ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ သူက အပြာရောင်ဝတ်စုံအမျိုးသမီးနှင့် အကြည့်ဆုံသည်။ဝမ်လင်းသည် အရင်က သူမကို လုံးဝ မတွေ့ခဲ့ဖူးချေ။ သူမနှင့်ပတ်သတ်၍လည်း ရင်းနှီးမှု မခံစားရပါ။သို့သော် သူမ၏အကြည့်က ဝမ်လင်းကို ပဟေဠိ ဖြစ်စေ၏။
ခုချိန်က စဉ်းစားနေရမည့် အခါမဟုတ်ပေ။ဝမ်လင်းက နောက်သို့ ဆက်၍ ဆုတ်နေရင်း ပုံမှန်ဟန်ပန်အတိုင်းသာ ရှိနေသည်။
မျှော်စင်ရာချီသည် ဟင်းလင်းပြင်ကို ထိုးထွင်း၍ တဝီဝီ၊စူးရှရှ အသံများပေးကာ လမြွေနဂါးကြီးထံသို့ တန်းမတ်စွာ ဝင်ရောက်လာ၏။
လမြွေနဂါးကြီးက မာန်ဖီကာ မရေမတွက်နိုင်သော ၎င်း၏လက်တံများကို တိုးဝင်လာနေသည့် မျှော်စင်များရှိရာသို့ ဆန့်ထုတ်လိုက်၏။
ထိုအခိုက်အတန့်၌ အမြန်ဆုံးမျှော်စင်တစ်ခုသည် နီးကပ်လာကာ လက်တံ၏ ဖမ်းယူခြင်းကို ခံရသည်။ထိုလက်တံများ ထိမိသည့်အခိုက် ယင်းမျှော်စင်သည် ချက်ခြင်း တစစီဖြစ်ကာ အနက်ရောင်အမှုန့်များအဖြစ်သို့ ရောက်ရှိ၍ ပျံ့လွင့်သွားသည်။
မျှော်စင်ပေါ်ရှိ မဟာမိတ်မှ ကျင့်ကြံသူများသည် ၎င်းမျှော်စင် လမြွေနဂါးအနားသို့ ရောက်လာသည်နှင့် ခုန်ချနေခဲ့ပြီး ဖြစ်သည်။
သိပ်မကြာခင်တွင် ပိုမိုများပြားသော မျှော်စင်များ တဝီဝီအသံပေးရင်း ရောက်ရှိလာ၏။အများစုသည် လမြွေနဂါးကြီး၏ လက်တံများ ဖမ်းဆီးခြင်းကို ခံရကာ အနက်ရောင်အမှုန့်များအဖြစ်သို့ ပေါက်ကွဲထွက်သွားကြသည်။
အနက်ရောင်အမှုန့်များသည် ပျံ့လွင့်နေရင်း ကျန်သည့်မျှော်စင်များ ဆက်၍ ရွှေ့လျားလာနေကြ၏။ ၎င်းမျှော်စင်များသည် အနက်ရောင်အမှုန့်များကို ထွင်းဖောက်၊လက်တံများကို ရှောင်ရှားရင်း လမြွေနဂါးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ထွင်းဖောက်လာသည်။
ဘန်း…။
မျှော်စင်များနှင့် လမြွေနဂါးတို့ ထိတိုက်မိသည့်အခါ ကျယ်လောင်စွာ ပေါက်ကွဲမှုများ ဖြစ်ပေါ်သည်။အက်ကြောင်းများသည် မျှော်စင်ထိပ်ဖျား၌ ပေါ်လာ၏။မျက်စိတစ်မှိတ်အတွင်း မျှော်စင်များအပေါ်၌ အက်ကြောင်းများ ဖုံးအုပ်ကာ သည့်နောက် အမှုန့်များအဖြစ်သို့ ပျက်စီးသွားကြသည်။
ဘန်း…ဘန်း…ဘန်း…ဘန်း…။ ပေါက်ကွဲမှုများသည် အတောမသတ်သေးပေ။ လက်တံများနှင့် ထိမိသည့် မျှော်စင်များသည် ပေါက်ကွဲ၍ အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားနေကြ၏။
