ဝမ်လင်းသည် သူ့ရှေ့ရှိ မိုးစက်များကို ကြည့်ကာ စဉ်းစားနေသည်။ သူ့စိတ်ထဲ၌လည်း ချင်းရွှေသူ့အား ပေးထားခဲ့သည့် အမွေအနှစ်ကို တွေးမြင်နေ၏။သူ့မျက်လုံးသည် တောက်ပသထက် တောက်ပလာနေသည်။
“ဒီမိုးဟာ ရှင်သန်ခြင်းလား၊သေဆုံးခြင်းလား ငါ ဂရုမစိုက်ဘူး။ ဒီမိုးဟာ ကောင်းကင်ထက်ကနေ သက်ဆင်းလာတာကိုသာ ငါ သတိရနေဖို့ လိုတယ်…”
ဝမ်လင်းသည် ခေါင်းမော့ကာ ကောင်းကင်ထက်ရှိ တိမ်စိုင်များကို ကြည့်နေ၏။ သည်တိမ်တိုက်များကနေ မိုးစက်များ မြေပြင်ထက်သို့ ခြုံလွှမ်းကျဆင်းနေခြင်းပေ။
“ကောင်းကင်မှာ တိမ်ထုတွေသာ ရှိတယ်”
“မိုးရေစက်တွေဟာ တိမ်စိုင်တွေကနေ ရွာသွန်းလာတယ်…”
ဝမ်လင်းသည် စဉ်းစားနေရင်း သူ့နတ်ဘုရားအာရုံကို ပျံ့နှံ့စေသည်။ သူက မိုးရေစက်များနှင့် ဆက်လက်၍ မပေါင်းစည်းတော့ပေ။ ထိုအစား သူ့နတ်ဘုရားအာရုံသည် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ တိမ်စိုင်တိမ်လိပ်များထဲသို့ ဝင်ရောက်သွား၏။သူသည် ၎င်းတိမ်စိုင်များထဲ၌ လောက၏ မူလစွမ်းအင်ပမာဏကို ထောက်လှမ်းကြည့်သည်။
လောက၏မူလစွမ်းအင်များသည် မတည်မြဲလှပါ။ တခုနှင်တခု ဆက်တိုက် ပွတ်တိုက် ထိနေ၏။၎င်းတို့ ထိတိုက်ကြတိုင်း မိုးရေစက်မြောက်များစွာသည် မြေကမ္ဘာထက်သို့ ကျဆင်းလေသည်။
ဝမ်လင်း၏မျက်လုံးမှာ တောက်ပလွန်းနေ၏။ သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ တောင်ထိပ်ကနေ ပျံသန်းထွက်လာ၏။ သူက မိုးရေစက်များပေါ်၌ ခြေလှမ်းရင်း တိမ်စိုင်များထံသို့ တိုက်ရိုက်လှမ်းလျှောက်နေသည်။
သူက တိမ်စိုင်များထဲသို့ ဝင်ရောက်လာသည့်အခိုက်တွင် မိုးစက်များအတွင်းရှိ မိုးကြိုးများ ရွှေ့လျားရင်း တုန်ဟီးမြည်သံများ ပဲ့တင်ထပ်နေတော့သည်။သို့သော် ထိုမိုးကြိုးများမှာ ဝမ်လင်းကို လုံးဝ မနှောက်ယှက်၊မတားဆီးပါ။
တိမ်စိုင်များထဲသို့ ဝင်ရောက်လာပြီးသည့်နောက် ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ၎င်းတို့ထဲ၌ ပို၍ ပျံ့နှံ့လာ၏။ ဆက်တိုက်ဆိုသလို နားလည်လာသည့် ဉာဏ်အလင်းများက သူ့အား ပြုံးမိစေသည်။ခဏအကြာတွင် တိမ်စိုင်များထဲကနေ လှမ်းထွက်လာပြီးနောက် သူသည် ဂြိုဟ်၏ အခြားတဖက်ခြမ်းပေါ်သို့ ရောက်ရှိသွား၏။
သည်နေရာ၌ ရေခိုးရေငွေ့များသည် လေထုထဲသို့ မြင့်တက်နေကြသည်။ထိုရေငွေ့များသည် မမြင်ရပါ။ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံဖြင့် ၎င်းတို့ကို ထောက်လှမ်းမိရုံလောက်သာ သိ၏။ ရေခိုးရေငွေ့တို့မှာ ခပ်ပါးပါး တိမ်စိုင်များအဖြစ် လေထုထဲသို့ မြင့်တက်နေလေသည်။
“ငါ နားလည်သွားပြီ…” ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားရင်း ရယ်မောကာ မြေပြင်ထက်သို့ လက်ညွှန်၏။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မူလစွမ်းအင်များ ထွက်ပေါ်လာနေသလို လောကထဲရှိ ရေခိုးရေငွေ့များသည် မြန်ဆန်စွာ သိပ်သည်းနေကြ၏။ ဝမ်လင်းလက်နှစ်ဖက်အနားရှိ လေဟာနယ်ဟင်းလင်းပြင်သည် တွန့်ကြေကာ ဤအခိုက်၌ အနက်ရောင်တိမ်ထုများ ဖြစ်ပေါ်လာသည်။
အနက်ရောင်တိမ်စိုင်များ ပေါ်လာသည်နှင့် ၎င်းတို့သည် မြန်ဆန်စွာ သိပ်သည်းကုန်ကြသည်။အဆုံးသပ်၌ ဝမ်လင်း၏ လက်နှစ်ဖက်ပေါ်တွင် အနက်ရောင်တိမ်ထုအစု တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
သူ့နတ်ဘုရားအာရုံကို တိမ်စိုင်များကြား၌ ခြုံလွှမ်းထားရင်း မိုးကြိုးသည် ၎င်းတိမ်ထဲ၌ ပေါ်လာ၏။သူ့နတ်ဘုရားအာရုံမှာ တိမ်စိုင်များကို လှုပ်ခါစေပြီး မြည်ဟိန်းသံများ ဖြစ်စေပြီး မိုးစက်မြောက်များစွာကို ကျဆင်းစေသည်။
နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများသည် ဥပဒေများအပေါ်၌ အာရုံစိုက်ရန် လို၏။ ထိုအရာကပင် ဒုတိယအဆင့်ကျင့်ကြံသူများကို အမှန်အကန် အစွမ်းထက်စေခြင်းပင်။ သိုသော် ဥပဒေသများသည် ဝေဝါးကာ ဖမ်းဆုပ်မိနိုင်ရန် ခက်ခဲလှချေ၏။
ထို့အတွက်ကြောင့်လည်း ဒုတိယအဆင့်ကျင့်ကြံသူများ များများစားစား ရှိမနေခြင်း ဖြစ်၏။ ဥပဒေအချို့ကို ဖမ်းဆုပ်နိုင်မှသာ ထိုအဆင့်ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံမှုအဆင့်ကို တိုးတက်စေပေမည်။သို့သော် အဆုံးသပ်၌ ထိုမျှလောက်သည် သူတို့၏မန္တာန်များကို စွမ်းအားမပြင်းစေသေးပေ။ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ သူတို့ဖမ်းဆုပ်မိသည့် ဥပဒေသများသည် ပြုသည့်သဘောထက် ပြုလုပ်ခံရခြင်းက ပိုနေသောကြောင့်ပင်။
ဝမ်လင်းသည် ဥပဒေသ၏ အစွန်ဖျားကို ခပ်ရေးရေး ထိတွေ့မိခဲ့ပြီး ဖြစ်၏။ သူသည် ပြုံး၍ သူ့လက်ကို ဝှေ့ယမ်းသည်။ တိမ်စိုင်များသည် တဖြည်းဖြည်း ပြယ်လာရင်း ပျောက်ကွယ်လို့သွားသည်။
သူက ရယ်မောနေရင်း တောင်ထိပ်ပေါ်သို့ ခြေတစ်လှမ်းဖြင့် ပြန်ရောက်ရှိလာ၏။သူသည် ထိုနေရာ၌ မားမားရပ်ကာ ကောင်းကင်ထက်ရှိ တိမ်စိုင်တိမ်တိုက်များကို မော့ကြည့်သည်။ဤအခိုက်၌ မိုးစက်များသည် ကျဆင်းနေဆဲ။ သို့သော် ၎င်းမိုးစက်များမှာ ဝမ်လင်းနှင့် တစ်လက်မအကွာသို့ ရောက်ရှိလာချိန်တွင် ရေခိုးရေငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။သိပ်မကြာခင်တွင် ဝမ်လင်းပတ်လည်၌ တိမ်တိုက်အလွှာတစ်ခု ပေါ်လာ၏။
သို့သော် ဝမ်လင်းပတ်လည်ရှိ တိမ်ထုအလွှာမှာ ပါးလွှာနေသေးသည်။မည်သို့ပင်ဖြစ်စေ ယင်းတိမ်တိုက်အလွှာမှာ မူလစွမ်းအင်မန္တာန်တစ်ခုကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ဥပဒေကြောင့် ဖြစ်ပေါ်လာသည့်အတွက် တုန်လှုပ်ဖွယ် ကောင်းသည်သာ ဖြစ်သည်။
ထိုတိမ်တိုက်လွှာမှာ ဥပဒေသ၏ စွမ်းအားကြောင့် ဖြစ်တည်ခြင်းပင်။သည့်အတွက်ကြောင့် ၎င်းတိမ်တိုက်အလွှာကိုယ်တိုင်ပင် အဆုံးမဲ့စွမ်းအား ပါဝင်သည့် မန္တာန်ဟု ဆိုနိုင်ချေ၏။
“ကောင်းကင်ဘုံအင်ပါယာပေဖန်က တကယ့်ကို နတ်ဘုရားလို လူစားမျိုးပဲ…”
ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူသည် မိုးဆင့်ခေါ်ခြင်းမန္တာန်ကို ချင်းရွှေထံမှ အမွေရခဲ့၏။ သူမန္တာန်မှာ ကောင်းကင်ဘုံအင်ပါယာပေဖန်ထံမှ ဆင်းသက်လာခြင်းပင်။ သည်မန္တာန်ကို နားလည်သွားရုံမျှဖြင့် သူသည် ဥပဒေသများကို ထိတွေ့လာနိုင်စွမ်း ရှိလာသည်။
ယင်းအဖြစ်မှာ သာမန်ကောင်းကင်ဘုံမန္တာန်များ ပြုလုပ်ပေးနိုင်သည့်အရာ မဟုတ်ပါ။အလွန့်နည်းပါးလှသည့် ကောင်းကင်ဘုံမန္တာန်အချို့သာ ထိုသို့ အကျိုးသက်ရောက်စေနိုင် ပေလိမ့်မည်။
“တိမ်တိုက်တွေကနေ မိုးရေစက်တွေ ကျဆင်းတယ်။ ဒီတိမ်တိုက်တွေကလည်း ရေငွေ့ကနေ ဖြစ်ပေါ်လာတာ။ ဒါပေမဲ့ လေမရှိဘဲ ဒီတိမ်တိုက်ဟာ မဖြစ်တည်နိုင်ဘူး…” “အတိတ်တုန်းက စစ်ထူဟာ ဥပဒေသကို ထိန်းချုပ်နိုင်ခဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး…” ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှ စစ်ထူနန်၏ ဈဉ်ဝင်စားမှုသည် ဝမ်လင်းစိတ်ထဲ၌ ပြန်ပေါ်လာခဲ့၏။ ထိုမြင်ကွင်းမှာ စစ်ထူ ‘ငါ့အတွက် အခု ထွက်သွားကြစမ်း’ ဟု အော်လိုက်ချိန်၌ မိုးများ ရွာသွန်းခဲ့သည့် မြင်ကွင်းဖြစ်လေ၏။
ထိုအချိန်အခါ အခိုက်အတန့်၌ မိုးစက်များသည် တိမ်တိုက်များထဲသို့ ပြန်ဝင်ရောက်ကာ လုံးဝ ပျောက်ကွယ်သွားခဲ့ဖူးသည်။ကောင်းကင်ထက်ရှိ တိမ်စိုင်များပင် လွင့်ပါးပြိုပျက်ကာ ကောင်းကင်မှာ ကြည်လင်သွားခဲ့ဖူးသည်။
လွန်ခဲ့သော ထိုနှစ်များက ဝမ်လင်းသည် စစ်ထူနန်ထံမှ ပြောမပြနိုင်သည့် ဖိအားတစ်ခုကိုသာ ခံစားမိခဲ့သည်။
၎င်းမှာ ခပ်ရေးရေးခံစားမှုမျှသာ ဖြစ်ခဲ့၏။တကယ်တော့ အတိတ်တုန်းက ဝမ်လင်း၏ ကျင့်ကြံမှုသည် နိမ့်လွန်းခဲ့သည်။ထို့ကြောင့် သူသည် ယခုလို အရည်အချင်းများ မပိုင်ဆိုင်ခဲ့သေးပေ။
အခု အတိတ်က အကြောင်းကို ပြန်တွေးမိသည့်အခါ ထိုစဉ်က စစ်ထူနန်သည် ဥပဒေသကို ဖမ်းဆုပ်နိုင်ခဲ့မှန်း ရှင်းလင်းသွားတော့သည်။ဝမ်လင်းသည် ထိုအကြောင်းကို သူ့မှတ်ဉာဏ်များမှ တဆင့် ရှင်းရှင်းလင်းလင်း ပြန်တွေးနိုင်သည်။
ဝမ်လင်းသည် စဉ်းစားနေရင်း လွန်ခဲ့သောနှစ်တစ်ထောင်က သူ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ပထမဆုံးရရှိခဲ့သည့်အချိန်ကို တွေးမိ၏။ထိုပုတီးစေ့ပေါ်၌ တိမ်လွှာထုတစ်ခု ရှိခဲ့လေသည်။
ထိုတိမ်လွှာထုမှာ လောက၏ ရေငွေ့တို့ကို စုပ်ယူကာ တိမ်တိုက်ထုပမဏကို တိုးပွားစေနိုင်စွမ်း ရှိသည်။ ခုချိန် ၎င်းအဖြစ်ကို ပြန်တွေးကြည့်ရင်း ဝမ်လင်းသည် ချက်ခြင်း နားလည်သဘောပေါက်သွားသည်။ သူက ခါးသက်သက်ပြုံးမိသည်။
အမှန်တော့ တစုံတခုသည် သူ့အနား၌ အမြဲ တည်ရှိခဲ့သည် မဟုတ်လား။သို့သော် သူသည် အဆင့်တစ်ခုသို့ မရောက်သေးပါက ၎င်းကို သတိပြုနိုင်လိမ့်မည် မဟုတ်ပေ။သူက ထိုအရာကို တွေ့မြင်နိုင်ခဲ့လျှင်ပင် ဉာဏ်အလင်း ရရှိလိမ့်မည် မဟုတ်ပေ။
အခုချိန်တွင်မူ ဝမ်လင်းသည် နားလည်နိုင်စွမ်း ရှိလာခဲ့လေပြီ။
“နောက်ဆုံးတော့ နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာ ငါဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ ရေဉပဒေသ အစိတ်အပိုင်းကို နားလည်နိုင်ခဲ့ပြီ။ ဒီအစိတ်အပိုင်းဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ထုတ်လွှတ်ပေးတဲ့ ပထမအဆင့်ပဲ…။ခုချိန်ထိတောင် ငါဟာ ဒီပုတီးစေ့ကို ပြည့်ပြည့်ဝဝ မကျွမ်းကျင်သေးဘဲ ဖမ်းဆုပ်မိနိုင်ရုံလောက်သာ ရှိသေးတယ်…”
ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားသို့ ထိကိုင်ရင်း နောင်တရမှုကို ခံစားမိသည်။
သူသည် ကောင်းကင်ထက်မှ ကျဆင်းနေသည့် မိုးစက်များကို ကြည့်နေရင်း သူ့လက်ကို ညင်သာစွ ဝှေ့ယမ်းလိုက်၏။ သူက ခပ်တိုးတိုး ရေရွတ်သည်။ “ပြန့်ကျဲစမ်း…”
လက်ဝှေ့ယမ်းမှုသည် တိမ်စိုင်များကို သူ့လက်နှင့်အတူ ပျံသန်းထွက်သွားစေသည်။လောကရှိ မိုးစက်များအားလုံးသည် ရုတ်တရက် တုန်ခါကာ တိမ်တိုက်များစွာ ဖြစ်ပေါ်လာ၏။ လေပြင်းတစ်ခုသည် တိမ်တိုက်များအားလုံးကို ပြန်တွန်းထုတ်လိုက်သည့်အလား။
သည်လေပြင်း၏အားအောက်၌ ကောင်းကင်ထက်ရှိ တိမ်စိုင်များသည် စတင် ပြိုပျက်လာသည်။ သည်နောက် တိမ်တိုက်အားလုံးသည် လုံးဝ ပျောက်ကွယ်သွားကြတော့၏။
သည်ဂြိုဟ်ပေါ်ရှိ ကောင်းကင်သည် တိမ်စိုင်များ ကင်းစင်ကာ ကြည်လင်လာ၏။
နေအလင်းရောင်သည် အနွေးဓာတ်ကို ဆောင်ကြဉ်းရင်း ကျရောက်လာသည်။မြေပြင်သည် မြေသင်းရနံ့ကို ပေးစွမ်း၏။မိုးရွာသွန်းမှု ကင်းမဲ့သွားသော်လည်း အပင်များပေါ်ကနေ ရေစက်ရေပေါက်များ လိမ့်ဆင်းကျနေဆဲပင်။
မိုးကုပ်စက်ဝန်း၌ သက်တံတစ်ခု ပေါ်လာ၏။ ထိုမြင်ကွင်းသည် ထည်ဝါလှသည်။
ကျေးငှက်များသည် သာယာမြူးထူးဖွယ် တွန့်ကြူးကြသည်။
ဝမ်လင်း၏မျက်လုံးသည် တည်ငြိမ်နေ၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ အနက်ရောင်လေပြင်းတစ်ခုသည် သူ့ရှေ့ ဆယ်ပေအကွာတွင် ပေါ်လာသည်။ထိုအနက်ရောင်လေပြင်းသည် အနက်ရောင်နဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲ၍ လေအေးများကို မှုတ်ထုတ်သည်။ထိုလေအေးများသည် မြူများအဖြစ် ပေါင်းစည်းကာ တိမ်တိုက်များကို ဖြစ်ပေါ်စေပြီး ရေစက်ရေပေါက်များ ဖွဲ့တည်သည်။လောက၏ မူလစွမ်းအင်သည် တိမ်တိုက်များအတွင်း၌ မြင့်တက်လာသည်။
ဝမ်လင်းအမိန့်တစ်ခုဖြင့်ပင် မိုးစက်များသည် လောက၌ ပြန့်ကျဲကာ မိုးဆင့်ခေါ်ခြင်း ပေါ်လာပေလိမ့်မည်။
သူက သူ့ညာလက်ကို ဝှေ့ယမ်းကာ တိမ်တိုက်များကို ပျောက်ကွယ်စေသည်။အနက်ရောင်နဂါးနှစ်ကောင်မှာလည်း ပြန်ပျောက်ကွယ်သွားသည်။အရာရာသည် ပုံမှန် ပြန်ဖြစ်သွားသည်။
ခေါင်းကြီးကောင်လေးသည် ထိုအဖြစ်အပျက်ကို ကြည့်နေရင်း သူ့မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။သူသည် တိတ်ဆိတ်စွာ စဉ်းစားနေမိ၏။ဝမ်လင်းပေါ် သူ့လေးစားမှုမှာ ပိုတိုးလာခဲ့ပြန်သည်။
လိုင်ဂျီသည် သူ့သွေးမျိုးဆက်ကို ဆင်ခြင်နေရာကနေ နိုးထလာ၏။ သူ့မျက်လုံးသည် တဖျပ်ဖျပ် ဖြစ်နေသည်။ သူ့စိတ်ထဲ၌ ဂနာမငြိမ် ဖြစ်နေ၏။ သူက တွေးမိသည်။ “ဒါက ဥပဒေသရဲ့ စွမ်းအားပဲ။ငါ ဒါကို အလွန်စွမ်းအားကောင်းလှတဲ့ ကျင့်ကြံသူတွေရဲ့ မန္တာန်တွေကနေ တွေ့မြင်နိုင်တယ်…
ထိုသို့တွေးမိနေရင်း သူသည် ဝမ်လင်းနောက်လိုက်ရန် ပိုသေချာလာသည်။
ထာရှန်ကမူ ထိုအဖြစ်အပျက်အားလုံးကို မတွေ့မြင်သည့်အလား။ သူသည် မျက်လုံးမှိတ်၍သာ ဆက်လက် ကျင့်ကြံနေသည်။
ဝမ်လင်းသည် မြေပြင်ထက်၌ ထိုင်ချ၏။ သူ့မျက်လုံးသည် တည်ငြိမ်လှသည်။ သူသည် မိုးဆင့်ခေါ်ခြင်းကို နားလည်သွားခဲ့လေပြီ။ ထို့ကြောင့် နောက်တစ်ဆင့်မှာ သူစိတ်အဝင်စားဆုံး ဆန်းကြယ်လက်နက် မန္တာန် ဖြစ်တော့သည်။
ထိုအချိန်၌ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေ အစပ်တွင် ပုံရိပ်ယောင်ပုံရိပ်တစ်ခုသည် မြန်ဆန်စွာ သွားလာနေသည်။ထိုပုံရိပ်သည် မြန်လွန်းသဖြင့် ဖျပ်ခနဲ ဖျပ်ခနဲ ပျောက်ကွယ်သွားသည်။
ထိုပုံရိပ်တစ်ခုမျှသာ မဟုတ်ပါ။ နောက်ပုံရိပ်များစွာသည်လည်း ကြယ်များကြား၌ သွားလာနေ၏။ထိုသူတို့ထံမှ လှိုင်းတွန့်များစွာ ဆက်တိုက် ပျံ့လွင့်နေသည်။
ထိုပုံရိပ်များသည် အနောက်ပိုင်းနယ်မြေသို့ ဝင်ရောက်လာသည့်နောက် သူတို့သည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအုပ်စုတစ်စုနှင့် တွေ့ဆုံဖို့ သိပ်မကြာလိုက်ပေ။ ထိုအုပ်စုကို ဦးဆောင်လာသူမှာ လက်ခြောက်ချောင်း ကျင့်ကြံသူ ဖြစ်ပြီး သူက မြောက်ပိုင်းနယ်မြေသို့ ဦးတည်နေ၏။ အနောက်ပိုင်းနယ်မြေသည် အလုံးစုံကောင်းကင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်၏။ ကောင်းကင်ဘုံသား တစ်ယောက်အနေဖြင့် သူသည် မြောက်ပိုင်းနယ်မြေသို့ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု ဖွင့်ရပေမည်။
လမ်းတစ်လျှောက်တွင် သူသည် အလွန်သတိထားနေ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားကာ ပြဿနာဖြစ်နိုင်သည့် အရိပ်အယောင်တွေ့သည်နှင့် သူသည် ချက်ခြင်း သတိပြုမိပေမည်။
ပုံရိပ်များသည် လက်ခြောက်ချောင်းကျင့်ကြံသူနှင့် သူ့နောက်ရှိ ကျင့်ကြံသူ ရာချီကို တွေ့မြင်သွားသည့်အခါ ၎င်းပုံရိပ်များသည် ထိုအုပ်စုထံသို့ ဦးတည်လာကြတော့၏။
လက်ခြောက်ချောင်းကျင့်ကြံသူသည် သွားလာနေရင်း ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူသည် သူ့ခြောက်ခုမြောက်လက်ချောင်းထံမှ နာကျင်မှုကို ခံစားရကာ တုန်လှုပ်သွားသည်။သူက ချက်ခြင်း ရပ်တန့်သည်။ သို့သော် ထိုအခိုက်၌ သူသည် သူတို့အုပ်စုထံသို့ ပုံရိပ်မြောက်များစွာ ဦးတည်လာနေကြသည်ကို တွေ့မြင်လိုက်ရသည်။
ချက်ခြင်းပင် သူသည် သိုလှောင်အိတ်ထဲမှ သတင်းပို့စာလုံးကို ထုတ်ယူကာ ချေမွပစ်၏။ နောက်ဆုတ်မည့်အစား သူသည် ရှေ့သို့ ထိုးတက်လာသည်။ သည်အခိုက်၌ ပုံရိပ်ယောင်တစ်ဝက်ကျော်သည် လက်ခြောက်ချောင်းကျင့်ကြံသူကို ဝန်းရံသွားကြသည်။ကျန်သည့်သူများမှာ သူ့နောက်မှ ကျင့်ကြံသူများကို ဝန်းရံထား၏။
ကြောက်မက်ဖွယ် အော်ဟစ်သံများ၊ မန္တာန်လှိုင်းများ ပေါ်ထွက်လာ၏။ ခဏအကြာတွင် လက်ခြောက်ချောင်းကျင့်ကြံသူသည် အထိတ်တလန့် နောက်ဆုတ်သည်။သို့သော် သူက အတင်း ထိုးထွက်သည်နှင့် အနက်ရောင်အရိပ်များသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။
သူ့ခန္ဓာကိုယ်သည် ထိုပုံရိပ်ယောင်ပုံရိပ် တစ်ခု တိုးဝင်လာတိုင်း တုန်ခါနေ၏။ သူသည် ပေဒါဇင်ချီသို့ ထိုးထွက်ပြီးနောက် ရပ်တန့်သွားသည်။သူ့မျက်လုံးထဲ၌ ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာသည်။ သို့သော် ခဏအကြာတွင် သူ့မျက်လုံးတို့သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း လက်ခြောက်ချောင်းကျင့်ကြံသူသည် ထူးဆန်းစွာ ပြုံး၍ ခပ်တိုးတိုး ဆိုသည်။ “ဒီခန္ဓာကိုယ်က လက်ခံနိုင်စရာပဲ…”
သူ့နောက်၌ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လှမ်းထွက်လာကြသည်။သူတို့အားလုံးသည် ထူးဆန်းစွာ ပြုံးနေကြ၏။
“အံ့ဖွယ်ကျောင်းတော်ရဲ့ အလုံးစုံကောင်းကင်ကို ပျက်သုဉ်းစေဖို့ အစီအစဉ်ဟာ မကြာခင် စတင်တော့မယ်…။ ဒီလို ကြီးကြီးမားမား ပြောင်းလဲမှု ဖြစ်လာမှတော့ ငါတို့ရဲ့တာဝန်ဟာ ရှုမူတင်မဟုတ်တော့ဘဲ အလုံးစုံကောင်းကင်ရဲ့ ကျန်တဲ့ ကျင့်ကြံသူတွေကိုပါ အမြစ်ဖြတ်ပစ်ဖို့ပဲ။ သူတော်စင်လေးပါးထဲမှာ မိစ္ဆာနက်သူတော်စင်၊ကောင်းကင်မူလတာအို သူတော်စင်တို့လည်း ထွက်လာကြပြီ။ ဒီတစ်ကြိမ် မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ ဝင်ပေါက်ကို ရှာတွေ့ခဲ့ကြတဲ့ အလုံးစုံကောင်းကင်က ကျင့်ကြံသူတွေဟာ အလွယ်တကူ ဝင်ရောက်ဖို့ မလွယ်ကူတော့ဘူး…”
***