ဝမ်လင်း၏ပုံပန်းအသွင်သည် များစွာ ပြောင်းလဲသွားခြင်း မရှိပေ။သို့သော် သူက အလွန်တည်ငြိမ်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်၌ ဖျော့တော့သောအရေးကြောင်းများ ရှိနေသော်လည်း မထင်ရှားလှပေ။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သောအော်ရာတစ်ခု ထွက်ပေါ်နေ၏။
ထိုအော်ရာသည် ပျံ့နှံ့နေရင်း အဆင့်ခြောက်ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအပေါ်သို့ လှိုင်းလုံးတစ်ခု ဖြစ်စေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံနေရာကနေ နိုးထလာကာ သူတို့၏ စိတ်ဝိညာဉ် တုန်ခါသွားသည်ဟု ခံစားမိကြရသည်။
လူတိုင်းသည် မင်သက်သွားကြ၏။ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ ကြယ်များကြား၌ ပျောက်ကွယ်သွားချေသည်။
ယုဖေ၏အသွင်က သုန်မှုန်နေ၏။ သူက လက်သီးတင်းတင်းစုပ်ထားသည်။အစောပိုင်းက သူသည် ဝမ်လင်း၏ ခြေထောက်အောက်၌ လှိုင်းတွန့်များကို တွေ့မြင်ခဲ့သည့်အခါ သူ့မျက်လုံးသူငယ်အိမ်သည် ကျုံသွားရင်း ကြီးစွာ တုန်လှုပ်သွားမိလေ၏။
ဟင်းလင်းပြင်ကွေးညွတ်ခြင်း။
သူသည် ထိုမန္တာန်ကို သိ၏။သို့သော သူသည် သည်ရှုမူမှာ သည်မန္တာန်ကို ကျွမ်းကျင်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကျင့်ကြံသူအနည်းငယ်မျှသာ ယင်းမန္တာန်ကို အသုံးပြုနိုင်သည်ဟု ပြော၍ ရ၏။ သူ့လို ကျင့်ကြံမှုအဆင့်ရှိသည့်သူများကြားထဲ၌ ထိုမန္တာန်ကို အသုံးပြုနိုင်သည့်သူသည် ပို၍ပင် ရှားပါးသေး၏။
ထိုအရာက သူ့အား အံ့အားမသင့်ဘဲ နေပါ့မည်နည်း။ သည့်အပြင် သူရရှိခဲ့သည့် ရှုမူအကြောင်း၌ ထိုမန္တာန်အကြောင်း မဖော်ပြထားခဲ့ပေ။
သူက သူ့မူလစွမ်းအင်ကို ပျံ့လွင့်စေလိုက်ရာ ပတ်ဝန်းကျင် ဧရိယာသည် ပျက်စီးလာ၏။သို့သော် ရှုမူ၏အရိပ်ကို လုံးဝ မတွေ့ရပေ။သူက သည်နေရာရှိ မူလစွမ်းအင်ကို တွန့်လိမ်စေခဲ့သော်လည်း ရှုမူကို ရှာမတွေ့နိုင်သေး ဖြစ်နေ၏။
ယုဖေ၏အသွင်သည် ပို၍ အေးစက်လာ၏။သူက ချက်ခြင်းပင် ရှုမူ လွတ်မြောက်သွားပြီကို နားလည်သည်။
သူက ဒေါသတကြီးဖြင့် လှည့်လာ၏။သူ့အကြည့်က သူ့ကိုယ်ပွားနှင့် တိုက်ခိုက်နေသော ခေါင်းကြီးကောင်လေးပေါ်သို့ ကျရောက်သွားသည်။သူ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ဒေါသသည် ယခုချိန်၌ ခေါင်းကြီးကောင်လေးပေါ်သို့ ပုံချလာတော့၏။သူက ခေါင်းကြီးကောင်လေးထံသို့ အလျင်အမြန် တိုးဝင်လာချေသည်။
