လန်လင်းအယ် အိပ်မက်မက်နေသည်။
အိပ်မက်ထဲတွင် သူမသည် တာအိုရသေ့အိုကြီးတစ်ဦး၏ တပည့်အဖြစ် လက်ခံခြင်းခံခဲ့ရသည်။ သူက သူမကို နတ်ဝိဇ္ဇာဂူသို့ ခေါ်ဆောင်သွားရာ ရေထဲမှ ဘွားခနဲ ခုန်ထွက်လာသည့် ဆရာတူအစ်ကိုကြီးကို တွေ့လိုက်ရသည်။
အမ် … ယင်းက အိပ်မက်သက်သက်မဟုတ်ဘဲ စောစောက ဖြစ်သွားခဲ့သည့်အရာ မဟုတ်လော။
လန်လင်းအယ် ကြောင်တောင်တောင် ဖြစ်နေစဉ် ဆရာ၏ အသံကို ကြားလိုက်ရသည်။ သူက အတော်လေး ခက်ထန်တင်းမာနေဟန်တူပြီး သူမ ထင်မှတ်ထားခဲ့သော နတ်ဝိဇ္ဇာအိုကြီးတစ်ပါးအသွင်နှင့် အံ့သြစရာကောင်းလောက်အောင် ကွဲပြားနေသည်။
” အပေအတေကောင်။ အခုတော့ အသက်ကလေးကြီးလာတာနဲ့ ဆရာ့စကားကို နားမထောင်တော့ဘူးပေါ့လေ။ ငါ့ကိုများ ရာရာစစ အကောက်ကြံရဲရတယ်လို့ ”
ပြီးနောက် လန်လင်းအယ်သည် ညင်သာပြီး တည်ငြိမ်သောအသံတစ်သံကို ကြားလိုက်ရ၏။
” ဆရာရယ် စိတ်လျှော့ပါဦး။ ကျွန်တော်က ကြိုတင်ကာကွယ်ထားရုံလေးပဲ လုပ်ထားတာပါ။ ရေကိုယ်ယောင်ဖျောက်အတတ်ကျင့်ဖို့ ပြင်နေတာမလို့ ကန်ထဲ မဆင်းခင် သူခိုးတွေ ကျူးကျော်မလာအောင် ဒီထောင်ချောက်ချထားခဲ့တာပါ။ ဆရာ ဗြုန်းစားကြီး ဒီနေ့ ပြန်လာလိမ့်မယ်လည်း မသိဘူးလေ။ အဲဒါကြောင့် အဲဒီထောင်ချောက်တွေကို ရှင်းဖို့ အချိန်မရဘူးဖြစ်သွားတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဆရာ ”
ဆရာတူအစ်ကို၏အသံသည် ငြိမ်းချမ်းကာ သက်သောင့်သက်သာရှိလှသည်ဖြစ်၍ လူများကို ဆက်လက်နားထောင်ချင်စိတ် ဖြစ်စေသည်။
တခဏအကြာတွင် ဆရာက ဟင်းခနဲ သက်ပြင်းရှည်ကြီး ချလိုက်သည်ကိုလန်လင်းအယ် ကြားလိုက်ရ၏။
တာအိုရသေ့အိုကြီးက ဝါးခုတင်ဘေးတွင် ထိုင်လျက် လက်ဝါးနှစ်ဖက်ကို အသံမြည်အောင် ရိုက်လိုက်ပြီး စိတ်မပါတပါဖြင့် ညဉ်းတွားလေသည်။
” ချန်ရှို့ ၊ ငါတို့က ဂိုဏ်းပိုင်နက်တောင်တွေကြားမှာလေ။ ဒီလိုထောင်ချောက်မျိုးက တကယ်ပဲ လိုလို့လား ”
” သူခိုးတွေ ကျူးကျော်မလာအောင်တဲ့လား။ ငါတို့ ချုံတောင်လေးက သူဖုန်းစားတောင်လေးဆိုတဲ့ နာမည်တောင် ပြောင်းတော့မယ်ကွ။ ဘယ်သူခိုးက လာမှာတုန်း ”
