Switch Mode

အပိုင်း(၉၆၆)

ငရဲရှစ်ထပ်အလွှာ

ချင်းရွှေ၏အမွေအနှစ်ကြောင့် ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာပေဖန်၏ လေဆင့်ခေါ်ခြင်း၊မိုးဆင့်ခေါ်ခြင်းနှင့် ဆန်းကြယ်လက်နက် မန္တာန်များကို နားလည်ခဲ့ရသည်။ဆန်းကြယ်လက်နက်သည် အားအကောင်းဆုံး မန္တာန်ဖြစ်လေ၏။

ချင်းရွှေပင် ၎င်းမန္တာန်ကို အတော်လေး နှစ်သက်၏။ ကောင်းကင်ဘုံနယ်မြေ၌ သူ့အား ကျော်ကြားစေခဲ့သော မန္တာန်များထဲက တစ်ခုဟုလည်း ဆို၍ ရသည်။

ဝမ်လင်းသည်လည်း ဆန်းကြယ်လက်နက်မန္တာန်နှင့် ပတ်သတ်၍ အတော်လေး မျှော်လင့်ထား၏။ သူက အသက်ဝဝရှုသွင်းကာ မျက်လုံးမှိတ်သည်။ ချင်းရွှေထံမှ ဆန်းကြယ်လက်နက်အမွေအနှစ်ကို ရှင်းလင်းစွာ နားလည်သွားသည့်နောက် သူသည် ရုတ်တရက် မျက်လုံးဖွင့်၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလအမြုတေသည် စတင် လှည့်ပတ်လာသည်။

၎င်းက လှည့်ပတ်နေရင်း သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံစွမ်းအင်မြောက်များစွာ ဖြတ်သန်းစီးဆင်းနေသည်။သူ့မူလစွမ်းအင်သည် တဖြည်းဖြည်း ဖုန်းကွယ်သွားရင်း သိပ်သည်းသောကောင်းကင်ဘုံမူလစွမ်းအင်များသည် သူ့ခန္ဓာကိုယ်အနှံ့၌ လှည့်လည်လာ၏။

ခုလက်ရှိတွင် ဝမ်လင်းသည် ကောင်းကင်ဘုံမူလစွမ်းအင်မြောက်များစွာကို ပေးစွမ်းနေ၏။ သူက အစစ်အမှန်ကောင်းကင်ဘုံသားတစ်ယောက်အလား။

ခေါင်းကြီးကောင်လေးသည် ထိုအဖြစ်ကို ကြည့်ကာ သက်ပြင်းချမိ၏။ သူသည် ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်ခဲ့ခြင်းမရှိဘဲ သည်ရှုမူထံ၌ ဘာကြောင့် ကောင်းကင်ဘုံမူလစွမ်းအင်တို့ ရှိနေသည်ကို အမြဲတွေးမိ၏။

သို့သော် သူက ထိုသံသယကို မမေးဝံ့ခဲ့ပေ။ဝမ်လင်း ကောင်းကင်ဘုံမူလစွမ်းအင်တို့နှင့် ပြည့်နှက်နေသည်ကို ကြည့်နေရင်း သူက ခါးသီးစွာ ပြုံးမိ၏။သူသည် သူ့နယ်ပယ်ကို ထိုကောင်းကင်ဘုံမူလအတွက် စွန့်လွှတ်ခဲ့ရ၏။သို့သော် ရှုမူမှာ နယ်ပယ်ကော ကာင်းကင်ဘုံမူလစွမ်းအင်ကိုကော ပိုင်ဆိုင်ထားနေ၏။

ဝမ်လင်းသည် ကောင်းကင်ဘုံမူလစွမ်းအင်ကို လှည့်လည်နေရင်း သူသည် ချင်းရွှေထံမှ အမွေဆက်ခံထားသည့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေနေ၏။ ထိုချိပ်တံဆိပ်များမှာ ဆန်းကြယ်လက်နက်အတွက် သီးသန့် ဖြစ်သည်။

ဆန်းကြယ်လက်နက်မန္တာန်ကို အသုံးပြုရန် သင်သည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ဖွင့်လှစ်ကာ သင် သတ်ခဲ့သူများ၏ စိတ်ဝိညာဉ်အပိုင်းစများကို ထုတ်ယူရန် လိုအပ်၏။ သည့်နောက် သင်က သည်စိတ်ဝိညာဉ်အပိုင်းအစများကို ပေါင်းစည်းစေဖို့ အံ့ဖွယ်နေရာလွတ်တစ်ခု ဖြစ်ပေါ်စေရမည်။ ထိုမှသာ ဆန်းကြယ်လက်နက်သည် ဖြစ်ပေါ်နိုင်မည်။

ထိုမန္တာန်၏ စွမ်းအားသည် တစ်ယောက်နှင့်တစ်ယောက် မတူပေ။ ဥပမာအနေဖြင့် ပေဖန် သည်ဆန်းကြယ်လက်နက်မန္တာန်ကို အသုံးပြုချိန်က ယင်းမန္တာန်အစွမ်းသည် ကောင်းကင်ကို အုပ်စိုးကာ လူအနည်းငယ်ကသာ ၎င်းကို တားဆီးနိုင်၏။ ချင်းရွှေ ၎င်းမန္တာန်ကို အသုံးပြုချိန်၌ သတ်ဖြတ်ခြင်း ပြည့်နှက်ကာ လူအများကို ကြောက်ရွှံ့နာခံစေမည်။

ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေနေရင်း သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်တို့သည် သူ့လက်နှစ်ဘက်ကနေ ချိပ်တံဆိပ်များထဲသို့ စီးဝင်၏။ လောကသည် ကောင်းကင်ဘုံမူလစွမ်းအင် အမျှင်တန်းတို့နှင့် ရောယှက်ကာ ဝမ်လင်းရှေ့၌ အရောင်ပြောင်းလဲ၏။ ၎င်းစွမ်းအင်အမျှင်တန်းတို့သည် တဖြည်းဖြည်း လှည့်လည်လာသည်။

အစပိုင်း၌ ထိုလှည့်ပတ်မှုနှုန်းက သိပ်မမြန်ပေ။ သို့သော် ဝမ်လင်းကိုယ်ထဲရှိ ကောင်းကင်ဘုံမူလအမြုတေကို ဗဟိုပြု၍ ပိုမြန်ဆန်လာနေ၏။ ဝဲကတော့သည် မုန်တိုင်းတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်နှင်ပင် တူသည်။

ဝဲကတော့မှာ မြည်ဟိန်းနေရင်း စတင် ချဲ့ကားလာ၏။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းရှေ့၌ ဝဲကတော့သည် ဆယ့်နှစ်ပေကျော်အမြင့်ထိ ဖြစ်ပေါ်လာသည်။ ဝဲကတော့၏ လှည့်ပတ်မှုနှုန်းသည် အထွတ်အထိပ်သို့ ရောက်ရှိလာ၏။

ဝမ်လင်းသာ မသေမျိုးသင်္ချိုင်း၏ ဆယ့်ခုနစ်ခုမြောက်အလွှာတွင် ကောင်းကင်ဘုံမူလစွမ်းအင်တို့ မရရှိခဲ့ပါက သူ့ကောင်းကင်ဘုံအမြုတေသည် လည်ပတ်နိုင်တော့ မည်မဟုတ်ဘဲ ဝဲကတော့မဖြစ်မြောက်ခင်တွင်၌ ပျက်စီးသွားနိုင်၏။

ခုချိန်တွင်မူ သူ့ ကောင်းကင်ဘုံမူလအမြုတေမှာ ကလေးလက်သီးစုပ်ခန့် အရွယ်အစား သို့ရောက်ရှိနေပြီ ဖြစ်၏။ဝမ်လင်းသည် သူ့ ကောင်းကင်ဘုံမူလစွမ်းအင်များ မြန်ဆန်စွာ လျော့ပါးနေသည်ကို ခံစားမိသည်။ သူက ထိုဝဲကတော့မှာ သုံးရက်ထက်ပိုကြာအောင် ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ဟု သိပြီး ဖြစ်၏။

