သူက ထိုသို့ ပြောလိုက်သည့်နောက် အနက်ရောင်ဝတ်စုံအဘိုးအိုနှင့် အဖြူရောင်ဝတ်စုံလူငယ်တို့သည် လျိုဖုရှိရာသို့ ဦးတည်တိုးဝင်လာကြသည်။ ထိုလျိုဖုသည် မဟာမိတ်ကျင့်ကြံသူများအပေါ်၌ များစွာလွှမ်းမိုးမှု ရှိနေ၏။
လီယွမ်ဇီက အံတင်းတင်းကြိတ်၏။သူ့လက်ကို နောက်ထပ်တိုက်ပွဲစာလိပ်ထံသို့ ညွှန်သည်။ သူ့နတ်ဘုရားအာရုံ ၎င်းစာလိပ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် လျိုဖုဆယ့်ငါးခုထဲမှ တစ်ခုသည် သွေးလူအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုသွေးလူက ကျင့်ကြံခြင်းဂြိုဟ်ပေါ်မှ အဘိုးအိုနှင့် တိုက်ပွဲစတော့၏။
သည်အခိုက်အတန့်၌ ပေတစ်သောင်းလောက်ရှိသည့် ဘီလူးနတ်ဆိုးကလန်ဝင်သည် တရပ်ကြမ်းတိုးဝင်လာ၏။ ထိုဘီလူးကြီးက သူနှင့် တွေ့ဆုံသည့် သူ့ထက်အားနည်းသည့် အလုံးစုံကောင်းကင်မှ မည်သည့်ကျင့်ကြံသူကိုမဆို ဖမ်းဆုပ်ကိုင်ကာ ချေမွ မြိုချပစ်သည်။
ထိုပေတစ်သောင်းလောက် ကြီးမားသည့် ဘီလူးနတ်ဆိုးကလန်ဝင်သည် အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်တွင် ရှိ၏။ သူ့ခန္ဓာကိုယ်က သန်မာလွန်းလှ၏။သူက အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်တွင်သာ ရှိသော်လည်း သာမန် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်း အဆင့်တစ်ယောက်နှင့် ယှဉ်တိုက်ခိုက်နိုင်စွမ်း ရှိသည်။
သူ့ခန္ဓာကိုယ်၏ သန်မာမှုကြောင့် သူသည် လက်နက်ရတနာအများစုကို မဖြုံပေ။ ခုချိန်၌ ထိုဘီလူးကြီးက သစ်သားပိုင်းကြီးပေါ်ရှိ လီယွမ်ဇီထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာနေသည်။ထိုဘီလူးကြီး၏မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်နေ၏။
“သူက သူ့ကိုယ်သူ ဖောက်ခွဲချင်နေတာပဲ…” ဝမ်လင်း၏ နားထဲသို့ ခပ်လှလှအသံလေးတစ်ခု တိုးတင်လာ၏။ ထိုစကားကို ပြောလိုက်သည့်သူမှာ တော်ဝင်အဝတ်အစားနှင့် အမျိုးသမီးပင်။
ဝမ်လင်းက ခေါင်းညိတ်ကာ လီယွမ်ဇီ၏မူလစိတ်ဝိညာဉ်ကို ကြည့်သည်။ ခုလက်ရှိ၌ မူလစိတ်ဝိညာဉ်မှာ နောက်ထပ်သွေးလူတစ်ယောက်ကို ဆင့်ခေါ်ပြီးသည့်နောက် ပြန်ကုစားနေ၏။ လီယွမ်ဇီသည် ခုချိန်၌ အနှောက်ယှက်ခံ၍ မရပေ။
သို့သော် ဝမ်လင်းသည် လီယွမ်ဇီမှာ အရန်အစီအစဉ် မရှိသည်ကို မယုံကြည်ထားပေ။သို့သော် ခုချိန်က လီယွမ်ဇီကို စမ်းသပ်နေရမည့် အချိန်မဟုတ်ပေ။ဘီလူးနတ်ဆိုးကလန်ဝင်က နီးကပ်သထက် နီးကပ်လာ၏။ဝမ်လင်း၏ မျက်လုံးတို့က တလက်လက် ဖြစ်လာ၏။သူက တည်ငြိမ်စွာဆိုသည်။ “ငါ့ကို ခွင့်ပြုပါ…”
သူက ထိုသို့ ပြောလိုက်ပြီးသည့်နောက် ရှေ့သို့ ခြေလှမ်းကာ ဘီလူးကြီးထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။
တော်ဝင်ဝတ်စုံနှင့်အမျိုးသမီးက ကျက်သရေရှိစွာ ပြုံး၏။ အခုချိန်၌ တိုက်ပွဲဖြစ်နေသော်လည်း သူမက တည်ငြိမ်လျက်ပင်။သူမက ဝမ်လင်းကို ပြုံး၍ ပြော၏။ “ရောင်းရင်းကျင့်ကြံသူရှု…ဂရုစိုက်ပါ…”
ဝမ်လင်းသည် သစ်သားပိုင်းကြီးကနေ ခုန်ဆင်း၍ လာသည်နှင့် ပတ်ဝန်းကျင်ရှိ တိုက်ပွဲများမှ ထွက်ပေါ်လာနေသည့် အသံဗလံမျိုးစုံကို ကြားလိုက်ရ၏။ ဘီလူးနတ်ဆိုးကလန်ဝင်က ချဉ်းကပ်လာနေရင်း အသံပေါက်ကွဲမှုများကိုပင် ဖြစ်စေသည်။
ဘီလူးနတ်ဆိုးကလန်ဝင်သည် ရှေ့သို့ ထိုးတက်လာ၏။ သူ့ခန္ဓာကိုယ်ကနေ အဖျက်အစီးအားတစ်ခု ထွက်ပေါ်လာသည်။ သူ့ညာလက်ဖြင့် လက်သီးချက်တစ်လုံးကို ပစ်သွင်းရင်း အော်ပြောသည်။ “နောက်ဆုတ်စမ်း…”
ထိုလက်သီးချက်သည် လေပြင်းကို ဖန်တီးကာ ဝမ်လင်းရှိသို့ ရောက်ရှိလာ၏။သို့သော် ဝမ်လင်းကို နောက်သို့ ခြေတစ်ဝက်ပင် ဆုတ်သွားအောင် မလုပ်နိုင်ပေ။အေးစက်စက်အသွင်ဖြင့် ဝမ်လင်းကလည်း လက်သီးချက်တစ်ချက်ကို ထုတ်ဖော်သည်။
အနှီမြင်ကွင်းက ထူးဆန်းလှ၏။ ပေတစ်သောင်းလောက်ရှိသည့် ဘီလူးကြီး၏ လက်သီးချက်သည် အံ့မခန်းကြီးမားက ဝမ်လင်း၏ လက်သီးချက်မှာ လုံးဝ မထင်မရှား ဖြစ်နေသည်။
သို့သော် လက်သီးချက်နှစ်ခု ထိပ်တိုက်တွေ့ဖို့ နီးကပ်လာသည်နှင့် ပေါက်ကွဲသံများ မြည်ဟိန်းထွက်လာ၏။လေတိုးသံများကလည်း ကျယ်လောင်လှသည်။
လက်သီးချက်နှစ်ခုသည် နီးကပ်လာနေရင်း အချိန်ပင် နှေးသွားသလား မှတ်ရ၏။သည့်နောက် ထိုလက်သီးချက်နှစ်ခုက ထိပ်တိုက်တွေ့ဆုံလေရာ မိုးခြိမ်းသံတမျှ မြည်ဟိန်းသွားသည်။
ထိုအသံက ဘေးနားပတ်လည်ရှိ ကျင့်ကြံသူများကိုပါ တုန်ယင်စေ၏။ မမြင်ရသော တုန်ခါမှုလှိုင်းများလည်း အရပ်မျက်နှာအစုံသို့ ပျံ့လွင့်ကုန်သည်။
ပေတစ်သောင်းလောက်ရှိိသည့် ဘီလူးကြီး၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။သူက အခြားဘက်မှ လူ၏ လက်သီးချက်ထဲ၌ အံ့မခန်းအားတစ်ခု ပါဝင်နေသည်ဟု ခံစားရသည်။သူက သွေးအန်ထုတ်ရ၏။သူ့လက်သီးထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ခဏအကြာတွင် သူ့ညာလက်သီးသည် သွေးထုအဖြစ် ပေါက်ကွဲထွက်သွားရသည်။
အထိတ်တလန့် နာကျင်စွာ အော်ဟစ်သံနှင့်အတူ ထိုဘီလူးကြီးမှ ဝမ်လင်း၏ လက်သီးစွမ်းအားကို တောင့်မခံနိုင်ဘဲ နောက်သို့ လွင့်စင်သွားသည်။
သူက ဘီလူးနတ်ဆိုးကလန်က ဖြစ်နေလျှင်ပင် သူသည် ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားစွမ်းအားကို မခုခံနိုင်ပေ။သူ့ညာလက်သာ ပျက်စီးသွားသည်မဟုတ်၊သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်း တော်တော်များများပါ ပျက်စီးထိခိုက်သွားရသည်။
ဘီလူးနတ်ဆိုးကလန်ဝင်၏ မျက်လုံးထဲရှိ ရူးသွပ်မှုက ပို၍ ပြင်းထန်လာ၏။ သူက မာန်သွင်းအော်ဟစ်ကာ သူ့ခန္ဓာကိုယ်မှ အဖျက်အစီးအော်ရာတစ်ခု ထွက်ပေါ်လာသည်။ချက်ခြင်းပင် သူက ပေါက်ကွဲထွက်သွားချေ၏။
အထည်ဒြပ်ယန်အဆင့်အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်၏ မိမိကိုယ်ကိုဖောက်ခွဲခြင်းသည် အားကောင်းလွန်းလှပါသည်။ အထူးသဖြင့် သည်လို ဘီလူးနတ်ဆိုးကလန်မှ ဧရာမခန္ဓာကိုယ် ရှိသည့်သူမျိုးဆို ပိုပြင်းထန်၏။ ထိုပေါက်ကွဲမှုစွမ်းအားသည် ဝမ်လင်းကိုပင် မျက်မှောင်ကြုတ်သွားစေဖို့ လုံလောက်သည်။
ဝမ်လင်း၏မျက်နှာက အနည်းငယ် နီမြန်းလာ၏။သူ့မျက်လုံးက ပို၍ အေးစက်လာသည်။သူက သွေးအချို့ အန်ထုတ်လိုက်ရ၏။သည့်နောက် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ပြောသည်။ “လေဆင့်ခေါ်ခြင်း…”
သူက ထိုစကားလုံးများကို ပြောလိုက်သည့်နောက် အနက်ရောင်လေပြင်းတစ်ခုသည် ဝမ်လင်း၏ညာလက်၌ ပေါ်လာ၏။ထိုအနက်ရောင်လေပြင်းက အနက်ရောင်နဂါးနှစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ထိုနဂါးများသည် တဟုန်ထိုး ထိုးထွက်ကာ အသက်ဝိညာဉ်ချုပ်စေနိုင်သည့် အေးစက်စက်လေပြင်းများကို မှုတ်ထုတ်၏။
လေဆင့်ခေါ်ခြင်းသည် အလွန်အားကောင်း၏။အနက်ရောင်နဂါးများ၏ ဖိအားအောက်၌ ဧရာခန္ဓာကိုယ်ကြီးသည် ချက်ခြင်း အဝေးသို့ လွင့်စင်ရသည်။အနက်ရောင်နဂါးများက ၎င်းခန္ဓာကိုယ်ကြီးကို အမှန်တကယ် ဆက်၍ ဝါးမြိုပစ်ကာ ဘီလူးနတ်ဆိုးကလန်ဝင်၏ မိမိကိုယ်ကိုဖောက်ခွဲခြင်းစွမ်းအားကို အားနည်းသထက် အားနည်းစေသည်။
ဘုန်း…။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေတစ်သောင်းလောက်ရှိသည့် ဘီလူးနတ်ဆိုးကလန်ဝင်သည် ပေါက်ကွဲထက်သွားကာ တိုင်းတာ၍ မရသည့် ဖိနှိပ်မှုအားကို ဖြစ်စေသည်။ထိုအဖြစ်က ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်သွား၏။ တိုက်ခိုက်နေကြသော မွန်းစတားအိုကြီးများပင် လှည့်ကြည့်လာကြသည်။
ဝမ်လင်း၏ မျက်နှာက အနည်းငယ် ဖြူရောသွား၏။ သူက ဒဏ်ရာရသွားသကဲ့သို့ သစ်သားပိုင်းကြီးပေါ်သို့ ပြန်ဆုတ်သည်။ အမှန်တော့ ပေတစ်သောင်းလောက်ရှိသည့် ဘီလူးနတ်ဆိုးကလန်ဝင်ကို သတ်ပစ်ဖို့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နှင့် ဝမ်လင်းအဖို့ မခက်ခဲလှချေ။
သစ်သားပိုင်းကြီးပေါ်ရှိ တော်ဝင်ဝတ်စုံနှင့် အမျိုးသမီးက ပြုံး၍ ဆို၏။ “ငါက ရောင်းရင်းကျင့်ကြံသူရှုရဲ့ မန္တာန်တွေကို တကယ်လေးစားမိပါတယ်…။ဒီမန္တာန်တွေက ရောင်းရင်းရဲ့ခန္ဓာကိုယ်စွမ်းအားကို တုန်လှုပ်ဖွယ် တိုးမြင့်လာစေတာပဲ…”
လီယွမ်ဇီက မျက်လုံးဖွင့်လာ၏။သူ့အကြည့်ထဲ၌ အသိအမှတ်ပြုမှုတို့ ပေါ်နေသည်။သို့သော် သူက စကားတော့ မဆိုပေ။ သူက တိုက်ပွဲစာလိပ်များထဲမှ တစ်ခုထံသို့ လက်ညွှန်၍ သူ့နတ်ဘုရားအာရုံကို ပို့လွှတ်သည။
တစက္ကန့်အကြာတွင် လျိုဖုဆယ့်လေးခုမှ တစ်ခုသည် မြန်ဆန်စွာ ကျုံ့သွား၏။ ၎င်းက ပျက်စီးသွားခြင်း မရှိဘဲ နောက်ထပ် သွေးလူအဖြစ်သို့ သိပ်သည်းသွားသည်။ ထိုသွေးလူက ကောင်းကင်နှင့်မြေကြီးကိုပင် ပြောင်းပြန်လှန်စေနိုင်မည့် သွေးမန္တာန်တစ်ခု ပါဝင်နေဟန် ရ၏။၎င်းက အခြားသွေးလူ၊အနက်ရောင်ဝတ်စုံအဘိုးအို၊ ဝတ်စုံဖြူလူငယ်တို့နှင့် တိုက်ခိုက်နေသော ဂြိုဟ်ပေါ်ရှိ အဘိုးအိုထံသို့ တိုက်ရိုက်ဦးတည်သွား၏။
အကွာအဝေးတစ်ခု၌ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်နေ၏။ သူမ၏ ကျောက်စိမ်းလို လက်လေးဖြင့် ရှေ့သို့ ညွှန်၏။ထိုအခါ အခြား ပေတစ်သောင်းလောက်ရှိသော ဘီလူးနှစ်ကောင်သည် ထိုးထွက်လာကြပြန်သည်။ သူတို့ထဲမှတစ်ယောက်က လျိုဖု ရှိရာသို့ တိုက်ရိုက် ဦးတည်သွားနေသည်။
အခြားတစ်ယောက်ကမူ သစ်သားပိုင်းကြီးထံသို့ လာနေ၏။ ထိုဘီလူးနတ်ဆိုးကလန်ဝင် နီးကပ်လာနေရင်း ဂြိုဟ်ပေါ်ရှိ အဘိုးအိုသည် ပျံသန်းတက်၏။ သည့်နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဖိနှိပ်ချသည်။
အဘိုးအိုနှင့်ဘီလူးနတ်ဆိုးကလန်ဝင်တို့ကြားရှိ ကျင့်ကြံခြင်းဂြိုဟ်မှာ ရုတ်တရက် စတင်လှည့်ပတ်ရင်း လှိုင်းတွန့်တစ်ခု ထုတ်လွှတ်သည်။ ထိုအဘိုးအိုက မန္တာန်တစ်ခုကို ရွတ်ဆိုရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သည့်နောက် သူ့လက်ကို အောက်သို့ ပင့်ချကာ အော်ပြော၏။ “ကျင့်ကြံခြင်းဂြိုဟ်တုန်ခါမှုလှိုင်း…”
သူက ထိုသို့ ပြောလိုက်သည့်နောက် ကျင့်ကြံခြင်းဂြိုဟ်မှာ ၎င်းကိုယ်တိုင် ပျံသန်းရင်း ပို၍ မြန်ဆန်စွာ လှည့်ပတ်သည်။ သို့သော် ၎င်းက လှည့်ပတ်နေရင်းလည်း မူလအရွယ်အစား၏ တဝက်ထိ စတင်ကျုံ့လာခဲ့သည်။
တချိန်တည်းမှာပင် ကြက်သွေးနီရောင်လှိုင်းတစ်ခုမှာ ယင်းဂြိုဟ်ထံကနေ ပျံ့လွင့်လာ၏။ ထိုအဘိုးအို၏ထိန်းချုပ်မှုအောက်၌ ၎င်းက အံ့မခန်းအမြန်နှုန်းဖြင့် ရှေ့တည့်တည့်သို့ ပျံ့နှံ့လာသည်။
ထိုအနီရောင်လှိုင်းက မြန်ဆန်၏။၎င်းက ပျံ့နှံ့နေရင်း အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအချို့သည် ထိုလှိုင်း၏ သက်ရောက်မှုကို ခံရသည်။ထိုသူတို့မှာ တုန်ယင်၍ ချက်ခြင်းပင် သူတို့၏ သိုလှောင်အိတ်များအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးက ပျက်စီးသွားချေသည်။
ထိုလှိုင်းမှာ သစ်သားပိုင်းကြီးထံသို့ တန်းတန်းမတ်မတ် ဝင်လာနေခြင်းပင်။ ဝမ်လင်း၏အသွင်က ပြောင်းလဲသွား၏။လီယွမ်ဇီက မျက်လုံးဖွင့်လာရင်း အော်ပြောသည်။ “ရှုမူ..ဇီယန်..မင်းတို့နှစ်ယောက် မြန်မြန် လူခွဲကြ…။မင်းတို့ လုပ်စရာ ရှိတာ ဆက်လုပ်တော့…။ဒီအဘိုးအိုကို စော့င်ကြပ်ပေးစရာ မလိုတော့ဘူး…”
လီယွမ်ဇီ အမိန့်မပေးလျှင်ပင် ဝမ်လင်းသည် ဝမ်လင်းသည် သူပြောလိုက်သည်နှင့် တပြိုင်နက်တည်းတည်းလိုလို လှုပ်ရှားပြီး ဖြစ်သည်။သူက သစ်သားပိုင်းကြီးကနေ စွန့်ခွာကာ တည်နေရာရွှေ့ပြောင်းပစ်၏။
တော်ဝင်ဝတ်စုံနှင့်အမျိုးသမီးကလည်း ထို့အတူပင်။သူမကလည်း မြန်ဆန်စွာ ထွက်ခွာသည်။
သူတို့နှစ်ယောက်ထွက်ခွာ ပြီးပြီးချင်း ကြက်သွေးနီရောင်လှိုင်းက ရောက်ရှိလာ၏။လီယွမ်ဇီ၏ မူလစိတ်ဝိညာည်က သူ့ခန္ဓာကိုယ်ကို ခြုံပတ်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ သည်အခိုက်၌ သူ့မူလစိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်ရော သစ်သားပိုင်းကြီးထဲသို့ ပျောက်ကွယ်သွားချေသည်။
အနီရောင်လှိုင်းက သစ်သားပိုင်းပေါ်သို့ ကျရောက်လာကာ သစ်သားပိုင်းတစ်လျှောက် ရိုက်ခတ်ခြုံလွှမ်း၏။
ဝမ်လင်းက ထိုကြက်သွေးနီရောင်လှိုင်းနှင့် အတော်ဝေးဝေးသို့ ရှောင်လိုက်ခြင်းပင်။သို့သော် သူ့ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝ ကဗြောင်းကဗျန် ဖြစ်နေ၏။ သူပေါ်လာသည့်အခါ၌ မဟာမိတ်မှ ကျင့်ကြံသူတစ်ယောက်၏ ဓားသည် သူ့ထံသို့ ချက်ခြင်း ရိုက်ခတ်လာပြီး ဖြစ်နေသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူက ရှောင်ပင်မရှောင်ပေ။ ထိုဓားသည် သူ့ခန္ဓာကိုယ်သို့ လာထိမှန်ကာ ပြန်ကန်ထွက်သွားရ၏။သည့်နောက် သူက နောက်လှည့်၍ လက်ညွှန်၏။
ထိုလက်ညွှန်ချက်ထဲ၌ မူလစွမ်းအင်နှင့် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားများ ပါဝင်နေသည်။ ၎င်းလက်ညွှန်ချက်က သူ့အား အလစ်တိုက်လိုက်သည့်သူ ပေါ်သို့ ကျရောက်သွားသည်။ ထိုသူမှာ ရှောင်ရန်ပြင်၏။ သို့သော် သူ့ခန္ဓာကိုယ်မှ သွေးများစွာ ချက်ခြင်း ပေါက်ကွဲထွက်သွားရသည်။သူ့မူလစိတ်ဝိညာဉ်ပင် ကြောက်လန့်တကြား ပျံသန်းပြေး၏။ သိုသော် ထိုခဏ၌ နောက်ထပ် အလုံးစံဒမှ ကျင့်ကြံသူတစ်ယောက်သည် သူ့မူလစိတ်ဝိညာဉ်ကို ဖမ်းယူကာ ချေမွပစ်လိုက်လေသည်။
ထိုအလုံးစုံကောင်းကင်မှ ကျင့်ကြံသူသည် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဝမ်လင်းကို ကြည့်၏။ သူက နှုတ်ခမ်းသပ်ကာ ခပ်ရှရှအသံနှင့် ဆို၏။ “ရှုမူ…ငါတို့နှစ်ယောက် ဘာကြောင့် ထပ်မပြိုင်ရမှာလဲ…။ ဘယ်သူ ပိုများများ သတ်နိုင်မလဲ ကြည့်ကြရအောင်…”
ထိုအလုံးစုံကောင်းကင်မှ ကျင့်ကြံသူသည် ဒုမိုးကြိုးကောင်းကင်ဘုံသား ရှုထင် ဖြစ်ချေ၏။
ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။ သူက တည်ငြိမ်စွာ ဆိုသည်။ “မင်း တကယ် ပြိုင်ချင်ရင် ဟိုမှ မြင်နေရတဲ့ အမျိုးသမီးကို ဘယ်သူ သတ်နိုင်မလဲ ပြိုင်မယ်…”
သူက ထိုသို့ ပြောလိုက်ရင်း အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံသို့ လက်ညွှိုးထိုးပြသည်။
ရှုထင်က မင်သက်သွား၏။သူ့အသွင်ဟန်ပန်က မသေချာမရေရာသည့်ပုံ ဖြစ်သွားသည်။သူက အံတင်းတင်းကြိတ်၍ ဆို၏။ “ကောင်းပြီ…ဒီလို ပြိုင်ကြတာပေါ့။ငါတို့နှစ်ယောက်လုံး လမ်းတစ်လျှောက်လုံး သတ်ဖြတ်သွားပြီး ဘယ်သူ အောင်မြင်နိုင်မလဲ ကြည့်ရအောင်…”
ထိုအမျိုးသမီးက အလွန်မြင့်မားသည့် အဆင့်အတန်းရှိသူ ဖြစ်ရမည်။မဟုတ်ပါက သူမသည် သည်တိုက်ပွဲကို ဦးဆောင်နေလိမ့်မည် မဟုတ်ပေ။ သို့သော် သူမ၏ ကျင့်ကြံမှုအဆင့်က မြင့်မားလှသည့်ပုံ မပေါ်ဘဲ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်တွင်သာ ရှိနေ၏။
***