Switch Mode

အပိုင်း(၉၇၃)

ဂျီရှန်းထျန်

“ရှေ့ဆက်သွားပါ။ မိုးကောင်းကင်ဘုံနယ်မြေအောက်က အဖွဲ့အစည်းကို ဖျက်စီးပစ်။ ငါမင်းကို ခန္ဓာကိုယ်တစ်ခုပေးမယ်။ မင်း လွတ်မြောက်ဖို့အတွက်လည်း ကူညီပေးမယ်…”

ထိုသတင်းစကားသည် ရှေးဟောင်းနတ်ဘုရားဘာသာစကား၏ ဆိုလိုရင်း ဖြစ်သည်။

လမြွေနဂါးကြီး၏ စိတ်ရှုပ်ထွေးမှုသည် ပြန်ကြည်လင်လာ၏။ ဟိန်းမြည်သံသည် တဖြည်းဖြည်း လျော့ပါးသွားသည်။၎င်းက အမှန်တကယ်ပင် သစ်သားပိုင်းကြီးရှေ့သို့ ထိုးတက်သွား၏။

အကွအဝေးတစ်ခုမှ ကြည့်ပါက လမြွေနဂါးကြီး၏ ခန္ဓာကိုယ်ကြီးနှင့် မရေမတွက်နိုင်သော လက်တံများသည် ကြယ်များကို ခြုံလွှမ်းထားသည် တိမ်ခိုးများနှင့်ပင် တူနေသေး၏။

လီယွမ်ဇီက ဝမ်လင်းကို ကြည့်၏။ သူက ကျောက်စိမ်းပြားထဲမှ အသံထွက်ပေါ်လာသည့်အခါ ဝမ်လင်း၏ အမူအရာ ပြောင်းသွားသည်ကို တွေ့သည့်နောက် သံသယဝင်သွားမိသည်။

ဝမ်လင်းသည် နှစ်ထောင်ချီ ကျင့်ကြံခဲ့သူ ဖြစ်ကာ ဉာဏ်များလှ၏။ သူသည် မတတ်သာသည်နှင့် မချင့်ပြုံးပြုံးကာ ပြောလာသည်။ “ဒီသားရဲက ခုထိ ရန်ငြှိုးကို ဆုပ်ကိုင်ထားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ငါက ယောင်မိသားစုဝင်တွေကို သတ်ဖို့ ၎င်းရဲ့ စွမ်းအားကို ငှားယမ်းခဲ့ဖူးတယ်။ ဒီသားရဲက ငါ့ကို မြင်တဲ့အခါမှာ ဒီအဖြစ်ကို မှတ်မိနေသေးတာပဲ…”

လီယွမ်ဇီက ခေါင်းညိတ်ပြ၏။ သူက ပြောလာသည်။ “ဒီတိုက်ပွဲအဆုံးသပ်သွားရင် ငါ့ရှိလာပြီး ကျန်တဲ့ တိုက်ပွဲစာလိပ်တွေကို ကြည့်ဖို့ မမေ့ပါနဲ့…”

ဝမ်လင်းက တလေးတစား ပြန်ဖြေ၏။ “ဂျူနီယာ သိပါပြီ…”

ရှန်ကုန်းမိသားစုက ရုတ်တရက် စကားပြောလာ၏။ “ရှုမူ…ရှန်ကုန်းဟူရဲ့ တာအိုကို ထုတ်ပေးပါ…”

ဝမ်လင်းသည် စဉ်းစားသွား၏။ ခဏအကြာတွင် သူသည် တုံ့ဆိုင်းခြင်းမရှိ သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်ရာ ရှန်ကုန်းဟူတာအို ပျံသန်းထွက်လာသည်။ ရှန်ကုန်းမိသားစုက ၎င်းကို ဖမ်းယူလိုက်ပြီး သိမ်းဆည်း၏။ သူသည် ဝမ်လင်းနှင့် ပတ်သတ်၍ ဘာတစ်ခုမှ ထပ်မပြောတော့ဘဲ ရှေ့တည့်တည့်သို့သာ ကြည့်နေတော့သည်။