‘ ချန်ရှို့တဲ့လား။ ဆရာတူအစ်ကိုကြီးနာမည်က ချန်ရှို့လား ‘
၎င်းမှာ သာမန်တာအိုနာမည်တစ်ခုဖြစ်ပြီး တစ်ဆက်တည်း သူ၏ရိုးသားဖြူစင်သော ရည်မှန်းချက်များကို ဖော်ပြနေသည်။
လန်လင်းအယ်သည် အပြင်ဘက်မှ ဆူဆူညံညံအသံများကို ကြားနေရသော်လည်း မျက်လုံးအား လုံးဝ ဖွင့်မရကြောင်း ရုတ်ချည်း တွေ့လိုက်ရလေသည်။ သူမ၏မျက်ခွံများမှာ ခဲဆွဲထားသည့်ပမာ လေးလံနေပြီး ခန္ဓာကိုယ်ထဲမှ အားအင်များ စုပ်ထုတ်ခံထားရသည့်အလား ခံစားနေရသည်။
ဆရာတူအစ်ကိုကြီးက စကားထပ်ပြောသည်။ သူ၏အသံကနွေးထွေးနေရာ ထိုနေရာတွင် သူမ၏အမေ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
” ဆရာ၊ မဟုတ်ဘူး။ ဂိုဏ်းပိုင်နက်တောင်တွေထဲမှာလည်း အန္တရာယ်ဆိုတာ ရှိနေနိုင်သေးတယ် ”
” အရင်နှစ်တွေတုန်းက တောင်အချင်းချင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့တာတောင် ဂိုဏ်းထဲက အကြီးအကဲတွေက မစိုးရိမ်ခဲ့ကြဘူးလေ။ ကျွန်တော်တို့တောင်ထိပ်မှာ ကျွန်တော်တစ်ယောက်ပဲရှိတာ၊ မှားလို့ ကျွန်တော်တို့ တပည့်နှစ်ယောက်ပဲ ရှိတာလေ။ သတိကြီးကြီး ထားကိုထားမှ ဖြစ်မှာ ”
” အစကတည်းက ကျွန်တော်တို့က ဂိုဏ်းထဲမှာ မထင်ပေါ်ခဲ့သလို နောက်ခံလည်း မရှိဘူး။ ကျွန်တော်တို့မြေကို အပိုင်သိမ်းဖို့ ကြံနေတဲ့သူတစ်ယောက်ယောက် ရှိရင် ရှိနေမှာပေါ့။ ဘယ်သူ သိမှာလဲ ”
ဆရာတူအစ်ကိုကြီး၏ စကားအဆုံးတွင် လန်လင်းအယ်တစ်ယောက် တာအိုရသေ့အိုကြီး၏ စောဒကတက်သံကို ကြားလိုက်ရသည်။
” တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ စည်းမျဉ်းတွေက ဒီလောက်တင်းကြပ်တာကို။ အဲဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း ”
” ထားတော့။ မင်းနဲ့ မင်းရဲ့ ထူးဆန်းတဲ့အတွေးအခေါ်တွေကို ဝေဖန်အပြစ်တင်နေဖို့ အကြောင်း မရှိဘူး။ ဒီလိုတွေလုပ်နေမယ့်အစား ဘာလို့ တိုးတက်အောင် မကျင့်ကြံသေးတာတုန်း ”
” လင်းအယ် မနိုးမချင်း ဒီမှာစောင့်နေ။ ဒီမှာ ငါ့ရဲ့ သက်သေခံ တံဆိပ်ပြား။ သူ့ကို စာရင်းသွင်းပေးဖို့နဲ့ တရားဝင်တပည့်အဖြစ် ထောက်ပံ့ကြေးနဲ့ သူ့တံဆိပ်ပြားကို ယူဖို့ တောင်မကြီးကို ခေါ်လာခဲ့ ”
