လိုင်ဂျီသည် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ပိုင်းနယ်မြေတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာနေ၏။ သိပ်မဝေးသောနေရာတွင် ဓားစွမ်းအင်တန်းများ ရှိနေ၏။ ထိုသူတို့မှာ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ ဖြစ်ကြ၏။
ထိုအုပ်စုကို ဦးဆောင်လာသူမှာ မြေကြီးအဆင့် ကောင်းကင်ဘုံသားများထဲမှ တစ်ယောက် ဖြစ်သည်။ သူက လိုင်ဂျီ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးကို တွေ့မြင်သည့်အခါ သတိအနေထား ဖြစ်သွားသည်။ သူ့နောက်ရှိ ကျင့်ကြံသူများပင် ရန်သူကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ကာ မန္တာန်များ အသင့်ပြင်ထားကြသည်။
သည်အခိုက်၌ ခေါင်းဆောင်ဖြစ်သူသည် လိုင်ဂျီ၏ကျောပေါ်၌ ဝမ်လင်းနှင့်ခေါင်းကြီးကောင်လေးတို့ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ သူက ပင့်သက်ရှိုက်မိသွားသည်။ချက်ခြင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ လေးစားစွာ ပြောသည်။ “မိုးကြိုးကောင်းကင်ဘုံသားကို နှုတ်ဆက်ပါတယ်…”
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ရှုမူသည် ထင်ရှားလှသူ မဟုတ်လား။သူက ဝမ်လင်း၏ သူရဲကောင်းဆန်ဆန် လုပ်ဆောင်မှုများကို ကိုင်တိုင် မြင်ခဲ့ဖူးသည်။ သူက ဝမ်လင်းကို အတော်လေး လေးစားပေ၏။
ဝမ်လင်းသည် ခေါင်းညိတ်ရုံသာ ညိတ်ပြ၍ စကားမဆိုပေ။လိုင်ဂျီအမြန်နှုန်းသည် မြန်ဆန်လှ၏။ ထို့ကြောင့် သူသည် ထိုကျင့်ကြံသူများ၏ အဝေးသို့ ချက်ခြင်း ရောက်ရှိသွားသည်။ ထိုအုပ်စု၏ခေါင်းဆောင်ကျင့်ကြံသူက ဝမ်လင်းထွက်ခွာသွားသည့်အရပ်သို့ ကြည့်ကာ မနာလိုစွာ ပြောလာ၏။ “ဒီလို စီးတော်ယာဉ်မျိုးနဲ့ လူက အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား အမှန်တကယ် ဖြစ်ထိုက်ပါပေတယ်…”
သူတစ်ယောက်တည်းသာ ထိုသို့ ဖြစ်သည် မဟုတ်။အခြားကျင့်ကြံသူများသည်လည်း ဝမ်လင်းအပေါ် လေးစားမှုနှင့်မနာလိုမှုတို့ ဖြစ်ပေါ်လေ၏။
လိုင်ဂျီသည် ရှေ့သို့ ဆက်၍ ပျံသန်းနေစဉ် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများနှင့် ပိုတွေ့လာရ၏။ သည်နေရာက အလုံးစုံကောင်းကင်မှ စိုးမိုးထားသည်မှာ ထင်ရှားနေ၏။ ထိုကျင့်ကြံသူများသည် ဝမ်လင်းကို တွေ့မြင်သည့်အခါ လေးစားသည့်အမူအရာများ ဖြစ်ပေါ်ကြ၏။ သူတို့က လိုင်ဂျီကိုတွေ့မြင်သည့်အခါ ဝမ်လင်းအပေါ် တုန်လှုပ်လေးစားမှုနှင့် ပြည့်လာရ၏။
ရှုမူ(ဝမ်လင်း) ထွက်ပေါ်လာသည်ကို အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ သိရှိသွားကြသည်။ထိုအချိန်မတိုင်ခင်က ရှုမူနှင့် ပတ်သတ်၍ အချိန်တိုအတွင်း သတင်းစကားမျိုးစုံ ပျံ့နှံ့လာ၏။ရှုမူနှင့်ပတ်သတ်သည့် ကောလဟာလ သတင်းစကားမှာ အမျိုးမျိုးပင်။