လမြွေနဂါးကြီး လမ်းကြောင်းရှင်းခြင်းမှာ မြန်ဆန်လွန်းလှ၏။ ၎င်း၏ မရေမတွက်နိုင်သော လက်တံများသည် လမ်းတစ်လျှောက် တွေ့ကြုံသည့် မဟာမိတ်မှ ကျင့်ကြံသူများကို ခြုံလွှမ်းပတ်ထွေးပစ်သည်။ ထိုသို့ ခြုံထွေးခံရသည့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် ခြောက်သွေ့ကာ မံမီများကဲ့သို့ ဖြစ်ကုန်သည်။ထို့နောက် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် ထိုမံမီများနှင့် သူတို့၏ရတနာများကို ယူဆောင်ကာ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ကြသည်။

လမြွေနဂါးကြီး မြောက်ပိုင်းနယ်မြေသို့ ဦးတည်သွားပြီးနောက် သစ်သားပိုင်းကြီးသည် နောက်ကနေ နီးကပ်စွာ လိုက်ပါလာသည်။

လမြွေနဂါးနှင့်သစ်သားပိုင်းကြီးတို့သည် ကျင့်ကြံသူများ၏ ရတနာများထက်ပင် များစွာ ပိုမြန်ဆန်သည်။သူတို့၏အမြန်နှုန်းသည် တည်နေရာရွှေ့ပြောင်းခြင်းနှင့်ပင် နှိုင်းယှဉ်နိုင်နေ၏။ သူတို့က အသံပေါက်ကွဲမှုများ ဖြစ်စေ၍ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနေသည်။

ဤအခိုက်၌ မဟာစစ်ပွဲတစ်ခုသည် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတွင် စတင်လေသည်။

မူလတုန်းက သူတော်စင်လေးပါးထဲမှ မိစ္ဆာနက်သူတော်စင် ဦးဆောင်လာသည့် မဟာမိတ်မှ ကျင့်ကြံသူများသည် အခြေအနေကောင်းလှ၏။ အနောက်ပိုင်းနယ်မြေကို ဖျက်စီးကာ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူမြောက်များစွာကို သတ်ပစ်နိုင်ခဲ့ကြသည်။

ထို့အတွက်ကြောင့် မဟာမိတ်အဖွဲ့အစည်းသည် ကြယ်အဖွဲ့အစည်းနှစ်ခုကြား ပထမဆုံး စစ်ပွဲကြီး၌ အလေးသာနေခဲ့သည်။

သို့ရာတွင် အရှင်မီးတောက်က တန်ပြန်တိုက်ခိုက်မှုနှင့် လျိုဖုဆယ့်ရှစ်တို့က ချက်ခြင်းပင် မြောက်ပိုင်းနယ်မြေ၏ အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့သည်။မဟာမိတ်မှ ကျင့်ကြံသူများသည် လျိုဖုဆယ့်ရှစ်၏ ဖိနှိပ်မှုကို ခံထားရသည်။ထိုမျှသည် ပြဿနာကြီး မဟုတ်လှသေးပေ။ အကြီးမားဆုံး ပြဿနာမှာ သီးသန့်ရှိနေကြသော အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် သစ်သားပိုင်းကြီးဖြင့် အရံအတားကို ချိုးဖျက်လာခဲ့ခြင်းပင်။

ထိုအခါ အလုံးစုံကောင်းကင်ဘက်မှ အတော်လေး အရေးသာလာခဲ့သည်။

မိစ္ဆာနက်သူတော်စင်၏အသွင်က သုန်မှုန်နေ၏။သူသည် အရှင်မီးတောက် ဆန္ဒရှိသလို လုပ်ဖို့ အဘယ်သို့ ခွင့်ပြုနိုင်ပါ့မည်နည်း။သို့ရာတွင် သူ့အား ပိတ်ဆို့ထားသည့် သွေးနတ်ဘုရားသည် ကျင့်ကြံမှုအဆင့် မြင့်မားလှ၏။ သူတို့နှစ်ယောက် တိုက်ခိုက်နေရင်း သူတို့၏ မန္တာန်ပေါက်ကွဲမှုများသည် မြေကမ္ဘာကိုပင်တုန်ဟီးစေနိုင်၏။ကြယ်များကြား၌ တုန်ခါပေါက်ကွဲများ ပဲ့တင်ထပ်ကုန်စေသည်။

ထိုပေါက်ကွဲမှုလှိုင်းများ သက်ရောက်ခြင်းခံရသည့် မည်သည့်ကျင့်ကြံသူမဆို သေဆုံးသွားရလိမ့်မည်။