“မင်းသခင်ကတော့ ထွက်ပြေးသွားပြီ။ဒါ့ကြောင့် မင်းနဲ့ပဲ စလိုက်တာပေါ့…” ယုဖေက အမှန်တကယ် ဒေါသပုန်ထနေ၏။ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ရှိသည့် သူသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ရှိသည့်သူကို လွတ်မြောက်စေခဲ့၏။သူက နောက်ကနေပင် မလိုက်နိုင်ခဲ့ပေ။ သည်လိုအဖြစ်မျိုး မတွေ့ကြုံရသည်မှာ သူ့အတွက် ကြာမြင့်လှခဲ့လေပြီ။
ယုဖေ၏ ကိုယ်ပွားနှင့် တိုက်ခိုက်နေသော ခေါင်းကြီးကောင်လေး၏ ဦးရေပြားသည် ထုံထိုင်းသွားလေ၏။သူက ဝမ်လင်းကို အပြစ်တင်ရုံက လွဲ၍ ဘာမှ မတက်နိုင်ဘဲ နောက်သို့ ဆုတ်၍ လွတ်မြောက်ရန်သာ လုပ်ဆောင်ရတော့သည်။
သို့သော် ယုဖေမှာ အင်မတန် ဒေါသထွက်နေပြီ ဖြစ်သည့်အတွက် ချက်ခြင်း သူ့အနားသို့ လျင်မြန်စွာ ရောက်ရှိလာတော့၏။သူ့နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ကျင့်ကြံခြင်း၏ လွှမ်းမိုးမှုကို အသုံးပြုကာ သူ့လက်ကို ညွှန်သည်။သွေးဓားငါးလက်သည် ချက်ခြင်းပင် ခေါင်းကြီးကောင်လေးထံသို့ တိုးဝင်သွား၏။
“သေလိုက်စမ်း…” ယုဖေက ထိုသို့ အော်ဟစ်လိုက်ရင်း ဓားငါးလက်သည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်း ကျင့်ကြံသူငါးယောက်ကဲ့သို့ ဦးတည်ထွက်သွား၏။ ရှေ့ရှိ တစ်ယောက်ကိုပါ ထည့်တွက်ပါက ခေါင်းကြီးကောင်လေးသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရသည်ဟု ဆိုရမည်။
ခေါင်းကြီးကောင်လေးသည် သူ့ အခုကျင့်ကြံမှုအဆင့်ဖြင့် မည်သို့ ခုခံနိုင်ပါ့မည်နည်း။
ခေါင်းကြီးကောင်လေးက မျှော်လင့်ချက်မဲ့နေ၏။ သူ့စိတ်ထဲ၌ ရူးသွပ်ဖွယ်အကြံတစ်ခု ပေါ်လာသည်။သူက သူ့မူလစိတ်ဝိညာဉ်ကို ပေါက်ကွဲစေရန် ဟန်ပြင်၏။ မည်သို့ပင်ဖြစ်စေ သူသည် ကိုယ်ပွားတစ်ယောက် ဖျက်စီးနိုင်ရပေမည်။
ထို သေရေးရှင်ရေးအခိုက်၌ ခေါင်းကြီးကောင်လေးနောက်ကနေ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာတော့၏။
“ဒါက ငါပြသမဲ့ အံ့ဖွယ်တပါးပဲ…” ထိုအသံထွက်ပေါ်လာသည်နှင့် ခေါင်းကြီးကောင်လေးသည် တစုံတစ်ယောက်က သူ့အား ဆွဲခေါ်ကာ အန္တရာယ်မှ လွတ်မြောက်စေလိုက်ပြီဟု ခံစားလိုက်ရ၏။
ဝမ်လင်းသည် လေဟာနယ်ထဲကနေ လှမ်းထွက်လာ၏။ သူ့အသွင်သည် အေးစက်နေ၏။သူက သွေးဓားခြောက်လက်နှင့် ရင်ဆိုင်ကာ လက်သီးတစ်လုံး ပစ်သွင်းသည်။ထိုလက်သီးနောက်ရှိ စွမ်းအားသည် ထာရှန်၏ လက်သီးချက်ပေါင်းများစွာထက် ပိုသာနေ၏။ လက်သီးမည်ဟိန်းသံမှာ ဟင်းလင်းပြင်ကိုပါ ချေမွပစ်မည့်အလား ထင်ရသည်။
အသံပေါက်ကွဲမှုများ ဖြစ်ပေါ်ကုန်သည်။ဝမ်လင်းရှေ့ရှိ ဟင်းလင်းပြင်သည် အစိတ်စိတ်ဖြစ်ကုန်သည်။ ထိုအက်ကြောင်းများထဲမှ လေအေးများ ထွက်ပေါ်လာ၏။သို့သော် ၎င်းတို့သည် ဝမ်လင်းအပေါ်သို့ သက်ရောက်ခြင်း မရှိပါ။
ဟင်းလင်းပြင်ပင် ထိုသို့ဖြစ်သွားသည့်အတွက် သွေးဓားခြောက်လက်မှာမူ ပြောစရာပင် လိုတော့မည် မဟုတ်။ ဝမ်လင်း၏ လက်သီးချက်သည် ဓားတစ်လက်ပေါ်သို့ ကျရောက်သွား၏။ထိုဓားသည် ချက်ခြင်း ပျက်စီးသည်။ထိုဓားသည် အစိတ်အပိုင်းများအဖြစ်သို့ လွင့်စင်ကာ ကိုယ်ပွားအဖြစ်သို့ ပြန်ပြောင်း၍ သွေးအန်ရသည်။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ပြည့်နှက်ကာ နောက်သို့ ဆုတ်သည်။
ဝမ်လင်းအသွင်က အေးစက်နေ၏။ယုဖေ၏သည်ကိုယ်ပွားများမှာ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင် ရှိကာ ယုဖေ၏အစစ်အမှန်ခန္ဓာကိုယ်မှာ အလယ်အဆင့်တွင် ရှိပေ၏။၎င်းတို့ကို ပေါင်းစပ်လိုက်ပါက ဝမ်လင်းအတွက် ယုဖေကို သတ်နိုင်ဖို့ အတော်လေး ခက်ခဲနိုင်သည်။ထို့ကြောင့် သူက အနိုင်ရလျှင်ပင် ပေးဆပ်ရမည့်တန်ဖိုးမှာလည်း မြင့်မားနိုင်နေ၏။သူက ခြေတစ်လှမ်းလှမ်းကာ အခြားကိုယ်ပွားများ မတုန့်ပြန်နိုင်ခင်မှာပင် သွေးအန်ထုတ်ရသည့် ကိုယ်ပွားအနားသို့ ရောက်ရှိသွား၏။တုံ့ဆိုင်းမနေဘဲ ဝမ်လင်းသည် လက်သီးတစ်လုံး ပစ်သွင်းပြန်သည်။
ကျယ်လောင်စွာ ပေါက်ကွဲ၏။ကိုယ်ပွားသည် သွေးများ ပိုမို အန်ရကာ ၎င်း၏ခန္ဓာကိုယ်မှ သွေးမြူတိမ်တိုက်များစွာ ပေါက်ကွဲထွက်လာ၏။ ကိုယ်ပွားသည် နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်ရပြီးနောက် ၎င်းသည် ပြိုပျက်ကာ လုံးဝ ဖျက်စီးခြင်း ခံလိုက်ရတော့သည်။
အမှန်တကယ် သတ်ဖြတ်သူ။
ထိုအရာက လုံးဝဉဿုံ အမှန်တကယ် သတ်ဖြတ်ခြင်းပင်။
ကိုယ်ပွားကို သတ်ဖြတ်ပြီးသည့်နောက် ဝမ်လင်းသည် ပြန်လှည့်ကာ နောက်ထပ် တိုးဝင်လာနေသည့် သွေးဓားငါးလက်ထံသို့ လှမ်းလျှောက်လာသည်။ ထိုအရာများအားလုံးသည် ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းပင်။ဝမ်လင်းသည် စိတ်ကူးနိုင်သည်ထက်ပင် မြန်ဆန်စွာ လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။သည်တစ်ကြိမ်၌ သူ့လက်သီးချက်သည် လေဟာနယ်ထဲသို့ ကျရောက်သွားသည်။အက်ကွဲသံများ ပေါ်လာပြီး အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သွေးဓားများထဲမှ တစ်လက်သည် ဖျပ်ခနဲ ဝမ်လင်းရှိရာသို့ ထိုးစိုက်လာ၏။ဝမ်လင်းသည် ၎င်းကို ကြည့်ပင်မကြည့်ဘဲ သူ့ညာလက်ကိုသာ ဆန့်ထုတ်သည်။ထိုသွေးဓားသည် တုန်ခါကာ ရုန်းကန်လို၏။သို့သော် ၎င်းသည် ဝမ်လင်း၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပေပြီ။ သူက ချက်ခြင်းပင် ၎င်းဓားကို ချေမွပစ်၏။
ဒုတိယမြောက်သွေးဓားသည် ပေါက်ကွဲကာ ထွက်ပြေးရန် ပြင်၏။သို့သော် ဝမ်လင်း၏အကြည့်အောက်၌ မရေမတွက်နိုင်သော မိုးကြိုးတန်းများ စုစည်းလာ၏။၎င်းမိုးကြိုးတန်းများသည် ကိုယ်ပွားပေါ်သို့ ကျရောက်ကာ ၎င်း၏ခန္ဓာကိုယ်ထံမှ တစီစီအသံများကိုပါ ထွက်လာစေသည်။ထိုကိုယ်ပွားသည်လည်း ပျက်စီး သေဆုံးသွားရပြန်လေပြီ။
ဤအခိုက်၌ ကျန်သည့် သွေးဓားလေးလက်သည် နီးကပ်လာကာ ဝမ်လင်းပေါ်သို့ ရုတ်တရက် ကျရောက်လာ၏။ ၎င်းဓားများသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိမှန်သည့်အခါ သတ္တုချင်း ပွတ်တိုက်သံလို ထွက်ပေါ်သွားသည်။ဝမ်လင်းထံမှ ပြင်းထန်သောကန်အားတစ်ခု ထွက်ပေါ်လာပြီး ဓားများကို နောက်ပြန်ကန်သွားစေသည်။၎င်းဓားများသည် ပြင်းပြင်းထန်ထန် တုန်ခါသွားရ၏။
ထိုမြင်ကွင်းသည် ခေါင်းကြီးကောင်လေးကို ကြောင်ငေးသွားစေ၏။သူက ဝမ်လင်းကို ကြည့်မိ၏။သူ့အကြည့်ထဲ၌ ကြောက်ရွှံ့မှုသာ ကြီးစိုးသည်။
“ဒီ…ဒီဓားတွေက သူ့ခန္ဓာကိုယ်ကို ဒဏ်ရာမရစေဘူးလား…”
ခေါင်းကြီးကောင်လေးသည် တုန်လှုပ်မိသည်မဟုတ်။ ယုဖေသည်လည်း ထို့အတူပင်။ ပထမဆုံးအကြိမ်အဖြစ် သူ့အသွင်သည် ပြောင်းလဲသွား၏။ထိုအရာက အံ့အားသင့်ဖွယ် ပြောင်းလဲမှုကြီး မဟုတ်လား။ဖြစ်ပျက်သမျှသည် မြန်ဆန်လွန်းလှ၏။ သူ့ကိုပင် မပြင်ဆင်နိုင်အောင် ဖြစ်စေသည်။မျက်စိတစ်မှိတ်အတွင်း သူ့ကိုယ်ပွားနှစ်ယောက်သည် ပျက်စီးသွားရပေပြီ။သူ့စိတ်နှလုံးထဲ၌ လှိုင်းထန်နေတော့၏။
သူက ရှေ့သို့ ထွက်ရန် ပြင်လိုက်စဉ် ဝမ်လင်းသည် ရုတ်တရက် လှည့်လာကာ မာန်ဟိန်းသံ ပြု၏။
“ယား…”
ထိုအသံမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အသံပင်။ ရှေးဟောင်းနတ်ဘုရားများ၏ အသံ သည်လောကတွင် တည်ရှိခဲ့ဖူးသည်မှာ အချိန်အလွန့်အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ခုချိန်၌ ၎င်းအသံ ရုတ်တရက် ပြန်လည် ထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းခြားပစ်နိုင်သည်ဟု ထင်မှတ်ရတော့သည်။
ထိုရှေးဟောင်းနတ်ဘုရား၏ မြည်ဟိန်းသံ ရှေ့၌ ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးပင် တုန်ယင်ရသည်။ကြယ်များသည် သူ့ဟာသူ ဦးညွတ်ရသည်။ လွန်ခဲ့သည့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာက သည်လောက၌ ရှေးဟောင်းနတ်ဘုရားများ ကြီးစိုးခဲ့ဖူးပေသည်။ရှေးဟောင်းနတ်ဘုရား၏ ဟိန်းသံက လောကထဲသို့ ရှေးဟောင်းအော်ရာတစ်ခုကို ထုတ်လွှတ်ပေးသည်။
ထိုဟိန်းမြည်သံမှာ မိုးကြိုးမည်ဟိန်းသံထက် အဆများစွာ ပိုပြင်းထန်၏။ ထိုဟိန်းသံသည် အဆုံးမဲ့အားနှင့် ပြည့်နှက်ကာ သည်ဧရိယာအတွင်း၌ မုန်တိုင်းတစ်ခုကို ဖန်တီးသည်။
ယုဖေသည် ရှေးဟောင်းနတ်ဘုရားဟိန်းသံ သူ့အား ထိမှန်လာသည့်အခါ၌ သူ့ခြေထောက်ကို ပင့်မြှောက်၏။ သူ့စိတ်ကို တုန်ယင်စေသည့် အသံမှာ သူ့ထံသို့ ရုတ်တရက် တိုးဝင်လာခဲ့သည် မဟုတ်လား။သူက နောက်သို့ အမြန်ဆုတ်လေ၏။သူက နောက်မဆုတ်မိပါက အပိုင်းပိုင်းဖြစ်မည်ဟု ခံစားမိသည်။
သူ့မျက်နှာသည် ဖြူရောနေ၏။သူ့အမြင်၌ ဝမ်လင်းသည် ဒေါသထွက်နေသည့် ရှေးဟောင်းသားရဲတစ်ကောင်အလား ဖြစ်နေသည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည်လည်း သူ့ထိန်းချုပ်မှုမပါဘဲ အလျင်အမြန် လှည့်ပတ်နေသည်။သူသည် ၎င်းစွမ်းအင်လှည့်ပတ်မှုကို မရပ်တန့်နိုင်ခဲ့ပါက သေဆုံးရမည့်အလား။
သည်အခိုက်၌ သူ့အကြားအာရုံသည် ဝေဝါးသွား၏။သူက သူ့နှလုံးခုန်သံကိုသာ ကြားရလေ၏။
သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ပြည့်နှက်နေသည်။ထိုကြောက်ရွှံ့မှုသည် သူ့စိတ်ဝိညာဉ်ထံမှ ဖြစ်ပေါ်လာခြင်းပင်။
ပထမဆုံးအကြိမ်အဖြစ် ယုဖေသည် ကြောက်ရွှံ့မှုကို ခံစားမိသည်။အစပိုင်း၌ ထိုကြောက်ရွှံ့မှုသည် အမျှင်တန်းတစ်ခုမျှသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် သူ့စိတ်ထဲ၌ ပြည့်နှက်လာ၏။
ခေါင်းကြီးကောင်လေး၏မျက်နှာသည်လည်း ဖြူရောနေသည်။သူ့စိတ်မှာ ထိုရှေးဟောင်းနတ်ဘုရား၏ ဟိန်းသံအောက်၌ တုန်ယင်နေသည်။ခုချိန်၌ သူသည် ကောင်းကင်မူလ ပိုင်ဆိုင်ထားပြီး ဖြစ်သည့်အတွက် ကောင်းကင်ဘုံသားဟု ဆိုရမည်။သို့သော် သည်အခိုက်၌ သူသည် ပုရွတ်ဆိတ်တစ်ကောင်မျှသာ သူ့ကိုယ်သူ ခံစားမိနေတော့သည်။
လိုင်ဂျီသည်လည်း တူတူသာ ဖြစ်၏။ ထိုဟိန်းသံကို ကြားရသည့်အခါ လိုင်ဂျီသည် ဒူးမထောက်မိဘဲ မနေနိုင် ဖြစ်ရကာ သူသည် ဝမ်လင်း၏အမိန့်ကို ရိုကျိုးစွာ နားထောင်တော့မည်။
ပထမဆုံးကြိမ်အဖြစ် လိုင်ဂျီသည် သည်လိုမျိုး ခံစားရခြင်းပင်။ သူသည် ထိုကြောက်ရွှံ့မှု ဖြစ်စေသည် အသံထဲ၌ သူနှင့် ရင်းနှီးမှုတစ်ခုကိုလည်း ခံစားမိသေးသည်။
ထိုသူများပင် ဤကဲ့သို့ ဖြစ်နေသည့်အတွက် ဝမ်လင်းအနီးနားရှိ သွေးဓားလေးလက်မှာမူ ပြောစရာပင် လိုတော့မည် မဟုတ်ပါ။ထိုဟန်းသံ၏ မဖော်ပြနိုင်သည့် ဖိသိပ်အားက ၎င်းဓားလေးလက်လုံးကို ပေါက်ကွဲထွက်သွားစေသည်။
၎င်းဓားများ ပျက်စီးနေစဉ် အစိတ်အပိုင်းမြောက်များစွာသည် လွင့်စင်ထွက်၍ ကိုယ်ပွားလေးယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ထိုလေးယောက်သည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံမှု ရှိကြသည်။သို့သော် ထိုကိုယ်ပွားလေးယောက် ပေါ်လာသည်နှင့် သူတို့သည် ရှေးဟောင်းနတ်ဘုရား ဟိန်းမည်သံ၏ ဖိသိပ်မှုအားကို နောက်တစ်ဖန် ထိမှန်ခံရသည်။
ထိုအခါ ယင်းကိုယ်ပွားလေးယောက်လုံးသည် ပျက်စီး ပျောက်ကွက်သွားတော့သည်။သူတို့သည် လုံးဝ သေဆုံးသွားရလေပြီ။
ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းသည်။ သူသည် ယုဖေ၏ နောက်ဆုံးကိုယ်ပွားနှင့် တိုက်ခိုက်နေသော ထာရှန်အနားသို့ ရောက်သွားသည်။ထိုကိုယ်ပွားသည် တိုက်ခိုက်မှုကို ရပ်ကာ တုန်လှုပ်နေ၏။ သူက နောက်သို့ ချက်ခြင်းဆုတ်သည်။ သို့သော် ဝမ်လင်းလက်ကနေ မည်သို့ လွတ်နိုင်ပါ့မည်နည်း။ ဝမ်လင်းသည် ပေါ်လာသည်နှင့် သူ့လက်ကို ဖိနှိပ်ချသည်။မရေမတွက်နိုင်သော မိုးကြိုးများသည် အရပ်မျက်နှာအနှံ့ကနေ ထွက်လာသလို ယင်နှင့်ယန်ငါးများလည်း ပေါ်ထွက်လာလေ၏။သူ့လက်ချောင်းတိုက်ခိုက်မှု ကျရောက်လာသည့်အခါ၌ နောက်ဆုံးကိုယ်ပွားသည် ပေါက်ကွဲထွက်သွားတော့သည်။
ဝမ်လင်းသည် ကိုယ်ပွားတစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖို့ အသက်ရှုစာကြာချိန် အတော်အတန်သာ လိုအပ်၏။သူ ယူဆောင်လာသည့် တုန်လှုပ်ဖွယ်အရာသည် အံ့မခန်းပင်။
ဝမ်လင်းသည် အေးစက်နေ၏။ သူက သိပ်မဝေးသောနေရာရှိ မျက်နှာဖြူရောနေသည့် ယုဖေကို ကြည့်သည်။သူက အေးစက်စွာ ပြောလိုက်၏။ “ဒါက ငါ မင်းကို ပေးတဲ့ အံ့ဖွယ်တစ်ပါးပဲ။ မင်းကျေနပ်ရဲ့လား…”
***