အများစုမှာ ရှုမူသည် မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် ယှဉ်မတိုက်ခိုက်ဝံ့ သို့မဟုတ် သစ္စာဖောက်သွားကြပြီဟု ယူဆထားကြ၏။ရှုထင်သည် ထိုအကြောင်းကို ကြားသည့်အခါ ပျော်မိ၏။
အလုံးစုံကောင်းကင်မှ မျိုးဆက်ဟောင်းပုဂ္ဂိုလ်များကမူ သည်သတင်းစကားကို ရပ်တန့်ဖို့ ဘာတစ်ခုမှ မပြောခဲ့ကြပေ။ သည့်အပြင် ဝမ်လင်းသည် အခုချိန်မတိုင်ခင်က ပျောက်ကွယ်နေခဲ့ပြီး တိုက်ပွဲတွင် မပါဝင်ခဲ့သေးသည့်အတွက် သူနှင့်ပတ်သတ်သည့် စကားမျိုးစုံသည် ထွက်ပေါ်ခဲ့ခြင်းပင်။
ဥပမာအနေနှင့် ရှုမူ သည် မဟာမိတ်အဖွဲ့အစည်းဘက်မှ သူလျှိုဟုလည်း ထင်မြင်ခဲ့ကြသေး၏။
လိုင်ဂျီ၏ လှုပ်ရှားမှုများသည် ကျင့်ကြံသူတော်တော်များများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့၏။ ကျင့်ကြံသူအများစုမှာ ဝမ်လင်းကို လေးစားသည့်ဟန်ပန်နှင့် ကြည့်နေကြ၏။
တစ်ရက်ကြာမြင့်ပြီးသည့်နောက် လိုင်ဂျီသည် လေလွင့်ဂြိုဟ်တစ်လုံး၏ အပြင်ဘက်၌ ရပ်တန့်လိုက်၏။ သည်ဂြိုဟ်ပေါ်၌ စိတ်ဝိညာဉ်စွမ်းအင် များများစားစား မရှိလှပါ။
ဝမ်လင်းသည် ၎င်းဂြိုဟ်ကို သေချလေ့လာကြည့်၏။ သည်နေရာသည် အမှန်ပင် လူသူကင်းမဲ့လှ၏။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် ဤဂြိုဟ်ကို သိမ်းပိုက်ထားခဲ့သော်လည်း ထိုအရာက သူ့တံခါးပိတ်ကျင့်ကြံခြင်း အလုပ်ကို အနှောက်ယှက် မဖြစ်စေပေ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းသည် လိုင်ဂျီ၏ကျောပေါ်ကနေ ဆင်းကာ ထိုလေလွင့်ဂြိုဟ်ရှိရာသို့ လှမ်းလျှောက်လာသည်။ ခေါင်းကြီးကောင်လေးနှင့် ထာရှန်တို့သည် နောက်ကနေ ချက်ခြင်းလိုက်လာ၏။ လိုင်ဂျီ၏ခန္ဓာကိုယ်ကမူ ပေသုံးဆယ်လောက်မြင့်မားသည့် လူတစ်ယောက်အဖြစ် ပြန်ကျုံ့သွားပြီး သူတို့နောက်သို့ လိုက်လာသည်။
သူက ထိုဂြိုဟ်အနားသို့ ရောက်လာသည့်အခါ၌ သူသည် ဂြိုဟ်ထံမှ အော်မြည်သံများကို ကြားရသည်။၎င်းဂြိုဟ်သည် လူသူကင်းမဲ့သည့် ဂြိုဟ်ဖြစ်သော်လည်း ဂြိုဟ်ပေါ်၌ သားရဲများစွာ ရှိနေသေး၏။ ထိုသားရဲများသည် ဉာဏ်ရည်ကင်းမဲ့ကာ ဗီဇအရသာ အသက်ရှင် နေထိုင်ကြသည်။ဝမ်လင်းသည် ဂြိုဟ်ပေါ်သို့ ရောက်ရှိလာသည့်အခိုက်၌ သည်ဂြိုဟ်ပေါ်၌ ရောက်ရှိနေကြသော ကျင့်ကြံသူအတော်အတန်သည် သူတို့၏ ကျင့်ကြံခြင်းကနေ နိုးထလာကြ၏။ သူတို့သည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ဓားအလင်းတန်းများအဖြစ် ပျံသန်းထွက်လာလေ၏။
ဝမ်လင်းသည် တောင်ထိပ်တစ်ခုပေါ၌ ခြေချလိုက်၏။ ထိုတောင်သည် လက်ချောင်းတစ်ချောင်း ကောင်းကင်ထက်သို့ ထိုးထောင်နေသည့်အသွင် ရှိ၏။