“ရောင်းရင်းကျင့်ကြံသူ…တိုက်ကြတာပေါ့…” မိစ္ဆာနက်က မချင့်ပြုံးပြုံး၍ သူ့ညာလက်ကို ဝေ့ယမ်း၏။ ငါးညှှီနံ့များ လှိုင်နေသည့် လေပြင်းတစ်ခု ပေါ်လာ၏။ သူ့လက်နှစ်ဖက် လှုပ်ရှားနေရင်း ငါးညှီနံ့လေများသည် သူ့ခန္ဓာကိုယ်ရှေ့၌ ဧရာမဝေလငါးကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ထိုဝေလငါးကြီးသည် ၎င်း၏ ပါးစပ်ကိုဟကာ ရှိုက်သွင်းလာသည်။

လောကရှိ မူလစွမ်းအင်များသည် ထိုဝေလငါးကြီး၏ စုပ်ယူခြင်းကို ခံရပြီးနောက် သွေးနတ်ဘုရားကို တိုက်ခိုက်လာသည်။

တစ်ချိန်တည်းမှာပင် အထက်ကနေ ခရမ်းရောင်အလင်းတိုင်လုံးတစ်ခု သက်ဆင်းလာ၏။

ထိုအလင်းတိုင်လုံးထံမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။ထိုလူမှာ သက်လတ်ပိုင်းအရွယ်ရှိကာ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူက ကြည့်ကောင်းလှ၏။သူ ထွက်ပေါ်လာသည်နှင့် နဂါးနှစ်ကောင်၏ ပုံရိပ်များသည် သူ့အားလှည့်ပတ်ရင်း မာန်ဖီနေသည်။

“အရှင်မီးတောက်…ငါ သင့် နာမည်ကို ဟိုးအချိန်တွေတုန်းက ကြားခဲ့ဖူးပါတယ်။ဒီအဘိုးအိုက မဟာမိတ်အဖွဲ့အစည်းရဲ့ သူတော်စင်အသစ်တွေထဲက တစ်ယောက်ဖြစ်တဲ့ တိမ်နဂါးနတ်ဆိုးသူတော်စင်ပဲ…”

အရှင်မီးတောက်၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သို့သော် သူက မတိုက်ခိုက်ပေ။ သို့ရာတွင် ရှေးဟောင်းကျင့်ကြံခြင်းမိသားစုများမှ ဘိုးဘေးများသည် လှုပ်ရှားလာသည်။ သူတို့ထဲမှ သုံးယောက်သည် တိမ်နဂါးနတ်ဆိုးသူတော်စင်ထံသို့ တိုးဝင်သွားကြ၏။

“ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းရဲ့ သူတော်စင်လေးပါးလုံးဟာ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ဝွေ ဖြစ်ကြတယ်။ သွေးနတ်ဘုရားရဲ့ ကျင့်ကြံမှုအဆင့်ကို သေချာမဆုံးဖြတ်နိုင်ပေမဲ့ သူတစ်ယောက်တည်းနဲ့ဆိုရင် ဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ ကိုင်တွယ်နိုင်စွမ်း ရှိလိမ့်မယ်။အခြားရောင့်ရင်းသုံးယောက်ကတော့ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တွေ ဖြစ်ကြတယ်အတွက် ကိုင်တွယ်နိုင်ရုံမျှသာ ဖြစ်တယ်။ ဒါပေမဲ့လည်း ဒီလူတွေက ဒီတိုက်ပွဲမှာ စွမ်းအားအကောင်းဆုံးလူတွေ မဟုတ်သေးဘူး…”

အရှင်မီးတောက်၏ မျက်လုံးသည် တလက်လက် ဖြစ်နေ၏။သို့သော် သူက တိမ်နဂါးနတ်ဆိုးသူတော်စော်ကို ကြည့်ပင် မကြည့်ပေ။ထိုအစား သူက လေဟာနယ်ထဲသို့ စူးစိုက်ကြည့်၍ တည်ငြိမ်စွာ ဆို၏။ မဟာမိတ်အဖွဲ့အစည်းရဲ့ သူတော်စင်လေးပါးက ဘယ်တော့မှ တကိုယ်တည်း မလှုပ်ရှားကြဘူး။ “ဂျီရှန်းထျန်…မင်း ဘာကြောင့် ပုန်းနေသေးတာလဲ…”

အရှင်မီးတောက်က ထိုသို့ ပြောလိုက်ရင်း ရှေ့သို့ တိုးသွားသည်။သူက လျိုဖုဆယ့်ရှစ်ခုဘေးနား၌ ပေါ်လ၏။ ထို့နောက် သူ့လက်နှစ်ချောင်းကို ရှေ့သို့ ကြမ်းတမ်းစွာ ညွှန်၏။

ကြယ်များကြားက‌နေ ရှတတ ရယ်သံတစ်ခု ပေါက်ကွဲထွက်လာ၏။ မရေမတွက်နိုင်သော အက်ကြောင်းများ အရှင်မီးတောက်ညွှန်လိုက်သည့်နေရာတွင် ပေါ်လာ၏။ ကျောက်စိမ်းလို ဖြူစွတ်နေသည့် လက်တစ်ဖက်လည်း ထွက်ပေါ်လာ၏။ တောက်ပလှသည့် လက်ဝါးသည် အရှင်မီးတောက်၏ လက်ချောင်းတိုက်ခိုက်မှုများနှင့် တွေ့ဆုံသွား၏။

ဘန်း…။

မြောက်ပိုင်းနယ်မြေတစ်ခွင် တုန်ခါသွားသည်။ အရှင်မီးတောက်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြတ်ပြေးသွားသည်။ သူက နောက်သို့ အမြန်ဆုတ်၏။နောက်ထပ်ပုံရိပ်တစ်ခုသည်လည်း အက်ကွဲကြောင်းထဲကနေ ထွက်လာရ၏။ထိုပုံရိပ်မှာ မိန်းမတစ်ယောက်အသွင်နှင့် ဆင်တူ၏။ထိုလူထွက်ပေါ်လာသည်နှင့် သူက ချက်ခြင်း အော်ပြောလာ၏။

“အရှင်မီးတောက်…မင်းက ပြန်လာဖို့ သတ္တိရှိနေသေးတယ်ပေါ့…”

ထိုအသံသည် ရှတလှ၏။ အံ့မခန်းမူလစွမ်းအင်လှိုင်းလည်း အသံထဲ၌ ပါဝင်သည်။

ထိုအသံ ထွက်ပေါ်လာသည့်အခါ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် တုန်ယင်ရသည်။အချို့သည် သွေးပင် အန်ထုတ်ရ၏။အချို့က ထိုအသံကြောင့် ချက်ခြင်း သေဆုံးရသည်။

လျိုဖုဆယ့်ရှစ်ခုထဲမှ တစ်ခုပင် ရုတ်တရက် ဤခပ်ရှရှအသံအောက်၌ ပျက်စီးသွားရသည်။

“ဂျီရှန်းထျန်….မတွေ့ရတာ ကြာလှပြီ။ မင်းက အခုထိ မိန်းမလိုမိန်းမရ ဖြစ်နေတုန်းပဲ…”

အရှင်မီးတောက်က တည်ငြိမ်နေ၏။သူက သူ့ညာလက်ကို ဝှေ့ယမ်းသည်။သည်ဧရိယာ၌ အဆုံးမဲ့မီးတောက်များ ချက်ခြင်း ခြုံလွှမ်းလာသည်။၎င်းမီးတောက်များက ပျံ့နှံ့လာရင်း အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကို ကီလိုမီတာငါးထောင်ကျော်အထိ လွင့်စင်သွားစေသည်။

၎င်းက ကီလိုမီတာ ငါးထောင် ဖြစ်သော်လည်း လျိုဖု၏ ဖိနှိပ်မှု အဝန်းအဝိုင်းထဲ၌ ရှိနေဆဲပင်။ သည်လိုနည်းဖြင့် မဟာတိုက်ပွဲကြီးတစ်ခု စတင်လေ၏။ မဟာမိတ်နှင့်အလုံးစုံမှ ကျင့်ကြံသူများသည် သူတို့၏ သေခြင်းရှင််ခြင်းတိုက်ပွဲများကို အစပြုတော့သည်။

ထိုအရာက ကဗြောင်းကဗျန် ဆန်လှသည့် တိုက်ပွဲပင်။ လူတစ်ယောက်သည် အနည်းငယ် ပေါ့ဆသည်နှင့် ချက်ခြင်း သေဆုံးသွားနိုင်သည်။ မူလတုန်းက အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် မဟာမိတ်ကျင့်ကြံသူများ၏ ပြိုင်ဘက်မဟုတ်ခဲ့။ သို့သော် လျိုဖု၏ သက်ရောက်မှုကြောင့် အခြေအနေသည် ပြောင်းပြန် ပြန်ဖြစ်သွားခဲ့၏။

ထို့အတွက်ကြောင့် မည်သူက အနိုင်ရမည်ကို ပြောဖို့ ခက်ခဲသွားသည်။

လက်နက်ရတနာများ၏ ပေါက်ကွဲမှုက ပြည့်နှက်နေ၏။ သည် ရှုပ်ထွေးလှသည့် တိုက်ပွဲအတွင်း၌ နှစ်ဖက်လုံးသည် သတ်ဖြတ်နေကြ၏။အကွာအဝေးတစ်ခု၌ မဟာမိတ်ကျင့်ကြံသူတစ်ယောက်သည် သွေးအန်ကာ နောက်ဆုတ်၏။ သို့သော် သူ ပေတစ်ရာလောက်သို့ ဆုတ်လိုက်ပြီးနောက် ဘယ်နေရာက တိုးဝင်လာမှန်း မသိသည့် ဓားတစ်လက်သည် သူ့ရင်ဘက်ကို ဖောက်ထွက်သွားသည်။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူ သုံးယောက်၏မျက်လုံးတို့မှာ နီရဲနေ၏။ သူတို့၏ ကျင့်ကြံမှုအဆင့်ကို အသက်သွင်းကာ လက်နက်ရတနာများကို ထိန်းချုပ်ထားကြသည်။ သူတို့က မန္တာန်တစ်ခု အသုံးပြုနေစဉ်မှာပင် အလင်းတန်းတစ်ခုသည် သူတို့သုံးယောက်အား ထွင်းဖောက်သွား၏။ထိုသုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတော့သည်။

ထိုအလင်းတန်းက လူတစ်ယောက်အသွင်သို့ ပြောင်းသွား၏။သူ့အသွင်က သုန်မှုန်နေသည်။ သူက သူ့လျှာကို သပ်လိုက်ပြီးနောက် ရှေ့ဆက်သွားရန် ဟန်ပြင်စဉ် သွေးအလင်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားသည်။ထိုသူသည် အထိတ်တလန့် အော်ဟစ်လိုက်ရ၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် သွေးအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သွေးနတ်ဘုရားနှင့် မိစ္ဆာနက်သူတော်စင်တို့သည် တိုက်ခိုက်နေကြရင်း ဖြတ်ကျော်သွားခြင်းကြောင့်ပင်။

အချို့လူများ သေဆုံးသွားတိုင်း သွေးများသည် လျိုဖုဆယ့်ခုနစ်ခု၏ စုပ်ယူခြင်းကို ခံရ၏။ အချို့မူလစိတ်ဝိညာဉ်များပင် လျိုဖုဆယ့်ခုနစ်ခု၏ စုပ်ယူခြင်းကို ခံရ၏။

အချိန်တိုင်းလိုလို ကျင့်ကြံသူများ သေဆုံးနေကြသည်။နှစ်ဖက်လုံးရှိ ကျင့်ကြံသူ ထောင်သောင်းချီသည် ဤနေရာတွင် စုစည်းနေ၏။ ထိုတိုက်ပွဲကြီးကို မိုးမြေတုန်ဟီးစေသည်ဟု ဆိုနိုင်၏။ သွေးများစွားသည် လျိုဖု၏ စုပ်ယူခြင်းကို ခံရသည်။

မရေမတွက်နိုင်သော လက်နက်များ၏ အလင်းတို့မှာ တလက်လက် ဖြစ်နေကြ၏။ မာန်သွင်းသံများ ဆူညံနေ၏။ သည်နေရာက သေဆုံးခြင်းကုန်းမြေတစ်ခု ဖြစ်လာခဲ့တော့သည်။

