Switch Mode

အပိုင်း(၉၆၂)

သတ်ဖြတ်ခြင်းနယ်မြေ

ယုဖေ၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်နေ၏။ သူက သည်ရှုမူ၏ ကျင့်ကြံခြင်းသည် အလွန်ထူးဆန်းနေသည်ကို သိမြင်နေသည်။ ရှုမူ၏ ကျင့်ကြံခြင်းအဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် သူ့ကိုယ်ပွားများအား ရိုက်ချပစ်ဖို့ လုံလောက်နေပေ၏။

ထိုအရာ သူ့စိတ်ကို တုန်ယင်စေသည်။

သူ့စဉ်းစားဉာဏ်ကိုပင် ဆုံးရှုံးသွာစေသည့်အရာမှာ သူ့ကိုယ်ပွားလေးယောက်အား သေဆုံးသွားစေခဲ့သည့် ဟိန်းသံပင်။သူက ကြက်သီးထဖွယ် ကြောက်ရွှံ့မှုအာရုံ ရနေ၏။

သည်အခိုက်၌ သူသည် ဆက်၍ တိုက်ခိုက်ဖို့ သတ္တိမရှိတော့ပေ။သူ့ခန္ဓာကိုသည် ဖျပ်ခနဲ ဖြစ်သွားပြီးနောက် သွေးများစွာအန်၏။သည့်နောက် သူက ထိုသွေးထဲသို့ ဝင်ရောက်ကာ အဝေးသို့ ပြေးတော့သည်။

သူက ထွက်ပြေးနေရင်း သူ မတ်တပ်ရပ်နေခဲ့သည့် ကျောက်တုံးမှာ ရုတ်တရက် ပျက်စီးသွားပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒမြောက်များစွာ လျှံ့ထွက်လာ၏။ထိုမမြင်ရသောဖိအားက ယုဖေ၏နောက်သို့ လိုက်လာသူမှန်သမျှကို ရပ်တန့်စေဖို့ ရည်ရွယ်သည်။

ဝမ်လင်း၏အသွင်က အေးစက်နေ၏။သူက သူ့လက်ဖြင့်ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အထက်သို့ ညွှန်၏။ လေပြင်းတစ်ခုသည် အရူးအမူး တိုက်ခတ်လာပြီးနောက် ကျောက်တုံးမှ အားကို လွင့်ထွက်သွားစေသည်။သည့်နောက် သူက ခြေတစ်လှမ်းလှမ်းကာ ယုဖေနောက်သို့ လိုက်လေတော့၏။

ယုဖေသည် မြန်ဆန်လှ၏။သွေးလွတ်မြောက်ခြင်းသည် လူတစ်ယောက် သူ့ကိုယ်သူ ဒဏ်ရာရစေကာ အလျင်အမြန် ထွက်ပြေးစေနိုင်သည့် အရည်အသွေး ဖြစ်လေသည်။ သူက မြန်ဆန်စွာ ထွက်ပြေးလို၏။

သို့သော် သူ ကီလိုမီတာသောင်းချီအကွာသို့ ရောက်သွားချိန်၌ သူ့ရှေ့တွင် လှိုင်းတွန့်တစ်ခု ပေါ်လာသည်။ဝမ်လင်းသည် လှမ်းထွက်လာကာ မျက်နှာချင်းဆိုင်ကနေ လက်သီးဖြင့် ထိုးချသည်။

ထိုလက်သီးချက်သည် လေဟာနယ်ထဲသို့ ကျရောက်ကာ ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို တစစီဖြစ်သွားစေသည်။လောက၏မူလစွမ်းအင်သည် ရူးသွပ်သွားသည့်အလား။ယုဖေ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သွေးအန်ထုတ်ရပြန်၏။သူ့ပတ်လည်ရှိ သွေးအလင်းတန်းသည် ပျောက်ကွယ်သွားပြီး သွေးလွတ်မြောက်ခြင်းကနေ စောင့်ထွက်လာရတော့သည်။

ရူးသွပ်မှုတစ်ခုနှင့်အတူ ယုဖေသည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သွေးအလင်းတန်းတစ်ခုသည် သူ့နှဖူးထက်ကနေ ပျံသန်းထွက်လာသည်။ ထိုအနီရောင်အလင်းက တောက်ပလွန်းကာ အားကောင်းသော မကောင်းဆိုးဝါးအော်ရာတစ်ခုကို ပေးစွမ်း၏။ ယုဖောက အော်ဟစ်မာန်သွင်းလိုက်ရာ ၎င်းအလင်းသည် ပေတစ်ရာလောက်ရှည်လျားသည် ဓားစွမ်းအင်တန်းအဖြစ်သို့ ပြောင်းကာ ဝမ်လင်းထံသို့ တိုးဝင်လာသည်။