ထိုဖြစ်စဉ်အတွင်း လမြွေနဂါးကြီးသည် ရူးသွပ်လာသည့်အလား မာန်ဖီဟိန်း၏။၎င်း၏ လက်တံများက သည်ဧရိယာကို ခြုံလွှမ်းရိုက်ခတ်သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပင် အလျင်မှီ မရှောင်နိုင်ဘဲ ၎င်းရိုက်ခတ်မှုကြောင့် သေဆုံးသွားရသည်။
“ချိပ်ပိတ်ခြင်း…” အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးထံမှ ညင်သာသော အသံတစ်ခု ထွက်ပေါ်လာ၏။သို့သော် သူမ၏အသံသည် ကြယ်များကြား၌ ရှင်းလင်းစွာ ကြားရ၏။
ချက်ခြင်းပင် လမြွေနဂါးပတ်လည်ရှိ အနက်ရောင်အမှုန့်များသည် နတ်ဆိုးအလင်းတောက်ပမှုကို ပေးစွမ်းလာကြ၏။ ထိုအမှုန့်များ ပျံ့နှံ့ကာ လမြွေနဂါးပတ်လည်၌ အလုံးအဝန်းတစ်ခုအဖြစ် ဖြစ်တည်သည်။ထိုအလုံးအဝန်းထဲ၌ သွေးရောင်တောက်ပနေ၏။ဤအခိုက်၌ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုသည် မဟာမိတ်အဖွဲ့အစည်း၏ တောက်ပိုင်း၊အရှေ့ပိုင်း၊မြောက်ပိုင်း အနှံ့ရှိ ဂြိုဟ်ပေါင်းတစ်ရာ ကျော်ပေါ်တွင် ဖြစ်ပျက်သွားသည်။
ထိုဂြိုဟ်များထဲမှ တစ်ခုပေါ်၌ ကျင့်ကြံသူအားလုံးနီးပါးသည် လှုပ်ရှားနေကြ၏။ သူတို့က ဂြိုဟ်ပေါ်ရှိ နေထိုင်သည့် နတ်ဆိုးသားရဲများကို ဖမ်းဆီးထားကြသည်။နတ်ဆိုးသားရဲအားလုံးသည် ဧရမာအစီအရင်ကြီးတစ်ခုအတွင်း၌ အကျဉ်းချထားခံရ၏။
ထိုအစီအရင်က အချင်းဝက် ကီလိုမီတာငါးထောင်ရှိသည့် စက်ဝန်းကြီးတစ်ခုအသွင် ရှိ၏။ထိုစက်ဝန်းထဲ၌ သားရဲပေါင်း အနည်းဆုံး သောင်းချီ ရှိမည်။
ကျင့်ကြံသူများစွာက ထိုအစီအရင်၏ အပြင်ဘက် ကောင်းကင်ထက်၌ ရပ်နေကြ၏။ သူတို့က အမိန့်တစ်ခုကို စောင့်နေကြသည့်ပုံပင်။ သူတို့ကြား၌ ဆံပင်နီနှင့်အကြီးအကဲတစ်ယောက်ပါ၏။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် သူ့ကို ဗဟိုပြု၍ လှုပ်ရှားနေကြ၏။အပြာရောင်ဝတ်စုံနှင့်အမျိုးသမီး အမိန့်ပေးလိုက်သည့်အချိန်၌ သူမ၏အသံသည် လေဟာနယ်ထဲကို ထွင်းဖောက်သွားနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရကာ အထူးမန္တာန်တစ်ခုကြောင့် ကြယ်များကြား ဖြတ်သန်း၍ အမိန့်စောင့်ဆိုင်းနေကြသော သူများ၏ နားထဲထိ ရောက်ရှိသွားသည်။
ချက်ခြင်းပင် အနီရောင်ဆံပင်နှင့်အကြီးအကဲ၏ မျက်လုံးက တလက်လက် ဖြစ်လာ၏။သူက သူ့ညာလက်ကို ဝေ့ယမ်းသည်။
သူ့လက်ကို ဝေ့ယမ်းလိုက်သည်နှင့်အတူ သူ့ပတ်လည်ရှိ ကျင့်ကြံသူများကလည်း သူတို့၏ မန္တာန်များ၊လက်နက်ရတနာများဖြင့် သူတို့အောက်မှ သားရဲများကို တိုက်ခိုက်လိုက်ကြတော့သည်။
ထိုအစီအရင်ကြီးအတွင်း၌ အထိတ်တလန့်၊အကြောက်အကန် ဟိန်းအော်သံ လှိုင်းများ ထွက်ပေါ်လာပြီး သွေးပင်လယ် ဖြစ်သွားသည်။အစီအရင် အသက်ဝင်သည်နှင့် ထိုသားရဲထောင်သောင်းချီ၏ သွေးမျာအားလုံးသည် လုံးဝ စုပ်ယူခြင်း ခံရ၏။
ထိုမြင်ကွင်းသည် အခြားဂြိုဟ်တစ်ရာနီးပါး ပေါ်တွင်လည်း တူညီစွာ ဖြစ်ပွားသွားသည်။
ဤအရာက မဟာမိတ်၏ မဟာအစီအရင်ကြီးဆယ်ခုမှ တစ်ခု ဖြစ်သော သန်းချီသားရဲသွေးစိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း ဖြစ်ချေ၏။
ထိုဂြိုဟ်ပေါင်းတစ်ရာ ပေါ်ရှိ သားရဲသန်းချီ သေဆုံးသွားသည့်အခိုက်၌ လမြွေနဂါးကြီး ပတ်လည်မှ အနက်ရောင်အမှုန့်သည် ပြင်းထန်သောသွေးညှီနံ့ကို ပေးလာသည်။
ထိုသွေးနံ့က သိပ်သည်းလွန်းလှ၏။
ထိုသွေးနံ့အောက်၌ အနက်ရောင်အမှုန့်များသည် ဆန်းကြယ်စွာ စတင် ရွှေ့လျားလာသည်။ ထိုအမှုန့်များက သိပ်သည်းလာ၏။လမြွေနဂါးသည် ၎င်းအနက်ရောငအမှုန့်များ မံထားခြင်းခံရကာ လုံးဝ ချိပ်ပိတ်ခံလိုက်ရသည်။
လမြွေနဂါး၏ အပြင်ဘက်ရှိ အနက်ရောင်အမှုန့်များက ဧရာမအလုံးကြီးအဖြစ် သိပ်သည်း၍ လမြွေနဂါးကို ထိုအလုံးထဲ၌ ပိတ်လှောင်ထားသည်။ခပ်အုပ်အုပ်ဟိန်းသံများက ဆက်တိုက် ထွက်ပေါ်နေ၏။
သည်အခိုက်၌ မျှော်စင်များ မပျက်စီးခင် ကြိုခုန်ချခဲ့သည့် မဟာမိတ်မှ ကျင့်ကြံသူ သောင်းချီသည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများထံသို့ တဟုန်ထိုး တိုးဝင်လာကြသည်။
ထိုမြင်ကွင်းက အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကို တုန်လှုပ်စေ၏။လီယွမ်ဇီနှင့် ရှန်ကုန်းမိသားစုဘိုးဘေးတို့သည် တယောက်နှင်တယောက် ကြည့်သည်။ထို့နောက် သူတို့က သစ်သားပိုင်းကြီးပေါ်ကနေ ခုန်ဆင်း၏။လီယွမ်ဇီက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။လောက၏မူလစွမ်းအင်များကို စုစည်း၏။၎င်းစွမ်းအင်များက အလုံငယ်အလက်တစ်ရာနီးပါးထိ သိပ်သည်းသွားသည်။
သည်နေရာ၌ ရှောင်မိသားစုဘိုးဘေးနှင့် ကုန်စွန်းမိသားစုမှ သက်လတ်ပိုင်းလူတို့ကလွဲ၍ သူနှင့်ရှန်းကုန်မိသားစုဘိုးဘေးတို့သည် အဆင့်တန်းအမြင့်ဆုံး ဖြစ်ကြ၏။ သူတို့နှစ်ယောက် အရင်မထွက်သွားခင် သူတို့က လီယွမ်ဇီနှင့်ရှန်ကုန်းမိသားစုဘိုးဘေးတို့အား ယာယီအမိန့်ပေးနိုင်ခွင့် လက်လွှဲခဲ့သည်။
လီယွမ်ဇီက အရေးကြီးတာဝန်ကို ထမ်းဆောင်ထားရသည့်သူပင်။သူထမ်းပိုးထားရသည့် ဝန်က ကြီးလေးလှ၏။
သူက အလံများထဲမှ အချို့ကို ဖမ်းဆုပ်ကာ ဘေးတစ်ဖက်သို့ ပစ်၍ အော်ပြောသည်။ “မြေအဆင့်ကောင်းကင်ဘုံသား(၇၂)ယောက်…မင်းတို့ အုပ်စုတွေ ဖွဲ့ပြီး မဟာမိတ်က ကျင့်ကြံသူတွေကို ရှင်းလင်းကြ…”
“အမိန့်နာခံလျက်ပါ…” အလုံးစုံကောင်းကင်ဘက်မှ ကျင့်ကြံသူဒါဇင်ကျော်သည် ချက်ခြင်း ပျံသန်းထွက်လာကြ၏။ သူတို့က အလံများကို ဖမ်းယူကာ သူတို့၏ အဖွဲ့များကို ဦးဆောင်၍ မျှော်စင်ပေါ်မှ ခုန်ဆင်းလာသော အလုံးစုံမှ ကျင့်ကြံသူများရှိရာသို့ ဦးတည်ဝင်ရောက်သွားတော့သည်။
ခဏအကြာတွင် တုန်ဟီးသံ လက်နက်ရတနာများ၏ အသံများသည် ကြယ်များကြား၌ ပဲ့တင်ထပ်၏။
ရှန်ကုန်းမိသားစုခေါင်းဆောင်သည် အလံငယ်ဆယ့်နှစ်ခုကျော်ကို ဖမ်းဆုပ်ကာ ပစ်လွှတ်၏။ သူက အော်ပြောလိုက်ပြန်သည်။ “ကောင်းကင်အဆင့် ကောင်းကင်ဘုံသား(၃၆)ယောက်…လမြွေနဂါးရဲ့ ချိပ်ပိတ်ခံရမှုကို ချိုးဖျက်ဖို့ ငါ့ကို ကူညီကြ…” သူက ထိုသို့ အော်ပြောလိုက်ရင်း လမြွေနဂါးအား ချိပ်ပိတ်ထားသည့်နေရာသို့ တဟုန်ထိုး ထွက်သွားသည်။သူ့နောက်၌ ကျင့်ကြံသူများသည် အုပ်စုဖွဲ့၍ လိုက်ပါလာကြသည်။ထိုသူများကြားထဲ၌ ခေါင်းကြီးကောင်လေးလည်း ပါဝင်သည်။
“ရှုမူ…မင်းတို့လေးယောက်က ငါ့ကို စောင့်ကြပ်ပေးထား…” လီယွမ်ဇီက ဝမ်လင်း၊တော်ဝင်ဝတ်စုံနှင့်အမျိုးသမီး၊အနက်ရောင်ဝတ်စုံနှင့်အဘိုးအို၊ အဖြူရောင်ဝတ်စုံနှင့်လူငယ်တို့ကို ဝေ့ကြည့်သည်။ သည့်နောက် သူက သစ်သားပိုင်းကြီးပေါ်၌ ထိုင်ချလိုက်၏။
သစ်သားပိုင်းကြီးသည် တုန်ခါလာ၏။၎င်းက ကောင်းကင်ထက်၌ ရပ်တန့်သွားသည်။လီယွမ်ဇီက ထိုင်လျက်ကနေ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ သူ့မူလစိတ်ဝိညာဉ်သည် ဝုန်းခနဲ ထွက်ပေါ်လာ၏။ သူ့မူလစိတ်ဝိညာဉ်၏ အပြင်ပိုင်း၌ တိုက်ပွဲစာလိပ်သုံးခု ရှိနေကြသည်။၎င်းစာလုံးများက သူ့အား ဝန်းပတ်ထားသည်။
လီယွမ်ဇီ၏မူလစိတ်ဝိညာဉ်သည် စာလိပ်သုံးလိပ်ထဲမှ တစ်ခုအပေါ်သို့ လက်ညွှန်ကာ နတ်ဘုရားအာရုံလှိုင်းတစ်ခုကို စေလွှတ်သည်။
ထိုနတ်ဘုရားအာရုံ ပျံ့နှံ့လာသည်နှင့် လျိုဖုဆယ့်ခုနစ်ခုထဲမှ တစ်ခုသည် ရုတ်တရက် ပေါက်ကွဲသွားကာ သွေးပုံရိပ်တစ်ခု လှမ်းထွက်လာသည်။
ထိုသွေးပုံရိပ်မှာ သွေးဖြင့် ပြုလုပ်ထားသည့် လူတစ်ယောက်ဖြစ်သည်။၎င်း ပေါ်လာသည်နှင့် မာန်သွင်းကာ တိုက်ပွဲထဲသို့ ဝင်ရောက်သွား၏။ သွေးနတ်ဘုရားနှင့်သူ့အပေါင်းအပါများသည်လည်း အားမနေပါချေ။ မိစ္ဆာနက်သူတော်စင်နှင့် တိမ်နဂါးနတ်ဆိုးသူတော်စင်တို့က သွေးနတ်ဘုရားနှင့်အပေါင်းအပါများကို တိုက်ခိုက်နေကြသည်။နှစ်ဖက်လုံးသည် တိုက်ပွဲတစ်ဖန် ပြန်စ၏။နှစ်ဖက်လုံးအဖို့ ပြတ်ပြတ်သားသား အနိုင်ရဖို့သည်လည်း ခက်ခဲလွန်းသည်။
သွေးလူက သွေးနတ်ဘုရားနှင့် မိစ္ဆာနက်သူတော်စင်တို့ တိုက်ပွဲနေရာသို့ ဦးတည်သွား၏။ သွေးလူ ရောက်ရှိလာသည်နှင့် မိစ္ဆာနက်သူတော်စင်သည် သနားစဖွယ် အခြေအနေသို့ ဆိုက်ရောက်ကာ နောက်သို့ ဆုတ်ရသည်။
လီယွမ်ဇီ၏ မူလစိတ်ဝိညာဉ်သည် တုန်ယင်နေ၏။သည့်နောက် သူက ချက်ခြင်း ထိုင်ချကာ ပြန်ကောင်းမွန်အောင် အားဖြည့်သည်။ သူ့ကျင့်ကြံမှုအဆင့်က အရှင်းမီးတောက်တို့လောက် အားမကောင်းလှသော်လည်း အလုံးစုံကောင်းကင်နှင့်မဟာမိတ်တို့ကြား စစ်ပွဲအတွင်း၌ သူ့အဆင့်အတန်းသည် အရေးပါလှသည်။
သည်လျိုဖုဆယ့်ရှစ်ခုကို သူ့ကျန်းမိသားစုက မပိုင်ဆိုင်ပေ။ သို့သော် သူ့ကျန်းမိသားစုသာလျှင် ၎င်းတို့ကို ထိန်းချုပ်နိုင်သည့် မန္တာန်ရှိ၏။ ကျန်းမိသားစု၏ လူအနည်းငယ်ကသာ ၎င်းမန္တာန်ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ထိုမန္တာန်သည် တိုက်ပွဲစာလိပ်များ၏ အမွေအနှစ်နှင့် နားလည်မှုဉာဏ်အလင်းတို့မှ ဖြစ်ပေါ်လာခြင်းပင်။
ထိုကိစ္စက ရှုပ်ထွေးလှသော်လည်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များထဲမှ တစ်ခု ဖြစ်နေသည်။
“ကျန်းမိသားစုက လူကို လျိုဖုသွေးလုံးတွေနဲ့ မထိစေနဲ့…”
သို့သော် ထိုလျှို့ဝျက်ချက်မှာ မဟာမိတ်နှင့် စစ်ပွဲအတွက် ပြင်ဆင်ချိန်အတွင်း ပေါက်ကြားသွားခဲ့သည်။အရှင်မီးတောက်၊ရှောင်မိသားစုဘိုးဘေး၊ကုန်စွန်းမိသားစုမှ သက်လတ်ပိုင်းလူ၊ အခြားမွန်းစတားအိုကြီးများက လီယွမ်ဇီကို လျိုဖုဆယ့်ရှစ်ခုအား ထိန်းချုပ်ခွင့် ပြုရန် ဆုံးဖြတ်ခဲ့ကြပေသည်။
လီယွမ်ဇီ၏ မူလစိတ်ဝိညာဉ်က အနည်းငယ် ပြန်ကောင်းမွန်လာသည်နှင့် နောက်ထပ်တိုက်ပွဲစာလိပ်တစ်ခုထံသို့ လက်ညွှန်ပြန်သည်။
သူ့နတ်ဘုရားအာရုံက ထိုတိုက်ပွဲစာလိပ်ထဲသို့ ဝင်ရောက်သွားကာ အံ့မခန်းလှိုင်းတစ်ခုအဖြစ် ပြောင်း၍ ကြယ်များကြား၌ ရိုက်ခတ်သည်။ ကျန်နေသည့် လျိုဖုဆယ့်ခြောက်ခုမှ တစ်ခုသည် မရေမတွက်နိုင်သော သွေးစက်များ အဖြစ်သို့ ပေါက်ကွဲပြီး နောက်ထပ် သွေးလူတစ်ယောက် ထွက်ပေါ်လာပြန်သည်။
ထိုသွေးလူက မာန်သွင်းကာ ရှန်းကုန်းမိသားစုဘိုးဘေး ရှိနေသော နေရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
မဟာမိတ်ကျင့်ကြံသူများကြား၌ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးက မျက်မှောင်ကြုတ်၏။သူမ၏ လက်ဖြင့် ရှေ့သို့ ညွှန်သည်။ဘီလူးနတ်ဆိုးကလန်ဝင်များထဲမှ တစ်ယောက်က မာန်ဟိန်း၍ ရှေ့သို့ ထိုးတက်သွား၏။ထိုကလန်ဝင် သယ်ဆောင်လာသည့် ကျင့်ကြံခြင်းဂြိုဟ်မှာ ကြီးမားလှခြင်း မရှိပေ။သာမန်ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး၏ တစ်ရာခိုင်နှုန်းမျှသာ ရှိ၏။သို့သော် မည်သို့ပင်ဖြစ်စေ ဘီလူးနတ်ဆိုးကလန်ဝင်သည် ထိုဂြိုဟ်နှင့် ယှဉ်ပါက မထင်မရှား ဖြစ်သွားရသည်။သို့သော်လည်း ဘီလူးနတ်ဆိုးကလန်ဝင်က မြန်ဆန်လှ၏။ သူက ပြေးလာနေရင်း လက်သီးတစ်လုံး ပစ်သွင်းသည်။ထိုအခါ ကျင့်ကြံခြင်းဂြိုဟ်မှာ ကျန်နေသေးသည့် လျိုဖုဆယ့်ငါးခုပေါ်သို့ ချေမွပစ်ရန် ကျရောက်လာတော့၏။
ထိုကျင့်ကြံခြင်းဂြိုဟ်ပေါ်၌လည်း အဘိုးအိုတစ်ယောက် ရှိနေ၏။ သူက လျိုဖုဆယ့်ငါးခုထံသို့ ကျင့်ကြံခြင်းဂြိုဟ်နှင့်အတူ ချဉ်းကပ်လာနေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။
သို့သော် သင်သည် လျိုဖုနားသို့ ပို၍ နီးလာလေလေ ဖိနှိပ်မှုအားသည် ပို၍ ပြင်းထန်လာလေပင်။အဘိုးအို၏အသွင်က အလေးအနက် ဖြစ်လာ၏။ သူက လျိုဖုဆယ့်ငါးခုနားသို့ မြန်ဆန်စွာ ချဉ်းကပ်နေဆဲပင်။
ဘီလူးနတ်ဆိုးကလန်ဝင်ကမူ မာန်သွင်း၍ လီယွမ်ဇီရှိရာသို့ ဦးတည်ဝင်လာ၏။
လီယွမ်ဖီ၏မူလစိတ်ဝိညာဉ်မှာ သစ်သားပိုင်းပေါ်၌ မြောလွင့်နေ၏။ သူက ရုတ်တရက် မျက်လုံးဖွင့်ကာ အော်ပြော၏။ “လျိုဟုန်၊ကျိုးရှန်းထျန်…မင်းတို့နှစ်ယောက် လျိုဖုကို အမြန်ကာကွယ်ကြ…”
***