ထိုထူးဆန်းသောအသွင် ရှိသည့် တောင်ပေါ်တွင် မတ်တပ်ရပ်နေရင်း ထာရှန်သည် လက်သီးချက်ဖြင့် တောင်ပေါ်၌ လှိုဏ်ဂူတစ်ခုကို ဖန်တီးသည်။သူက ဝမ်လင်းအမိန့်ပေးသည်ကို စောင့်မနေဘဲ ထိုသို့ လုပ်ဆောင်လိုက်ခြင်းပင်။
သည်အခိုက်၌ သည်နေရာ၌ ကင်းစောင့်သဘော ရောက်နေကြသည့် ကျင့်ကြံသူများ ရောက်လာကြ၏။ သူတို့သည် ငါးယောက်ခြောက်ယောက်လောက်သည် ဝမ်လင်းနှင့် ပေတစ်ထောင်အကွာတွင် ရပ်တန့်ကာ လေးစားစွာ နှုတ်ဆက်၏။ “မိုးကြိုးကောင်းကင်ဘုံသားကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းသည် ခေါင်းညိတ်ပြကာ ဖြည်းဖြည်းချင်း ပြော၏။ “ငါ ဒီနေရာမှာ ကောင်းကင်ဘုံမန္တာန်တစ်ခု ကျင့်ကြံဖို့ လိုတယ်။ ငါ့ကို မနှောက်ယှက်ကြနဲ့…”
ထိုကျင့်ကြံသူများက ခပ်သွက်သွက်ခေါင်းညိတ်ပြီးနောက် ဝမ်လင်းကို လေးစားစွာ နှုတ်ဆက်ပြီး ပြန်ထွက်ခွာသွားကြသည်။
သူတို့ ထွက်ခွာသွားပြီးနောက် ဝမ်လင်းသည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေရာ ပျက်သုဉ်းခြင်းအတားအဆီးသည် ပျံသန်းထွက်လာ၏။သူ့လက်ကို ဆက်တိုက်လှုပ်ရှားနေရင်း ဝမ်လင်းသည် တောင်တစ်ခုလုံးပေါ်ရှိ နေရာတိုင်း၌ အတားအဆီးများ ချမှတ်လေသည်။
အတားအဆီးများကို ချမှတ်ပြီးသည့်နောက် ထာရှန်၊ခေါင်းကြီးကောင်လေးတို့မှာ ဝမ်လင်းကို စောင့်ကြပ်ပေးရန် အကွာအဝေးတစ်ခုတွင် ထိုင်ချလိုက်ကြ၏။ လိုင်ဂျီသည်လည်း တစ်နေရာရှာ၍ ထိုင်လိုက်သည်။ သူက သူ့သွေးမျိုးဆက်၏ ထူးဆန်းစွာ ပြောင်းလဲနေမှုကို ခံစားမိ၏။သူက တိတ်ဆိတ်စွာ စဉ်းစားနေရင်း ယင်းပြောင်းလဲမှုကို နားလည်အောင် ကြိုးစားသည်။
ဝမ်လင်းသည် မျက်လုံးမှိတ်ထား၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် သားရဲအော်ဟိန်းသံများက လွဲ၍ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေလေ၏။ ဝမ်လင်းအတားအဆီးများကို ချမှတ်ပြီးနောက် ယင်းသားရဲများသည် အဝေးသို့ ထွက်သွားကြတော့၏။၎င်းတို့မှာ ဉာဏ်ရည်မရှိသော်လည်း သည်နေရာသည် အလွန်အန္တရာယ်များကြောင်း ခံစားမိကြသည်။
ဝမ်လင်း၏ စိတ်သည် တိတ်ဆိတ်သောဝန်းကျင်၌ ကြည်လင်နေ၏။ သူ့စိတ်ထဲ၌ ကောင်းကင်ဘုံအင်ပါယာ၏ ကောင်းကင်ဘုံမန္တာန်နှစ်ခု ပေါ်လာခဲ့သည်။
မိုးဆင့်ခေါ်ခြင်း၊ ဆန်းကြယ်လက်နက်။
မိုးဆင့်ခေါ်ခြင်း။ ဝမ်လင်းသည် လေဆင့်ခေါ်ခြင်းကို အသုံးပြုခဲ့သည့်အခါ တစ်ခါ၌ မိုးစက်တစ်စက်ကို မတော်တဆ ဖွဲ့စည်းသိပ်သည်းနိုင်ခဲ့ဖူးသည်။သို့သော် နောက်ပိုင်း သူ ထပ်ကြိုးစားကြည့်သည့်အခါတွင် ၎င်းမိုးစက်ကို ထပ်မံ ဖြစ်ပေါ်စေနိုင်စွမ်း မရှိတော့ပေ။
ချင်းရွှေသူ့အား အမွေအနှစ်ပေးပြီးနောက်မှ ထိုပြဿနာကို နားလည်သွားခဲ့၏။ လေဆင့်ခေါ်ခြင်းနှင့်မိုးဆင့်ခေါ်ခြင်း မန္တာန်တို့မှာ နက်ရှိုင်းစွာ ချိတ်ဆတ်မှု ရှိသည်။သည်မန္တာန်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ကူးပြောင်းနိုင်ခြင်း၊ ပူးပေါင်းနိုင်ခြင်း ရှိကြသည်။
စဉ်းစားနေရင်း ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ မိုးဆင့်ခေါ်ခြင်းကို တိတ်ဆိတ်စွာ နားလည်အောင် ကြံဆနေ၏။
မိုးဆင့်ခေါ်ခြင်းကို ဝမ်လင်းအသုံးပြုဖို့အတွက် လောက၏ မူလစွမ်းအင်များကို စုစည်းတိုးတက်စေဖို့ လို၏။ သည့်နောက် ထိုမန္တာန်ကို အသုံးပြုကာ မူလစွမ်းအင်ကို မိုးအဖြစ် ပြောင်းရမည်။ မိုးစက်တိုင်း၌ သိပ်သည်းသောမူလစွမ်းအင် ပါဝင်မည် ဖြစ်၏။
၎င်းအဖြစ်ကို ဥပဒေသ၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုနိုင်၏။
နားလည်ကြံဆနေရင်း ဝမ်လင်းအပေါ် ကောင်းကင်ထက်၌ အနက်ရောင်တိမ်တိုက်များ သိပ်သည်းလာ၏။
ထိုမြင်ကွင်းမှာ ကြီးကျယ်လှပေသည်။
မိုးကို ကြည့်နေရင်း ဝမ်လင်းမှာ နစ်မြုပ်နေ၏။ သို့သော် သည်အခိုက်၌ မိုးသည် ရပ်တန့်သွားသည့် ပုံပေါ်ကာ လေဟာနယ်ထဲမှ လူနှစ်ယောက် ထွက်ပေါ်လာသည်။
မိုးစက်များသည် သူလူနှစ်ယောက်ပေါ်သို့ မကျရောက်ခင်မှာပင် ပျောက်ကွယ်သွားသည်။
“ရှုမူ…မင်း အပြစ်ကို မင်းသိလား…” ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ဒေါသတကြီး ဆို၏။ထိုလူမှာ အဘိုးအိုတစ်ယောက်ပင်။ ဝမ်လင်းသည် သူ့ကို အရင်က မြင်ခဲ့ဖူး၏။ဝမ်လင်း မှတ်မိတာ အမှန်ဆိုပါက သည်လူမှာ အပြစ်ပေးဌာန၏ အကြီးအကဲ ဖြစ်လေမည်။
အရှင်မီးတောက်က သူ့ဘေး၌ သုန်မှုန်စွာ ရပ်နေရင်း ဝမ်လင်းကို အေးစက်စွာ ကြည့်နေ၏။
“ဘာ အပြစ်များလဲ…” ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက ထိုအဘိုးအိုကို ကြည့်လိုက်၏။
“ဒီအဘိုးအိုက မဟာမိတ်အဖွဲ့အစည်းနဲ့ စစ်ပွဲ စတင်ချိန်အတွင်းမှာ မင်း ဘယ်နေရာ ရောက်နေလဲ မေးချင်တယ်။ မင်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မိုးကြိုးကောင်းကင်ဘုံသား ဖြစ်တယ်။ဒါတောင် မင်းက စစ်ပွဲမတိုင်ခင်မှာ ပျောက်သွားခဲ့တယ်။ ဒါဟာ ပြစ်မှု မဟုတ်ပေဘူးလား…”
အရှင်မီးတောက်က အခုထိ စကားမဆိုသေးပေ။ သို့သော် သူ့အသွင်က အေးစက်နေ၏။ လွန်ခဲ့သော ရက်အနည်းငယ်က သူ့နတ်ဘုရားအာရုံကို အလုံးစုံကောင်းကင်နယ်နိမိတ်အစပ်တွင် ဖြန့်ကျက်ခဲ့သော်လည်း ဝမ်လင်းကို ရှာမတွေ့နိုင်ခဲ့ပေ။ ထို့ထက်ပိုဝေးသည့် နေရာများကိုမူ သူက သတိထားသည့်အတွက် လက်လွတ်စပယ် မထောက်လှမ်း ဝံ့ပေ။
ဝမ်လင်းက တည်ငြိမ်စွာသာ ရှိနေဆဲ ဖြစ်၏။သူက ပြောလိုက်သည်။ “ငါ မဟာမိတ်သတ်ဖြတ်ခြင်းနယ်မြေရဲ့လူသတ်သမား ယုဖေကို သတ်ဖို့ သွားခဲ့တယ်…”
သူက ထိုသို့ ပြောလိုက်သည့်နောက် အဘိုးအိုသည် မင်သက်သွား၏။အရှင်မီးတောက်၏မျက်လုံးသည် တောက်ပသွားသည်။
***