ထိုအရာမှာ ယုဖေ၏ အသက်ကယ်ရတနာပင်။ ခုချိန်၌ သူသည် သူ့အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် ၎င်းရတနာကို အသုံးပြုရခြင်းပင်။ သူ့အသက်ကယ်ရတနာကို ပစ်လွှတ်ပြီးသည့်နောက် သူ့လက်ဖြင့် နောက်ထပ် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြန်၏။ သူ့ရှေ့ရှိ သွေးများသည် တုန်ယင်ကာ ပေတစ်ထောင်လောက် ရှည်လျားသည် စပါးအုံးမြွေကြီးအဖြစ်သို့ ပြောင်းသွားသည်။၎င်းမြွေကြီးသည် ၎င်း၏ ပါးစပ်ကို ဟဖြဲကာ ဝမ်လင်းအား ဝါးမြိုရန် တာဆူ၏။

ထိုအရာများကို ပြလုပ်ပြီးသည့်နောက်တွင်လည်း ယုဖေမှာ မလွယ်ကူမှုကို ခံစားနေရဆဲ ဖြစ်၏။ ထို့ကြောင့် သူက သိုလှောင်အိတ်ထဲမှ ရတနာအမြောက်အများကို ထုတ်ယူသည်။ထိုရတနာများထံမှ အလင်းမျိုးစုံ တဖျပ်ဖျပ် တောက်ပနေရင်း သူသည် သူ့သွေးအဆီအနှစ်ကို ၎င်းရတနာများပေါ်သို့ ထွေးထုတ်ရင်း အော်ဟစ်သည်။ “သတ်…”

ထိုလက်နက်ရတနာများသည် ဝမ်လင်းရှိရာသို့ တဟုန်ထိုး တိုးဝင်လာကြ၏။

ယုဖေ၏မျက်နှာမှာ အနည်းငယ် ဖြူရောသွား၏။သို့သော် သူက တုံ့ဆိုင်းခြင်းမရှိ နောက်ဆုတ်၏။

ဝမ်လင်း၏အသွင်က မထူးခြားနားပင်။ ယုဖေ၏ အသက်ကယ်ရတနာမှ ဖြစ်တည်လာသည့် ဓားကြီးကို ရင်ဆိုင်ရချိန်၌ သူ့ခန္ဓာကိုယ်ထဲမှ မြောက်များစွာသော စိတ်ဝိညာဉ်စွမ်းအင်တို့ ထွက်ပေါ်လာသည်။ထို့နောက် ဝမ်လင်း၏ခန္ဓာကိုယ်မှာ ရူးသွပ်ဖွယ် ကြီးမားလာပြီး ပေရာချီမြင့်မားသည့် ဧရာမလူကြီးအဖြစ်သို့ ရောက်ရှိသွားလေ၏။

ဝမ်လင်း၏ထိုခန္ဓာကိုယ်ကြီးထံမှ ရှေးဟောင်းဆန်သော၊အားကောင်းသော အော်ရာတစ်ခုကို ပေးစွမ်းနေ၏။သူက ထိုဓားကြီးကို သူ့အပေါ်သို့ ကျရောက်စေ၏။ဝမ်လင်းသည် တုံ့နှေးသွားခြင်း မရှိသည့်အပြင် ၎င်းဓားကြီးမှာ ပျက်စီးသွားတော့၏။

ဝမ်လင်းသည် သူ့မူလခန္ဓာကိုယ်နှင် ပေါင်းစပ်ထားခြင်းမရှိပါက နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံသူ၏ ရတနာများကို ထိပ်တိုက် ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ပါ။ သို့သော် ခုချိန်၌ သူသည် ၎င်းရတနာများကို လုံးဝ ခုခံနိုင်စွမ်း ရှိနေပြီ မဟုတ်လား။အထူးသဖြင့် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသည့် အားကောင်းသောမူလစွမ်းအင်များမှာ တိုးဝင်လာသည့် လက်နက်ရတနာများကို လွင့်စင်ထွက်သွားစေလေ၏။

သည့်နောက် စပါးအုံးမြွေကြီး နီးကပ်လာရာ ၎င်းသည် ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားဆဲပင်။ဝမ်လင်းသည် အေးဆေးပင်။သူက ထိုမြွေကြီး၏ ခေါင်းကို ချုပ်ကိုင်ကာ တိုက်ရိုက် ချေမွပစ်သည်။

ဝမ်လင်းသည် ၎င်းမြွေကို ပစ်လွှတ်ရန် ပြုလုပ်လိုက်ပြီးမှ ယင်းမြွေကြီး၌ စိတ်ဝိညာဉ်တစ်ခု ရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိသွား၏။တုံ့ဆိုင်းမနေဘဲ တစ္ဆေလောကမြစ် ပေါ်လာခဲ့ကာ သည်ဧရိယာ၌ မကျေမချမ်းမှု ပြည့်နှက်သွားချေသည်။

သူက ၎င်းစပါးအုံးမြွေကို တစ္ဆေလောကမြစ်ထဲသို့ ပစ်ထည့်၏။သည့်နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တိုးဝင်လာသည့် ရတနာများအားလုံး ပျက်စီးသွားရသည်။

သူ့အသက်ကယ်ရတနာ ဖျက်စီးခံလိုက်ရသည့်နောက် ထွက်ပြေးနေသော ယုဖေမှာ သွေးအန်ထုတ်ရပြန်၏။ သူ့မျက်နှာသည် ပို၍ ဖြူရောသွား၏။ သူက အံ့တင်းတင်း ကြိတ်သည်။သူက နာကျင်မှုကို အံ့ကြိိတ်ခံရင်း သူ့ဘယ်လက်ကို စုတ်ဖြဲပစ်လိုက်ရာ သွေးများစွာ ပန်းထွက်လာ၏။ သူ့မျက်နှာမှာ သေလောက်အောင် ဖြူရောသွားရင်း ရှုပ်ထွေးသောမန္တာန်အချို့ကို ခပ်တိုးတိုး ရွတ်၏။သည့်နောက် သူ့ဘယ်လက်သည် ရုတ်တရက် ပျက်စီးသွားပြီး ဝဲကတော့ပေါက်တစ်ခု ဖြစ်တည်လာ၏။

ယုဖေသည် ၎င်းဝဲကတော့ထဲသို့ တိုက်ရိုက် ခုန်ဆင်း၏။

“ရှုမူ…ငါ့အပြင် စိတ်ဝိညာဉ်သတ်ဖြတ်သူအတွဲ ရှိသေးတယ်။မင်းခန္ဓာကိုယ်က သန်မာလှပေမဲ့ စိတ်ဝိညာဉ်သတ်ဖြတ်သူရဲ့ မန္တာန်တွေအောက်မှာ မင်းက သေရလိမ့်မယ်…” ယုဖေ၏မျက်လုံးထဲ၌ အမုန်းတရားတို့ ပြင်းထန်စွာ ဖြစ်ပေါ်နေရင်း သူက ဝဲကတော့ထဲသို့ လှမ်းလျှောက်သွား၏။

ယုဖေ ထွက်ပြေးနေသည်ကို ကြည့်ရင်း ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ချင်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာ၏။သူက သူ့စိတ်နေအတိုင်း အမြဲ ရှိသူ မဟုတ်လား။ “သူတို့က ငါ့ကို လာမရှုပ်ရင် ငါလည်း သူတို့ကို သွားမရှုပ်ဘူး။ သူတို့က ငါ့ကို လာနှောက်ယှက်ရင်တော့ ငါ သတ်ပစ်ရလိမ့်မယ်…”

ဤအခိုက်၌ ယုဖေ၏ခန္ဓာကိုယ်သည် ဝဲကတော့ထဲသို့ ရောက်ရှိသွားပြီ ဖြစ်၏။ထိုဝဲကတော့သည် မြန်ဆန်စွာ လှည့်ပတ်၍ တဖြည်းဖြည်း သေးသထက်သေးလာသည်။၎င်းက လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။

ဝမ်လင်း၏မျက်လုံးက အေးစက်သွား၏။ သူ့ပတ်လည်၌ မီးပြင်းဖိုတစ်ခု၏ သံစဉ်တေးတစ်ခု ပေါ်လာ၏။ ထိုမီးပြင်းဖို၏ ပုံရိပ်ယောင်သည် ဝမ်လင်းရှေ့၌ ပေါ်လာသည်။

ထိုအရာမှာ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖို။ ဝမ်လင်း၏ ကိုယ်ပွားဖြင့် ၎င်းမီးပြင်းဖိုကို အသုံးပြုချိန်က သူသည် လောဘကြီးချန်ထားခဲ့သည့် ချိပ်တံဆိပ်ကို အသုံးပြုခဲ့ရသည်။ သို့သော် ခုသူ့မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် မီးပြင်းဖိုအပေါ် သူ့ထိန်းချုပ်မှုသည် များစွာ ပိုအားကောင်းလာလေ၏။

“ပုံစံပြောင်းလဲခြင်း…” ချက်ခြင်းပင် မီးပြင်းဖိုထဲမှ ပြင်းထန်သော ပဲ့တင်ဟိန်းသံ ထွက်ပေါ်လာ၏။ ကျုံ့နေသော ဝဲကတော့သည် ဧရမလက်ကြီးဖြင့် ဖမ်းဆုပ်ခြင်း ခံလိုက်ရသည့်အလား ဝမ်လင်းရှိိရာသို့ ဆွဲယူခြင်း ခံရသည်။အလားတူပင် ဝမ်လင်း၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ထူးဆန်းသည့်ဟန်ပန်နှင့် ရွှေ့လျားသွားသည်။

သူတို့နှစ်ယောက်သည် ကြက်ခြေခတ်အနေထား ဖြစ်သွားသည့်အခါ ဝမ်လင်းသည် သူ့လက်ချောင်းနှစ်ချောင်းကို ဓားအသွင် ဖြစ်ပေါ်စေကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်၊လောက၏ မိုးကြိုးနှင့် ယင်ယန်ငါးများအစွမ်းပါဝင်သော တိုက်ချက်ကို အသုံးပြုသည်။တစ်ချိန်တည်းမှာပင် ထိုလက်ချောင်းနှစ်ချောင်းထဲ၌ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်၏ စွမ်းအားမန္တာန်လည်း ပါဝင်နေသေးသည်။ဝမ်လင်းသည် သူ့လက်ချောင်းနှစ်ချောင်းကို ကျုံ့နေသော ဝဲကတော့ရှိရာသို့ ကြမ်းကြုတ်စွာ ခုတ်ပိုင်းချလေ၏။

မဟာမိတ်ကြယ်အဖွဲ့အစည်း၏ သတ်ဖြတ်ခြင်းနယ်မြေ၌ ကလန်နှစ်ခု၊ဘုရားကျောင်းလေးကျောင်းနှင့် နယ်မြေရှစ်ခု ရှိလေ၏။

ဝဲကတော့တစ်ခုသည် မြေပြင်ထက်၌ ဓားများ ထိုးစိုက်ထားသည့်ပုံနှင့် ဆင်တူသည့် အဆောက်အဦများထဲမှ တစ်ခုဘေး၌ ရုတ်တရက် ပေါ်လာ၏။၎င်းဝဲကတော့ထဲမှ ဆန်းကြယ်သောအားတစ်ခု ထွက်ပေါ်နေရာ သတ်ဖြတ်ခြင်းနယ်မြေ၏ ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားသည်။

ယုဖေ၏ခန္ဓာကိုယ်သည် ထိုဝဲကတော့ထဲကနေ ထွက်ပေါ်လာသည်။သူ့မျက်နှာသည် သေလောက်အောင် ဖြူရောနေ၏။ သူ့ဘယ်လက်မှ သွေးများ စီးကျနေသည်။သူ ထွက်လာသည့်နောက် သူ့နောက်ရှိ ဝဲကတော့သည် မြန်ဆန်စွာ ကျုံ့သွားသည်။

သူက သူ့သတ်ဖြတ်ခြင်းနယ်မြေသို့ ပြန်ရောက်မှ စိတ်သက်သာရာ ရသွားသည်။သို့သော် သူက ဖြစ်ပျက်ခဲ့သမျှအတွက် ကြောက်လန့်နေမိဆဲပင်။ခုချိန်၌ သူက မျှော်စင်ထက်သို့ ကြည့်ကာ စကားပြောရန် ပြင်သည်။

သို့သော် ထိုအခိုက်၌ မျှော်စင်ထံမှ အလွန်အားကောင်းလှသည် အော်ရာတစ်ခု ဖြစ်ပေါ်လာရင်း ဒေါသသံတစ်ခု ထွက်ပေါ်လာသည်။

“ယုဖေ…ဒီနေရာကနေ ထွက်…”

တစ်ချိန်တည်းမှာပင် မျှော်စင်အမြင့်ထံမှ အနီရောင်အလင်းတန်းတစ်ခုသည် ဆင်းသက်လာရင်း ယုဖေအနားသို့ ရောက်လာ၏။သို့သော် ၎င်းအလင်းတန်းမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။

သူက ထိုအသံကို ကြားလိုက်ရသည်နှင့် တုံ့ဆိုင်းမနေဘဲ ချက်ခြင်း ခုန်ထွက်၏။ သို့သော် သည်အခိုက်၌ ပြင်းထန်သော အားတစ်ခုသည် သူ့ရှေ့ရှိ ဝဲကတော့ထဲမှ ထွက်ပေါ်လာသည်။ ၎င်းက ဝဲကတော့ကို စုတ်ဖြဲကာ လက်ချောင်းနှစ်ချောင်းသည် ဝဲကတော့ထဲကနေ ရုတ်တရက် ထွက်လာသည်။ထိုလက်ချောင်းနှစ်ချောင်းမှာ မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်လာပြီး ယုဖေ၏ကျောပေါ်သို့ ရုတ်တရက် ဖိချသွားသည်။

“ရှုမူ…” ယုဖေသည် သွေးအန်ရကာ သူ့ခန္ဓာကိုယ်သည် ရှေ့သို့ လွင့်စင်ထွက်သွား၏။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါလာပြီးနောက် သူ့ဒွာရပေါက်များကနေ သွေးများစိမ့်ထွက်လာသည်။သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားတော့၏။

သူ့မူလစိတ်ဝိညာဉ်သည်လည်း လွတ်မြောက်ခြင်းမရှိဘဲ ခန္ဓာကိုယ်နှင့်အတူ လိုက်ပါ ဖျက်စီးခြင်း ခံလိုက်ရလေသည်။

သူသိုလှောင်အိတ်ပင် ဖျက်စီးခြင်းခံရ၏။ ၎င်းသိုလှောင်အိတ်ထဲမှ အရာများအားလုံး ပျံသန်းထွက်လာသည်။ ထိုပစ္စည်းများကြား၌ သစ်ကိုင်းတစ်ခုသည် နောက်သို့ အမြန် ဆုတ်သွားကာ ဝဲကတော့ထဲမှ ထွက်လာသည့် လက်နှစ်ချောင်း၏ ဖမ်းယူခြင်းကို ခံရ၏။

ထိုမြင်ကွင်းသည် သတ်ဖြတ်ခြင်းနယ်မြေကို ဒေါသပုန်ထ ပွက်လောရိုက်သွားစေ၏။မျှော်စင်မှ ထိုးထွက်လာသည် အနီရောင်အလင်းတန်းသည် လက်ချောင်းနှစ်ချောင်းထံသို့ ချက်ခြင်း တိုးဝင်သွား၏။သို့သေ်ာ လက်ချောင်းနှစ်ချောင်းသည် တိုက်ခိုက်ပြီးသည့်နောက် ချက်ခြင်း နောက်ပြန်ဆုတ်ကာ ဝဲကတော့ထဲသို့ ဝင်ရောက်၍ ပျောက်ကွယ်သွားလေတော့၏။

ထိုအနီရောင်အလင်းတန်းထံမှ ဒေါသတကြီးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ဖျပ်ခနဲ ခြောက်သွေ့သွေ့ ညာလက်တဖက်သည် အနီရောင်အလင်းထဲကနေ ထွက်လာရင်‌ ပျောက်ကွယ်နေသော ဝဲကတော့ထဲသို့ ဝင်‌ရောက်သွား၏။ သည့်နောက် အသံတစ်ခုကြားလိုက်ရပြီး ထိုညာလက်မှာ ဝဲကတော့ထဲမှ သစ်ကိုင်းတစ်ဝက်ကို ပြန်ဆွဲယူနိုင်သွားသည်။

“ရှုမူ…” ထိုအနီရောင်အလင်းသည် ဖျပ်ခနဲ ဖြစ်သွားပြီး လူတစ်ယောက်အသွင် ပေါ်လာ၏။ သူက အိုမင်းလှကာ တခေါင်းလုံး ဆံပင်အနီများနှင့် ပြည့်နေ၏။ သည်အခိုက်၌ သူသည် ဒေါသတကြီးအော်ဟစ်လိုက်၏။

မရေမတွက်နိုင်သောနှစ်ပေါင်းများစွာကတည်းက သူတို့၏ သတ်ဖြတ်ခြင်းနယ်မြေသည် သူတို့လူကို သူတို့ကိုယ်ပိုင်နယ်မြေ၌ သတ်ဖြတ်ခြင်းခံရသည်ကို လုံးဝ မတွေ့မြင်ခဲ့ဖူးပေ။သည်လိုမျိုး အရှက်ရစရာမှာ သူတို့အား အလွန် ဒေါသထွက်စေသည်။

အခြားမျှော်စင်များမှလည်း ဒေါသသံတို့ ထွက်ပေါ်လာ၏။ သတ်ဖြတ်လိုခြင်းနှင့် ပြည့်နှက်နေသည့် ကျင့်ကြံသူများ ထွက်လာကြသည်။ သူတို့တစ်ယောက်ချင်းစီသည် ယုဖေသေဆုံးသွားသည့်နေရာကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစားနေကြ၏။

ထိုသို့သော တိတ်ဆိတ်မှုမျိုးသည် အံ့မခန်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖိနှိပ်ကာ ပေါက်ကွဲစေမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းနှင့် တူလေ၏။

အနီရောင်ဆံပင်နှင့်အဘိုးအိုက အသက်ခပ်ဝဝရှု၏။သူ့အသွင်က သုန်မှုန်နေသည်။သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ မျှော်စင်ရှိရာသို့ ပြန်သွားတော့သည်။အချိန်အတန်ကြာပြီးနောက် ထိုမျှော်စင်ထံမှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။

“ရှုမူကို လိုက်သတ်ကြ…”

ဝမ်လင်းအတွက်မူ သူ့လက်ချောင်းကို ပြန်သိမ်းဆည်းပြီးသည့်နောက် သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပုံမှန်အရွယ်တိုင်း ပြန်ဖြစ်စေသည်။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းသည် သူ့လက်ထဲရှိ သစ်ကိုင်းအပိုင်းကို ကြည့်လိုက်ပြီး သိမ်းဆည်းလိုက်သည်။သူသည် ယုဖေကို သတ်ဖြတ်နိုင်ဖို့အတွက် ကြီးကြီးမားမား စွန့်စားခဲ့ရသည် မဟုတ်လား။ သူ့တွင် ထိုစွန့်စားခဲ့ရမှုအတွက် ကြီးကြီးမားမားအသုံးဝင်တာ တစ်ခု ပိုင်ဆိုင်လာခဲ့သည်။

“ဒီပစ္စည်းနဲ့ဆိုရင် ငါက မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ အနောက်ဘက်နယ်မြေမှာ အေးအေးဆေးဆေး နေလို့ ရနိုင်တယ်…” ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖျပ်ခနဲ ပျောက်ကွယ်သွားလေ၏။

သည့်နောက် သူသည် လိုင်ဂျီ၏ကျောပေါ်၌ ပြန်ပေါ်လာသည်။ခေါင်းကြီးကောင်လေးသည် ဝမ်လင်း ပြန်လာသည်ကို တွေ့မြင်မှ စိတ်သက်သာရာ ရသွား၏။ သူ့ထံမှ လေးစားသည့်အကြည့် ထွက်ပေါ်နေသည်။

ထာရှန်သည် ယုဖေ၏ကိုယ်ပွားနှင့် တိုက်ခိုက်နေရင်း ဒဏ်ရာအနည်းငယ် ရသွားသည့်အတွက် ထိုင်လျက် ပြန်ကုစားနေဆဲပင်။ဝမ်လင်းသည် လိုင်ဂျီ၏ကျောပေါ်တွင် ထိုင်ချကာ တည်ငြိမ်စွာ ပြော၏။ “လိုင်ဂျီ…ငါ့ကို လူသူကင်းမဲ့တဲ့ ဂြိုဟ်တစ်ခု ရှာပေး။ငါ တံခါးပိတ်ကျင့်ကြံချင်တယ်…”

လိုင်ဂျီသည် ကျယ်လောင်စွာ တုန်ဟီးစေပြီး အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားလေတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset