Switch Mode

အပိုင်း(၉၇၈)

အရှင်က ငါ့ကို မသိလောက်ဘူး…

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက စိတ်ထဲကနေ နှာခေါင်းရှုံ့၏။သို့သော် သူသည် ဦးဆုံး အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ ဦးတည်ဝင်ရောက်သွား၏။ရှုထင်၏အသွင်က သုန်မှုန်နေသည်။သူက နောက်ကနေ လိုက်လာ၏။

တယောက်နှင့်တယောက် တိုက်ခိုက် သတ်ဖြတ်နေကြသော ကျင့်ကြံသူများစွာ ရှိနေကြ၏။ လက်နက်ရတနာများစုံက ပျံဝဲနေသည်။ရှုထင်က သွေးဆာနေ၏။ သူနှင့်တွေ့သည့် သူ့ထက်အဆင့်နိမ့်သည့် မည်သည့်ကျင့်ကြံသူမဆို ချက်ခြင်း တိုက်ခိုက်ပစ်သည်။ ထို့အတွက်ကြောင့် သူက အနည်းငယ် နှေးလာ၏။

ဝမ်လင်းက ရှုထင်၏ အကြံကို ချက်ခြင်း ဖြတ်မြင်နိုင်စွမ်း ရှိသည်။သူက ရှုထင်ကဲ့သို့ အရှိန်နှေးသွားအောင် လမ်းတစ်လျှောက်တွင် သတ်ဖြတ်နေသည့် နည်းကို အသုံးမပြုပေ။ထိုအစား သူက အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့သာ ပုံမှန်အရှိန်အတိုင်း တိုးဝင်သွားနေ၏။

သည် ရှုပ်ယှက်ခတ်နေသည့် တိုက်ပွဲအခြေအနေများအတွင်း ထိုအပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကလည်း ဝမ်လင်းနှင့်ရှုထင်တို့၏ လုပ်ဆောင်မှုများကို တွေ့မြင်ပေ၏။သူမက တည်ငြိမ်လျက်ပင်။ သို့သော် သူမက ရှုထင်ကို ကြည့်ပင် မကြည့်ဘဲ ဝမ်လင်းကိုသာ အေးစက်စက် ကြည့်နေ၏။

ဝမ်လင်းက မြန်သထက်မြန်စွာ ရွှေ့လျားနေ၏။ ခဏအကြာတွင် သူက ထိုအမျိုးသမီးနှင့် ပေတစ်ထောင်အတွင်းထိ ရောက်ရှိသွားသည်။ ရယ်မောသံပြုကာ သူ့ညာလက်ဖြင့် လက်သီးချက်ကို ခပ်ကြမ်းကြမ်း ထုတ်ဖော်၏။

ထိုလက်သီးချက်က လေဟာနယ်ကို ထိမှန်၏။ မရေမတွက်နိုင်သော လှိုင်းတွန့်များစွာ ဖြစ်ပေါ်ကုန်သည်။ပြင်းထန်သော တုန်ခါလှိုင်းတစ်ခုက အပြာရောင်ဝတ်စုံအမျိုးသမီးထံသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။

ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။သူက တုန်ခါမှုလှိုင်း ထွက်ပေါ်သွားပြီးပြီးချင်း ရှေ့သို့ ဆက်တိုးလာ၏။

ဝမ်လင်းနှင့် သိပ်မဝေးသောနေရာတွင် ရှုထင်၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက နှာခေါင်းရှုံ့သည်။ သူက ထိုအမျိုးသမီးနားသို့ ဆက်၍ မသွားသည့်အပြင် ဘေးတစ်ဖက်သို့ပင် ဆုတ်လိုက်သေးသည်။ သူ့မျက်လုံးထဲ၌ လှောင်ပြောင်အထင်သေးမှုတစ်ခု ရှိနေ၏။

“ရှုမူ…မင်းက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပေမဲ့ မင်းရဲ့ အကြံအစည်ဟာ ခပ်ပါးပါးပဲ ရှိသေးတာကို။ ဒီအမျိုးသမီးက မဟာမိတ်မှ အထူးအဆင့်အတန်းတစ်ခု ရှိတာ သေချာနေတာပဲ။ မဟုတ်ရင် သူမက ဘယ်လိုလုပ် ဒီတိုက်ပွဲကို စီမံခွင့် ရပါ့မလဲ။သူမရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်မားပေမဲ့လည်း သူမနားမှာ အားကောင်းလှတဲ့အစောင့်အကြပ် တစ်ယောက် ရှိနေမှာ ကျိန်းသေတယ်။မင်းက ငါ့ကို ဒီအမျိုးသမီးကို သတ်ဖို့ ဖြားယောင်းချင်တယ် ဟုတ်လား။မင်းက ငါ့ကို သုံးနှစ်သားများ ထင်နေလား။ မင်း ဘယ်လိုများ အဆုံးသပ်မလဲ ငါ မြင်ချင်မိသေးတယ်…”

သူက အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ နီးကပ်နေသည့် ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူ့မျက်နှာပေါ်ရှိ အထင်သေးမှုကလည်း ပို၍ အားကောင်းလာသည်။

ဝမ်လင်းသည် အရှိန်လျော့ချခြင်း မပြုပေ။တုန်ခါလှိုင်းနောက်ကနေ ဆက်လိုက်သွား၏။ထိုတုန်ခါလှိုင်းက မြန်ဆန်လှသည့်အတွက် အပြာရောင်ဝတ်စုံအမျိုးသမီးနှင့် ပေတစ်ရာနားထိ ရောက်ရှိလာ၏။

သူမ၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။သူမက ဘီလူးနတ်ဆိုးကလန်ဝင်သည် သည့်လူ့ကို မရပ်တန့်နိုင်စေမှန်း သိ၏။သို့သော် သူမ၏ မျက်နှာပေါ်၌ မည်သည့်ကြောက်လန့်မှုမှ ရှိမနေပါ။ သူမက ဘယ်လက်ကိုပင့်မြှောက်၍ သူမအောက်ရှိ လေဟာနယ်ထဲသို့ ရိုက်ချသည်။

ချက်ခြင်းပင် ဘီလူးနတ်ဆိုးကလန်ဝင်ထမ်းထားသည့် ကျင့်ကြံခြင်းဂြိုဟ်မှာ အံ့မခန်းနှုန်းဖြင့် လှည့်ပတ်လာ၏။ ကြက်သွေးနီရောင်လှိုင်းများစွာ မြန်ဆန်စွာ ပျံ့နှံ့ကုန်၏။

ကြက်သွေးနီရောင်လှိုင်းထဲ၌ အဖျက်အစီးအားတစ်ခု ပါတင်၏။ ၎င်းလှိုင်းက ပျံ့နှံ့နေရင်း ကျင့်ကြံခြင်းဂြိုဟ်မှာ မျက်စိဖြင့် မြင်နိုင်လောက်သည့်နှုန်းဖြင့် ကျုံ့နေ၏။

ဝမ်လင်း လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါလှိုင်းသည် ထိုကြက်သွေးနီရောင်လှိုင်းနှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ ပေါက်ကွဲ၍ တုန်ခါလှိုင်းသည် ပျက်စီးသွားရသည်။

ကြက်သွေးနီရောင်လှိုင်းများက ဝမ်လင်းထံသို့ အတားအဆီးမရှိ မြန်ဆန်စွာ ပျံ့နှံ့လာ၏။

ရှုထင်က စိတ်ထဲကနေ ကျေနပ်အားရနေ၏။ သည်ရှုမူသည် သူ့ကိုယ်သူ အထင်ကြီးလွန်းနေသည် မဟုတ်လား။သူက သည်နေရာတွင် သေဆုံးရလျှင် ပို၍ ကောင်းမွန်မည်။ သို့သော် ရှုထင်က ပျော်ရွှင်ကျေနပ်သွားစဉ်မှာပင် ဝမ်လင်းက ရုတ်တရက် လှည့်၍ ရှုထင်ကို ပြုံးတုံ့မပြုံးတုံ့ ကြည့်၏။

ထိုဟန်ပန်က ရှုထင်၏စိတ်ကို တုန်ယင်စေသည်။

ရှုထင်က ဝမ်လင်းကို သူ နားလည်သည်ဟု ယုံကြည်ထား၏။

သည်အခိုက်၌ ဧရာမမီးပြင်းဖိုတစ်ခုသည် ဝမ်လင်းဘေးနား၌ ပေါ်လာ၏။ မီးပြင်းဖိုထံမှ အသံသည် ပဲ့တင်ထပ်ရင်း ဝမ်လင်းက သူ့ညာလက်ဖြင့် ရှုထင်ထံသို့ ညွှန်ကာ ပြောလိုက်၏။ “နေရာပြောင်းစမ်း…”

ချက်ခြင်းပင် ရှုထင်၏ ပတ်လည်၌ စွမ်းအားတစ်ခု ရုတ်တရက်ပေါ်လာသည်။ ၎င်းက သူ့ကိ တုန့်ပြန်နိုင်ရန်ပင် အချိန်မပေးပေ။ ထိုစွမ်းအားသည် သူ ခုခံနိုင်သည့် အရာ မဟုတ်ပေ။ ထိုစွမ်းအားက သူ့ခန္ဓာကိုယ်ကို ဝန်းရံသွား၏။ ကြက်သွေးနီရောင်လှိုင်းက ဝမ်လင်းနှင့် တစ်ပေအကွာသို့ ရောက်လာချိန်၌ သူနှင့်ရှုထင်တို့သည် ရုတ်တရက် နေရာခြင်း ပြောင်းသွား၏။ဝမ်လင်းနေရာသို့ ရှုထင်ရောက်၊ရှုထင်နေရာသို့ ဝမ်လင်း ရောက်ရှိသွားခြင်းပင်။

ဖြစ်ပျက်သွားမှုက မြန်ဆန်လွန်းလှသည့်အတွက် ရှုထင်ကို ပုံရိပ်ယောင်တစ်ခုဟုပင် ခံစားမိစေသည်။

သူက သူ့ကိုယ်သူ ထိန်းချုပ်မှု ပြန်ရလာချိန်၌ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်မတ်သွားသည်။ သူ့ပတ်လည်၌ သေရေးရှင်ရေး အခြေအနေတစ်ခု ဝန်းရံလာသည် မဟုတ်လော။ သူ့အမြင်ကို အနီရောင်များက ဖုံးလွှမ်းသွား၏။သို့သော် သူက တွေးနေရန် အချိန် မရှိပေ။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန် ဖြစ်စေရာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်များ အရူးအမူး မြင့်တက်လာ၏။ သူ့ခန္ဓာကိုယ်သည် ကျုံ့သွား၏။မျက်စိတမှိတ်အတွင်း သူ့ပတ်လည်၌ အတားအဆီးပေါင်း တစ်ရာကျော် ပါလာလေသည်။

ထိုအတားအဆီးများက ရှုထင် ကောင်းကင်ဘုံမန္တာန် အသုံးပြုလိုက်သည့်အတွက် သူ့ကောင်းကင်ဘုံမူလစွမ်းအင်များကနေ ဖြစ်ပေါ်လာခြင်းပင်။ ရှုထင်ကို ရွှေရောင်အလင်းလွှာများဖြင့် အထပ်ထပ် လွှမ်းခြုံထား၏။ထိုအတားအဆီးများ သူ့ပတ်လည်၌ ပေါ်လာသည်နှင့် ကြက်သွေးနီရောင်လှိုင်းများ ရောက်ရှိလာချေသည်။

ဘန်း…ဘန်း…ဘန်း…ဘန်း…။

ကြက်သွေးနီရောင်လှိုင်းများက ပြင်းထန်သောလှိုင်းများကဲ့သို့ ရှုထင့်ကို အတင်းစောင့်နေ၏။ချက်ခြင်းပင် ရှုထင်ပတ်လည်ရှိ အတာအဆီးပေါင်း တစ်ရာကျော်မှ သုံးဆယ်ကျော်သည် ပျက်စီးသွားတော့၏။

ထိုမြင်ကွင်းက ရှုထင်၏ဦးရေပြားကိုပင် ထုံထိုင်းသွားစေသည်။သို့သော် သူက ငတုံးတစ်ယောက် မဟုတ်ပေ။ သူက ချက်ခြင်း နောက်ဆုတ်၏။ ကြက်သွေးနီရောင်လှိုင်းများ ပျံ့နှံ့လာနေရင်း သူ့ပတ်လည်ရှိ အတားအဆီးဒါဇင်ကျော်သည် ပျက်စီးသွားရပြန်သည်။

“ရှုမူ…”

ရှုထင်က ဒေါသတကြီး ဟစ်အော်၏။ သူ့အမုန်းတရားသည် အထွတ်အထိပ်သို့ ရောက်လာ၏။ ကြက်သွေးနီရောင်လှိုင်းများက ရှုထင်ထက် ပို၍ မြန်နေ၏။ သူက မည်မျှ နောက်ဆုတ်သည် ဖြစ်စေ အနီရောင်လှိုင်းများက သူ့အား မှီနေဆဲပင်။

ဘန်း…ဘန်း…ဘန်း…။

ကြက်သွေးနီရောင်လှိုင်းများက ရှုထင်ကို ဖြတ်ကျော်သွားသည့်အခိုက်တွင် သူ့ပတ်လည်ရှိ အတားအဆီးအားလုံးသည် ပျက်စီးသွားသည်။သူသည် သူ့ခန္ဓာကိုယ်မှာ တစစီပျက်စီးသွားမည့်အထိ ဆွဲယူခြင်းခံရသည်ဟု ခံစားမိ၏။

သူ့အတားအဆီးများ ပျက်စီးသွားသည့်အခိုက်၌ ရှုထင်က ကျောက်စိမ်းပြား တစ်ရာကျော်ကို ထုတ်ယူ၏။ သူ့နှလုံး ကိုက်ခဲမည်ကိုပင် ခံစားမနေနိုင်တော့ဘဲ ရှုထင်သည် ထိုကျောက်စိမ်းပြားများကို ချေမွလိုက်ရ၏။သည့်နောက် ရောင်စုံအတားအဆီး တစ်ရာကျော်သည် သူ့ပတ်လည်၌ ပေါ်လာသည်။

ထို့အပြင် သူက ထိုကြက်သွေးနီရောင်လှိုင်းများကို ခုခံနိုင်ရန် ရတနာများစွာကိုပါ ထုတ်ယူရ၏။

သို့သော် ထိုအတားအဆီးများမှာ ဖြစ်ပေါ်လာသည်နှင့် ချက်ခြင်းလိုလို ပျက်စီးသွားရပြန်သည်။ ထိုကဲ့သို့ ဖြစ်သော်လည်း ကြက်သွေးနီရောင်လှိုင်းများက တဖြည်းဖြည်း အားနည်းသွား၏။တကယ်တော့ သည်တိုက်ခိုက်မှုမှာ တစုတစည်းတည်း တိုက်ခြင်းမဟုတ်၊ပျံ့နှံ့လာရုံသာ ဖြစ်၍ ၎င်း၏စွမ်းအားသည် များစွာ ပိုင်းခြားထားရလေ၏။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ၎င်းကြက်သွေးနီရောင်လှိုင်းများသည် ရှုထင် ခုခံနိုင်သည့် အရာ မဟုတ်ပေ။ သူက သည်လှိုင်းများကို တိုက်ခိုက်နိုင်ရန် သူ့ကောင်းကင်ဘုံမူလစွမ်းအင်များစွာနှင့် လက်နက်ရတနာများစွာတို့ကို အသုံးပြုခဲ့ရ၏။ သည့်နောက် သူက သူ့ကောင်းကင်ဘုံမူလပါဝင်သော သွေးတစ်လုပ်ကို အန်ထုတ်၏။ ထိုသွေးများသည် သူ့ပတ်လည်၌ ဝန်းရံကာ သူ့အား ကြက်သွေးနီရောင်လှိုင်းများထံကနေ အလျင်အမြန် လွတ်မြောက်သွားစေလေ၏။

သူက ကြက်သွေးနီရောင်လှိုင်းများ အားကောင်းနေသည့်အချိန်တွင် သွေးလွတ်မြောက်ခြင်းကို အသုံးပြုလျှင်ပင် သူသည် လွတ်မြောက်နိုင်စွမ်း ရှိချင်မှ ရှိပမည်။သို့သော် ခုချိန်၌ လှိုင်းများက အားနည်းသွားခဲ့ပြီ ဖြစ်သည့်အတွက် သူ့အတွက် အခွင့်ရေးတစ်ခု ရခဲ့ခြင်းပင်။

သူက သွေးလွတ်မြောက်ခြင်းကို နောက်ဆုံးအခြေအနေ မဟုတ်ပါက အသုံးမပြုလိုခဲ့ပေ။ သို့သော် အခုချိန်၌ သူ့အတွက် အန္တရာယ်က ကြီးမားလှသည့်အတွက် မဖြစ်မနေ အသုံးပြုခဲ့ရလေ၏။

ဝမ်လင်း အပေါ် ရှုထင်၏ အမုန်းတရားသည် ဖော်ပြ၍ပင် မရတော့ပါ။သူက နောက်လှည့်၍ အော်ပြော၏။ “ရှုမူ…မင်း…” သူက ထိုသို့လှမ်းအော်ကာ အလုံးစုံကောင်းကင်မှ မွန်းစတားအိုကြီးများ ကြားစေပြီး ဝမ်လင်းအပေါ် သံသယ ဝင်စေလိုခြင်းပင်။

သို့သော် သူ လှမ်းအော်မည့် အခိုက်မှာပင် သူ့စကားများသည် ဝမ်လင်း၏ ရယ်မောသံနှင့်အတူ ဖြတ်တောက်ခြင်း ခံလိုက်ရ၏။ “ရောင်းရင်းကျင့်ကြံသူရှုက တကယ့်ကို ကောင်းမွန်ပါပေတယ်။သင်က ငါ့အစား ဒီကြက်သွေးနီရောင်လှိုင်းတွေကို အားနည်းစေခဲ့တယ်။ငါ ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ငါ ဒီအပြာရောင်ဝတ်စုံအမျိုးသမီးကို သတ်နိုင်ရင် သင့်ကြောင့်လည်း ပါဝင်တယ်လို့ အသိအမှတ် ပြုပေးရမှာပါ…”

ဝမ်လင်းက ထိုသို့ ပြောဆိုရင်း အလွန်မြန်စွာ လှုပ်ရှား၏။ထိုကြက်သွေးနီရောင်လှိုင်းများသည် ရှုထင်ကြောင့် အတော်လေး အားနည်းသွားခဲ့လေပြီ။ဝမ်လင်းက သူလက်နှစ်ချောင်းကို ဓားတစ်လက်အသွင် ဖြစ်စေ၏။သည့်နောက် သူ့မူလစွမ်းအင်ကို ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်၏။သည့်အပြင် ယင်နှင့်ယန်ငါးများသည် ကြက်သွေးနီရောင်လှိုင်းများကို ထိပ်တိုက်တွေ့ဆုံစေသည်။

ဘန်း…။

ကျယ်လောင်စွာ ပေါက်ကွဲသွားပြီးနောက် ဝမ်လင်းသည် ကြက်သွေးနီရောင်လှိုင်းများအတွင်း၌ အတားအဆီးမရှိ တိုးဝင်သွားတော့၏။

ရှုထင်က ထိုအဖြစ်ကို တွေ့မြင်နေရသည့်အခါ သူ့မျက်လုံးထဲ၌ ဒေါမာန်တို့နှင့် လှိုင်းထန်တော့သည်။ သူ့ပတ်လည်ရှိ သွေးအလင်းပင် သူ့ဒေါသကြောင့် ပျက်စီးသွား၏။ ထိုဒေါသက သူ့စိတ်ကို ဒဏ်ရာ ရစေရာ သွေးအန်ထုတ်ရပြန်၏။ ထိုသို့ သွေးအန်ရမှုက ရှုထင့်ကို မိန်းမောတွေဝေသွားစေသည်။

သူက သူ့ဒေါသကို ဖိနှိပ်ကာ အေးစက်စက်ကြည့်၏။ သည့်နောက် သူသည် နောက်သို့ ချက်ခြင်း ဆုတ်သည်။

ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချမိ၏။ သည်ရှုထင်က အမှန်တကယ်ပင် တော်၏။သူက ဒေါသထွက်ကာ သတိလွတ်သွားသော်လည်း သူ့ကိုသူ အချိန်မှီ ပြန်ထိန်းသိမ်းနိုင်စွမ်း ရှိနေသည်။သူက ရှုထင့်ကို လက်ငှား၍ သက်ဖို့ ကြိုးစားကြည့်လိုက်ခြင်း ဖြစ်၏။ထိုအရာသာ အောင်မြင်သွားပါက ဝမ်လင်းအဖို့ ကျေနပ်စရာ ကောင်းလှမည်။

ဝမ်လင်းက ရှုထင်၏ခန္ဓာကိုယ်ထဲ၌ မူလရင်းမြစ်စွမ်းအင် အမျှင်တန်းတစ်ခုရှိနေသည်ကို လုံးဝ မေ့မထားပေ။ အတိတ်တုန်းက သူသည် ရှုထင်၏ကိုယ်ပွားကို သတ်ကာ ထိုမူလရင်းမြစ်စွမ်းအင်၏ တဝက်ကိုလည်း ယူဆောင်နိုင်ခဲ့၏။

ဤအခိုက်အတန့်၌ ဝမ်လင်းသည် ရှုထင်ကို လစ်လျူရှုထားတော့၏။ ဝမ်လင်းက ကြက်သွေးနီရောင်လှိုင်းများကြားထဲသို့ တိုးဝင်လာနေရင်း သူသည် အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကို စူးစိုက်ကြည့်၏။ သူက ရှေ့သို့ ဆက်တိုးလာရင်း သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လေဟာနယ်ထဲသို့ ညွှန်၏။ ထိုအခါ အနက်ရောင်လေပြင်းတစ်ခု ပေါ်လာ၏။ ၎င်းလေပြင်းက သည်ဧရိယာကို ခြုံလွှမ်းကာ အနက်ရောင်လေဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။

ထိုဝဲကတော့မှာ စွမ်းအားကောင်းလှ၏။ သည့်နောက် ၎င်းဝဲကတော့ထဲကနေ နဂါးတစ်ကောင်၏ ဟိန်းသံ ထွက်ပေါ်လာသည်။ သည့်နောက် အနက်ရောင်နဂါးနှစ်ကောင်က ခေါင်းထောင်၍ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

အမျိုးသမီး၏အသွင်က အေးစက်နေ၏။ သို့သော် သူမ ဝမ်လင်းအပေါ် ကြည့်နေသည့်အကြည့်က စိတ်ရှုပ်ထွေးမှုတို့ ရှိလာ၏။

“အရှင်က ငါ့ကို မသိဘူး။ဒါပေမဲ့ ငါက သင့်ကို သိတယ်…”

သူမက သက်ပြင်းချ၏။ သူမသည် လက်ထဲရှိ သစ်ရွက်ရှစ်ရွက်ကြာပန်းကို ကြည့်သည်။သည့်နောက် သူမလက်ဖင့် သစ်ရွက်တစ်ရွက်ကို ခူးဆွတ်ကာ ရှေ့သို့ ညင်သာစွာ ပို့လွှတ်၏။ ထိုသစ်ရွက်သည် ရှေ့သို့ ပျံသန်းသွားရင်း မွှေးရနံ့တစ်ခုကို ထုတ်လွှတ်သည်။၎င်းက ရှေ့သို့ ပျံသန်းလာရင်း ပေတစ်ရာကျော်ထိ မြန်ဆန်စွာ ကြီးထွားလာကာ ဝမ်လင်းအပေါ်သို့ ညင်သာစွာ ကျဆင်းလာ၏။

ဘုန်း…။

ဝမ်လင်းပတ်လည် ပေတစ်ရာရှိ ဟင်းလင်းပြင်မှ ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာ၏။ ပြင်းထန်သောအော်ရာတစ်ခုသည် သူ့ ပေတစ်ရာ ပတ်လည်ရှိ ဟင်းလင်းပြင်ကို ဝန်းရံခြုံလာသည်ဟု ထင်ရ၏။

အက်ကွဲသံများ ဝမ်လင်း၏ ခြေထောက်အောက်၌ ပေါ်လာ၏။ ကြီးမားသည့်အက်ကြောင်းတစ်ခု ပေါ်လာသည်။ဟင်းလင်းပြင်ထံမှ ထွက်ပေါ်လာသည့်စွမ်းအားက သူ့အား အက်ကြောင်းထဲသို့ ဆွဲငင်ယူဖို့ ကြိုးစားလာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset