘုရားလက်ချောင်း ရှိရာသို့ ဦးတည်ဝင်ရောက်၏။ ပန်းပွင့်၏ဗဟိုချက်သည် ပွင့်ဟလာကာ အအေးစွမ်းအင်ကို ထွေးထုတ်၏။
ကျန်သည့် ပန်းပွင့်လေးခုကလည်း ပွင့်ဟလာကာ အနက်ရောင်အခိုးငွေ့များစွာကို ထွေးထုတ်ချေသည်။
တချိန်တည်းမှာပင် သစ်သားပန်းပု၏ မျက်နှာပိုင်းရှိ မျက်လုံးတို့သည် အနီရောင်တောက်ပလာကာ အမှန်အကန် အသက်ဝင်လာသည့်အလား။ ၎င်းက ၎င်း၏ လက်နှစ်ဖက်ကို ဖြန့်ကားရင်း တစ်စုံတစ်ခုကို ထွေးပွေ့ဟန် ပြု၏။ သည့်နောက် အနက်ရောင်အခိုးငွေ့များသည် တဟုန်ထိုး ထွက်ပေါ်လာကာ ရှေးဟောင်းနတ်ဘုရားလက်ချောင်းထံသို့ တိုက်ရိုက် တိုးဝင်သည်။သစ်သားပန်းပုမှ ထွက်ပေါ်လာသည့် အနက်ရောင်လိုင်းများက ချက်ခြင်းပင် ရှေးဟောင်းနတ်ဘုရားလက်ချောင်း ပေါ်၌ ပျံ့နှံ့သည်။
ဝမ်လင်းသည် သူ့ရှေ့မှ မြင်ကွင်းကို တွေ့သည့်အခါ နှာခေါင်းရှုံ့၏။ ရှေးဟောင်းနတ်ဘုရားလက်ချောင်းသာ လွယ်လင့်တကူ ဖျက်စီးခြင်း ခံရနိုင်ပါက အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် လမြွေနဂါးကို ဖမ်း၍ သည်နေရာကို ခေါ်လာနိုင်ရန် များစွာ အားထုတ်ခဲ့ကြလိမ့်မည် မဟုတ်ပေ။
သည်လမြွေနဂါးက သည်စစ်ပွဲအတွင်း၌ အလုံးစုံကောင်းကင်ဘက်မှ ကြိုပြင်ဆင်ထားသည့် အားအကောင်းဆုံး လက်နက်ဟုပင် ဆိုနိုင်၏။ဝမ်လင်း၏အကြည့်က အကွာအဝေးတစ်ခုရှိ သစ်သားပိုင်းကြီးပေါ်သို့ ကျရောက်သွားပြန်သည်။
“ရှေ့ကိုပဲ ဆက်တိုးနေတာ တစ်ခုပဲ ဒီသစ်သားပိုင်းကြီး လုပ်နိုင်တဲ့အပေါ် ငါ သံသယ ဖြစ်မိတယ်။ငါ ဒီသစ်သားပိုင်းကြီးပေါ်မှာ ခပ်ကြာကြာ မတ်တပ်ရပ်နေခဲ့ပြီးတဲ့နောက် ဒီအထဲမှာ တစ်ခုခု ရှိနေတယ်လို့ ငါ ခံစားမိတယ်…” ဝမ်လင်း၏ စိတ်ထဲ၌ အတွေးများစွာ ဖြစ်ပေါ်နေ၏။ကြယ်အဖွဲ့အစည်းနှစ်ခုကြားရှိ မဟာစစ်ပွဲက သူ့ကို အတော်လေး အမြင်ကျယ်စေခဲ့သည်။
ထိုအရာများအားလုံးက သူ့အတွက် အရေးကြီးလှ၏။ တကယ်တော့ သူ့ကျင့်ကြံသည့်အချိန်မှာ သည်မွန်းစတားအိုကြီးများနှင့် နှိုင်းယှဉ်ပါက အလွန် တိုတောင်းလွန်းနေသေးသည် မဟုတ်လား။ထို့ကြောင့် သူ့ထံ၌ သည်လူများလောက် အသိအမြင် မများလှပေ။
သည်မဟာတိုက်ပွဲက မန္တာန်မျိုးစုံနှင့် လက်နက်ရတနာမျိုးစုံကို ဖော်ထုတ်ခင်းကျင်း ပြနေခြင်းနှင့် တူ၏။ ဝမ်လင်းသည် ထိုတိုက်ပွဲများ၏ အချက်အလက်များကို မှတ်သားထားသည်။ သူသည် နိဗ္ဗာနသန့်စင်ခြင်းနှင့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများ၏ စွမ်းအားကိုလည်း မှတ်သား တွေ့မြင်ခဲ့ရသည်။
သည်စစ်ပွဲသာ မဖြစ်ပွားလာခဲ့ပါက သည်အရာများကို သိမြင်နိုင်ဖို့ ဝမ်လင်းအတွက် ခက်ခဲလှပေမည်။
သည်အခိုက်အတန့်၌ မိစ္ဆာနက်သူတော်စင်သည် ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို ရပ်တန့်စေဖို့ လက်နက်ရတနာတစ်ခုကို အသုံးပြုခဲ့၏။ မဟာမိတ်ဘက်ခြမ်းမှလည်း ကျန်နေသေးသည် မွန်းမံအလောင်းဆယ်ကောင်သည် မာန်သွင်းကာ ထိုးထွက်လာနေကြသည်။ ငွေရောင်အလောင်းကောင်နှစ်ကောင်က ကျန်သည့်သူများထက် ပို၍ မြန်၏။
သို့ရာတွင် သူတို့အားလုံး ပူးပေါင်းလျှင်ပင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို နှိုင်းယှဉ်နိုင်ဖို့ မလုံလောက်သေးပေ။
လမြွေနဂါးက ထိုးထွက်လာနေ၏။၎င်းက နောက်ထပ် ဟိန်းသံပြုသည်။၎င်း၏ ဟိန်းသံက ဟင်းလင်းပြင်ကို တုန်ခါစေသည့်အထိ ပြင်းထန်၏။ ထိုဟိန်းသံကြောင့် တချို့ ကျင့်ကြံသူများသည် ဒဏ်ရာရသွားကြသည်။
လမြွေနဂါး၏ ဟိန်းသံက အခြားသူများအတွက် ဟိန်းသံ သပ်သပ်သာ ဖြစ်၏။သို့သော် ၎င်းအသံက ဝမ်လင်း၏နားထဲသို့ ကျရောက်လာသည့်အခါ အဓိပ္ပာယ်မှာ လုံးဝ ခြားနားသွားတော့၏။ ဝမ်လင်း၏အသွင်က ပြောင်းလဲသွားသ်ည။ သူ့လက်နှစ်ကို ချက်ခြင်း လှုပ်ရှားကာ သူ့ရှေ့တွင် အတားအဆီးများစွာကို နေရာချသည်။ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုမှာလည်း သူ့ပတ်လည်၌ ပေါ်လာကာ သူသည် နောက်သို့ အလျင်အမြန် ဆုတ်သည်။
သူ နောက်ဆုတ်လိုက်ချင်းချင်းပင် လမြွေနဂါး၏ ဟိန်းသံသည် မိစ္ဆာနက်သူတော်စင်၊မွန်းမံအလောင်းများ ရင်ဆိုင်နေကြသော ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို ပေါက်ကွဲသွားစေလေ၏။
ဘုန်း…။
ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏ ပေါက်ကွဲမှုအားကို ရှင်းပြရန် မဖြစ်နိုင်ချေ။ ကီလိုမီတာငါးထောင်အတွင်းရှိ အရာအားလုံးသည် တိုက်ရိုက် ပွင့်ထွက်သွားသည့်အလား ထင်မှားရသည်။ ကျင့်ကြံသူများစွာ၏ အော်ဟစ်သံများ ညံစီကုန်၏။ သူတို့က အက်ကြောင်းတစ်ခုထဲသို့ တိုက်ရိုက် စုပ်ယူခြင်းခံရကာ သဲလွန်စမရှိ ပျောက်ကွယ်သွားရသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အထိတ်တလန့် ဖြစ်ကုန်၏။သူတို့က ကြောက်ကြောက်လန့်လန့် နောက်ဆုတ်သည်။
လမြွေနဂါးကြီးသာ မည်သို့မှ ထိခိုက်မသွားသည့် တစ်ခုတည်းသော အရာ ဖြစ်နေ၏။၎င်းက ၎င်း၏ လက်တံများကို ဝေ့ယမ်းရင်း ရှေ့သို့ ဆက်တိုးလာ၏။ ပေါက်ကွဲမှုအလယ်ချက်တွင် ရှိနေသော မိစ္ဆာနက်သူတော်စင်သည် သွေးများစွာ အန်ထုတ်၍ နောက်သို့ လွင့်စင်ထွက်သွားသည်။သူသည် နှစ်ထောင်းပေါင်းများစွာ ကျင့်ကြံခဲ့သည့်အချိန်အတွင်း အခုလို သနားစရာ အခြေအနေသို့ ဘယ်တုန်းကမှ မရောက်ခဲ့ဖူးပေ။
သူ့ခန္ဓာကိုယ်သည်လည်း အတော်လေး ထိခိုက်ထား၏။
ခုလက်ရှိ၌ မိစ္ဆာနက်သူတော်စင်သည် တုန်လှုပ်မှုတို့သာ ကြီးစိုးနေ၏။သူ့ ကျင့်ကြံမှုသက်တမ်းတစ်လျှောက် သူသည် အခုလိုမျိုးစွမ်းအားကောင်းလွန်းလှသည့် သားရဲတစ်ကောင်ကို လုံးဝ မကြုံတွေ့ခဲ့ဖူးပေ။ သွေးများစွာ အန်ထုတ်ပြီးနောက် သူက ချက်ခြင်း ထွက်ပြေးရန်သာ လုပ်တော့၏။
မွန်းမံအလောင်းများတွင် ငွေရောင်အလောင်းကောင်ကလွဲ၍ ကျန်သည့်မွန်းမံအလောင်းများသည် ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏ ပေါက်ကွဲမှုကို လုံးဝ မခုခံနိုင်ပေ။၎င်းတို့သည် သွေးပုံ၊အသားပုံအဖြစ်သို့ ပေါက်ကွဲထွက်ကာ လေဟာနယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
ငွေရောင်အလောင်းကောင်နှစ်ကောင်ပင် နောက်သို့ ကန်ထွက်လွင့်စင်သွား၏။သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ချိန်ကြိုးတို့ပင် ပျက်စီးသွားကာ သွေးနက်များ အန်ထုတ်ရသည်။ လှပသော အမျိုးသမီးအလောင်းကောင်က အမှန်တကယ်ပင် ဝမ်လင်းရှိရာသို့ ဦးတည်လာတော့၏။
“ဒီလိုရတနာမျိုးက ငါ ပိုင်ဆိုင်သင့်တဲ့ အရာပဲ…” ဝမ်လင်းသည် အမျိုးသမီးအလောင်းကောင်ကိုသာမက တဝက်တပျက်ပျက်စီးနေသည့် သစ်သားပန်းပုကိုပါ ကြည့်နေ၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေတော့၏။
***