Switch Mode

အခန်း (၅၀၅)

ပင်လယ်အောက်မှ အပျက်အစီးများ 

” မျက်နှာဖုံးအပိုင်းအစတစ်ခု ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားရ၏။ ယခုအထိဆိုလျှင် သူသည် ကမ္ဘာပေါ်တွင် ရှိခဲ့စဉ်တုန်းကသာ အပိုင်းအစတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်ပါလော။ ထိုအပိုင်းအစလေးအား မျက်နှာဖုံးနှင့် ပေါင်းစည်းခဲ့ပြီးနောက် မမလေးမှာ ပို၍ ဉာဏ်ထက်လာခဲ့သည် ဖြစ်သည်။

အင်္ဂါဂြိုဟ်ပေါ်မှ လေ့လာရေးစက်ရုံထဲတွင်လည်း နောက်ထပ် အပိုင်းအစတစ်ခု သေချာပေါက်ရှိရပေမည်။ သို့သော် သူ၏ ရာထူးအဆင့်အတန်းမှာ နိမ့်ကျနေသေးသောကြောင့် ၎င်းအား မရယူနိုင်ခဲ့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအပိုင်းအစလေးအတွက် စိတ်ပူနေခြင်းမရှိပေ။ သူ၏ ရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့် မြင့်မားလာမည်ဆိုပါက ၎င်းအား အလွယ်တကူပင် ရယူနိုင်မည်ဖြစ်ကြောင်း သူက ယုံကြည်ထား၏။

ထို့ကြောင့် ယခု မမလေးပြောနေသည့် အပိုင်းအစမှာ သူ၏ သက်တမ်းတစ်လျှောက်လုံးတွင် ကြုံတွေ့ဖူးသည့် တတိယမြောက် အပိုင်းအစ ဖြစ်ရပေမည်။

ဝမ်ပေါင်လဲ့မှာ မမလေး၏ လေသံမှာ အလောတကြီးဖြစ်နေသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ကျန်ရှိနေသေးသော အချိန်အား တွက်ချက်ကြည့်လိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မီးပင်လယ်ထဲသို့ ထိုးဆင်းသွားတော့သည်။ သူ အောက်ပိုင်းသို့ ရောက်လာလေလေ သူ၏ ပတ်ပတ်လည်ရှိ အပူရှိန်များမှာ ပို၍အားကောင်းလာလေလေ ဖြစ်နေ၏။ ထို့အပြင် ကြီးမားသော ဖိအားကြီးတစ်ခုမှာလည်း အရပ်မျက်နှာအနှံ့မှနေ၍ တိုးဝင်လာနေ၏။

ထိုဖိအားကြီးမှာ ပြင်းထန်လွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် ရင်ခုန်နှုန်းများ မြန်ဆန်လာပြီး သူ၏ ကြွက်သားများမှာလည်း တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သို့သော်လည်း သူသည် အံကြိတ်ကာ အောက်သို့ ဆက်၍ ဆင်းသွားလိုက်၏။ ထိုသို့ဖြင့် အပူရှိန်များနှင့် ဖိအားများ ပို၍ အားကောင်းလာပြီး ဝမ်ပေါင်လဲ့မှာလည်း တဖြည်းဖြည်းနှင့် ပင်လယ်ကြမ်းပြင်ဆီသို့ ချဉ်းကပ်လာတော့သည်။

သူသည် မီးခိုးရောင် ခြင်ကြီး၏ အမြင်အာရုံမှတစ်ဆင့် သူ၏‌အောက်တွင် ရှိနေသော အပျက်အစီးများကို မြင်လိုက်ရ၏။ သို့သော် သူ သေသေချာချာ မကြည့်ရှုနိုင်ခင်မှာပင် မီးခိုးရောင်ခြင်ကြီးမှာ စတင်တုန်ရီလာတော့သည်။ ၎င်းမှာ ဖိအားများကို တောင်ခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား သူ့ဆီသို့ ချက်ချင်းပြန်ဆင့်‌ခေါ်လိုက်ရသဖြင့် သူ၏ အမြင်အာရုံမှာ ချော်ရည်များ၏ ပိတ်ဆို့ခြင်းကို ထပ်၍ ခံလိုက်ရတော့သည်။ သို့သော်ငြားလည်း သူသည် အောက်သို့ ဆယ်ကိုက်တိတိ ထပ်၍ဆင်းသွားလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုဆယ်ကိုက်ထက်ပို၍ အောက်သို့မဆင်းနိုင်တော့ပေ။ သူသည် သူ၏ ပတ်ပတ်လည်တွင် အားပြင်းသော အပူရှိန်ကြီးတစ်ခုနှင့် တုန်လှုပ်ဖွယ်ရာ ဖိအားကြီးတစ်ခုကို ခံစားနေရပြီဖြစ်သည်။ သူသည် နှလုံးအမြုတေ တစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။ အကယ်၍ သူသာ နောက်ထပ်ဆယ်ကိုက်ခန့် ထပ်၍ ဆင်းသွားလိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်မှာ တောင့်ခံနိုင်စွမ်း ရှိတော့မည်မဟုတ်ကြောင်း သူက ခံစားနေရ၏။ သူ၏ ခန္ဓာနှင့်ဝိညာဉ်မှာ ဤ မီးပင်လယ်ကြီးထဲ‌၌ ပျက်သုဉ်းသွားမည်သာ ဖြစ်သည်။

” မမလေးရေ။ ကျွန်တော်က မကူညီချင်တာတော့ မဟုတ်ဘူးဗျာ။ ဒါပေမဲ့… ကျွန်တော် ဒီ့ထက်ပိုပြီးတော့ အောက်ဆင်းလို့မရတော့ဘူးဗျ ” ဝမ်ပေါင်လဲ့မှာ မတတ်သာသည့် လေသံဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် ပင်လယ်ရေ မျက်နှာပြင်ဆီသို့ ပြန်တက်သွားလိုက်တော့သည်။ သူသည် အောက်သို့ အနက်ကြီး ဆင်းသွားခဲ့သည်ဖြစ်ရာ သူ၏ ဝိညာဉ်ချီများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ သန်မာသော အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူသည် သူ၏ ဝိညာဉ်ချီများအားလုံး မကုန်သွားခင် ပင်လယ်ရေ မျက်နှာပြင်ပေါ်သို့ ပြန်တက်သွားနိုင်ခဲ့၏။ သူသည် ပင်လယ်ထဲမှ ထိုးထွက်လာပြီးနောက် လေထဲ၌ ရစ်ဝဲနေစဉ်တွင် အသက်ရှူနှုန်းများ မတည်မငြိမ်ဖြစ်ကာ မြန်ဆန်နေရပြီ ဖြစ်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများနှင့် ဝါးမျိုခြင်းသစ်စေ့တို့မှာ စတင်လည်ပတ်လာပြီး သူသည် ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်ချီများကို အငမ်းမရ စုပ်ယူနေလိုက်တော့သည်။

တစ်အောင့်ခန့် ကြာသွားပြီးနောက် သူ၏ ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာမှာ သွေးရောင်ပြန်သန်းလာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာသည်။ ထိုအခါ သူသည် ခေါင်းငုံ့ကာ မီးပင်လယ်ကြီးအား ငေးကြည့်နေရင်း နောင်တများ ရလာရတော့သည်။ သူသည် ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်စဉ်တွင် မမလေး၏ စကားသံမှာ သူ၏အသိစိတ်ထဲ၌ ထပ်၍ ပေါ်ပေါက်လာပြန်သည်။

” ပေါင်လဲ့။ ငါ နင့်ကို ဓမ္မအဆောင် ဖော်စပ်နည်းတစ်ခုပေးမယ်။ အဲဒီဖော်စပ်နည်းနဲ့ဆိုရင် မီးဒဏ်ခံနိုင်တဲ့ အထူးလှေတစ်စင်းကို ဖန်တီးလို့ရတယ်။ အဲတာက ဆဋ္ဌမအဆင့် ဓမ္မအဆောင်တစ်ခုဆိုတော့ နင့်ရဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ဆိုရင် အလွယ်တကူ ဖန်တီးနိုင်စွမ်းရှိမှာပါ။ အဲဒီလှေနဲ့ဆိုရင်… နင် မီးပင်လယ် အောက်ပိုင်းအထိ ဆင်းလို့ရတယ် ”

ထိုစကားသံများ ထွက်ပေါ်လာပြီးနောက် ထိုဓမ္မအဆောင်အား ဖန်တီးနိုင်သည့် ဖော်စပ််နည်းတစ်ခုနှင့် ညွှန်ကြားချက်များမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ မမလေး သူ့အား ယခုလို ဓမ္မအဆောင်ဖော်စပ်နည်းတစ်ခု လက်ဆောင်ပေးသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ ပထမဦးဆုံး အကြိမ်မှာ ဓားအိမ်ကြီးအတွက် ဖော်စပ်နည်း ပေးခဲ့စဉ်တုန်းက ဖြစ်သည်။

” သူက ဘာတွေ လောနေတာပါလိမ့် ” ဝမ်ပေါင်လဲ့မှာ မမလေး၏ တည်ကြည်မှုအပြည့်ရှိသော စကားသံနှင့် ထိုအပိုင်းအစလေးအား အလောတကြီး ရယူသိမ်းပိုက်ချင်နေသည့် စိတ်များကို သတိထားမိလိုက်သဖြင့် တအံ့တဩ ဖြစ်သွားရ၏။ သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ထိုဓမ္မအဆောင် ဖော်စပ်နည်း၏ ခက်ခဲမှုအဆင့်အတန်းကို တွက်ချက်ကာ ခေါင်းညိတ်ပြလိုက်၏။

” ကောင်းပါပြီဗျာ။ မမလေးက တောင်းဆိုနေမှတော့ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျွန်တော်က ဘာကိုမှ အတွန့်မတက်ဘဲ ဖြည့်ဆည်းပေးရမှာပေါ့။ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်ရရုံတင် မဟုတ်ဘူး အသက်ပါ စွန့်ရစွန့်ရ ကျွန်တော်က… ” ဝမ်ပေါင်လဲ့မှာ ထိုသို့လေလုံးထွားနေရင်း ရင်ဘတ်ကို လက်ဖြင့်ထုကာ စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် မမလေးအား ဖားယားရန် ပြင်လိုက်၏။ သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် မမလေးမှာ စိတ်မရှည်တော့သည့် လေသံဖြင့် ထပ်ပြောလိုက်၏။

” အေးပါ။ အေးပါ။ တော်ပါတော့။ လေကြီးလေကျယ်တွေပြောပြီး ငါ့ကို ဖားဖို့ ကြိုးစားမနေနဲ့။ အဲလောက်နဲ့ မရဘူး။ ငါ ပြောတဲ့အတိုင်းသာ လိုက်လုပ်။ ကမ္ဘာပေါ်မှာတုန်းက ကြုံခဲ့ရတဲ့ ကိစ္စတွေကို မေ့ထားလိုက်တော့။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်က ဒီ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ ငါ နင့်ကို ကာကွယ်စောင့်ရှောက်ပေးနေသရွေ့ နင် ဘာကိုမှ ကြောက်နေစရာမလိုဘူး ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွား၏။ သူသည် ထိုစကားများကို ကြားရရန် စောင့်ဆိုင်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မမလေးအား ချက်ချင်းပင် ထပ်၍ ချီးကျူးလိုက်ပြန်သည်။ သူသည် သူစိမ်းများ၏ ပိုင်နက်ထဲသို့ ရောက်နေသည်ဖြစ်ရာ လုံးဝ လုံခြုံမှုမရှိသလို ခံစားနေရ၏။ သူသည် မမလေး၏ နောက်ကြောင်းရာဇဝင်နှင့် ပတ်သက်၍ ကြိုတင်ခန့်မှန်းချက်များ ထုတ်ထားပြီးသားဖြစ်ရာ ဤ အခွင့်အရေးကို အမိအရ အသုံးချကာ သူမနှင့် ပိုမိုရင်းနှီးသွားအောင်လုပ်ရန် ဆုံးဖြတ်လိုက်၏။

မမလေးမှာလည်း သူ၏ ချီးမွမ်းမှုများ‌၌ သာယာနေသည့်ပုံ ပေါက်နေသဖြင့် ဝမ်ပေါင်လဲ့မှာ အိမ်ပြန်လမ်းတစ်လျှောက်တွင် သူမအား အဆက်မပြတ် မြှောက်ပင့်ပြောဆိုနေခဲ့၏။ သူသည် မီးစိမ်းကျွန်းဆီသို့ ပြန်သွားခြင်းမရှိဘဲ ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းဆီသို့ ဦးတည်သွားလိုက်သည်။ ထိုကျွန်းပေါ်သို့ ရောက်သောအခါ သူသည် ငရဲမီးကြွက်တာဝန်အား ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြလိုက်ပြီးနောက် ရရှိလာသော တိုက်ပွဲရမှတ်များကို အသုံးပြု၍ ကုန်ကြမ်းပစ္စည်းအချို့ ဝယ်ယူလိုက်၏။

သို့သော် သူ ရရှိခဲ့သည့် တိုက်ပွဲရမှတ်ပမာဏမှာ နည်းပါးလွန်းနေသဖြင့် ထိုဓမ္မအဆောင်အား ဖန်တီးရန်လိုအပ်သော ကုန်ကြမ်းပစ္စည်းများအားလုံးကို မဝယ်ယူနိုင်ဘဲ ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဖက်တီးကျင့်ကြံသူအား လိုက်လံရှာဖွေလိုက်ရတော့သည်။ ထို့နောက် သူသည် ဓမ္မလက်နက်တစ်ခုအား ပေါင်နှံကာ တိုက်ပွဲရမှတ်အချို့ ချေးငှားလိုက်၏။ ထိုသို့ဖြင့် သူသည် သူ လိုအပ်သော ကုန်ကြမ်းပစ္စည်းများအားလုံးကို စုဆောင်းမိသွားတော့သည်။

သူ မီးစိမ်းကျွန်းပေါ်သို့ ပြန်ရောက်လာချိန်တွင် ညနေခင်းအချိန်သို့ ရောက်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဂူဗိမာန်ထဲသို့ အလျင်စလို ဝင်သွားလိုက်ပြီးနောက် ထိုဓမ္မအဆောင်အား ဖန်တီးနိုင်ရန် တံခါးပိတ်ကျဉ့်စဉ်အား ချက်ချင်းစတင်လိုက်၏။ သူသည် ထိုဓမ္မအဆောင်အကြောင်း လုံးဝမကြားဖူးထားသောကြောင့် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ၎င်းအား ဖန်တီးသန့်စင်ရမည်ဖြစ်သည်။ သို့သော် သူသည် ဓမ္မအဆောင်များ သန့်စင်ရာ၌ အလွန်အင်မတန်မှ ကျွမ်းကျင်နေပြီ မဟုတ်ပါလော။ သူသည် ဓမ္မလက်နက်များကိုပင် သန့်စင်နိုင်စွမ်း ရှိနေပြီဖြစ်ရာ ထိုဖော်စပ်နည်းအား လေ့လာလိုက်ပြီးနောက် ခဏအကြာတွင် ချက်ချင်းပင် စတင်ဖန်တီးလိုက်တော့သည်။ ထိုသို့ဖြင့် တစ်ရက်တိတိ ကုန်ဆုံးသွားပြီး နောက်နေ့ မွန်းတည့်ချိန်တွင် သူ၏ရှေ့၌ သုံးမီတာခန့် ရှည်လျားသော အပြာရောင်လှေကလေးတစ်စင်း ပေါ်ပေါက်လာတော့သည်။ သူသည် ကျေနပ်အားရမှုအပြည့်ရှိသော မျက်နှာဖြင့် ၎င်းအား စိုက်ကြည့်နေ၏။

ထို လှေကလေးမှာ မ‌မလေး သူ့အား ဖော်စပ်နည်း ပေးအပ်ခဲ့သည့် ဓမ္မအဆောင် ဖြစ်သည်။ ၎င်း၏ အမည်ကိုမူ သူလည်း မသိပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်း၏ အတွင်းပိုင်းနှင့် အပြင်ပိုင်း နှစ်ခုစလုံးတွင် အချုပ်အနှောင် စွမ်းအင်များ ကိန်းအောင်းနေသည်။ ၎င်းမှာ ပြင်ပကမ္ဘာမှ စွမ်းအင်စီးဆင်းမှုများကို ပိတ်ပင်တားဆီးနိုင်ပြီး အလုံပိတ် နေရာလွတ်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိနေသည့်ပုံပင်။ ထို့အပြင် ၎င်းမှာ ပြင်းထန်လွန်းသော ဖိအားကြီးများကိုလည်း တောင့်ခံနိုင်စွမ်း ရှိသေးသည်။

ဝမ်ပေါင်လဲ့မှာ ထိုဓမ္မအဆောင်ကြီး ထိုကဲ့သို့သော ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားရသည့် အကြောင်းအရင်းများကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ဘဲ ဖြစ်နေရသည်။ ဓားအိမ်လေးကဲ့သို့ပင် ထိုဝိညာဉ်လှေကလေးအား ဖန်တီးနိုင်ရန် မှော်ဝင်သဲများ လိုအပ်ပေသည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုသန့်စင်ခြင်းလုပ်ငန်းစဉ် တစ်ခုလုံးအား အပြည့်အဝ မထိန်းချုပ်နိုင်ပေ။ သို့သော် သူ၏ အတွေ့အကြုံများအရဆိုလျှင် မှော်ဝင်သဲများ လိုအပ်သည့် သန့်စင်ခြင်း လုပ်ငန်းစဉ်များ၏ နည်းစနစ်လည်ပတ်ပုံများမှာ သာမန်သန့်စင်ခြင်းလုပ်ငန်းစဉ်များနှင့် မတူဘဲ ကွဲပြားနေကြောင်း သူက သတိထားမိလိုက်၏။

ပြည်ထောင်စုကြီးထဲမှ ဓမ္မလက်နက်များမှာ ထို ဖန်တီးသန့်စင်မှုနည်းစနစ်အား ပြောင်းလဲမှုအချို့ ပြုလုပ်ထားပြီးမှ ဖန်တီးထားသော ဓမ္မလက်နက်များ ဖြစ်ပေသည်။

” ကဲ ဒီလှေကလေးက မမလေး ပြောသလောက် အစွမ်းထက်မထက် စမ်းကြည့်ကြတာပေါ့။ တကယ်လို့ သူပြောတဲ့အတိုင်းသာ အစွမ်းထက်နေမယ်ဆိုရင် နာမည်တစ်ခုပေးရမယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိသော လှေကလေးအား ပွတ်သပ်နေ၏။ သူသည် အပြင်ပန်းတွင် စိတ်ကျေနပ်နေသည့်ပုံ ပေါက်နေပါသော်လည်း နှလုံးသားထဲတွင်မူ တဆစ်ဆစ် နာကျင်နေရ၏။ သူသည် ၎င်းအား ဖန်တီးသန့်စင်နိုင်ရန် တိုက်ပွဲရမှတ် အမှတ်ခုနစ်ရာနီးပါး အသုံးပြုခဲ့ရသည် ဖြစ်သည်။ သူသည် ရမှတ်သုံးဆယ်တည်းသာ ရရှိခဲ့သည်ဖြစ်ရာ သူ၏ ကိုယ်ပိုင်ပစ္စည်းများအား ပေါင်နှံ၍ အခြားရမှတ်များကို စုဆောင်းခဲ့ရ၏။

” ငါက မမလေးအတွက် ငါ့ရဲ့ပစ္စည်းတွေကိုတောင် ပေါင်နှံပစ်ခဲ့တာကွ ” ဝမ်ပေါင်လဲ့မှာ အပြင်ဘက်ရှိ ကောင်းကင်ကြီးပေါ်သို့ မော့ကြည့်ကာ အော်ဟစ် ကြိမ်းဝါးလိုက်၏။ သိပ်မကြာခင်တွင် ညနေခင်းအချိန်သို့ ရောက်တော့မည်ဖြစ်ရာ မီးပင်လယ်ထဲသို့ဆင်းရန် အသင့်တော်ဆုံး အချိန်ပင်ဖြစ်သည်။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ဝိညာဉ်လှေကလေးအား ယူ၍ ပျံထွက်လာတော့သည်။ ထို့နောက် သူသည် မီးပင်လယ်ကြီးဆီသို့ ရောက်ရှိလာပြီး ဝိညာဉ်လှေကလေးပေါ်သို့တက်ကာ သမုဒ္ဒရာကြီးထဲသို့ တန်းတန်းမတ်မတ် ထိုးဆင်းသွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ မီးပင်လယ်ထဲသို့ ဝင်ရောက်သွားချိန်၌ ပြောင်းလဲမှုကြီးတစ်ခုကို ခံစားလိုက်ရ၏။ ဝိညာဉ်လှေကလေးမှာ ခပ်မှိန်မှိန် အလင်းရောင်တစ်ခုကို ထုတ်လွှတ်ကာ မီးပင်လယ်ထဲမှ ချော်ရည်ပူများကို ဖယ်ရှားပေးနေသောကြောင့် သူ၏ ပတ်ပတ်လည်ရှိ ချော်ရည်ပူများမှာ သူနှင့်ဝေးရာသို့ ‌ရွေ့လျားသွားကြတော့သည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ချင်းဆိုသလိုပင် ကျေနပ်အားရသွား၏။

” တကယ်ကို အစွမ်းထက်တာပဲဟာ ” ဝမ်ပေါင်လဲ့မှာ အလွန်အမတန်မှ စိတ်လှုပ်ရှားသွားပြီး လှေကလေးအား အောက်သို့ ဆင်းသက်သွားစေလိုက်၏။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ လှေကလေးမှာ အချိန်နှင့်အမျှ ပို၍မြန်ဆန်လာတော့သည်။ နောက်ဆုံးတွင် သူသည် သူ ပထမအကြိမ်တုန်းက ဆက်မသွားနိုင်ခဲ့သည့် နေရာဆီသို့ ရောက်ရှိလာတော့သည်။ ယခုတွင်မူ သူသည် လှေပေါ်တွင် ရှိနေသောကြောင့် ထိုစဉ်တုန်းကထက်ပို၍ အခြေအနေကောင်းနေ၏။

” ဒီအောက်မှာပဲ ” ဝမ်ပေါင်လဲ့တစ်ယောက် အောက်သို့ထပ်ဆင်းရန် ပြင်လိုက်စဉ်မှာပင် မမလေး၏ အလောတကြီးဖြစ်နေသော စကားသံကြီးမှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း ခေါင်းညိတ်ပြလိုက်ပြီး အောက်သို့ တဖြည်းဖြည်းနှင့် ဆင်းသွားလိုက်၏။ ထို့နောက် သူသည် သူ၏အောက်ရှိ မီးပင်လယ်ကြီးထဲတွင် အရိပ်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။ ၎င်းမှာ အလွန်အင်မတန်မှ အရွယ်အစားကြီးမားသော အဆောက်အဦ အပျက်အစီးများ ဖြစ်ကြ၏။

သူသည် ပြိုလဲပျက်စီးနေသော အဆောင်များနှင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွနေသော ကျောက်တုံးများကို မြင်လိုက်ရသည်။ ၎င်းတို့၏ ကြားရှိ ရုပ်အလောင်းအချို့မှာဆိုလျှင် လောင်ကျွမ်းပျက်စီးသွားခြင်း မရှိသေးပေ…

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် မှင်တက်သွားရ၏။ ထို ပြိုလဲပျက်စီးနေသော အဆောင်များ၏ ဗိသုကာလက်ရာများမှာ ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းပေါ်ရှိ အဆောက်အဦများနှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို သူက သတိထားမိလိုက်ရသည်။ သို့ဖြစ်ရာ ဤနေရာကြီးမှာ ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီး နေမင်းကြီးကို ထိုးဖောက်သွားပြီး မီးပင်လယ်ကြီး၏ ဖုံးလွှမ်းခြင်းကို မခံခဲ့ရခင်တုန်းက ကျယ်ပြန့်တာအိုနန်းတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့မည်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်ရန်မှာ မခက်ခဲပေ။

သူ ခန့်မှန်းခဲ့သည့်အတိုင်းပင်။ ဤနေရာကြီးမှာ မီးပင်လယ်ကြီး၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရသည်ဖြစ်သည်။ ယခုတွင် မီးပင်လယ်ကြီး၏ အထက်၌ ရှိနေသော ကျွန်းများမှာ ယခင်တုန်းက တောင်ထိပ်များ ဖြစ်နေခဲ့သည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့မှ မြင်ကွင်းကြောင့် သက်ပြင်းချမိသွားပြီး ဝိညာဉ်လှေကလေးအား ‌ထိန်းချုပ်ကာ အောက်သို့ထပ်ဆင်းသွားလိုက်၏။ ထို့နောက် သူသည် ထို အဆောက်အဦ အပျက်အစီးများထဲသို့ ဝင်ရောက်သွားလိုက်သောအခါ အရပ်မျက်နှာ ပတ်ပတ်လည်မှ သူ့ဆီသို့ တိုးဝှေ့ဝင်ရောက်လာနေခဲ့သည့် အပူရှိန်များနှင့် ဖိအားများအားလုံး ပျောက်ကွယ်သွားသည်ကို ချက်ချင်းပင် ခံစားလိုက်ရ၏။ ထို အဆောက်အဦ အပျက်အစီးများမှာ ယခုကဲ့သို့ တစ်စစီ ဖြစ်နေကြသည့်တိုင်အောင် အပြင်ဘက်မှ မီးပင်လယ်ကြီးအား ပိတ်ပင်တားဆီးနိုင်စွမ်း ရှိနေသေးသည့်ပုံပင်။

လောင်ကျွမ်းပျက်စီးသွားခြင်းမရှိဘဲ ကျန်ရစ်နေခဲ့သော ရုပ်အလောင်းများမှာလည်း မသေခင်တုန်းက အလွန်အင်မတန်မှ အစွမ်းထက်နေခဲ့သောကြောင့် မဟုတ်ဘဲ မီးပင်လယ်ကြီးမှာ ထိုအပျက်အစီးများကြားသို့ ဝင်ရောက်လာနိုင်စွမ်း မရှိသောကြောင့်သာ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်လှေကလေး အပြင်ဘက်သို့ မထွက်ခင် အရင်ဆုံး အခြေအနေ စောင့်ကြည့်လိုက်သေးသည်။ သူ၏ ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။ သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် သူ၏အထက်တွင် ရှိနေသော မီးပင်လယ်ကြီးအား ငေးကြည့်နေလိုက်၏။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် ရုပ်အလောင်းတစ်ခုဆီသို့ ဖြည်းဖြည်းချင်း ကပ်သွားလိုက်၏။ ထိုရုပ်အလောင်းကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အမြုတေအဆင့် စွမ်းအင်အငွေ့အသက်အနည်းငယ်ပင် ရှိနေသေးသည်ဖြစ်ရာ ၎င်းမှာ အမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ယောက်၏ ရုပ်အလောင်းတစ်ခု ဖြစ်ကြောင်း သိနိုင်ပေသည်။

” အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပါလားဟ။ ကြည့်တော့လှပြီ။ သူ့ဆီမှာ အဖိုးတန်ပစ္စည်းတွေ ရှိနေနိုင်တယ် ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ ဖျတ်ခနဲလက်သွားပြီး အောက်သို့ထိုင်ချကာ စတင်ရှာဖွေနေလိုက်တော့သည်။ သို့သော် သူသည် သိုလှောင်အိတ်များနှင့် အသိအမှတ်ပြု တံဆိပ်ပြား တစ်ခုတလေကိုပင် ရှာမတွေ့ခဲ့သောကြောင့် မျက်မှောင်ကြုတ်သွားရပြီး ရေရွတ်မိလိုက်၏။

” သူတို့က အရမ်းပဲ မွဲနေကြတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကများ ငါ့ထက်အရင် ဒီနေရာကို ရောက်ဖူးခဲ့တာလား ”

ဝမ်ပေါင်လဲ့မှာ နှမြောတသဖြစ်သွားရပါသော်လည်း နားလည်ပေသည်။ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ကျင့်ကြံသူပေါင်းမြောက်မြားစွာ ရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့ထဲမှ တစ်ယောက်ယောက်မှာ ဓမ္မအဆောင် အကူအညီများ မပါဘဲ မီးပင်လယ်ထဲသို့ ဝင်ခဲ့ကြမည်မှာ မထူးဆန်းပေ။ သူတို့မှာ အဖိုးတန်ပစ္စည်းများအားလုံးကို ရှာဖွေသိမ်းဆည်းပြီးသွားလောက်ပြီ ဖြစ်သည်။

သို့သော် သူ ထိုကဲ့သို့ ရေရွတ်ပြီးသွားချိန်တွင် မမလေး၏ အလောတကြီးဖြစ်နေသော စကားသံကြီးမှာ သူ၏ အသိစိတ်ထဲ၌ ထပ်၍ ပေါ်ပေါက်လာပြန်သည်။

” နင်က ဒီလို ဘာမှမဟုတ်တဲ့ အစေခံတစ်ယောက်ဆီမှာ ဘာပစ္စည်းတွေ ရှာနေတာလဲဟ။ ရှေ့ကို မြန်မြန်လေးသွား။ နင့်ရဲ့ရှေ့ ပေသုံးထောင်အကွာမှာရှိတဲ့ ခန်းမပျက်ကြီးတစ်ခုထဲမှာ အပိုင်းအစတစ်ခုကို ငါ အာရုံခံမိနေတယ် “

Comment

Leave a Reply

Options

not work with dark mode
Reset