” တကယ့်ကို သောက်ဒုက္ခပေးတဲ့ကောင်ပဲ ”
တာအိုရသေ့အိုကြီးက အင်္ကျီလက်စကို ခါပြီး ဝါးထိုင်ခုံမှ ထရပ်လိုက်သည်။ ဆေးနံ့၏ အာနိသင်ကြောင့် သူ၏မျက်နှာနီမြန်းကာ အတန်ငယ် ယိမ်းထိုးနေသည်။
” သောက်ဒေါသဖြစ်စရာတွေ ”
” ဖြည်းဖြည်းသွားပါ ဆရာ ”
” ဟမ့်။ အနန္တတာအိုကို နားလည်ဖို့ ငါ တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်”
တာအိုဆရာချီယွမ်သည် မြေပြင်ကို ခပ်ပြင်းပြင်း ဆောင့်နင်းကာ မီးခိုးငွေ့တန်းတစ်တန်းအသွင် ပြောင်းလဲ၍ တဲအိမ်လေးထဲမှ ပျောက်ကွယ်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း တစ်ဖက်တဲအိမ်အတွင်းမှ ဂလုံးဂလွမ်းအသံများ ကြားလိုက်ရသည်။ တာအိုရသေ့အိုကြီးသည် ဓမ္မမန္တန်ကို တွန်းလှန်ပြီးနောက် မျှခြေပျက်သွားခဲ့ခြင်း ဖြစ်သည်။
လူငယ်က တံခါး၌ ရပ်ရင်း သက်ပြင်းဖွဖွ ချလိုက်သည်။
သူ သက်ပြင်းချနေစဉ် ဝါးခုတင်ပေါ်တွင် လှဲနေသော ကလေးမလေး၏ မျက်ဝန်းကလေးများ အနည်းငယ် ပွင့်လာကာ ခေါင်းငိုက်စိုက်ချကာ အတွေးနက်နေသော လူရိပ်ကို မြင်လိုက်ရသည်။
‘ ဆရာတူအစ်ကိုကြီးက အရပ်အရှည်ကြီးပဲ ‘
” ဆရာ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သိပ်အားနည်းနေတုန်းပဲ။ ဝိညာဉ်ကလည်း သန်မာသင့်သလောက် မသန်မာသေးဘူး။ နတ်ဝိဇ္ဇာအသွင်ပြောင်းလဲနေတဲ့အချိန် ကောင်းကင်ပြစ်ဒဏ်ကို သူ ကျော်လွှားနိုင်ပါ့မလား ”
‘ အဲဒီစကားလုံးတွေက ဘာအဓိပ္ပာယ်လဲ ‘
ပင်ပန်းနွမ်းနွယ်မှုလှိုင်း ရိုက်ခတ်လာသည်ဖြစ်၍ လန်လင်းအယ်သည် မျက်လုံးများအား မရည်ရွယ်ဘဲ ပိတ်လိုက်မိသည်။ များမကြာခင် နီးကပ်လာနေသော ခြေသံများအား ကြားလိုက်ရ၏။
ကိုးနှစ်အရွယ်သာ ရှိသေးသော်ငြား လန်လင်းအယ်သည် ငယ်ငယ်ကတည်းက ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး လေ့လာစူးစမ်းတတ်သူလေးဖြစ်သည်။ ယင်းအပြင် လန်လင်းအယ်သည် သာမန်လူသားများ နေထိုင်သော ကမ္ဘာရှိအင်အားကြီးမားပြီး ချမ်းသာကြွယ်ဝသော မိသားစုမှမွေးဖွားလာခဲ့သူဖြစ်သည်။ အသက်ငယ်ငယ်ကလေးနှင့် ကျင့်ဝတ်ထုံးတမ်းများ၊ စည်းကမ်းဥပဒေများအား သင်ယူခဲ့ရလေရာ ထိုအရာအားလုံးနှင့်စပ်လျဉ်း၍ အထိုက်အလျောက် နားလည်လေ၏။
သူမ၏လက်ရှိအခြေအနေက ကျင့်ဝတ်ထုံးတမ်းများ ၊ စည်းကမ်းဥပဒေများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ သူမသည် ယောက်ျားပျိုတစ်ယောက်နှင့် တစ်ခန်းတည်းအတူရှိနေပြီး ထိုသူစိမ်းယောက်ျားပျိုက သူမအနား တရွေ့ရွေ့ ချဉ်းကပ်လာနေသည်။
သို့ပေမည့် ထိုလူသည် သူမ၏ ဆရာတူအစ်ကိုကြီးဖြစ်လျှင် နောင်တွင် သူမအနေဖြင့် သူ့အား သွေးသားရင်းချာအစ်ကိုကြီးအဖြစ် ဆက်ဆံနိုင်သည်။ ထိုအချက်က လက်ခံနိုင်ဖွယ်ရာရှိသည်။
” ညီမလေးလန်။ အစ်ကိုက မင်းရဲ့ ဆရာတူအစ်ကို လီချန်ရှို့ပါ။ အခု အစ်ကို အားအင်မဲ့နတ်ဆေးရဲ့အာနိသင်တွေကို မင်းအတွက် ဖြေဖျောက်ပေးမယ်။ အစ်ကိုပြောတာ ကြားရင် အစ်ကို့ကို ငထန်ကောင်လို့ သဘောမထားနဲ့နော်။ အစ်ကိုက သိပ်ဖြောင့်မတ်တည်ကြည်တဲ့ ယောက်ျားတစ်ယောက်ပါ ”
” အမ် … ငါ ဘာတွေ ပြောနေမိတာလဲ။ သူက အခုမှစကျင့်ကြံတော့မယ့်လူလေ၊ ဆေးအာနိသင်တွေကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ ”
‘ ငထန်ကောင်၊ ဖြောင့်မတ်တည်ကြည်တဲ့ ယောက်ျား … ဒီကျင့်ကြံခြင်းဘာသာစကားက နားလည်ဖို့ အရမ်းခက်လိုက်တာ။ ဆရာတူအစ်ကိုကြီးက တကယ့် ကျင့်ကြံသူတစ်ယောက်ပဲ ’
လန်လင်းအယ်သည် ဆရာတူအစ်ကို၏အရှေ့တွင် မလေးစားရာရောက်မည်စိုး၍ ပြန်လည်တုံ့ပြန်ရန် တတ်နိုင်သမျှ ကြိုးစားပါသော်လည်း အားအင်တစ်စက်မှ မရှိပေ။ သူမ ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသောအရာကားသူမ၏အတွေးစများသာ ဖြစ်ပေသည်။
ရုတ်တရက် သူမ၏နဖူးအပေါ် နူးညံ့စွာ ရောက်လာသော လက်ဝါးကြီးတစ်ဖက်ကို သူမ ခံစားလိုက်ရ၏။ စိတ်ကို လန်းဆန်းသွားစေသော အေးစိမ့်စိမ့် အငွေ့အမျှင်တန်းများက သူမ၏နဖူးမှ တစ်ဆင့် ဝင်ရောက်လာပြီး တစ်ကိုယ်လုံးအနှံ့ လှည့်ပတ်စီးဆင်းသွားသည်။ ယင်းက သူမကို သက်တောင့်သက်သာဖြစ်သွားစေသည်။
‘ ဆရာတူအစ်ကိုကြီးက ငါ့ကို ကုပေးနေတာပဲ … ”
လန်လင်းအယ်၏ခေါင်းထဲတွင် ရှုပ်ထွေးနောက်ကျလာသည်။ အတွေးစများက ဟိုတစ်စ သည်တစ်စ ပြန့်ကျဲလာသည်။ သူမ၏လက်ရှိအခြေအနေက အိပ်မက်လား၊ တကယ်လား ဝေခွဲရခက်လာမိသည်။
လီချန်ရှို့က ခုတင်ပေါ်၌ လှဲနေသော ကလေးမလေးကို မျက်မှောင်ကြုတ်၍ ကြည့်ရင်း စဉ်းစားနေ၏။
သူ့ဆရာက နောက်ထပ် တပည့်တစ်ယောက်လက်ခံချင်ကြောင်း တဖွဖွ ပြောနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ဆရာတူညီလေး သို့မဟုတ် ဆရာတူညီမလေးအား ကြိုဆိုရန် စိတ်ကို ပြင်ဆင်ထားပြီးဖြစ်သော်လည်း လီချန်ရှို့ကအတန်ငယ် စိုးရိမ်နေသေးသည်။
‘ ဒီအခွင့်အရေးသုံးပြီး သူ့ဝိညာဉ်ကို ငါ စစ်ဆေးကြည့်ရမယ် ‘
လီချန်ရှို့သည် အအေးငွေ့တစ်မျိုးကို လန်လင်းအယ်၏ အသက်ဓာတ်တည်ရာကို ညင်သာစွာ ပို့လွှတ်လိုက်သည်။
‘ အင်း … ဝိညာဉ်နဲ့ခန္ဓာက အပိုအလိုမရှိ သဟဇာတဖြစ်တယ်။ သူ့ကိုယ်ထဲမှာ ဖောက်လွဲဖောက်ပြန်နေတာတွေလည်း မရှိဘူး။ ကြည့်ရတာ ဝင်စီးခံထားရတဲ့ပုံ မပေါ်ဘူး။ ကလေးမလေးက တော်တော်လေး ပါရမီထက်သန်ပြီး ရေဓာတ်၊ သစ်သားဓာတ်နဲ့ ရင်းနှီးမှုရှိတယ် ‘
သို့သော် သူမ၏ပင်ကိုယ်စရိုက်က မည်သို့မည်ဖုံ ရှိသည်ကို လီချန်ရှို့ မသိပေ။
ဤအသက်အရွယ်တွင် လန်လင်းအယ်၏ပင်ကိုယ်စရိုက်က ရင့်ကျက်သင့်နေပြီဖြစ်သည်။ နေရာတကာ ပြဿနာရှာတတ်သော ကလေးမတစ်ယောက် မဟုတ်ရန်သာ လီချန်ရှို့ မျှော်လင့်နိုင်သည်။
သို့သော်လည်း သူမ၏ရုပ်ရည်သွင်ပြင်အရ အရွယ်ရောက်လာလျှင် မိန်းမလှလေးတစ်ဦးဖြစ်လာလိမ့်မည်ကို သူ ပြောနိုင်သည်။ရှေးခေတ်ကတည်းက မိန်းမလှလေးများသည် စစ်မက်ဖြစ်ပွားရသော အကြောင်းရင်းများ မဟုတ်ပါလော။ ဤသည်မှာ ပဋိပက္ခများ ဖြစ်ပွားနိုင်သော အကြောင်းရင်းဖြစ်၍ သူ့အနေဖြင့် တတ်နိုင်သမျှ ရှောင်မှ တော်ကာကျပေမည်။
‘ သူ့မှာ မိစ္ဆာသန္ဓေ ဒါမှမဟုတ် တခြားတစ်မျိုးမျိုး ပါလာ၊ မလာကိုလည်း စစ်ဆေးကြည့်ရမယ် ‘
ဟုတ်သည်။ ယင်းကလည်း မဖြစ်မနေ စစ်ဆေးရမည့်အရာပင်။ ဖြစ်နိုင်ခြေတော့ မမြင့်မားသော်လည်း သည်အတိုင်း ထားခဲ့၍မဖြစ်ချေ။ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားလျှင် အကောင်းဆုံးဖြစ်သည်။
တချိန်တည်းမှာပင် ..
‘ အီး ‘
လန်လင်းအယ် မေ့မြောနေစဉ် လက်ဝါးကြီးက သူမ၏နဖူးမှ ခွာ၍ တစ်ကိုယ်လုံးအနှံ့ ပွတ်သပ်နေသည်ကို ခံစားလာရပြီး သူမ၏မျက်နှာလေး အတန်ငယ် နီရဲလာ၏။
‘ ဆ… ဆရာတူအစ်ကိုကြီး … ဒါ… ဒါကြီးကမသင့်တော်ပါဘူးရှင် … ‘
မကြာခင် လီချန်ရှို့က ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ နှံ့နှံ့စပ်စပ် စစ်ဆေးပြီးနောက် သူ၏ဆရာတူညီမလေးနှင့်ပတ်သက်ပြီး မည်သည့်ပြဿနာမှ မရှိဟန်တူသည်။ သူမက ဝင်စီးခြင်းမခံထားရသည့်သာမက မိစ္ဆာသန္ဓေလည်း မပါနေသည့်အပြင် မည်သည့်အဆိပ်၊ မည်သည့်ကျိန်စာ၏လွှမ်းမိုးခြင်းကိုလည်း မခံထားရပေ။ ယင်းအပြင် သူမသည် ကျင့်ကြံရာတွင် အမှန်တကယ် ပါရမီပါ၏။
လန်လင်းအယ်ကား အရည်အချင်းစစ်ဆေးမှုကို တရားဝင်အောင်သွားပြီ ဖြစ်သည်။
ပြီးသည်နှင့် သူ၏ဆရာတူညီမလေးအတွက် လေ့ကျင့်ရေးနှင့်ပတ်သက်မည်ဖြစ်ပြီး ယင်းအတွက် လီချန်ရှို့က စေ့စေ့စပ်စပ် ပြင်ဆင်ထားပြီးဖြစ်၏။
ဆရာတူညီမလေးသာ ပြဿနာမရှာတတ်လျှင် အကောင်းဆုံးဖြစ်သည်။ သို့မှသာ ကံကြမ္မာအရဖြစ်နေသော သူ့အခွင့်အရေးများက နောင်တွင်လည်း ယခုအတိုင်းသာ ဖြစ်နေမည်ဖြစ်သည်။
လီချန်ရှို့သည် ခုတင်စွန်းတွင် ထိုင်ကာ အတွေးထဲ နစ်မျောနေသည်။ ပြီးနောက် သူက ခြောက်ကပ်ကပ်ရယ်ပြီး ရေရွတ်လိုက်သည်။
” အရင်ဘဝက ကညာပျိုတွေကို ဘာကြောင့်များ လူတွေ တမ်းတမ်းစွဲ ဖြစ်နေရတာလဲဆိုတာ ငါ နားလည်လာသလိုပဲ။ သူတို့က သိပ်ချစ်စရာကောင်းကြတာကိုး ”
‘ ကညာပျိုတွေကို စွဲလမ်းတယ်၊ ချစ်စရာကောင်းတယ်၊ အရင်ဘဝ ‘
လန်လင်းအယ်သည် သူ၏စကားများကို နားမလည်သော်လည်း ဆရာ၏စကားများ မှန်ကန်ကြောင်း ခံစားလိုက်ရလေသည်။ ဆရာတူအစ်ကိုကြီးကား အတန်ငယ် ထူးဆန်းပေ၏။
အအေးငွေ့များကြောင့် ဖြစ်ဟန်တူသည်၊ လန်လင်းအယ်သည် အနည်းငယ် အားပြည့်လာသည်ကို ခံစားလိုက်ရသည်။ သူမ၏နှုတ်ခမ်းလေး ခပ်ဟဟ ပွင့်လာပြီး လည်ချောင်းမှ ငြီးသံလေး ထွက်လာ၏။
မြင်ကွင်းက ဝါးနေရာမှ ကြည်လင်သွားသည်။ နောက်ဆုံးတော့ ဆရာတူအစ်ကိုကြီးကို လန်လင်းအယ် အနီးကပ်ကြည့်နိုင်သွား၏။ သူက ထင်ရှားပေါ်လွင်သော မျက်လုံး၊ မျက်ခုံး၊ နှာတံတို့ကို ပိုင်ဆိုင်ထားသည်။ ကြာကြာကြည့်လေ ပို၍ ချောလာလေသလားပင်။ သူမအမေ၏ ကိုယ်ရံတော်များထက်ပင် ပို၍ ခံ့ညားလေ၏။
သို့သော်လည်း ဆရာတူအစ်ကိုကြီး၏ လက်ရှိအမူအရာက သူမအား အတော်လေး ကြောက်လန့်မိစေသည်။
‘ ဆရာတူအစ်ကိုကြီးရဲ့ အကြည့်က ကြောက်စရာကြီး ‘
ဂလု …
လန်လင်းအယ်က တံတွေးမျိုချလိုက်မိသည်။ သူမ၏ပုံစံလေးက အားနည်းပြီး ခိုကိုးရာမဲ့ကာ သနားဖွယ်ကောင်းနေ၏။
ထိုစဉ် ခုတင်စွန်းတွင် ထိုင်နေသော ဆယ်ကျော်သက်အရွယ်ကျင့်ကြံသူ၏အမေးကို သူမ ကြားလိုက်ရသည်။
” စောစောက အစ်ကိုပြောသွားတာတွေ အကုန် ကြားလိုက်တာလား ”
လန်လင်းအယ်မှာ ချက်ချင်း စိတ်လှုပ်ရှားသွားရပြီး တုန်တုန်ရီရီဖြင့် ပြန်ဖြေလိုက်လေသည်။
‘ မ … မဟုတ် … ဟုတ်… ”
‘ ဆရာတူအစ်ကိုကြီးက ဘာဖြစ်နေတာလဲ။ သူ စိတ်ဆိုးအောင် ငါ လုပ်မိလိုက်တာလား။ ဆရာတူအစ်ကိုကြီးရဲ့ မျက်နှာထားကြည့်ရတာ ငါ့ကို သိပ်ဘဝင်မကျတဲ့ပုံပဲ ‘
” ဆရာတူအစ်ကိုကြီး …”
ခုတင်စွန်းရှိ ဆယ်ကျော်သက်လူငယ်က ဖြေးဖြေးချင်း ထရပ်လိုက်သည်။ သူသည် ခေါင်းငုံ့၍ ချောမောလှပသော ကလေးမလေးကို ငုံ့ကြည့်လေ၏။ သူ့အကြည့်ထဲတွင် အတန်ငယ် တွန့်ဆုတ်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ သို့သော် သူက အသံတိုးတိုးဖြင့် မြန်မြန်ဆန်ဆန် ပြောသွားသည်။
” အစ်ကို့ကို ကြည့်။ အစ်ကိုပြောခဲ့တာတွေ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်”
” ရှင် ဟုတ်ကဲ့ ”
လန်လင်းအယ်က ခပ်တိုးတိုးလေး ပြန်ဖြေသည်။ သူမ၏မျက်နှာမှာ နီရဲနေပြီး အူတူတူပုံစံလေး ဖြစ်နေ၏။
ယင်းနောက် သူမ၏ဆရာတူအစ်ကိုကြီးက ခေါင်းတခါခါနှင့် ပြတင်းပေါက်ဆီ လျှောက်သွားသည်ကို သူမ မြင်လိုက်ရသည်။ သူက ပြတင်းပေါက်မှ အပြင်ကို ကြည့်ကာ စဉ်းစားတွေးတောနေဟန်တူသည်။
သူ၏နာမည်က လီချန်ရှို့၊ တပည့်တစ်ဦးအဖြစ် လက်ခံခြင်းခံခဲ့ရစဉ်က ချန်ရှို့ကို သူ၏တာအိုနာမည်အဖြစ် ခေါင်းမာစွာ ထားခဲ့လေသည်။
အကြောင်းအရင်းက လန်လင်းအယ်၏ခန့်မှန်းချက်များနှင့် ဆင်သည်။ လီချန်ရှို့သည် အသက်ရှည်ရှည် နေလိုသူဖြစ်သည်။ သူ၏သက်တမ်းက ကောင်းကင်နှင့်မြေကြီးကဲ့သို့ တည်မြဲရှည်ကြာနေသရွေ့ အကောင်းဆုံးပင်။
ထိုအခိုက် လီချန်ရှို့သည် တစ်ယောက်တည်း ရေရွတ်နေရင်း ဖွင့်ပြောမိခဲ့သည်များကို ပြန်တွေးလိုက်မိ၏။
‘ အကြီးမားဆုံးအမှားက ‘ အရင်ဘဝ ‘ လို့ လွှတ်ခနဲ ပြောလိုက်မိတာပဲ၊ လခွမ်း ‘
ဤနှစ်ပေါင်းရာဂဏန်းအနည်းငယ်အတွင်း လီချန်ရှို့သည် သတိကြီးကြီးထားခဲ့သည်။ ဤဆရာတူညီမလေးအား သူ၏လျှို့ဝှက်ချက် ပြောပြခဲ့မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လျှို့ဝှက်ချက်ကို နှလုံးသားထဲ၌ အလွန်ကြာမြင့်စွာ သိုဝှက်ထားခဲ့ရ၍ မချုပ်တည်းနိုင်တော့ဘဲ တစ်ကိုယ်တည်း ပြောခဲ့မိခြင်းသာ ဖြစ်သည်။
လီချန်ရှို့သည် မေးစေ့ကိုပွတ်ကာ ခုတင်မှ ဆင်းရန် ပြင်နေသော ကလေးမလေးဆီသို့ အကြည့်လွှဲလိုက်သည်။
‘ ဒီကလေးမကို သတ်ပြီး နှုတ်ပိတ်ပစ်ရမည်၊ နှုတ်ပိတ်ပစ်ဖို့ သတ်ကိုသတ်ရမည် ’
လန်လင်းအယ်သည် ခုတင်ပေါ်၌ မတ်မတ် ထိုင်နိုင်ရန် အတော်လေး အားယူလိုက်ရသည်။ သူမသည် ဆရာတူအစ်ကိုကြီး၏ အေးစက်စက်အကြည့်ကို မြင်လျှင် ကြက်သီးတဖြန်းဖြန်း ထလာရသည်။
” ဆရာတူအစ်ကိုကြီးးးး ”
” စောစောက အစ်ကိုပြောခဲ့တာကို ဘယ်သူမှမပြောနဲ့နော် ”
” ဟုတ် လင်းအယ် မှတ်ထားပါ့မယ် ”
” ဆရာအပါအဝင် ဘယ်သူ့ကိုမှ တစ်ခွန်းမဟရဘူးနော် ”
” ဟုတ် ဆရာတူအစ်ကိုကြီး…”
” ကောင်းပြီ။ တာအိုကျမ်းသစ္စာကျိန်ဆိုရမယ် ”
” ရှင် …”
နေရောင်အောက်ဝယ် ခုတင်ပေါ်၌ ထိုင်နေသော ကလေးမလေး၏နဖူးကြောလေး ကြုံ့သွားရသည်။ ဆရာတူအစ်ကိုကြီး၏ သင်ပြပေးမှုဖြင့် ကလေးမလေးသည်သေးသေးသွယ်သွယ်လက်ကလေးကို မြှောက်၍ ဖြစ်နိုင်ချေရှိသော အခြေအနေ အမျိုးမျိုးနှင့် သတ်မှတ်ချက်ပေါင်းစုံအား ထည့်တွက်ထားသော စာလုံးတစ်ထောင် တာအိုကျမ်းသစ္စာကို စတင်ရွတ်ဆိုရတော့သည်။
***