ဝမ်လင်းသည် ယင်းဝဲကတော့မှာ ကောင်းကင်ဘုံမူလစွမ်းအင်နှင့် ဖန်တီးထားသည့် ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခု ကိုယ်တိုင် ဖြစ်မှန်းလည်း သိသည်။ အမှန်တော့ သည်မန္တာန်မှာ သင့်မှတ်ဉာဏ်များ အပေါ်၌ အာရုံစူးစိုက်သည့် မန္တာန်တစ်ခုဟု ဆိုရမည်။ သင့်ကိုယ်ပိုင်မှတ်ဉာဏ်များထဲ၌ ဈဉ်ဝင်စားရင်း သင်သတ်ခဲ့သည့်သူအားလုံး၏ စိတ်ဝိညာဉ်အပိုင်းအစများကို ထုတ်ယူခြင်း မဟုတ်လော။

၎င်းတို့မှာ မှတ်ဉာဏ်များသာ ဖြစ်သော်လည်း မန္တာန်ကို အသုံးပြုချိန်၌ အစစ်အမှန် ဖြစ်လွန်း၏။ထုတ်ယူခြင်းခံရသည့် အချို့စိတ်ဝိညာဉ်များဆိုပါက သူတို့၏ မန္တာန်အချို့ကိုပင် ထုတ်ဖော်နိုင်သေးသည်။

သူက ပို၍ စိတ်ဝိညာဉ်အပိုင်းအစများကို ဆွဲထုတ်ယူလေလေ ကောင်းကင်ဘုံမူလစွမ်းအင် ပို ဆုံးရှုံးရလေ ဖြစ်မည်။သုံးရက်ပြီးသည့်နောက် မအောင်မြင်ခဲ့ပါက သည်ကောင်းကင်ဘုံမူလစွမ်းအင်သည် ကုန်ဆုံးကာ ဝဲကတော့သည် ပျက်စီးသွားပေလိမ့်မည်။

ဝဲကတော့ ပေါ်လာချင်းချင်း ဝမ်လင်း၏ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် သူ့မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်လာပြီး ဝဲကတော့ထဲသို့ ဝင်ရောက်သွားခဲ့သည်။ထိုဝဲကတော့မှာ ဆက်၍ ကျုံ့လာနေ၏။ ၎င်းသည် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားထဲသို့ အမှတ်အသားခပ်နှိပ်သည့်အထိ ကျုံ့သွား၏။

ပတ်ဝန်းကျင်တခုလုံးသည် လုံးဝ ငြိမ်သက်နေသည်။

ဝမ်လင်း၏ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် အချိန်လျှောက်လမ်းတစ်ခုထဲ၌ ဖြတ်သန်း ရွှေ့လျားနေ၏။ယင်းမိုးကြိုးနဂါးသည် တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲလာရင်း လူသားအသွင် ဖြစ်ပေါ်လာသည်။

ချက်ခြင်းပင် အချိန်လျှောက်လမ်းသည် အဆုံးသပ်သွား၏။ ဝမ်လင်း ထိုးထွက်လာချိန်၌ သူ့မျက်လုံးသည် နေအလင်းကဲ့သို့ တောက်ပနေ၏။ဝမ်လင်းသည် ငုံ့ကြည့်လိုက်ရာ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ဟုန်ယွီကလန်ကို တွေ့မြင်သည်။

သူက လူငယ်နှစ်ယောက်ကို တွေ့၏။တစ်ယောက်မှာ ချွေးများရွှဲနစ်နေပြီး ဆွဲငင်ခြင်းမန္တာန်ကို အသုံးပြုနေသည်။အခြားတစ်ယောက်မှာ ထိုဆွဲငင်ခြင်းမန္တာန်ဖြင့် ထိန်းချုပ်ခြင်း ခံထားရသော ဓားမြှောင်ကိုင်ထားသည့် လူငယ်ဖြစ်သည်။ထိုဓားမြှောင်မှာ ကိုင်ထားသူ လူငယ်ကို ပြန်ချိန်ထား၏။

သူက သူ့ခေါင်းကိုယ်သူ ပြန်ခုတ်ပိုင်းချသည်။

ကြောက်မက်ဖွယ်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ဝမ်လင်းသည် စိတ်ဝိညာဉ်အပိုင်းအစတစ်ခု သူ့မူလစိတ်ဝိညာဉ်ထဲသို့ တိုးဝင်လာသည်ကို ရှင်းလင်းစွာ တွေ့မြင်ရသည်။

“ဒီလူက ငါသတ်ခဲ့တဲ့လူ မဟုတ်ဘူးပဲ။ ဘာကြောင့်…” ဝမ်လင်းက စဉ်းစားနေရင်း သူသည် သူ့မူလစိတ်ဝိညာဉ်ထဲမှ ဆွဲထုတ်ယူနေသည့် အား တစ်ခုကို ခံစားမိ၏။ မျက်စိတစ်မှိတ်အတွင် သူ့အမြင်သည် ဝေဝါးသွားသည်။ ခုချိန်၌ သူသည် လမ်းမတစ်ခုပေါ်သို့ ရောက်နေ၏။ သူ့ရှေ့၌ သက်လတ်ပိုင်းလူတစ်ယောက်ကို တိုက်ခိုက်နေသော အနက်ရောင်ဝတ်စုံနှင့် ဆယ်ကျော်သက်အရွယ် တစ်ယောက် ရှိနေ၏။

သိပ်မကြာခင်တွင် ထိုသက်လတ်ပိုင်းလူမှာ သေဆုံးသွားခဲ့သည်။ သက်လတ်ပိုင်းလူဘေးရှိ လူငယ်က သုန်မှုန်စွာ ပြော၏။ “သူက ဂျိမိုရဲ့ တပည့်ပဲ။ ငါတို့ အမြန် ထွက်သွားရအောင်…”

သေဆုံးသွားသည့် သက်လတ်ပိုင်းလူ၏ စိတ်ဝိညာဉ်အပိုင်းသည် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားပြန်သည်။

မြင်ကွင်းသည် နောက်တစ်ဖန် ပြောင်းလဲသွားပြန်၏။ သည်တစ်ကြိမ်၌ တောအုပ်တစ်ခုထဲရှိ လှိုဏ်ဂူတစ်ခု၊ သူက ထျန်လီ၏အခြေခံကို ဝါးမြိုနေသည်။သည့်နောက် ထျန်လီ၏စိတ်ဝိညာဉ်အပိုင်းသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားပြန်သည်။

ကျိုးနိုင်ငံကနေ အလောင်းကောင်ကလန်ထိ မြင်ကွင်းအဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ပြောင်းလဲနေ၏။ သည့်နောက် ကြွယ်မင်တောင်ကြားကနေ ပြင်ပတိုက်ပွဲနေမြေ၊ဟိုဖန်၊သည့်နောက် နတ်ဆိုးပင်လယ် ရှိ မြင်ကွင်းအသီးသီး ဖြစ်ပေါ်ပြန်သည်။

ထို့နောက် ဝမ်လင်းသည် ထျန်မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့သည့် ကျောက်နိုင်ငံသို့ ပြန်ရောက်၏။ ရွှယ်ယင်နှင့်တိုက်ပွဲ၊ မိုးကောင်းကင်ဘုံနယ်မြေ၊ ရွှယ်ယင်နှင့် ဘီလူးနတ်ဆိုးကလန်ဘိုးဘေးတို့ သူ့အား သတ်ဖြတ်ဖို့ လိုက်လာခဲ့ခြင်း။ စွန့်ပစ်ခံမသေမျိုးကလန်နှင့် တိုက်ပွဲပြီးသည့်နောက် ဟင်္သာပြဒါးအုတ်ဂူထဲ၌ အဖြစ်အပျက်။အရာအားလုံးသည် ဝမ်လင်း၏ အတိတ်က ဖြတ်သန်းခဲ့သည့် မြင်ကွင်းများကို ရည်ညွှန်းနေသည့် မှတ်ဉာဏ်မြင်ကွင်းများသာ ဖြစ်တော့၏။

ထျန်ယွမ်ကလန်၊နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၊ ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၊ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၊ဟွမ်မိသားစုဘိုးဘေး၊ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၊ သွေးဘိုးဘေးကို သတ်ဖြတ်ခြင်း၊ ငှက်မွှေးသားရဲ ခန္ဓာကိုယ်အတွင်း ကောင်းကင်ဘုံသားကို သတ်ဖြတ်ခဲ့ခြင်း၊ ယောင်မိသားစုဝင်များကို အလုံးစုံကောင်းကင်အနောက်ပိုင်းနယ်မြေတွင် သတ်ဖြတ်ခဲ့ခြင်း၊ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ကောင်းကင်ဦးစီး ပြိုင်ပွဲတွင် နံပါတ်တစ် ရရှိခဲ့မှု…စသောစသော အကြောင်းအရာများသည် ဝမ်လင်း ဖြတ်သန်းခဲ့သည့် အတိတ်က အကြောင်းအရာ မှတ်ဉာဏ်များပင်။

အဆုံးသပ်၌ သူ့မှတ်ဉာဏ်မြင်ကွင်းများသည် ရပ်တန့်သွား၏။ ဝမ်လင်းသည် မင်သက်မိနေသည်။ သူက သူ့အား ပြင်းထန်သောအားတစ်ခုကို ဆုပ်ကိုင် ဆွဲချသွားသကဲ့သို့ ခံစားမိနေ၏။ သည့်နောက် သူသည် ရုတ်တရက် မျက်လုံး ပြန်ဖွင့်လာသည်။ သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည။ သူက တောင်ပေါ်တွင်ပင် ရှိနေဆဲပင်။

ဝမ်လင်းသည် အတိတ်မှတ်ဉာဏ်မြင်ကွင်းများထဲက နိုးထာသည့်အခိုက်၌ သူ့မျက်ခုံးနှစ်ခုကြားရှိ ဝဲကတော့သည် လှည့်ပတ်နေခြင်း ရပ်တန့်ကာ ကောင်းကင်ဘုံမူလစွမ်းအင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ထဲသို့ တဖန် ဝင်ရောက်သွားသည်။သူ့ခန္ဓာကိုယ်ထဲရှိ လက်သီးစုပ်ခန့် ကောင်းကင်မူလအမြုတေသည် ခုချိန်၌ (၆၀) ရာခိုင်နှုန်းလောက် ကျုံ့သွားပေပြီ။

ဝမ်လင်းသည် သူ့အတိတ်သို့ ပြန်ရောက်ရှိသွားချိန်၌ နောင်တရသလို၊ပူဆွေးမိသလို ခံစားမိသည်။အခုထိပင် သူက အတိတ်မှတ်ဉာဏ်အိပ်မက်များထဲမှ နိုးထလာခဲ့ပြီး ဖြစ်သော်လည်း ကြည်ကြည်လင်လင် မဖြစ်သေးပေ။

“ဘယ်လိုတောင် အားကောင်းလိုက်တဲ့ ကောင်းကင်ဘုံမန္တာန်လဲ…” ဝမ်လင်းသည် သက်ပြင်းချမိ၏။ ကောင်းကင်ဘုံအင်ပါယာပေဖန်၏ ကောင်းကင်ဘုံမန္တာန်သည် မန္တာန်များစွာကို ပေါင်းစည်းထားခြင်း ဖြစ်နေ၏။ ထိုမန္တာန်များ၏ အဆီအနှစ်ဖြင့် ကောင်းကင်ဘုံမန္တာန်အသစ်တစ်ခုကို ဖြစ်ပေါ်စေခြင်းပင်။ သို့သော် ထိုမန္တာန်ကို သင်ယူနိုင်ဖို့ငှာ ဝမ်လင်းသည် ဖြစ်စဉ်များကို တွေ့ကြုံခံစားရမည်။

ဝမ်လင်းသည် စဉ်းစားကြံဆနေ၏။သူသည် ဆန်းကြယ်လက်နက်မန္တာန်၏ ဒုတိယအပိုင်းအတွက် ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပြီး ဖြစြ်သည်။ ၎င်းမန္တာန်ကို ဆင့်ခေါ်ပြီး ဘာပြဿနာမှ မရှိမှန်း သေချာစေပြီးနောက် တစ္ဆေလောကမြစ်သည် ဝမ်လင်းအထက်၌ ပေါ်လာ၏။

တစ္ဆေလောကမြစ်သည် ပျံ့နှံ့လာရင်း မကျေမချမ်းအော်ရာသည် လောကနှင့် ပြည့်နှက်သည်။သို့သော် ဝမ်လင်း၏ထိန်းချုပ်မှုအောက်၌ ထိုမြစ်၏ အဆုံးသပ်အနားနှစ်ဖက်သည် စက်ဝန်းကဲ့သို့ ချိတ်ဆက် ဖြစ်ပေါ်စေသည်။ချက်ခြင်းပင် အော်ရာတစ်ခုသည် ကောင်းကင်ထက်၌ ထိုးတက် ပေါ်ထွက်လာသည်။

ဝမ်လင်းသည် တစ္ဆေလောကမြစ်ကို ကြည့်ကာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်၏။ ၎င်း တံဆိပ်တုံးပေါ်လာသည်နှင့် လေထဲ၌ မြောလွင့်နေ၏။

၎င်းသည် တစ္ဆေလောကမြစ်နှင့် ပေါင်းစည်းသွားသည်။ ရွှေရောင်စာလုံးထောင်သောင်းချီသည် ပေါ်ထွက်လာပြီး တစ္ဆေလောကမြစ်နှင့် ပေါင်းစပ်သည်။တစ္ဆေလောကမြစ်သည် ဆူပွက်လာသည့်အလား တဝီဝီ ဖြစ်လာကာ ရွှေရောင်စာလုံးများ ပေါင်းစည်းချိန်၌ တုန်လှုပ်ဖွယ်ပြောင်းလဲသွား၏။

တစ္ဆေလောကမြစ်သည် ချိပ်တံဆိပ်ထောင်သောင်းချီကို သယ်ဆောင်ရင်း လောက၌ ခြုံလွှမ်း၏။ နောက်ဆုံးတွင် ၎င်းမြစ်သည် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးနှင့် အပြည့်အဝ ပေါင်းစည်းသွားတော့သည်။ ဝမ်လင်းရှိနေသည့် ဂြိုဟ်ပတ်လည်၌ ပြင်းထန်သောဖိအားတစ်ခု ပေါ်လာ၏။ ထိုဖိအားမှာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံမှ ထွက်ပေါ်လာခြင်းသာ။

ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး၏ အသွင်သည် ပြောင်းလဲသွား၏။၎င်းသည် ရွှေရောင် မဟုတ်တော့ဘဲ ပိန်းပိန်းနက်နေ၏။ သို့သော် ပြင်းထန်သောအော်ရာသည် ၎င်းနက်မှောင်မှုကနေ ဖြာထွက် ပျံ့နှံ့သည်။

မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များသည် ဟိန်းသံပေး ရုန်းကန်ကာ တံဆိပ်တုံး အထဲကနေ ထိုးထွက်ရန် ကြိုးစားနေသကဲ့သို့ ထင်ရ၏။

ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ကွင်းများ တံဆိပ်တုံးပေါ်၌ ပေါ်လာကာ အလွှာဆယ့်ရှစ်ခုအဖြစ် ပိုင်းခြားထားခြင်းပင်။

အလွှာတစ်ခုစီသည် သိပ်သည်းသော မကျေမချမ်းအော်ရာကို ပေးစွမ်း၏။ အလွှာ ပို၍ အတွင်းနက်လေလေ မကျေမချမ်းအော်ရာသည် ပို အားကောင်းလေ ဖြစ်သည်။

ထိုအရာမှာ သူ ဆန်းကြယ်လက်နက်မန္တာန်အတွက် ဖန်တီးပြီးခဲ့သည့် ကိုယ်ပိုင်နယ်မြေ ဖြစ်ချေတော့၏။

ပေဖန်၌ အံ့ဖွယ်နယ်မြေ၊ ချင်းရွှေတွင် သတ်ဖြတ်ခြင်းနယ်မြေ ပိုင်ဆိုင်ထား၏။ ဝမ်လင်းတွင် ငရဲဆယ့်ရှစ်ထပ် ပြန်လည်မွေးမွားခြင်းနယ်မြေ ပိုင်ဆိုင်လာခဲ့ပေပြီ။

ကောင်းကင်ဘုံချိပ်တံဆိပ်ကို မြေကြီးထုအဖြစ်၊ ရွှေရောင်ချိပ်တံဆိပ်များကို ချိပ်ပိတ်မှုဖြင့်၊တစ္ဆေလောကမြစ်ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းအဖြစ် တည်၍ မကျေမချမ်းအော်ရာကို ဖြည့်တင်းသည့်အခါ ငရဲဆယ့်ရှစ်ထပ်သည် ပြည့်စုံသွားလေတော့၏။

ထိုဆယ့်ရှစ်ထပ်အလွှာထဲသို့ ပို၍ နက်နက်ဆင်းသက်လေလေ အလွှာအတွင်းထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများသည် ပို၍ အားကောင်းလေ ဖြစ်မည်။ အလွှာ ဆယ့်ငါးခုကနေ ဆယ့်ရှစ်ခု အတွင်း၌ မည်သည့်စိတ်ဝိညာဉ်အပိုင်းအစမှ ရှိမနေသေးပေ။သို့သော် ဆယ့်လေးခုမြောက်အလွှာအတွင်း၌ စိတ်ဝိညာဉ်တစ်ခု ရှိလေ၏။ ထိုစိတ်ဝိညာဉ်အပိုင်းအစမှာ သွေးမြူများနှင့် ဖုံးအုပ်နေရင်း မွန်းစတားဆန်သည့် မကျေမချမ်းမှု ပြည့်နေသည်။ထိုစိတ်ဝိညာဉ်မှာ ဝမ်လင်း သတ်ခဲ့သော သွေးဘိုးဘေးပင် ဖြစ်ချေတော့၏။

မသေမျိုးသင်္ချိုင်းထဲ၌ ဝမ်လင်း သတ်ခဲ့သော ကောင်းကင်ဘုံသားတစ်ရာကျော်၏ စိတ်ဝိညာဉ်အပိုင်းအစများသည် ဆယ့်သုံခုမြောက်အလွှာထဲ၌ ချိပ်ပိတ်ထားသည်။၎င်းတို့သည် လွတ်မြောက်နိုင်ရန် ရုန်းကြွဟစ်အော်နေသည်။သို့သော် ၎င်းတို့မှာ လုံးဝ ချိပ်ပိတ်ခြင်း ခံထားရသည်။

ထိုအလွှာ၌ ဝမ်လင်း သတ်ခဲ့သော ယောင်မိသားစုဝင်မှ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်အပိုင်းအစများလည်း ရှိသေး၏။သည့်အပြင် ၎င်းစိတ်ဝိညာဉ်တို့သည် ဝမ်လင်း၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အထည်ဒြပ်ယန်နှင့် အထက်အဆင့် ကျင့်ကြံသူများ၏စိတ်ဝိညာဉ်အပိုင်းအစများနှင့် အတူ ရှိနေသည်။

ဆန်းကြယ်လက်နက်သည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် မန္တာန်တစ်ခု ဖြစ်၏။ ၎င်းသည် သင် သတ်ခဲ့သော အားလုံးကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းကနေ ထုတ်ယူကာ လက်နက်အဖြစ် အသုံးပြုခြင်း မဟုတ်လား။

ဝမ်လင်းသည် မားမားရပ်ကာ ကောင်းကင်ထက်ရှိ အလွှာဆယ့်ရှစ်ခုကို စူးစိုက်ကြည့်နေ၏။ သူ့မျက်ခုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခု ပေါ်လာသည်။သည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် ထိုးထွက်လာပြီးနောက် မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်၏။

မရေမတွက်နိုင်သော အနက်ရောင်အခိုးငွေ့များသည် မူလစွမ်းအင်အဆီအနှစ်ထံကနေ ထွက်ပေါ်လာသည်။ထိုအခိုးငွေ့များသည် ဝမ်လင်း သတ်ဖြတ်ခဲ့သူများပင်။ သူတို့သည် ငရဲအလွှာဆယ့်ရှစ်ထပ်နှင့် ထိမိသည်နှင့် အတွင်းထဲ၌ ချိပ်ပိတ်ခြင်း ခံရတော့သည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ဆယ်သန်းအလံကို ထုတ်ယူ၏။

သူက အလံကို လှုပ်ခါလိုက်ရာ အလံအတွင်းမှ စိတ်ဝိညာဉ်အပိုင်းအစများ အရူးအမူး တိုးထွက်လာကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset