Switch Mode

အပိုင်း(၉၆၄)

မိုးဆင့်ခေါ်ခြင်း

အဘိုးအို၏အသွင်သည် သုန်မှုန်သွား၏။ သူက အော်ပြောလိုက်သည်။ “လူသတ်သမား ယုဖေ ဟုတ်လား။ မင်းက ငါ့ကို သုံးနှစ်ကလေးများ မှတ်နေလား။ သတ်ဖြတ်ခြင်းနယ်မြေ ဆိုပြီး ကြုံရာ နာမည် လျှောက် မပြောနဲ့…”

ဝမ်လင်းအသွင်သည်တည်ငြိမ်နေသည်။ သူက အဘိုးအိုကို ကြည့်ပင်မကြည့်ပါ။ထိုအစား သူ့အကြည့်က အရှင်မီးတောက်ထံသို့သာ ရောက်နေ၏။

အရှင်မီးတောက်သည် ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်နှာပေါ်ရှိ အေးစက်မှုသည် လျော့ပါးသွားသည်။ သူက ပြောလိုက်၏။ “ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့မှာ သတ်ဖြတ်ခြင်းနယ်မြေတစ်ခု တကယ် ရှိတယ်။ စိတ်ဝိညာဉ်သတ်ဖြတ်သူစုံတွဲလည်း အမှန် ရှိတယ်။ ဒါပေမဲ့ မင်းက သူ့ကို သတ်ခဲ့မှန်း ဘာနဲ့ သက်သေပြမလဲ…”

အရှင်မီးတောက် ထိုသို့ ပြောလိုက်သည့်အခိုက်တွင် သူ့ဘေးရှိ အဘိုးအိုသည် စကား ပြောနေခြင်းကို ချက်ခြင်း ရပ်လိုက်၏။

ဝမ်လင်းသည် သူ့သိုလှောင်အိတ်ထဲမှ သစ်ကိုင်းအပိုင်းကို အရှင်မီးတောက်ထံသို့ ပစ်ပေးလိုက်၏။၎င်း သစ်ကိုင်းအပိုင်းပေါ်၌ မိုးကြိုးသည် ရွှေ့လျားနေသည်။

မိုးကြိုး မည်ဟိန်းသံနှင့်အတူ သစ်ကိုင်းအပိုင်းသည် အရှင်မီးတောက်ထံသို့ ရောက်ရှိသွား၏။ သူက အနီးကပ် ကြည့်လိုက်သည့်အခါ ၎င်းအရာမှာ သတ်ဖြတ်ခြင်းနယ်မြေ၏ အဖိုးတန်ရတနာများထဲမှ တစ်ခု ဖြစ်ကြောင်း သိသွား၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းသစ်ကိုင်းပိုင်းထဲတွင် အားနှစ်ခု ရှိနေသည်ကို ခံစားမိသည်။တစ်ခုမှာ ဝမ်လင်း၏ စွမ်းအားဖြစ်ပြီး ကျန်တစ်ခုမှာ အားကောင်းသောမကောင်းဆိုးဝါးအော်ရာတစ်ခု ဖြစ်လေ၏။

“မဆိုးဘူး…။ဒါက သတ်ဖြတ်ခြင်းနယ်မြေရဲ့ ဒုတိယလက်ထောက်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဓားစွမ်းအင် တကယ် ပါဝင်နေတယ်…” အရှင်မီးတောက်က ဝမ်လင်းကို အသိအမှတ် ပြုဟန်ဖြင့် ကြည့်၏။

သူ့လက်ထဲရှိ သစ်ကိုင်းအပိုင်းကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းထံသို့ ပြန်ပေးလိုက်၏။ သူက ပြုံး၍ ဆိုသည်။ “ကောင်းတယ်…ရှုမူ…။မင်း ဒီနေရာမှာ အေးအေးဆေးဆေး ကျင့်ကြံနိုင်တယ်။ ခုကစ တစ်လကြာရင် နောက်လုပ်မယ့်အစီအစဉ် ရောက်ရှိလာပြီး မင်းက စစ်တပ်နဲ့အတူ မြောက်ပိုင်းနယ်မြေကို ကျူးကျော် ရလိမ့်မယ်…”

ဝမ်လင်းအသွင်က လေးစားသည့်ဟန်ပန်ဖြင့် သူ့လက်နှစ်ဖက်ကို ယှက်ကာ အသိအမှတ်ပြုသည်။

အရှင်မီးတောက်သည် ရယ်မောကာ မထွက်ခွာခင် ခေါင်းကြီးကောင်လေးကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်သည်။သူ့ဘေးရှိအဘိုးအိုလည်း အရှင်မီးတောက်နောက်သို့ အမြန်လိုက်ပါသွား၏။

သူတို့နှစ်ယောက်သည် အကွာအဝေးတစ်ခု၌ ပျောက်ကွယ်သွားကြတော့သည်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူက စိတ်သက်သာရာ ရသွားသည်။သူ အလုံးစုံကောင်းကင် လွှမ်းမိုးထားနိုင်သည့် အနောက်ပိုင်းနယ်မြေသို့ ရောက်ရှိလာရခြင်းမှာ သူ့စိတ်ထဲ၌ အစီအစဉ်တစ်ခု ရှိထားပြီး ဖြစ်သောကြောင့်ပင်။ ထိုအစီအစဉ်ကြောင့်လည်း သူက ကမ္ဘာမိုးကြိုးသစ်ပင်မှ သစ်ကိုင်းကို စွန့်စား၍ အရယူခဲ့ခြင်း ဖြစ်သည်။သူ ၎င်းကို ယုံကြည်မှု ရရှိဖို့ငှာ အသုံးပြုရန်အတွက် ဖြစ်၏။

ကြယ်များကြား၌ အရှင်မီးတောက်၏ အသိအမှတ်ပြုမှုအသွင်သည် ပျောက်ကွယ်သွားပြီး မည်သည့်ဟန်ပန်မှ ဖြစ်ပေါ်နေခြင်း မရှိတော့ချေ။ သူ ဘာတွေးနေသည်ကို သိနိုင်ဖို့ မဖြစ်နိုင်ပါ။ သူ့ဘေးရှိ အဘိုးအိုက အတွေးတစ်ခုရကာ ချက်ခြင်း ပြောလိုက်၏။ “ကျောင်းတော်အရှင်…ငါ့အမြင်အရ ဒီရှုမူ လိမ်နေတာ သိသာနေတာပဲ။ ဒါ့အပြင် ခေါင်းကြီးကောင်လေးဟာ ကောင်းကင်အဆင့် ကောင်းကင်ဘုံသားတွေ ထဲက တစ်ယောက် ဖြစ်တယ်။ဒါပေမဲ့ သူဟာ ရှုမူရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်…။ငါ့အမြင်…”

အရှင်မီးတောက်သည် လှည့်၍ ထိုအဘိုးအိုကို အေးစက်စွာ ကြည့်သည်။ထိုအကြည့်ကို တွေ့မြင်သည့်အခါ အဘိုးအို၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။သူက ချက်ခြင်းဖြင့် သူပြောချင်သည့်စကားကို ပြန်မြိုချသည်။

သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် အရှင်မီးတောက်သည် လေဟာနယ်ထဲသို့ လှမ်းလျှောက်သွားသည်။

“ဒီရှုမူက မရိုးရှင်းဘူး…။သူ့မျက်ခုံးနှစ်ခုကြားထဲမှ စွမ်းအားလေးမျိုး ရောယှက်နေတယ်။ ငါ့ကျင့်ကြံမှုအဆင့်နဲ့တောင် ငါက ဒီလေးခုထဲက တစ်ခုကိုပဲ မြင်နိုင်တယ်။ ဒီတစ်ခုတောင် အားအနည်းဆုံး စွမ်းအားဖြစ်တာ သိသာတယ်…”

အရှင်မီးတောက်သည် ကြယ်များကြား၌ ဖြတ်သန်းသွားနေရင်း စဉ်းစားနေ၏။

အရှင်မီးတောက် မြင်တွေ့ခဲ့သည့် ဝမ်လင်းထံ၌ ရှိသည့်စွမ်းအားသည် သူနှင့် ရင်းနှီးနေ၏။ တိတိကျကျဆိုပါက ၎င်းစွမ်းအားမှာ ဟင်္သာငှက်အမှတ်အသား ဖြစ်နေသည်။

“ဒီရှုမူက မဟာမိတ်ကြယ်အဖွဲ့အစည်းကို စပြန်ရောက်ခါစက ခုလိုမျိုး ထူးဆန်းမနေဘူး။ဒါပေမဲ့ ရက်အနည်းငယ်လောက် ပျောက်သွားပြီးတဲ့နောက်မှာ ဒီလူထူးဆန်းတဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်…။ဟင်္သာငှက်အမှတ်အသား…။ဒီလူ ငါ့ကို တစ်ခါတုန်းက ကူညီခဲ့ဖူးတယ်။ ထားလိုက်ပါတော့လေ…”

အရှင်မီးတောက်သည် ခေါင်းယမ်းလိုက်ပြီးနောက် အဘိုးအိုနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

ရှုမူ ရောက်ရှိလာသည့်သတင်းက အချိန်တိုအတွင်း ပျံ့နှံ့သွား၏။တကယ်တော့ ရှုမူသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ကျော်ကြားလှသူ မဟုတ်လား။

ထိုသတင်းနှင့်ပတ်သတ်၍ စိတ်ပျက်သွားသူမှာ ရှုထင်ပင်။ သူက ထိုသတင်းကို ကြားလိုက်ရသည့်နောက် ကျင့်ကြံသူအုပ်စုတစ်စုကို ဦးဆောင်ပြီး ထွက်သွား၏။သည့်နောက် သူ့ဒေါသကို ပုံချရန် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို ရှာတော့သည်။

ဝမ်လင်းရှိနေသည့် ဂြိုဟ်မှာ မိုးရာသီအလား။မိုးစက်များသည် ဂြိုဟ်၏ အစိတ်အပိုင်းငယ်တစ်ခုအား ဖုံးလွှမ်းထားကာ သည်ဧရိယာကို ရေငွေ့များနှင့် ခြုံလွှမ်းနေစေသည်။ထိုရေထုငွေ့များက သိပ်သည်းလွန်းသည်။

ဝမ်လင်းသည် တောင်ထိပ်ပေါ်၌ မိုးရေများအောက်တွင် မားမား ရပ်နေသည်။ခေါင်းကြီးကောင်လေးသည် မိုးရေများကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစားနေ၏။

ခေါင်းကြီးကောင်လေးမှာ မိုးရေများကို ကြည့်နေရင်း သူ့ငယ်ဘဝကို ပြန်သတိရသွား။ အတိတ်တုန်းက သူသည် အမြဲလိုလို မိုးရေသည်ကို ငေးကြည့်နေတတ်ခဲ့သူ ဖြစ်ခဲ့၏။

သူက မိသားစုမှ ဖယ်ထုတ်ခံရသည့်အချိန်ကို ပြန်မှတ်မိသေး၏။ ထိုညက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည် မဟုတ်လား။ အတိတ်တုန်းက သူ့မျက်နှာပေါ်၌ ရူးသွပ်ဖွယ်အပြုံး ရှိနေခဲ့၏။သို့သော် ထိုအချိန်က ထိုအပြုံးထဲ၌ ဝမ်နည်းမှုအရိပ်အမြွက်သဘော ပါဝင်ခဲ့လေသည်။အခုလည်း ခေါင်းကြီးကောင်လေးမှာ မိုးရေစက်များကို ငေးကြည့်ရင်း ဘာကြောင့်မှန်း မသိ သူ့ရင်ဘက်ထဲ၌ နွေးထွေးမှုတစ်ခုကို ခံစားမိလိုက်သည်။ လွန်ခဲ့သော ရက်အချို့က အဖြစ်အပျက်ကို သူ့အဖို့ ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော ရက်အချို့က သူသည် ယုဖေနှင့် ရင်ဆိုင်ရချိန် မျှော်လင့်ချက်မဲ့ကာ သူ့ကိုယ်သူ ဖောက်ခွဲရန် ကြံရွယ်စဉ်မှာပင် လက်တစ်စုံသည် သူ့အား ထိုသေရေးရှင်ရေး အခြေအနေကနေ ကယ်တင်သွားခဲ့သည် မဟုတ်လား။

လိုင်ဂျိသည်လည်း မိုးရေများကို ကြည့်နေရင်း သူ့သွေးမျိုးဆက်စွမ်းရည်ကကို နားလည်အောင် ကြိုးစားနေ၏။ သည် တိတ်ဆိတ်ငြိမ်သက်လှသည့် ဝန်းကျင်ကြောင့် သူသည် အတိတ်ကို ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။

သူက ဘီလူးနတ်ဆိုးဂြိုဟ်ကနေ အတင်းနှင်ထုတ်ခံခဲ့ရကာ သူ့ထံ၌ အမုန်းတရားတို့ ပြည့်နေခဲ့သည်။ သူ့လူများနှင့်အတူ လိုင်ဂျိတို့သည် ဘီလူးနတ်ဆိုးဂြိုဟ်ကနေ လွတ်မြောက်လာခဲ့ပြီး ကြယ်များကြား၌ လေလွင့်သွားလာခဲ့ကြသည်။

သူက သူ့အိမ်ကနေ ထွက်လာဖို့သာ တတ်နိုင်ခဲ့၏။

ထိုသို့ သွားလာနေရင်း လိုင်ဂျီသည် သူ့ကလန်ဝင်များကို ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ခေါ်ဆောင်လာခဲ့၏။ သည်အချိန်အတွင်း ဟင်္သာပြဒါးခေါင်းစီးမှာ ရဲ့ဝူယောင်ပင်။ ရဲ့ဝူယောင်၏ ဦးဆောင်မှုဖြင့် ကျင့်ကြံသူများစွာ စုစည်းမိလာပြီး ထိုဂြိုဟ်ရှိ ဒေသခံများနှင့် စစ်ပွဲဖြစ်ခဲ့ကြ၏။ ထိုဒေသခံများမှာ စွန့်ပစ်ခံမသေမျိုးကလန်ဝင်များ ဖြစ်ကြလေ၏။

ထိုစစ်ပွဲကြောင့် မူလက စိတ်ဝိညာဉ်စွမ်းအင်အပြည့်အဝ ရှိသော ၎င်းဂြိုဟ်မှာ တဝက်ပျက်စီးနေသည့် ဂြိုဟ် ဖြစ်လာခဲ့ရသည်။ လိုင်ဂျီသည် ရဲ့ဝူယောင်ဘေးနားရှိ လူကိုမူ အတော်လေး မနှစ်သက် ဖြစ်ခဲ့၏။ သူက ထိုလူ့ကို စစ်ထူနန်ဟု ခေါ်ကြောင်း မှတ်မိနေပါသေးသည်။

စစ်ထူနန်လို့ ခေါ်သည့် လူမှာ အလွန်မောက်မာကာ သူ့လုပ်ဆောင်မှုများက နတ်ဆိုးဆန်၏။ သူက ရဲ့ဝူယောင်ကိုမူ များစွာ အလေးပေး၏။သူတို့နှစ်ယောက်က ဘီလူးနတ်ဆိုးကလန်နှင့် ရင်းနှီးမှု တည်ဆောက်ထားကြ၏။ရဲ့ဝူယောင်သည် မြေနေရာတစ်ခုကို ပေး၍ လိုင်ဂျီကို သူတို့၏ ကိုယ်ပိုင်နိုင်ငံအားတည်ရှိစေခဲ့သည်။

ထိုမြေနေရာက စွန့်ပစ်ခံမသေမျိုးကလန်နှင့် နီးလှခြင်း မရှိခဲ့ပေ။ ထို့အတွက်ကြောင့် ၎င်းနေရသည် လုံခြုံခဲ့သည်ဟု ဆို၍ ရသည်။

သူက သည်ကြင်နာမှုကို ပြန်ပေးဆပ်နိုင်ဖို့ စွန့်ပစ်ခံမသေမျိုးကလန်နှင့် စစ်ပွဲအတွင်း ပုဆိန်ဆွဲကိုင်ကာ သတ်ဖြတ်မှုများ ပြုလုပ်ပေးခဲ့၏။ သူက စွန့်ပစ်ခံမသေမျိုးကလန်ဝင်များ၏ ဦးခေါင်းများကို ရဲ့ဝူယောင်ထံသို့ ပေးအပ်ခဲ့လေ၏။

အတိတ်ကို ပြန်မြင်ယောင်နေရင်း လိုင်ဂျီသည် အောက်မေ့မှုကို ခံစားရ၏။ သူက အပြင်ပိုင်း၌ ထုံထိုင်းသည်ဟု ထင်ရသော်လည်း အမှန်မူ အလွန်အမင်း ဉာဏ်များသည်။ နှစ်သောင်းနှင့်ချီ ကြာမြင့်လှသည့် ကာလအတွင်း သူသည် အတွေ့အကြုံများစွာ ရှိခဲ့သည်။

လိုင်ဂျီသည် ပါးနပ်လှသည့်အတွက်ကြောင့်သာ ဝမ်လင်း၏ စီးတော်ယာဉ်အဖြစ် ချက်ခြင်း သဘောတူခဲ့ခြင်း ဖြစ်၏။ဝမ်လင်းကို လေ့လာပြီးသည့်နောက် သူသည် ဝမ်လင်းနောက်သို့ လိုက်ပါက ဘီလူးနတ်ဆိုးကလန်သို့ ပြန်၍ လက်စားချေနိုင်မည့် အခွင့်အရေး ရကောင်းရလာနိင်သည်ဟု ခံစားမိခဲ့ပေသည်။

ပြီးခဲ့သော တိုက်ပွဲအတွင်း ဝမ်လင်း မာန်သွင်းသံ ထုတ်ဖော်သည့်အခါ သူ့စိတ်ကို တုန်ခါစေခဲ့၏။ သည်အခိုက်၌ သူ့အကြံအစည်များအားလုံးသည် ပြိုပျက်ကာ သူ့စိတ်ဝိညာဉ်အတွင်းနက်ပိုင်းထဲမှ နာခံမှုကို ဖြစ်စေခဲ့သည်။

ထိုအခါ သူ ဝမ်လင်းနောက်သို့ လိုက်လံမည် အကြံသည် ပို၍ ခိုင်မာလာခဲ့တော့၏။

“ငါက စီးတော်ယာဉ်လောက် တည်ရှိမှုနဲ့ဆို ဘာအာရုံစိုက်မှုမှ ရမှာမဟုတ်ဘူး။အရာအားလုံးဟာ ငါ့ဘီလူးနတ်ဆိုးကလန်ရဲ့ သွေးမျိုးဆက်စွမ်းရည် အပေါ် မှီတည်လိမ့်မယ်…”

ထိုသို့တွေးမိရင်း လိုင်ဂျီသည် သူ့မျက်လုံးကို ပြန်မှိတ်ကာ သူ့သွေးမျိုးဆက်စွမ်းရည်တွင်သာ အာရုံစိုက်ထားတော့၏။

ဝမ်လင်းသည် သည်တောင်ထိပ်တွင် ထိုင်နေရင်း ကောင်းကင်ထက်မှ မိုးစက်များသည် သူ့ပေါ်သို့ စီးဆင်းကျနေ၏။သူက ဖြည်းဖြည်းချင်း ကျင့်ကြံကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။ တောင်ကိုဗဟိုပြု၍ သူ့နတ်ဘုရားအာရုံသည် ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးကို ခြုံလွှမ်းထားသည်။

သည်အခိုက်၌ သူ့နတ်ဘုရားအာရုံသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ကွဲထွက်၍ မိုးနှင့်အတူ နစ်မြုပ်ပေါင်းစပ်နိုင်ရန် ကြိုးစားသည်။ သို့သော် သူ မိုးနှင် ပေါင်းစပ်ခါနီး၌ မိုးစက်များသည် မြေကြီးပေါ်၌ ပျောက်ရှသွားကြသည်။ သည်အခိုက်၌ သူ့နတ်ဘုရားအာရုံကိုသာ ထုတ်လွှတ်မိသည်။

ထိုလုပ်ဆောင်မှုက ထပ်ဖန်တလဲလဲ ဖြစ်နေ၏။ မိုးစက်များအတွင်းရှိ လောက၏ မူလစွမ်းအင်ကြောင့် ၎င်းမိုးစက်များသည် မြေကြီးပေါ်သို့ ကျရောက်သည်နှင့် ပျောက်ကွယ်သွားကြသည်။ထိုအဖြစ်မှာ ဝမ်လင်း ရပ်တန့်စေနိုင်သည့် တစုံတရာ မဟုတ်။

ဝမ်လင်းကမူ မိုးနှင့်အတူ နစ်မြုပ်နိုင်ရန် ဆက်တိုက် လုပ်‌ဆောင်နေရင်း တဖြည်းဖြည်း ပေါင်းစပ်လာနိုင်၏။ ရုတ်တရက် သူသည် အတိတ်တုန်းက ဉာဏ်အလင်းတစ်ခုကို ကြားယောင်လိုက်ရသည့်ပုံပင်။

“ဒီမိုးတွေဟာ ကောင်းကင်ကနေ မွေးဖွားလာပြီး မြေကြီးထဲမှ သေဆုံးရတယ်။ ဒီဖြစ်စဉ်ကိုက ဘဝပဲ။ ရှင်သန်ခြင်းပဲ။ ငါက မိုးရေစက်တွေကိုသာ ကြည့်နေပြီး ကောင်းကင်နဲ့မြေကြီးကို မကြည့်မိတာဟာ ဘာကြောင့်လဲဆိုတော့ ငါဟာ မိုးစက်တွေရဲ့ ရှင်သန်ခြင်း ဖြစ်စဉ်ကိုပဲ ကြည့်ရှုနေမိလို့ပဲ။ဒါက သေခြင်းနဲ့ရှင်ခြင်းပဲ…”

ဝမ်လင်း၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွား၏။ သူက ရုတ်တရက် မျက်လုံးဖွင့်ကာ မိုးစက်များကို ကြည့်၍ ခပ်တိုးတိုး ရေရွတ်သည်။ “ငါက သေခြင်းရှင်ခြင်းမှာ ဉာဏ်အလင်း ရခဲ့ပြီးပြီး။ ဒီဉာဏ်အလင်းအားလုံးဟာ မိုးရေစက်တွေရဲ့ ရင်းမြစ်ပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset