” အဆင့်မရှိတဲ့ အစေခံတစ်ယောက် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားပြီး သူ၏ရှေ့တွင် ရှိနေသော ရုပ်အလောင်းကြီးကို စိုက်ကြည့်နေမိတော့သည်။ သူသည် ထိုရုပ်အလောင်းကြီးဆီမှ အမြုတေအဆင့် ဝိညာဉ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသည်ကို အာရုံခံမိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် ဇဝေဇဝါ ဖြစ်သွားရတော့သည်။
” ဟုတ်တယ်။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ အပြင်အဆင်အရဆိုရင် ဒီနေရာက အစေခံတွေအတွက် ထားထားတဲ့ အပြင်ပိုင်းနေရာပဲ။ အများစုက အမြုတေအဆင့်မှာပဲ ရှိကြတာ။ သူတို့ထဲက တချို့ကတော့ တိုးတက်လာနိုင်တဲ့ အလားအလားတွေရှိပေမယ့် အများစုကတော့ အဆင့်နိမ့် အစေခံတွေပဲ ” မမလေးမှာ အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား မျက်နှာဖုံးအပိုင်းအစကို ဆက်၍ရှာဖွေရန် တိုက်တွန်းလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူမိသွား၏။ သူသည် သံသယများ ဝင်လာရပြီဖြစ်သည်။ မမလေးမှာ ဝမ်ပေါင်လဲ့၏ အတွေးများကို ရိပ်မိသွားဟန်ရှိသောကြောင့် အနည်းငယ်ခန့် မရွှင်မပျဖြစ်သွားပြီး နှာမှုတ်လိုက်၏။
” ဘာလဲ။ နင်က ငါ့ကို မယုံဘူးလား။ ငါက အမှောင်အဆောင်ပစ္စည်းနဲ့တုန်းကပဲ အမှားသေးသေးလေးတစ်ခု မတော်တဆ လုပ်မိတာပါ။ အရင်တုန်းက ငါ့ဆီမှာ အဲဒီအဆောင်ပစ္စည်းနဲ့ တစ်ပုံစံတည်းတူတဲ့ အမှောင်အဆောင်ပစ္စည်းတစ်ခု ရှိတာမလို့ အတူတူပဲလို့ ငါက ထင်လိုက်တာ။ အဲ့တာမလို့ ငါ့ပစ္စည်းဆိုပြီး အထင်လွဲသွားတာ ငါ့အပြစ်လား။ အဲဒီအမှားက လုံးဝ ခွင့်မလွှတ်နိုင်လောက်အောင် ဆိုးရွားနေလို့လား ”
” ဟွန်း။ ဒီနေရာက အဆင့်နိမ့်အစေခံတွေရဲ့နေရာလို့ ငါကပြောရင် လက်ခံလိုက်ပေါ့။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီ မီးပင်လယ်ကြီးပေါ်က ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ပင်မကျွန်းလို့ နင်တို့ခေါ်နေတဲ့ ကျွန်းကြီးက အပြင်ပိုင်းဒေသတွေထဲမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ အပြင်စည်းဂိုဏ်းတစ်ခုသာသာအဆင့်ပဲ ရှိတာ ”
” နင် ဒီကိုရောက်လာကတည်းက ငါက စုံစမ်းထားပြီးသား။ တချို့အရာတွေ ပြောင်းလဲသွားခဲ့ပေမဲ့ ဒီနေရာကြီးက အရင်လိုမျိုး ကျန်ရစ်နေခဲ့တုန်းပဲ။ တကယ့် ကျယ်ပြန့်တာအိုနန်းတော်အစစ်က နေမင်းကြီးကို ထိုးဖောက်သွားခဲ့တဲ့ ဓားရဲ့ ကိုယ်ထည်ပိုင်းထဲမှာ ရှိတာ။ တကယ့် ဂိုဏ်းအစစ်က အဲ့မှာ။ ဒါပေမဲ့ လက်ရှိအခြေအနေတွေအရဆိုရင်တော့ အဲဒီနေရာမှာလည်း အပျက်အစီးတွေက လွဲပြီးတော့ တခြားဘာမှ မရှိလောက်တော့ဘူး ”
” ဒါပေမဲ့ ဂိုဏ်းရဲ့အမြုတေ အကောင်းပတိအတိုင်း ရှိနေသရွေ့ ကျယ်ပြန့်တာအိုနန်းတော်က ပျက်သုဉ်းသွားမှာမဟုတ်ဘူး။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ အမြုတေက ဓားထိပ်ပိုင်းမှာရှိတာ။ ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ထာဝရကြယ်အဆင့်နဲ့ ဂြိုဟ်အဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေတင် မကဘူး ကြယ်နယ်မြေအဆင့်မှာပါရှိတဲ့ ခေါင်းဆောင်ကြီးတွေ အဲဒီအပိုင်းမှာ ရှိနေလောက်သေးတယ်။ သူတို့က ဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် အနားယူနေကြတာ ဖြစ်မှာ ”
မမလေး၏စကားကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးသွားရတော့သည်။ ထိုအခါ မမလေးမှာလည်း ဝမ်ပေါင်လဲ့၏ ခံစားချက်များကို ရိပ်မိသွားပြီး သူ၏ အံ့အားသင့်မှုများကို သတိထားမိသွားသဖြင့် သူမကိုယ်သူမ ကျေနပ်သွားသည့်ပုံပင်။ သူမသည် အမှောင်အဆောင်ပစ္စည်းနှင့် ပတ်သတ်သည့် ကိစ္စကြီးကြောင့် အရှက်ရနေခဲ့သဖြင့် လတ်တလောအတွင်းတွင် သူနှင့် စကားသိပ်မပြောခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ အခွင့်အရေးတစ်ခု ပေါ်ပေါက်လာပြီဖြစ်ရာ သူမသည် လက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် ချောင်းဟန့်လိုက်ပြီး အတွေ့အကြုံအပြည့်ရှိသော လူတစ်ယောက်၏ လေသံဖြင့် တည်ကြည်စွာ ဆက်ပြောလိုက်၏။
” အံ့သြသွားလား။ ဘာမှ အံ့သြစရာတော့မရှိပါဘူး။ အတိတ်တုန်းက ဒီနေရာမှာ သာမန်လူတွေနဲ့ ငါတို့ရဲ့ အစေခံတွေပဲ နေထိုင်ကြတာလေ။ ပြီးတော့ အဲဒီ မြဲ့လျဲ့ကျိတို့လို လူတွေကိုလည်း ငါ တစ်ခါမှ မမြင်ဖူးဘူး။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ အရဆိုရင် ရှေးဟောင်းဓားကြီး နေမင်းကြီးထဲ စိုက်မဝင်သွားခင်တုန်းက သူတို့တွေက အတွင်းစည်းဂိုဏ်းသားတွေအဆင့်မှာ ရှိနေခဲ့လောက်တယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူတို့တွေက အလားအလာ သိပ်မရှိတဲ့ ဂိုဏ်းသားတွေထဲမှာတောင် ပါတယ် ”
” ဒါပေမဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံလိုက်ရတော့ ဓားထိပ်ပိုင်းမှာရှိတဲ့ အကြီးအကဲကြီးတွေ သတိမေ့သွားခဲ့ပြီး ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ပင်မဂိုဏ်းကြီးလည်း ပျက်စီးသွားခဲ့တာ။ ဂိုဏ်းသားစုစုပေါင်းရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော်က သေရင်သေ မသေရင်လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာ။ အဲ့တာမလို့ သူတို့သုံးယောက်က အကြီးအကဲတွေနေရာမှာ တာဝန်ယူထားကြတာ ဖြစ်လောက်တယ်။ သူတို့က တာအိုနန်းတော်ကြီးကိုလည်း ပြန်ဆောက်ခဲ့ရတာ။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူတို့သုံးယောက်က ကျယ်ပြန့်တာအိုနန်းတော်အတွက် အများကြီး အကူအညီပေးခဲ့တယ်လို့ သတ်မှတ်လို့ရပါတယ်။ အကြီးအကဲကြီးတွေ ပြန်လည်နိုးထလာတဲ့အချိန်ကျရင် သူတို့က ထာဝရဝိညာဉ်အဆင့်ကနေ ဖောက်ထွက်ပြီးတော့ ဂြိုဟ်အဆင့်ကို ရောက်သွားလောက်တယ် ”
ထိုအချက်အလက်များမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ထပ်ပြူးသွားရပြန်သည်။ သူသည် သူ၏စိတ်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားခဲ့သည့်တိုင်အောင် မြဲ့လျဲ့ကျိနှင့် အခြားသူများ၏ နောက်ကြောင်းရာဇဝင် အစစ်အမှန်ကို သိလိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားရဆဲပင်။
” သူတို့က အတွင်းစည်းဂိုဏ်းသားအဆင့်မှာပဲ ရှိတာတဲ့လား ” ဝမ်ပေါင်လဲ့မှာ ပင့်သက်များ ရှိုက်မိသွား၏။ ထို့နောက် သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ရုတ်တရက် မေးလိုက်၏။
” မမလေး။ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ မမလေးက ဘယ်သူလဲ ”
” ငါလား။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီးက အိပ်ရာကနိုးလာလို့ ငါ့ကို မြင်လိုက်ရရင် ငါ့ကို အကြီးအကဲကြီးလို့ နှုတ်ဆက်ရမှာ။ အဲတော့ ငါ ဘယ်သူလို့ နင်ထင်တုံး ” မမလေးမှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ပြန်မေးလိုက်၏။
ဝမ်ပေါင်လဲ့မှာ သူမ၏စကားများကြောင့် နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့သြတုန်လှုပ်သွားရသဖြင့် အဝေးတစ်နေရာသို့ ရီဝေဝေနှင့် ငေးကြည့်နေမိတော့သည်။ သူ့ကိုယ်သူပင်လျှင် မည်သည့်အရာကို ကြည့်နေမှန်း မသိနိုင်လောက်အောင် ဖြစ်နေရ၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် ရုတ်တရက်ဆိုသလို ပေါင်ကိုလက်ဖြင့်ရိုက်ကာ ဆိုလိုက်၏။
” မမလေး။ ကျွန်တော်က မမလေးရဲ့ မောင်ဆိုတော့ ဒီမှာဆိုရင် ကျွန်တော်ကလည်း အကြီးအကဲကြီးတစ်ယောက် ဖြစ်နေမှာလား။ ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်လောက်အရေးပါမှန်း အခုမှပဲ သိရတော့တယ်ဗျာ။ မြဲ့လျဲ့ကျိနဲ့ သူ့အပေါင်းအပါတွေကို ကျွန်တော် အပြည့်အဝ မယုံတာ ခက်တယ်ဗျာ။ အဲလိုသာမဟုတ်လို့ ကျွန်တော် သူတို့ကို အမှန်အတိုင်း ပြောပြလိုက်မယ်ဆိုရင် သူတို့တွေအကုန်လုံး သွေးပျက်သွားလောက်တယ် ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် ဆိုလိုက်ပြီး ရှေ့သို့လှမ်းကာ မမလေးလက်ညှိုးထိုးပြခဲ့သည့် နေရာသို့ ပြေးသွားလိုက်ပြီး ရှာဖွေနေလိုက်တော့သည်။
သူသည် မမလေးအပေါ် ပို၍ ဂရုစိုက်ရမည်ဖြစ်ကြောင်း နားလည်သွား၏။ သူမအတွက် သူ အကောင်းဆုံးလုပ်ပေးနိုင်သည့် အရာမှာ ထိုအပိုင်းအစလေးအား တွေ့အောင်ရှာ၍ သူမအား ပျော်ရွှင်အောင်ထားရန်ပင် ဖြစ်သည်။ သူမပြောခဲ့သည့် စကားများထဲ၌ မုသားများပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဝမ်ပေါင်လဲ့မှာ ဂရုစိုက်နေစရာမလိုပေ။ သူ ကြုံတွေ့ဖူးခဲ့သမျှ အဖြစ်အပျက်များနှင့် ချိန်ဆကြည့်လိုက်မည်ဆိုပါက မမလေးမှာ တစ်စိတ်ကို တစ်အိတ်လုပ်၍ ပြောနေခဲ့သည် ဆိုလျှင်တောင် သူမပြောခဲ့သည့် စကားများမှာ အမှန်အတိုင်း ဖြစ်နေလောက်ပေသည်။
” မမလေးက တကယ့်ကို အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလောက်တယ် ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ သူသည် မမလေးနှင့် ပူးပေါင်းခဲ့သည်မှာ အချိန်အကြာကြီးရှိနေပြီဖြစ်ရာ ယခုတွင်လည်း ထိုအတိုင်းသာ ဆက်၍ ပူးပေါင်းနေသင့်ကြောင်း ဆုံးဖြတ်လိုက်၏။ အမှန်တွင် သူ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်မလာခင်အချိန်အထိ သူမနှင့် ပူးပေါင်းထားနိုင်ပါက အကောင်းဆုံးပင်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း နှလုံးသားထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွား၏။ ထို့နောက် သူသည် အရှိန်မြှင့်တင်ကာ မမလေး ညွှန်ပြခဲ့သည့်နေရာသို့ ဖြည်းဖြည်းနှင့်မှန်မှန် ချဉ်းကပ်သွားလိုက်၏။ သူသည် ထိုနေရာသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။
သူသည် သူ၏ရှေ့တွင် ဧရာမ ခေါင်းကြီးတစ်လုံးကို မြင်လိုက်ရခြင်းဖြစ်၏။ ၎င်းမှာ ဘေးတစောင်း လဲကျနေပြီး သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
ထိုခေါင်းကြီးမှာ မမလေးနှင့် တစ်ထေရာတည်းတူနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာမိသွားတော့သည်။ ထို့နောက် သေသေချာချာ ကြည့်လိုက်သောအခါမှ ၎င်းမှာ ရုပ်ထုကြီးတစ်ခုဖြစ်နေပြီး ခပ်လှမ်းလှမ်းတွင် ထိုရုပ်ထုကြီး၏ အခြားအစိတ်အပိုင်းများ ပြန့်ကျဲနေသည်ကိုလည်း မြင်လိုက်ရသည်။
” တော်တော် တရားလွန်တာပဲကွ ” ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားရပြီး ချက်ချင်းဆိုသလိုပင် အမျက်ချောင်းချောင်း ထွက်နေသည့်ပုံ ပေါက်သွားတော့သည်။
” ဘယ်ကောင်လဲကွ။ ငါ အချစ်ရဆုံး မမလေးရဲ့ ရုပ်ထုကို ဘယ်ကောင်က ဒီလိုလုပ်ပစ်တာလဲ။ စိတ်မပူပါနဲ့ မမလေး။ ကျွန်တော် အဲ့ကောင်ကို တွေ့အောင်ရှာပြီးတော့ မမလေးရဲ့ ရုပ်ထုကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့အတွက် သင်ခန်းစာကောင်းကောင်း ပေးလိုက်ပါ့မယ် ” ဝမ်ပေါင်လဲ့မှာ အားမာန်အပြည့်ဖြင့် ကြိမ်းဝါလိုက်၏။ ထို့နောက် သူသည် ရှေ့သို့လျှောက်လှမ်းသွားပြီး နှလုံးသားထဲ၌ တဆစ်ဆစ်နာကျင်နေသည့်ပုံဖြင့် ရုပ်ထုကြီး၏ ဦးခေါင်းရှေ့တွင် မတ်တတ်ရပ်နေလိုက်တော့သည်။
မမလေးမှာလည်း ဝမ်ပေါင်လဲ့နှုတ်မှ အဆက်မပြတ်ထွက်လာသော မြှောက်လုံးပင့်လုံးများကြောင့် ကျေနပ်အားရနေတော့သည်။ သူမသည် ဝမ်ပေါင်လဲ့၏ စကားများမှာ ယုံ၍မရကြောင်း သိထားပါသော်လည်း သူ၏ သစ္စာစောင့်သိမှုအား အသိအမှတ်ပြုသည့် အမူအရာဖြင့် ချောင်းဟန့်ပြလိုက်၏။
ဝမ်ပေါင်လဲ့သည်လည်း မမလေးမှာ စိတ်ကျေနပ်နေသည်ဖြစ်ကြောင်း အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် ဆက်လက်ရှာဖွေလိုက်ပြီးနောက် နောက်ဆုံးတွင် တစ်စစီကြေမွနေသော ကျောက်ပြားကြီးတစ်ပြားအောက်၌ လက်သည်းခွံ အရွယ်အစားရှိသည့် အပိုင်းအစလေးတစ်ခုကို ရှာတွေ့လိုက်တော့သည်။ သူသည် ၎င်းအား မျက်နှာဖုံးနှင့် အတူတကွ ပေါင်းစည်းလိုက်ပြီးနောက် အလောတကြီး မေးမြန်းလိုက်၏။
” မမလေး။ ကျွန်တော်တို့ရဲ့ အိမ်ထဲမှာ တခြား အဖိုးတန်ရတနာတွေ ရှိနေသေးလား။ ဆေးလုံးတို့ ဘာတို့လို ပစ္စည်းတွေပေါ့။ ဘယ်နားမှာ ထားထားလဲဆိုတာ မမလေး မှတ်မိသေးလား။ အဲဒီပစ္စည်းတွေ တခြားသူတွေရဲ့လက်ထဲ ရောက်သွားလို့မဖြစ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် အရင်ဆုံးဦးအောင် ယူထားမှဖြစ်မယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်တိုးတက်နှုန်း ပိုမြန်လာလေလေ မမလေးအတွက် ပိုပြီးတော့မြန်မြန် လက်စားချေပေးနိုင်လေလေပဲ။ ဟုတ်တယ်မလား ”
” စိတ်မပူပါနဲ့။ ငါက အပြင်ပိုင်းဒေသတွေကိုပဲ မသိတာ။ ဓားကိုယ်ထည်အပိုင်းထဲမှာရှိတဲ့ ပင်မ ကျယ်ပြန့်တာအိုနန်းတော်ကြီးကိုတော့ ကျွမ်းပြီးသား။ ငါတို့တွေ တစ်နည်းနည်းနဲ့ အဲ့ကို သွားကြတာပေါ့။ အဲ့အချိန်ကျရင် နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ တိုးတက်လာနိုင်အောင် ငါ ကူညီပေးလို့ရပါတယ်။ ဘာမှ အပန်းမကြီးဘူး ” မမလေးမှာ ထိုအပိုင်းအစလေးနှင့် ပေါင်းစည်းလိုက်ရသဖြင့် ကျေနပ်အားရသွား၏။ သူမ၏ စကားသံမှာမူ အနည်းငယ်ခန့် အေးတိအေးစက်နှင့် မသဲမကွဲဖြစ်သွား၏။ ထိုပေါင်းစည်းမှုမှာ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ အကျိုးသက်ရောက်မှု ရှိနေသောကြောင့် ကျင့်သားရနိုင်ရန် အချိန်အနည်းငယ် ပေးရမည့်ပုံပင်။
မမလေးမှာ သူ့အား ကူညီပေးတော့မည်ဖြစ်ကြောင်း သဘောတူလိုက်သည်ကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ သူသည် သူ၏နောက်တွင် မမလေး ရှိနေသရွေ့ ဤ ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးပေါ်၌ အရာရာအားလုံးမှာ သူ့အတွက် အဆင်ပြေ ချောမွေ့နေလိမ့်မည်ဖြစ်ကြောင်း ခံစားနေရ၏။ သူသည် ကျင့်ကြံခြင်းပညာရပ်များစွာကို မောင်ပိုင်စီးကာ ထိုဓားကြီးထဲမှ ပြန်ထွက်လာပြီး ပြည်ထောင်စုဥက္ကဋ္ဌကြီးအဖြစ်သို့ ရောက်ရှိသွားနိုင်ပေသည်။ အရာအားလုံးမှာ ထမင်းစားရေသောက်အဆင့်သာ ရှိနေမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွလာပြီး လေချွန်ရင်း ထိုနေရာတစ်ဝိုက်တွင် ဆက်၍ရှာဖွေနေလိုက်၏။ သို့သော် သူသည် မည်သည့် အဖိုးတန်ပစ္စည်းကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် အချိန်ကို တွက်ချက်လိုက်ပြီး ဝိညာဉ်လှေကလေးအား ထုတ်ယူကာ ထွက်ခွာသွားတော့သည်။
ထို ဝိညာဉ်လှေကလေးမှာ သက်တံ့တစ်စင်းကဲ့သို့ ပျံထွက်သွား၏။ သူတို့မှာ အဆောက်အဦ အပျက်အစီးများကြားမှ ထိုးထွက်လာကာ မီးပင်လယ်ထဲသို့ ပြန်ဝင်သွားလိုက်ပြီးနောက် ပင်လယ်ရေမျက်နှာပြင် အထက်သို့ ပြန်တက်လာတော့သည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့နှင့် မျက်နှာဖုံးထဲရှိ မမလေးတို့ နှစ်ယောက်စလုံးမှာ စောစောတုန်းက သူတို့ရှာဖွေခဲ့ကြသည့် အဆောက်အဦ အပျက်အစီးများ၏ အတွင်းပိုင်းထဲရှိ တစ်စစီပြိုလဲပျက်စီးနေသော အဆောင်ကြီးတစ်ဆောင်ထဲတွင် လူရိပ်တစ်ခု ရပ်နေသည်ကို သတိမထားမိလိုက်ကြပေ။ ထိုလူကြီးမှာ သူတို့ထွက်ခွာသွားသည်ကို အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။
ထိုလူရိပ်ကြီးမှာ မီတာသုံးဆယ်ကျော် အမြင့်ရှိပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါ၏။ အလယ်တွင်ရှိနေသော ခေါင်းကြီးမှာ တည်ကြည်မှုအပြည့်ရှိကာ ဘယ်ဘက်တွင်ရှိနေသော ခေါင်းကြီးမှာ ငိုကြွေးနေပြီး ညာဘက်တွင်ရှိနေသော ခေါင်းကြီးမှာ ရယ်မောနေ၏။ ထို့ကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာ ကျောချမ်းစရာကောင်းနေတော့သည်။ ၎င်း၏ လက်တစ်ဖက်ချင်းစီတိုင်းမှာလည်း တုတ်ခိုင်ပြီး အလွန်အင်မတန်မှ သန်မာသည့်ပုံပင်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ထိုလူကြီးမှာ အဆုံးမဲ့မျိုးနွယ်စုမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်မည်သာ ဖြစ်သည်။
ထိုကျင့်ကြံသူကြီး၏ အေးစက်စက် မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အဝေးသို့ထွက်ခွာသွားကာ ပျောက်ကွယ်သွားသည့်ကို ငေးကြည့်နေလိုက်ပြီး သူ့အား တားဆီးခြင်းမရှိပေ။ ထို့နောက် သူသည် အဓိပ္ပါယ်ပါပါပြုံးလိုက်၏။
” သူ… သူက တကယ်ကို အသက်ရှင်နေတုန်းပဲ ”
” စိတ်ဝင်စားစရာပဲ… မျက်နှာဖုံးတစ်ခုထဲမှာ ပုန်းနေပြီးတော့ ဒီ ပြည်ထောင်စု ကျင့်ကြံသူတစ်ယောက်ဆီမှာ ခိုအောင်းနေတာပါလား ”
” ကြည့်ရတာ ငါ့ရဲ့အစီအစဉ်တွေကို နည်းနည်းပါးပါး ပြောင်းမှရတော့မယ့်ပုံပဲ… ” အဆုံးမဲ့မျိုးနွယ်စုမှ လျှို့ဝှက်ဆန်းကြယ် လူရိပ်ကြီးမှာ တတွတ်တွတ် ရေရွတ်လိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။