အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးဖြစ်သူက သူမ၏ ဘယ်လက်ကို အောက်သို့ ဖိချသည်။သူမ၏မျက်လုံးထဲရှိ ရှုပ်ထွေးသောအကြည့်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။သူက သူ့အပေါ်သို့ ဖိအားတစ်ခု သက်ဆင်းလာသလို ခံစားမိသည်။ ထိုဖိအားအောက်၌ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်မှာ အမှန်တကယ် နှောက်ယှက်ခံရသည်ကို တွေ့၏။
ဝမ်လင်းပတ်လည်ရှိ အနက်ရောင်ဝဲကတော့မှ မြည်ဟိန်းလာရင်း ၎င်းဝဲကတော့အတွင်းမှ နဂါးနှစ်ကောင်သည် ကြာရွက်ရှိသို့ ဦးတည်သွား၏။နဂါးများက ဟိန်းဟောက်ရင်း အေးစက်စက်လေများကို မှုတ်ထုတ်သည်။
သို့ရာတွင် ကြာပန်းပွင့်မှာ ရပ်တန့်မသွားပေ။ ၎င်းက ပို၍ပင် မြန်ဆန်လာသေး၏။ဝမ်လင်းအောက်ရှိ အက်ကြောင်းသည် ပို၍ ကြီးမားလာ၏။၎င်းအက်ကြောင်းအတွင်းမှ လေအေးများ ထိုးထွက်နေသည်။ သည်အခိုက်အတန့်မှာပင် အနက်ရောင်နဂါးနှစ်ကောင်သည် ကြာရွက်နှင့် ထိပ်တိုက်တွေ့၏။
ကျယ်လောင်စွာ ပေါက်ကွဲ၍ အနက်ရောင်နဂါးနှစ်ကောင်ထဲမှ တစ်ကောင်သည် တုန်ယင်ကာ အနက်ရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းပြီး နောက်သို့ လွင့်စင်သွား၏။ အခြားနဂါးတစ်ကောင်သည်လည်း ထိုကြာပန်းထံသို့ အေးစက်စက်လေပြင်းများ မှုတ်ထုတ်သော်လည်း မည်သို့မှ မသက်ရောက်ချေ။ ကြာရွက်က ၎င်းလေအေးများကို စုပ်ယူပစ်ကာ အစိမ်းရောင်အလင်းတစ်ခုပင် ထွက်ပေါ်လာသည်။
ထိုအစိမ်းရောင်အလင်း ပျံ့နှံ့လာသည့်အခါ ဖိအားသည် ပို၍ အားကောင်းလာ၏။ထိုဖိအားအောက်၌ အနက်ရောင်ဝဲကတော့ပင် လွင့်ပြယ်လာရ၏။
“ဒါက ဘယ်လိုရတနာမျိုးလဲ…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ အော်ပြောသည်။ “မိုးဆင့်ခေါ်ခြင်း…”
သည်အရာက ကောင်းကင်ဘုံအင်ပါယာပေဖန်ထံမှ သူ သင်ယူခဲ့သည့် ဒုတိယမန္တာန်ကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်းပင်။ သူက မိုးဆင့်ခေါ်ခြင်းဟု ဆိုသည့်အခါ လောက၏ မူလစွမ်းအင်များသည် တဝီဝီမြည်ဟီး၍ မြန်ဆန်စွာ စုစည်းလာသည်။
ဝမ်လင်း၏ရှေ့၌ ရေလွှာတစ်ခု ပေါ်လာ၏။သူ့လက်ကို ဆန့်ထုတ်သည်။ချက်ခြင်းပင် ဝမ်လင်းပတ်လည်၌ ဝဲကတော့တစ်ခု ဖြစ်လာကာ မြန်ဆန်စွာ လှည့်ပတ်၏။
လောက၏ မူလစွမ်းအင်များသည် အနက်ရောင်အခိုးငွေ့များအတွင်း၌ စုဝေးနေရင်း မိုးစက်များ ဆက်တိုက် ဖြစ်ပေါ်လာကြသည်။ဝမ်လင်း၏ ခန္ဓာကိုယ်မှလည်း ကောင်းကင်ဘုံမူလစွမ်းအင်အမျှင်တန်းတစ်ခု ထွက်ပေါ်လာကာ လောကနှင့် ချိတ်ဆက်လေသည်။
မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းပတ်လည်ရှိ အနက်ရောင်ဝဲကတော့ထဲ၌ မိုးစက်ပေါင်းသောင်းချီ ဖြစ်ပေါ်လာ၏။မိုးစက်တစ်စက်စီသည် စွမ်းအားများစွာ ပါဝင်နေ၏။
ထိုဝဲကတော့အတွင်း၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းတစ်ခုနှင့် ပြည့်နေခြင်းက ဝမ်လင်းကို ကောင်းကင်ဘုံသားတစ်ယောက်ကဲ့သို့ ဖြစ်စေသည်။သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း သူသည် ကြယ်များကြား၌ မြောလွင့်နေ၏။ သူ့ပတ်လည်ရှိ အနက်ရောင်လေပြင်းသည် အရူးအမူး လှည့်ပတ်ကာ မိုးစက်များသည်လည်း သူ့အနားတွင် ဖြစ်တည်လာချေသည်။
ချက်ခြင်းပင် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်း၏။ သူ့ကို ဗဟိုပြုကာ ဝဲကတော့က တုန်ယင်၍ ပြောင်းပြန် ပြန်လှည့်ပတ်သည်။၎င်းဝဲကတော့က အထက်သို့ ဆန်တက်ရင်း တုန်ဟီးသံကို ဖြစ်ပေါ်စေသည်။
ကြည့်ရသည်မှာ ပေတစ်ထောင်လောက်ရှိသည့် ဝဲကတော့သည် လေထဲသို့ မြောက်တက်၍ ကောင်းကင်ဘုံနှင့် ချိတ်ဆက်သည့်အလား ထင်မှားရသည်။
ထိုဝဲကတော့ မြင့်တက်နေရင်း မိုးစက်ပေါင်း တစ်သောင်းသည် တရကြမ်း ရွာသွန်းလာ၏။
ဝမ်လင်း၏မျက်လုံးထဲ၌ မိုးကြိုးစိတ်ဆန္ဒတစ်ခုလည်း ရှိနေ၏။သို့သော် သူက ၎င်းကို ဖိနှိပ်ထားသည်။ သည်နေရာ၌ သူ့အစစ်အမှန်ကျင့်ကြံမှုကို ထုတ်ဖော်ဖို့ မလိုသေးပေ။ ထိုဝဲကတော့နှင့် မိုးစက်ပေါင်းတစ်သောင်းသည် ကြာပန်းရွက်ပေါ်သို့ တိုက်ရိုက် ကျဆင်းလာသည်။
ဦးဆုံး ဝဲကတော့က ကြာပန်းရွက်နှင့် နီးကပ်သွားကာ ၎င်းကြာပန်းရွက်ကို တုန်ယင်စေသည်။သည့်နောက် မိုးစက်များက လိုက်ပါလာသည်။ မိုးစက်များသည် ကြာပန်းရွက်ကို ထိမှန်သံများ ထွက်ပေါ်လာပြီးနောက် ရုတ်တရက် ၎င်းကြာရွက်မှာ ပျက်စီးသွားရ၏။
ကြာပန်းရွက်ပျက်စီးမှုကြောင့် ဖြစ်ပေါ်သည့် ဖိအားသည် ဝဲကတော့ကြောင့် လွင့်ပြယ်သွားရသည်။ ဝမ်လင်းအပေါ် ဖိအားက ပျောက်ကွယ်သွား၏။ထို့နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ ညွှန်၏။
ဝမ်လင်း၏ မိုးဆင့်ခေါ်ခြင်းမန္တာန်ကြောင့် ဖြစ်ပေါ်လာသည့် ထိုဝဲကတော့နှင့်မိုးစက်များသည် အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ ဦးတည်သွားချေသည်။
သည်အခိုက်အတန့်၌ သွေးနတ်ဘုရား၊သွေးလူတို့နှင့် တိုက်ခိုက်ရင်း အရေးနိမ့်နေသော မိစ္ဆာနက်သူတော်စင်သည် မြန်ဆန်စွာ ဆုတ်ခွာ၏။ ဖျပ်ခနဲပင် သူက ဝမ်လင်းရှိရာသို့ ဦးတည်လာလေသည်။
ဝမ်လင်းက ချက်ခြင်း နောက်ဆုတ်၏။ သူက သည်အမျိုးသမီးကို သတ်ဖို့ ကြံရွယ်သော်လည်း သူသည် သူမကို အမှန်တကယ် သတ်ဖြတ်ရန် ကြိုးစားခြင်း မဟုတ်ပါ။ သူက သူ ရှုမူသည် သည်တိုက်ပွဲအတွင်း အားစိုက်ထုတ်သည်ကိုသာ သိစေလိုခြင်းမျှသာ ဖြစ်၏။
သူက နောက်ဆုတ်နေရင်း အပြာရောင်ဝတ်စုံနှင့်အမျိုးသမီး၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။သူမ၏ ညာလက်ဖြင့် ကြာပန်းရွက်ခုနစ်ရွက်ထံသို့ ညွှန်ကာ ပုံရိပ်ယောင်ကြာပန်းတစ်ခုကို ဖြစ်လာစေသည်။၎င်းက မိုးဆင့်ခေါ်ခြင်းမန္တန်၏အစွမ်းကို လုံးဝ ပိတ်ဆို့ထားလေ၏။
သူမက တိုက်ပွဲကွင်းပြင်ကို ကြည့်၏။ ခုလက်ရှိ၌ မဟာမိတ်ဘက်မှ အရေးမသာသည့်ပုံ ဖြစ်နေ၏။ သို့သော် သူမက အထိတ်တလန့် ဖြစ်မနေပါ။သူမသည် ယခုတိုက်ပွဲမှာ အမှန်အကန် တိုက်ပွဲ မဟုတ်သေးကြောင်း သိထားလေ၏။ယခုတိုက်ပွဲမှာ ရှေ့ပြေးတိုက်ခိုက်မှုများသာ ဖြစ်နေမည်။
သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ကို ပင့်မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး လေဟာနယ်ထဲသို့ ညွှန်၏။ သူမက တိုးညင်းစွာ ဆိုသည်။ “ကျေးဇူးပြုပြီး ကူညီပါ…အလောင်းအကျဉ်းထောင်နယ်မြေ…”
သူမက ထိုသို့ ပြောလိုက်သည့်နောက် သူမရှေ့ရှိ ဟင်းလင်းပြင်ထဲ၌ ကီလိုမီတာငါးဆယ်လောက် ရှိသော ဧရာမအစီအရင်ကြီးတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။ထိုအစီအရင်က အထက်အောက် ချိတ်ဆွဲထားသည့်ဟန် ရှိကာ မြန်ဆန်စွာ လှည့်လည်နေ၏။ ခရမ်းနက်ရောင် အခိုးငွေ့များသည် ၎င်းအစီအရင်ထဲမှ ထွက်ပေါ်နေရင်း ခရမ်းရောင်ချိန်းကြိုးတစ်ခုသည် ရုတ်တရက် အစီအရင်ထဲကနေ ထွက်ပေါ်လာချေသည်။
၎င်းအစီအရင်အောက်ရှိ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူတစ်ယောက်သည် လုံလောက်သော မြန်ဆန်မှုဖြင့် မရှောင်တိမ်းနိုင်ဘဲ ထိုချိန်းကြိုး၏ ထိမှန်ခြင်းကို ခံရသည်။ သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပျက်စီးသွားကာ သူ့မူလစိတ်ဝိညာဉ်သည် ချိန်းကြိုး၏ လှောင်ပိတ်ခြင်းကို ခံရသည်။
ထိုသူ၏ မူလစိတ်ဝိညာဉ်သည် မည်မှှျ ရုန်းကန်ပါစေ ချိန်းကြိုး၏ ပိတ်လှောင်ထားမှုကနေ မလွတ်မြောက်နိုင်ပေ။
အစီအရင်ထဲမှ နောက်ထပ် ချိန်းကြိုးတစ်ခု ထွက်ပေါ်လာ၏။ ချိန်းကြိုးတစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာရင်း ချိန်းကြိုးပေါင်းတစ်ရာကျော်သည် သည်ဧရိယာတွင် ရိုက်ခတ်ခြုံလွှမ်းလာလေသည်။
သည်အခိုက်အတန့်၌ အစီအရင်အတွင်းမှ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်၏။ သည်အသံသည် လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို ဆုတ်ဖြဲစေသည့်အလား ခံစားစေနိုင်၏။
ထိုအစီအရင်ထဲမှ လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။ ထိုလူ ထွက်ပေါ်လာသည်နှင့် ပုတ်သိုးသိုးအလောင်းနံ့သည် သည်ဧရိယာတွင် ပြည့်လာသည်။ ထိုလူမှာ ပေတစ်ရာလောက် ရှည်၍ လုံးဝ ခရမ်းရောင် ဖြစ်နေ၏။သူသည် သက်ရှိတစ်ယောက် မဟုတ်ဘဲ အလောင်းကောင် တစ်ကောင်ပင်။
ထိုအလောင်းကောင်ကို ချိန်းကြိုးများစွာကို ရစ်ပတ်ထား၏။
ယင်းအလောင်းကောင်မှာ သဘာဝအတိုင်း ဖြစ်လာခြင်း မဟုတ်ပါ။ မန္တာန်တစ်ခုဖြင့် အကြိမ်ကြိမ် သန့်စင်မွန်းမံထားခြင်းပင်။ မဟာမိတ်အဖွဲ့အစည်း၌ ၎င်းကို မွန်းမံအလောင်းကောင်ဟု ဆို၏။
ထိုအလောင်းသည် အလောင်းအကျဉ်းထောင်နယ်မြေတွင် အလောင်းကောင်ကလန်မှ အလောင်းကို ထောက်ပံ့၍ ဖြစ်ပေါ်လာစေခြင်းပင်။ နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီးသည့်နောက် မွန်းမံအလောင်းဆယ့်ရှစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။အလောင်းကောင်တစ်ကောင်စီက နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှပေ၏။
ထိုအလောင်းကောင်က မာန်သွင်းရင်း ကျင့်ကြံသူအုပ်စုထံသို့ တိုးဝင်လာရင်း ၎င်း၏ ချိန်းကြိုးများကို ဝေ့ယမ်းထားသည်။ထိုချိန်းကြိုးများသည် ကြမ်းကြုတ်သည့် လက်နက်ရတနာများ ဖြစ်လာ၏။
ကျင့်ကြံသူတော်တော်များများသည် ၎င်း၏ ပြိုင်ဘက်မဟုတ်သည့်အတွက် နောက်သို့သာ ဆုတ်ရ၏။
သည်အခိုက်အတန့်၌ ဒုတိယမွန်းမံအလောင်းကောင်သည် အစီအရင်ထဲကနေ လှမ်းထွက်လာပြန်၏။ ၎င်းက မာန်ဟိန်းရင်း တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်ရောက်လာသည်။
မွန်းမံအလောင်းများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာခြင်းက တိုက်ပွဲများ၏ အခြေအနေကို ပြောင်းသွားစေ၏။အထူးသဖြင့် နောက်ဆုံးမှ ထွက်လာသည့် မွန်းမံအလောင်းသုံးကောင်ကြောင့်ပင်။၎င်းတို့က ခရမ်းရောင်တောက်ပမနေဘဲ နှစ်ယောက်က ငွေရောင်၊ကျန်တစ်ယောက်က ရွှေရောင်ပေးစွမ်းနေကြသည်။
ထိုငွေရောင်မွန်းမံအလောင်းကောင်နှစ်ကောင်မှာ ယောက်ျားနှင့်မိန်းမ ဖြစ်နေကြ၏။ သူတို့၏ခန္ဓာကိုယ်များက သာမန်လူခန္ဓာကိုယ်အရွယ်အစားတိုင်း ရှိကာ ငွေရောင်အင်္ကျီများ ဝတ်ဆင်ထားကြသည်။ သူတို့၏ ပတ်လည်၌လည်း ချိန်းကြိုးများ ရှိ၏။ သို့သော် နှစ်ခုစီသာ ရှိသည်။ ၎င်းတို့ ပေါ်လာသည်နှင့် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းကျင့်ကြံသူတစ်ယောက်၏ ဖိအားမျိုးကို ပေးစွမ်းလာ၏။
နောက်ဆုံးမွန်းမံအလောင်းကို အလောင်းကောင်ဟု၍ပင် မဖော်ပြနိုင်ပေ။သူက သက်လတ်ပိုင်းအရွယ်ရှိကာ နဂါးဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက သေမျိုးအင်ပါယာတစ်ပါးနှင့်ပင် တူနေသေးသည်။
သူ့ပတ်လည်၌ မည်သည့်ချိန်းကြိုးမှ ရှိမနေပါ။ သူ့ဦးခေါင်းထက်၌ အဝါရောင်အဆောင်ငါးခုသာ ရှိနေ၏။ထိုအဆောင်များနှင့် ချိတ်ဆက်ထားသည့် အလင်းများလည်း ရှိနေသည်။
သူ့ခန္ဓာကိုယ်ကနေ ဒြပ်စင်ငါးခု၏ အော်ရာ ထွက်ပေါ်လို့နေ၏။ ဝမ်လင်းသည် ထိုလူ့ကို မြင်သည့်အခါ သူသည် ဒြပ်စင်ငါးခု အကြောင်း၊သူနှင့် အနီရောင်လိပ်ပြာတို့ ပထမဆုံး တွေ့ဆုံသည့်အချိန်ကို ချက်ခြင်း ပြန်တွေးမိသည်။
“ဒြပ်စင်ငါးခု စိတ်ဝိညာဉ် ခန္ဓာကိုယ်…” ဝမ်လင်းသည် နောက်သို့ ပို၍ မြန်ဆန်စွာ ဆုတ်၏။ သူသည် သူ့ကျင့်ကြံမှုအဆင့်ဖြင့် သည်ကြယ်အဖွဲ့အစည်းနှစ်ခုကြားတိုက်ပွဲအတွင်း၌ ကြီးမားသည့်အခန်းကဏ္ဌကနေ ဝင်မကစားနိုင်သည်ကို သိထား၏။ ထို့အတွက်ကြောင့်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ကိုသာ အစကနေ အဆုံးထိ လုပ်ဆောင်နေခြင်းပင်။
အကျိုးရှိပါက သူသည် ယူဆောင်မည်။ မည်သည့်အကျိုးမှ မရှိပါက သူသည် အသက်ရှင်ဖို့သာ အာရုံစိုက်ပေမည်။
“စီနီယာချင်းရွှေ ဘယ်နေရာမှာလဲ ငါ မသိဘူး။ဒါပေမဲ့ သူလည်း ဒီနားမှာပဲ ရှိနေမယ်လို့ ငါ ယုံကြည်တယ်….” ဝမ်လင်းက နောက်သို့ ဆက်၍ ဆုတ်နေ၏။ သို့သော် အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးက ဝမ်လင်း ဆုတ်ခွာမှုကို စိတ်ထဲမည်သို့မျှ မနေသည့်ပုံပင်။သူမက လက်ညွှန်လိုက်ရာ သာမန်မွန်းမံအလောင်းကောင်တစ်ကောင်သည် ဝမ်လင်းကို စူးစိုက်ကြည့်၍ သူ့နောက်သို့ လိုက်လာတော့၏။
ဝမ်လင်း၏အသွင်က သုန်မှုန်လာ၏။ သူက ခုလက်ရှိ သူ့ခန္ဓာကိုယ်၊မန္တာန်များနှင့် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် တစ်ယောက်ကို ရင်ဆိုင်ရပါက အနိုင်ယူနိုင်သည်။ သို့သော် ခု သူသည် နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်ကို ရင်ဆိုင်ရပါက အနိုင်ရနိုင်ဖို့အတွက် သူ့စွမ်းရည်အားလုံးကို အသုံးပြုရနိုင်သည်။သည့်အပြင် ထိုတိုက်ပွဲ၌ ပြောင်းလဲမှုများစွာလည်း ရှိနေနိုင်မည်။
ဝမ်လင်းသည် ယခုမဟာတိုက်ပွဲအတွင်း၌ သူစွမ်းရည်အားလုံးကို ထုတ်ဖော်ခြင်းသည် ဉာဏ်နည်းရာ ကျပေမည်။ သည့်အပြင် သူသာ ဒဏ်ရာရလိုက်ပါက ချက်ခြင်း အန္တရာယ် ရှိသည့် အခြေအနေသို့ ရောက်သွားနိုင်သည်။
ဝမ်လင်း၏အစီအစဉ်က ယခုလိုတိုက်ပွဲများ ဟိုဟိုဒီဒီမှာ ဖြစ်နေချိန်၌ အခွင့်အရေးတစ်ခုရှာကာ လမြွေနဂါးထဲသို့ မည်သူမျှ သတိမပြုဘဲ ဝင်ရောက်နိုင်ဖို့ ဖြစ်၏။ထို့နောက် သူက ရှေးဟောင်းနတ်ဘုရားကလေးငယ်၏ အမွေအနှစ်စွမ်းအားကို ရယူနိုင်ဖို့ အခွင့်အရေးလည်း ရလာနိုင်ပေမည်။
သူက နောက်ဆုတ်နေရင်း သန့်စင်မွန်းမံထားသည့် အလောင်းသည် သူ့နောက်သို့ လိုက်လံနေတော့၏။ ထိုအလောင်းက ၎င်း၏ ချိန်းကြိုးများကို ဝေ့ယမ်းရင်း ဝမ်လင်း၏ လွတ်လမ်းကို အတင်း ပိတ်ဆို့၏။
ဝမ်လင်း၏ မျက်လုံးထဲ၌ အေးစက်မှုတို့ ဖြစ်ပေါ်နေသည်။သူက လမြွေနဂါး၏ အနားသို့ ရွေ့လျားနေသည်။ လမြွေနဂါးထံမှ ခပ်အုပ်အုပ် မာန်ဖီသံများ ထွက်ပေါ်နေ၏။ ဝမ်လင်းသည် မဟာမိတ်မှကျင့်ကြံသူများမှာ လမြွေနဂါးကြီးကို ပိတ်လှောင်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။
လမြွေနဂါးကြီး ဒေါသထွက်လာသည်နှင့် သူ့အားချုပ်နှောင်ထားမှုအားလုံးသည် ပျက်စီးသွားရပေလိမ့်မည်။
ခဏအကြာတွင် ဝမ်လင်းက လမြွေနဂါးကို ပိတ်လှောင်ထားသည့် အနက်ရောင်အခွံကြီးနားသို့ ချဉ်းကပ်လာ၏။ ရှန်ကုန်းမိသားစုခေါင်းဆောင်သည် ကျင့်ကြံသူများကို ဦးဆောင်ကာ ၎င်းအနက်ရောင်အခွံအား ဆက်တိုက်တိုက်ခိုက်နေ၏။
ဝမ်လင်း အနားသို့ ရောက်လာမှုကို မည်သည့်ကျင့်ကြံသူကမျှ အာရုံမစိုက်ပေ။ အလောင်းကောင်ကလည်း ဝမ်လင်းနောက်သို့ ဆက်တိုက်လိုက်လာနေရင်း သူနှင့် နီးသထက် နီးလာနေ၏။၎င်းက ချိန်းကြိုးများထဲမှှ တစ်ခုကို ဝမ်လင်းထံသို့ ပစ်လွှတ်၏။ ချိန်းကြိုး လေခွင်းသံသည် ဝမ်လင်းနားထဲ၌ တဝီဝီမြည်ဟိန်းသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ခနဲ ထွက်ပေါ်သွား၏။ သူက အင်မတန် တည်ငြိမ်လျက်ပင်။ သူက နောက်သို့ ဆုတ်နေရင်း လမြွေနဂါးကို ချိပ်ပိတ်ထားသည့် အနက်ရောင်အခွံအား ထိလိုက်၏။ သူ အနက်ရောင်အခွံသို့ ထိလိုက်ရင်း သူ့ရှေးဟောင်းနတ်ဘုရားအော်ရာ အမျှင်တန်းတစ်ခုကို ၎င်းအခွံထဲသို့ ထုတ်လွှတ်၏။
ချက်ခြင်းပင် အနက်ရောင်အခွံထဲရှိ လမြွေနဂါးသည် ရှေးဟောင်းနတ်ဘုရားအော်ရာကို သတိပြုမိကာ ရူးသွပ်လာတော့၏။လမြွေနဂါးထံမှ ကောင်းကင်တုန်ဟီးစေနိုင်သည့် ဟိန်းသံကြီး ထွက်ပေါ်လာသည်။
လမြွေနဂါး၏ ဒေါသသည် ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းနှင့် အလားတူ၏။ ၎င်းက ဒေါသထွက်လာလေလေ သည်မန္တာန်မှာ ပို၍ အားကောင်းလေပင်။ အခွံထဲမှ တုန်ဟီးသံများ ထွက်ပေါ်လာရင်း မရေမတွက်နိုင်သော အက်ကြောင်းများ အနက်ရောင်အခွံပေါ်၌ ပေါ်လာ၏။ ချက်ခြင်းပင် ၎င်းအနက်ရောင်အခွံသည် ပျက်စီးသွားရသည်။
၎င်းက ပျက်စီးသွားသည်နှင့် ကြမ်းတမ်းသော ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ထိုးထွက်လာတော့၏။
***