မိုးကြိုးဟိန်းမြည်သံများသည် လောက၌ ပဲ့တင်ထပ်လာသည်။မိုးကြိုးတန်းများသည် ဝမ်လင်းရှေ့၌ သက်ဆင်းလာ၏။ ထိုအခါ ပုံရိပ်ယောင်အရိပ်များအားလုံးသည် ပျက်စီးသွားသည်။
ကျိုးထျန်၏မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ အနက်ရောင်လိုင်းများ ပေါ်လာပြီး သူက အော်ပြောသည်။ “စိတ်ဝိညာဉ်…သတ်…”
သူ ထိုစကားကို ဆိုလိုက်သည်နှင့် အနက်ရောင်ပုံစံကွက်တစ်ခုသည် သူ့မျက်နှာကနေ ထွက်လာသလား မှတ်ထင်ရ၏။ အနက်ရောင်ကွင်းတစ်ခုသည် သူ့ဦးခေါင်းထက်၌ ချက်ခြင်း ပေါ်ထွက်လာပြီး အရူးအမူး ပျံ့နှံ့သည်။
၎င်းက မြန်ဆန်စွာ ပျံ့နှံ့ရင်း ဝမ်လင်းအနားသို့ ချက်ခြင်းလိုလို ရောက်ရှိသွားသည်။ဝမ်လင်းသည် ရှောင်ပင် မရှောင်ဘဲ ကျိုးထျန်အနားသို့ တိုးဝင်သွားသေး၏။
အနက်ရောင်ကွင်းသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိမိသည့်အချိန်၌ ၎င်းသည် မရေမတွက်နိုင်သော ပါးရှရှ အမျှင်တန်းများအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သို့သော် ၎င်းအမျှင်တန်းများသည် အတွင်းပိုင်းသို့ မဝင်ရောက်နိုင်ခင်မှာပင် ဝမ်လင်း၏ တချက်လှုပ်ခါမှုကြောင့် ပျက်စီးကြေမွသွားရသည်။
ဝမ်လင်း၏ တိုးဝင်လာသည့်အမြန်နှုန်းမှာ လျော့ကျသွားခြင်း မရှိပါ။သူက ကျိုးထျန်ရှေ့သို့ ရောက်လာပြီး လက်သီးတစ်လုံး ပစ်သွင်းသည်။
ကျိုးထျန်၏အသွင်က ပြောင်းလဲသွား၏။ သူက နောက်ဆုတ်ရင်း သူ့သိုလှောင်အိတ်ကို ပုတ်သည်။ ခရမ်းရောင်အလင်းလုံးတစ်ခု သူ့လက်ထဲ၌ ပေါ်လာလာချင်း သူက ၎င်းကို ချေမွပစ်သည်။ခရမ်းရောင်အလင်းသည် ကျိုးထျန်ကို ချက်ခြင်း ခြုံလွှမ်းပေးသွား၏။
တစီစီအသံများ ထွက်ပေါ်လာရင်း ခရမ်းရောင်အလင်းမှာ ပျက်စီးလာ၏။ကျိုးထျန်၏ခန္ဓာကိုယ်သည် နောက်သို့ ပိုမိုမြန်ဆန်စွာ ဆုတ်နေသည်။
ကျိုးထျန်သည် နောက်ဆုတ်နေရင်း ဝမ်လင်းမှာ ခြေတစ်လှမ်းလှမ်း၍ လောကနှင့်တသားတည်း ပေါင်းစပ်၏။ သူ ပြန်ပေါ်လာသည့်အခါ၌ ကျိုးထျန်ဘေးနားသို့ ရောက်လာ၏။သူက ပေါ်လာသည်နှင့် ညာခြေထောက်ဖြင့် ကျိုးထျန်အား ကန်ချပစ်သည်။
ထိုကန်ချက်မှာ မြန်ဆန်လှ၏။ ပြင်းထန်လှ၏။ ၎င်းကန်ချက်မှာ ချက်ခြင်း ကျိုးထျန်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ကျိုးထျန်၏ခန္ဓာကိုယ်သည် ချက်ခြင်း ပေါက်ကွဲကာ ပျက်စီးသွား၏။၎င်းက သွေးမြူအဖြစ်သို့ ပြောင်းလဲသွား၏။သို့သော် လေဟာနယ်ထဲမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာချေသည်။ ခရမ်းရောင်အရိပ်တစ်ခုသည် လေဟာနယ်ထဲကနေ ထွက်လာရင် ဝမ်လင်းရှိရာသို့ တရကြမ်းတိုးဝင်လာသည်။
“ငါ ကျိုးထျန်…ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ရမယ်…” မိန်းမဆန်သည့်အသံသည် ထွက်ပေါ်လာရင်း ခရမ်းရောင်အရိပ်များသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ရှိရာသို့ ဦးတည်သွားသည်။
သို့ရာတွင် ထို ခရမ်းရောင်အရိပ်များ ဝမ်လင်း၏မူလစိတ်ဝိညာဉ် အနားသို့ ရောက်လာသည့်အခါ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်မှာ ၎င်း၏မျက်လုံးကို ဖွင့်၏။ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သည် ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းကာ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထား၏။ ထိုဖြစ်ပေါ်မှုက အံ့မခန်း တန်ပြန်အားကို ဖြစ်စေသည်။
ခရမ်းရောင်အရိပ်များ မူလစိတ်ဝိညာဉ်ကို သိမ်းပိုက်ရန် တိုးဝင်လာသည့်အခိုက် ၎င်းတို့သည် ထိုတန်ပြန်အားနှင့် တွေ့ဆုံကြသည်။ ထိတ်လန့်တကြား အော်သံများ ထွက်ပေါ်၏။ ထိုအရိပ်များသည် သူတို့၏ ရန်သူကို တွေ့ရသည့်အလား ဝမ်လင်း၏ခန္ဓာကိုယ်ထဲကနေ အမြန်ထွက်ခွာလိုကြသည်။
သို့သော် ၎င်းတို့ ထွက်ခွာရန် ပြင်စဉ်မှာပင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ရောက်ရှိလာ၏။ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် ၎င်း၏ ပါးစပ်ကိုဟကာ ရှိုက်သွင်းသည်။အရိပ်များထဲမှ အချို့သည် လွတ်မြောက်နိုင်ခြင်း မရှိဘဲ ဝမ်လင်း၏ ဝါးမြိုခြင်းခံရ၏။
ဝမ်လင်းသည် ခုလက်ရှိ၌ ခရမ်းရောင်အခိုးငွေ့များနှင့် ခြုံလွှမ်းနေ၏။ ပိုမိုများပြားသည့် ခရမ်းရောင်အခိုးငွေ့များသည် သူ့ခန္ဓာကိုယ်ထဲကနေ ထိုးထွက်၍ သူနှင့် ပေတစ်ရာအကွာတွင် ပုံရိပ်ယောင်ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းဖွဲ့စည်းသည်။
“ငါ့မန္တာန်ရဲ့ စွမ်းအားကို မင်းအပေါ်မှာ စမ်းသပ်ကြည့်ရမယ်…” ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ သူက တည်ငြိမ်စွာ ဆိုသည်။ “ဆန်းကြယ်လက်နက်…”
ဝမ်လင်း၏ ကောင်းကင်ဘုံအမြုတေကနေ ကောင်းကင်ဘုံမူလစွမ်းအင်အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ညာလက်၌ လာရောက်စုဝေးသည်။ ၎င်းက ရွှေရောင်ဘဲဥပုံအသွင် ဖြစ်ပေါ်နေ၏။ဝမ်လင်းက ၎င်းကို ပစ်လွှတ်သည်။ထိုအခါ လောက၌ ရွှေရောင်အလင်းစက်များဖြင့် ပြည့်နှက်လာသလား ထင်မှားရသည်။
ချက်ခြင်းပင် သည်နေရာရှိ ဟင်းလင်းပြင်မှာ တုန်ခါ၍ မရေမတွက်နိုင်သော ရွှေရောင်အလင်းစက်များသည် ပုံရိပ်ယောင်အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်း ဆန်းကြယ်လက်နက် မန္တာန်ကို အသုံးပြုလိုက်ခြင်းပင်။ ထိုအရိပ်များအားလုံးသည် ဝမ်လင်း သတ်ခဲ့သော သူအားလုံး၏ အရိပ်များ ဖြစ်ကြ၏။ထိုသူတို့မှာ လောက၏ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင်ရောက်နိုင်ဘဲ ဝမ်လင်း၏ ငရဲဆယ့်ရှစ်ထပ်အလွှာမှာ ချိပ်ပိတ်ခြင်း ခံထားရသည်။
အခု သူတို့ ပေါ်လာသည့်အခါ ပြင်းထန်လွန်းသော မကျေမချမ်းအော်ရာသည် လောက၌ ပြည့်လာသည်။
ကျိုးထျန်က သူ့ရှေ့ရှိ အရာအားလုံးကို ကြည့်နေ၏။သူ့စိတ်က တုန်ယင်နေသည်။ သူ့မျက်လုံးထဲ၌ တုန်လှုပ်ကြောက်ရွှံ့မှုတို့ ပြည့်လာသည်။
ထိုပုံရိပ်ယောင်ပုံရိပ်အားလုံးသည် ကျိုးထျန်ကို အကြောက်အလန့် မဖြစ်သွားစေသော်လည်း သူတို့ထဲမှ တချို့သည် သူ့ကို ပင့်သက်ရှိုက်မိသွားစေသည်။
အနက်ရောင်မြူများ ဝန်းရံထားသည့် သုန်မှုန်စွာရှိနေသော လူတစ်ယောက် ရှိ၏။ ထိုပုံရိပ်သည် ပြင်းထန်သောမကျေမချမ်းမှုကို ထုတ်ဖော်ထားသည်။ထိုသူ့ထံမှ အားကောင်းသော တုန်ခါမှုလှိုင်းတစ်ခု ထွက်ပေါ်နေသည်။
“နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူ…” ကျိုးထျန်၏အသွင်သည် သူ့ပတ်လည်သို့ ကြည့်လိုက်ပြီးသည့်နောက် သုန်မှုန်လာသည်။
ပတ်ဝန်းကျင်၌ ကောင်းကင်ဘုံသား စိတ်ဝိညာဉ်ရာချီလည်း ရှိနေကြသည်။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် မချေမချမ်းမှုတို့ ပေါင်းစပ်ထားမှုက ကောင်းကင်နှင့်မြေကြီးထဲ၌ သတ်ဖြတ်ခြင်း သဘောကို ဆောင်၏။
ကျိုးထျန်သည် ထိုကောင်းကင်ဘုံသားများ၏ ပုံရိပ်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန်နှင့် ပြည့်လာ၏။သူက အထိတ်တလန် ဆိုမိ၏။ “ဒါ…ဒါတွေက ကောင်းကင်ဘုံသားတွေရဲ့ စိတ်ဝိညာဉ်တွေပဲ…”
ယောင်မိသားစုမှ စိတ်ဝိညာဉ်များသည်လည်း အားကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ပေးစွမ်းနေသည်။
“ဒါက ဘယ်လို မန္တာန်မျိုးလဲ။ ကြောက်မက်ဖွယ် ကောင်းလှတယ်။ဒါက စိတ်ဝိညာဉ်မြောက်များစွာကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ရောက်ခွင့် မပြုဘဲ အကျဉ်းချထားနိုင်တယ်လို့ ပြောလို့ရတယ်…” ထိုမြင်ကွင်းသည် ကျိုးထျန်၏စိတ်ကို တုန်လှုပ်စေသည်။
သူက မရေမတွက်နိုင်သော အရိပ်များထဲကနေ သားရဲသံကဲ့သို့ အော်မြည်သံတစ်ခုကို ကြားလိုက်ရ၏။ အရိပ်များအားလုံးသည် ၎င်းအသံကို ကြောက်လန့်လှသည့်အလား လမ်းကြောင်းတစ်ခုကို ဖွင့်ပေးသည်။
အနီရောင်မြူထုတစ်ခုသည် ထိုးထွက်လာ၏။ မည်သည့်အရိပ်မှ ၎င်း၏ လမ်းကြောင်းကို မတားဆီးဝံ့လှပေ။ အနီရောင်မြူများသည် တဝီဝီလှည့်ပတ်ရင်း လူတစ်ယောက်၏အသွင် ပေါ်လာသည်။
ထိုလူသည် သက်လတ်ပိုင်းအရွယ်ရှိ၏။ သူ့တခေါင်းလုံးမှာ ဆံပင်နီများနှင့် ပြည့်နေသည်။ သူ့အသွင်သည် ကြမ်းကြုတ်လှ၏။မဖော်ပြနိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာ သူ့ခန္ဓာကိုယ်ကနေ ပျံ့လွင့်နေ၏။
ထိုဆံပင်နီနှင့်လူ ပေါ်ထွက်လာသည့်အခါ၌ ကျိုးထျန်သည် ခဏတာ မင်သက်သွားစေသည်။သည့်နောက် သူက အံ့မခန်းကြောက်ရွှံ့မှုကို ခံစားမိသည်။
ထျန်ယွမ်ဂြိုဟ်ရဲ့ သွေးဘိုးဘေး…” ကျိုးထျန်၏ဦးရေပြားပင် ထုံထိုင်းသွားသည်။သူက ချက်ခြင်းပင် နောက်သို့ ဆုတ်၏။ သူသည် ရှုမူကို သတ်မည့် အတွေးကို ပယ်ဖျက်လိုက်တော့၏။သူက ရှုမူကို မသတ်လိုခြင်း မဟုတ်ပါ။သူသည် မသတ်နိုင်ခြင်းသာ ဖြစ်သည်။
သူက နိဗ္ဗာနကြိုမြင်ခြင်းအလယ်ပိုင်းအဆင့် ရှိသော်လည်း သည်ရှုမူမှာ ထူးဆန်းလှ၏။
ထို့အပြင် သူသည် သွေးဘိုးဘေးကိုလည်း သိထား၏။
“သွေးဘိုးဘေးက နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမဲ့ သူက ရှုမူရဲ့ သတ်ဖြတ်ခြင်းကို ခံရတယ်။ ငါ ဒီလူ့ကို မခုခံနိုင်ဘူး။ ထွက်ပြေးမှ ဖြစ်မယ်…”
ဝမ်လင်းသည် ကျိုးထျန်ကို ညွှန်၏။ သူသည် တည်ငြိမ်စွာ ဆိုသည်။ “ဒီလူ့ကို ငရဲရှစ်ထပ်အလွှာထဲ ထည့်သွင်းလိုက်…”
သူက ထိုသို့ ပြောလိုက်ပြီးနောက် စိတ်ဝိညာဉ်များထံမှ ထိန်းမနိုင်သိမ်းမနိုင် အော်ငြီးသံများ ထွက်ပေါ်လာတော့သည်။ အထူးသဖြင့် အနီရောင်မြူထုနှင့် ဝန်းရံထားသော သွေးဘိုးဘေးထံမှပင်။ ချက်ခြင်း သူက ကျိုးထျန်နားသို့ ရောက်ရှိသွားသည်။
ကျိုးထျန်၏မျက်နှာသည် ဖြူရောသွားသည်။သူက ချက်ခြင်း နောက်ဆုတ်၏။ သို့သေ်ာ သည်အခိုက်၌ ယောင်မိသားစုဝင်နှင့် ကောင်းကင်ဘုံရာချီသည် သူ့အား ဝန်းရံသွားသည်။ သူတို့သည် ကျိုးထျန်၏ နောက်ဆုတ်မည့်လမ်းကြောင်းကို လုံးဝ ချိပ်ပိတ်ပစ်ထားတော့သည်။
မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများကလည်း အပြင်ဘက်စီး၌ ဝန်းရံထားသည်။ သူတို့အားလုံးသည် အော်ငြီးသံလှိုင်းများကို ထုတ်လွှတ်နေ၏။ ကျိုးထျန်၏မျက်လုံးတို့သည် ရူးသွပ်မှုနှင့် ပြည့်လာသည်။ သူသည် စိတ်ဝိညာဉ်များ၏ တာအိုကို လေ့လာရင်း တဘဝလုံး ကုန်ဆုံးခဲ့သူပင်။ သည်အခိုက်၌ ဟိန်းသံတစ်ခု ထွက်ပေါ်လာရင်း သူ့လက်နှစ်ဖက်သည် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေသည်။သူသည် သူ့ရင်ဘက်ပေါ်သို့ ညွှန်ကာ သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပျက်စီးသွားသည်။ မရေမတွက်နိုင်သော ပုံရိပ်ယောင်အရိပ်များသည် အရပ်မျက်နှာအနှံ့၌ ပျံဝဲလေသည်။
ကျိုးထျန်၏ စိတ်ဝိညာဉ်တာအိုသည် ပြီးပြည့်စုံလုနီးပါး အဆင့်သို့ ရောက်လာချိန်မှစ၍ သူ့ခန္ဓာကိုယ်သည် မတည်ရှိတော့ပေ။ သူမူလစိတ်ဝိညာဉ်ပင် စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထား၏။ ထိုသို့သောနည်းဖြင့် သူသည် သူ့သတ်ကွက်များကို အမှန်အကန် ထုတ်ဖော်နိုင်ခဲ့သည်။ လူတစ်ယောက်သည် သူ့ထက် မြင့်မားသည့် ကျင့်ကြံမှုအဆင့် ရှိလျှင်ပင် သတိမမူမိသည်နှင့် သူ့ အလစ်တိုက်ကွက်များအောက်၌ ကျဆုံးသွားနိုင်သည်။
သူသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုခဲ့၏။သို့သေ်ာ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကြောင့် သူသည် ပြန်ကန်ထွက်ခဲ့ရာ အနည်းငယ်ပင် ဒဏ်ရာ ရခဲ့သည်။ပုံမှန်အားဖြင့် ထိုအရာသည် ပြဿနာမဟုတ်ပေ။ သို့သော် သူသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှာ ကြမ်းတမ်းလှမည်ဟု မမျှော်လင့်ထာခဲ့ပေ။
ထို့အတွက်ကြောင့် သူသည် နောက်ဆုတ်ခဲ့သည်။သူသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲကနေ ထွက်၍ မန္တာန်တစ်ခု ထပ်မံ အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် သူသည် သူ့စဉ်းစားဉာဏ်ပင် ဆုံးရှုံးသွားစေသည့် ဝမ်လင်း၏မန္တာန်ကို တွေ့မြင်လိုက်ရခြင်းပင်။
သည်အခိုက်၌ သူ့စိတ်ထဲတွင် ပူပန်နေ၏။ သူသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ခွဲထွက်ကာ ထွက်ပြေးလို၏။ သို့သော် သွေးဘိုးဘေးသည် ညစ်ကျယ်ကျယ်ပြုံးကာ သွေးမြူများနှင့် ခြုံလွှမ်းထား၏။ သွေးဘိုးဘေးနှင့်အတူ ကောင်းကင်ဘုံသားရာချီ၊ယောင်မိသားစု တို့သည်လည်း ချက်ခြင်း ထိုးထွက်လာခဲ့ကြသေးသည်။
ကြောက်မက်ဖွယ်အော်ဟစ်သံများ ဖြစ်ပေါ်နေ၏။သွေးဘိုးဘေးသည် ရှေးဦးသားရဲတစ်ကောင် ဖြစ်လာခဲ့ကာ ကျိုးထျန်၏အရိပ်မြောက်များစွာကို ဆွဲယူ၍ မြူထုထဲသို့ ဆွဲသွင်းသည်။
ကျန်သည့် ကောင်းကင်ဘုံသားရာချီသည်လည်း ထိုသို့ တူညီစွာ လုပ်ဆောင်၏။ ချက်ခြင်းလိုလိုပင် ကျိုးထျန်၏ အရိပ်များသည် ဖမ်းဆီးခြင်းခံရလေ၏။ မည်သည့်အရိပ်မျှ လွတ်မြောက်နိုင်စွမ်း မရှိလိုက်ပေ။
***