သွေးများစွာနှင့် မူလစိတ်ဝိညာဉ်များမှာ လျိုဖုဆယ့်ခုနစ်ခု၏ စုပ်ယူခြင်းကို ခံရ၏။ထိုအဖြစ်က ၎င်းလျိုဖု တို့ကို ပို၍ နတ်ဆိုးဆန်လာစေသည်။တိုက်ပွဲမှ ပို၍ ရက်စက်ပြင်းထန်လာသည်နှင့်အမျှ မိုးကြိုးတုန်ဟီးသံများ၊အက်ကွဲကြောင်းများ ဖြစ်ပေါ်လာနေ၏။

တိုက်ပွဲကွင်းပြင်၏ အလယ်၌ အရှင်မီးတောက်၏ မီးတောက်များမှာ မွန်းစတား ဆန်လှ၏။ သူ့မျက်နှာချင်းဆိုင်တွင် ဂျီရှန်းထျန် ရှိနေသည်။သူ့ထံမှ အဆုံးမဲ့အေးစိမ့်မှုကို ပေးစွမ်းကာ အက်ကွဲသံများကို ဖန်တီးနေ၏။

အဆုံးမဲ့အက်ကွဲသံများနှင့်အတူ မရေမတွက်နိုင်သော ရေခဲလွှာများ ပေါ်လာ၏။ ၎င်းရေခဲလွှာတို့က အထပ်ထပ်ဖြစ်ကာ အထက်သို့ ထိုးတက်နေသည်။ဂျီရှန်းထျန်သည် ထိုရေခဲလွှာများနှင့် ဝန်းရံထားရင်း အရှင်မီးတောက်ကို ရင်ဆိုင်နေသည်။

“အရှင်မီးတောက်…လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီတဲ့အချိန်တုန်းက တိုက်ပွဲမှာ ငါတို့က မင်းကို ထွက်ပြေးခွင့် ပြုခဲ့တယ်။ဒီနေ့ ကျုံးရွှမ်ဇီ မရှိရင်တောင် ငါက မင်းကို ဒီနေရာမှာ အခု သတ်ပစ်မယ်…” ဂျီရှန်းထျန်၏ ရှတတအသံသည် ရေခဲဓားသွားအလားပင်။ အဆုံးမဲ့ အေးစိမ့်မှုနှင့် သတ်ဖြတ်ခြင်းဆန္ဒတို့က ယင်းအသံထဲ၌ ပြည့်နှက်နေ၏။

သည်ဂျီရှန်းထျန်က ဆွဲညှို့နိုင်စွမ်းရှိသည့် အမျိုးသမီးတစ်ယောက်နှင့်တူ၏။ သို့သော် သောချာကြည့်ပါက သူ့ရင်ဘက်သည် ပြားချပ်နေသည်ကို တွေ့ရမည်။သူက ယောက်ျားတစ်ယောက်သာ ဖြစ်ကြောင်း ပေါ်လွင်နေ၏။

အရှင်မီးတောက် သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထဲသို့ ညွှန်၏။ လောက၏မူလစွမ်းအင်သည် အရူးအမူး စုစည်းလာကာ သူ့လက်ထဲ၌ အဖြူရောင်မီးတောက်လုံး တစ်ခု ပေါ်လာသည်။ သူက ဂျီရှန်းထျန်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။ “ငါ ထွက်သွားခဲ့တုန်းက တနေ့ ငါ ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်။ငါက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ကို ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်…”

ထိုအခိုက်၌ အနောက်ပိုင်းနယ်မြေတွင် လမြွေနဂါးကြီးက ရှေ့က၊ သစ်သားပိုင်းက နောက်ကနေ ရွှေ့လျားနေရင်း ၎င်းတို့သည် မြောက်ပိုင်းနယ်မြေနှင့် နီးကပ်လာသည်။

ထိုသစ်သားပိုင်းကြီးပေါ်၌ ဝမ်လင်းသည် ရှေ့တည့်တည့်သို့ ကြည့်၏။ ဝမ်လင်း၏မျက်လုံးထဲ၌ မသေချာမှုတို့ ရှိနေ၏။ အထူးသဖြင့် သူက လမြွေနဂါးကြီးကို ကြည့်မိသည့်အခါ၌ ဖြစ်သည်။

“ရှေးဟောင်းနတ်ဘုရားကလေးငယ်…” ဝမ်လင်း၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတစ်ခု မသိမသာ ဖြတ်ပြေးသွားလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset