Switch Mode

အပိုင်း(၉၆၀)

ငါ မင်းကို အံ့ဖွယ်တစ်ပါး ပြသပေးမယ်…

ဝမ်လင်းက မိုးကြိုးဖြင့် လေ့ကျင့်နေသည့်အလား။

မိုးကြိုးတုန်ဟီးသံများ အောက်၌ လောကသည် ပြောင်းလဲလာကာ မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် လေဟာနယ်ထဲကနေ ထွက်ပေါ်လာပြီး ဝမ်လင်းရှိရာသို့ စုစည်းလာ၏။ သည်မြင်ကွင်းသည် အံ့ချီးဖွယ်ပင်။ မိုးကြိုးဟိန်းသံ ပျံ့လွင့်လာနေရင်း မိုးကြိုးများ ပိုပို ပေါ်ထွက်လာနေ၏။

ယုဖေဟု အမည်တွင်သည့် အနီရောင်ဝတ်စုံနှင့်လူသည် တစ်ချက်ကြည့်ကာ စတင် ရယ်မောသည်။သို့သော် သူ့ရယ်သံထဲ၌ အေးစိမ့်မှုတို့ ပြည့်နှက်နေ၏။

“ကောင်းတယ်။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မိုးကြိုးကောင်းကင်ဘုံသား ပီသတယ်။ ငါ မင်း‌ခေါင်းကို ကိုယ်တိုင် လာယူရတာ အချိန်ဖြုန်းတာ မဟုတ်တော့ဘူးပေါ့။မင်းက သေရမယ်ဆိုရင်တောင် မြေအောက်ကမ္ဘာမှာ ပြုံးနိုင်ပါသေးတယ်။ဘာလို့လဲဆိုတော့ ငါ လက်ချက်နဲ့ သေခဲ့ရတဲ့လူတိုင်းက ကျော်ကြားကြလို့ပဲ…”

“မောက်မာလိုက်တာ…” ဝမ်လင်း၏အသွင်သည် အေးစက်နေ၏။ သူက လက်ညွှန်ကာ သည်ဧရိယာရှိ မိုးကြိုးအားလုံးကို ပိုအားကောင်းစေသည်။

ထိုမိုးကြိုးများအားလုံး၏ ပစ်မှတ်ဗဟိုချက်သည် အနီရောင်ဝတ်စုံနှင့်လူပင်။

မိုးကြိုးများ တစ်ခုနှင့်တစ်ခု မြန်ဆန်စွာ ချိတ်ဆက်နေမှုသည် ဟင်းလင်းပြင်ထဲ၌ အက်ကြောင်းများ ဖြစ်လာစေ၏။ ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ်ရာပင်။

မိုးကြိုးသံများ မြည်ဟိန်းနေရင်း ချိတ်ဆက်မှုသည် ပို မြန်ဆန်လာသည်။မိုးကြိုးများအားလုံးသည် ကီလိုမီတာသောင်းချီ ကျယ်ဝန်းသည့် စက်ဝန်းတစ်ခုလို ဖြစ်စေပြီး အနီရောင်ဝတ်စုံနှင့်လူအား ဗဟိုထား၍ အလျင်အမြန် ကျုံ့လာသည်။

မိုးကြိုးများ ဆက်လက် ကျုံ့နေရင်း ပို၍လည်း သိပ်သည်းလာ၏။

ထိုသိပ်သည်းမှုစွမ်းအားသည် ကီလိုမီတာသောင်းချီအတွင်းရှိ မိုးကြိုးအားလုံးကို အမှတ်တစ်ခုအဖြစ် သိပ်သည်းစေသည့်အလားပင်။ထိုသို့သော မိုးကြိုး၏စွမ်းအားမှာ နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို ယှဉ်နိုင်ပေ၏။

သည်အခိုက်၌ မိုးကြိုးများသည် အရူးအမူး ကျုံ့နေရင်း မိုးကြိုးခြိမ်းသံ တစ်ခုသည် တည်ရှိတော့၏။တိုက်ပွဲဝင်နေကြသော ထာရှန်၊ခေါင်းကြီးကောင်လေးတို့ပင် နောက်သို့ ချက်ခြင်း ဆုတ်၍ အလေးအနက် ဖြစ်လာကြ၏။

ချက်ခြင်းလိုလိုပင် မိုးကြိုးများအားလုံး စုစည်းပြီး မိုးကြိုးလှိုင်းများသည် အနီရောင်ဝတ်စုံနှင့်လူ၏ ဓား(၃၅)လက်နှင့် ကိုယ်ပွားငါးခုတို့အား ချေမွတိုက်စားတော့သည်။

ထိုအဖြစ်က ကောင်းကင်တုန်စေသည့် ပေါက်ကွဲမှုကို ဖြစ်စေသည်။ ဟင်းလင်းပြင်ပင် တုန်ခါလာပုံ ရသည်။ ကီလိုမီတာသောင်းချီအတွင်းရှိ မိုးကြိုးများအားလုံးသည် ဖိသိပ်ခြင်းခံရကာ နောက်ဆုံးတွင် ဓားများအား ရိုက်ချလာတော့သည်။

ဓားများထဲမှ တစ်လက်သည် တုန်ခါပျက်စီးသွား၏။ထိုဓားသည် အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲပြီးနောက် မိုးကြိုးကြောင့် လွင့်စင်သွားရသည်။

ထိုမျှသည် အဆုံးသပ် မဟုတ်သေးပေ။ ကျန်ဓားငါးလက်သည်လည်း မိုးကြိုး၏ ဒေါမာန်တကြီး တိုက်ခိုက်မှုအောက်၌ ပျက်စီးသွားကြရသည်။

ချက်ခြင်းပင် ဓားပေါင်း (၃၅)လက်သည် ပျက်စီးသွား၏။ ပတ်ဝန်းကျင်ရှိ မိုးကြိုးများသည် ရပ်တန့်နေခြင်း မရှိပေ။၎င်းက အနီရောင်ဝတ်စုံနှင့်လူထံသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားသည်။

ပေငါးရာသည် ခဏဆိုရုံမျှသာ။

မိုးကြိုးသည် သိပ်သည်းနေရင်း ကိုယ်ပွားငါးယောက်သည် ဓားကြီးငါးလက်အဖြစ်သို့ ပြောင်းလဲ၍ ယုဖေနှင့် ပေတစ်ရာပတ်လည်ကို ပိတ်ဆို့ပေးထား၏။မိုးကြိုးသည် ၎င်းဓားတို့အား အလျင်အမြန် ရိုက်ချကာ တုန်ယင်စေသည်။ ယင်းဓားကြီးများထံမှ အက်ကွဲသံများပင် ထွက်ပေါ်လာသည်။

ယုဖေ၏အသွင်သည် ပုံမှန်အတိုင်းပင်။ သူက ဝမ်လင်းကို အေးစက်စွာ ကြည့်၍ ပြောသည်။ “ငါက မင်းရဲ့ မိုးကြိုးအစွမ်းကို လျော့တွက်ခဲ့မိတာပဲ။ ဒါပေမဲ့ ငါ့ရှေ့မှာတော့ ဒါက မလုံလောက်သေးဘူး…” သူက ထိုသို့ ပြောလိုက်ရင်း သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ တစုံတခုသည် သူ့လက်ထဲ၌ ထွက်ပေါ်လာသည်။

ထိုအရာမှာ သစ်ကိုင်းတစ်ခုပင်။ ၎င်းက သာမန်ဟုသာ ထင်ရ၏။သို့သော် ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသည်။

“ငါ့သတ်ဖြတ်ခြင်းနယ်မြေရဲ့ ရတနာတွေထဲက တစ်ခု မိုးကြိုးကမ္ဘာသစ်ပင်ရဲ့ သစ်ကိုင်း၊ နယ်မြေအရှင်က ဒီသစ်ကိုင်းဟာ မင်းရဲ့ မိုးကြိုးတွေကို ဖိနှိပ်နိုင်တယ်လို့ ပြောခဲ့တယ်။ငါ မင်းရဲ့ မိုးကြိုးတွေကို ဘယ်လိုချိုးဖျက်မလဲ ကြည့်လိုက်…” ထိုသို့ပြောပြီးသည့်နောက် သူက သစ်ကိုင်းကို ရှေ့သို့ ပစ်သည်။တစ်ချိန်တည်းမှာ မိုးကြိုးများအား ပိတ်ဆို့ထားသော ဓားငါးလက်သည် နောက်သို့ အလျင်အမြန် ဆုတ်လေ၏။

သွေးဓားငါးလက်သည် နောက်သို့ ဆုတ်သွားသည့်အခိုက် မိုးကြိုးအား တားဆီးမှု ဘာတစ်ခုမှ မရှိ ဖြစ်သွားရာ ၎င်းမိုးကြိုးသည် အနီရောင်ဝတ်စုံနှင့်လူထံသို့ တန်းတန်းမတ်မတ် ချက်ခြင်း ဝင်ရောက်လာသည်။သို့သော် ဤအခိုက်၌ ဝမ်လင်းသည် သူ့မိုးကြိုးများအား ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသည့်အလား မိုးကြိုးအားလုံးသည် သစ်ကိုင်းရှိရာသို့ ဦးတည်သွားတော့သည်။

မိုးကြိုးသည် တုန်ဟီးနေရင်း သစ်ကိုင်းသည် ၎င်းမိုးကြိုးတို့ကို စုပ်ယူနေ၏။ မိုးကြိုးပေါက်ကွဲမှုများကိုပင် သစ်ကိုင်းပတ်လည်၌ မြင်တွေ့ရ၏။ ယုဖေသည် ထိုသစ်ကိုင်းဘေးနားသို့ လာရပ်၏။ မိုးကြိုးသည် သူ့အား မျက်စိကျိန်းစေရုံသာ ရှိ၍ ဒဏ်ရာ မရစေပေ။

ဝမ်လင်းသည် ထိုအဖြစ်ကို သုန်မှုန်စွာ ကြည့်နေ၏။

“မင်းရဲ့ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်လောက်နဲ့ အံ့ဖွယ်တစ်ခုခု လုပ်ပြနိုင်ရင်တောင် မင်းက ငါ့ရှေ့မှာ ဘာမှ မဟုတ်သေးဘူး…။အဆုံးသပ်ဖို့ အချိန်တန်ပြီ…”

ယုဖေ၏မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ဖြစ်ပေါ်လာရင်း သူသည် မိုးကြိုးများကို ဖြတ်သန်းလာသည်။သူနှင့်အတူ ဓားငါးလက် လိုက်ပါလာရင်း ဝမ်လင်းနှင့် နီးကပ်လာလေ၏။

ဝမ်လင်းသည် ယုဖေကို စူးစိုက်ကြည့်ရင်း နောက်ဆုတ်၏။ သူက တည်ငြိမ်စွာ ဆိုသည်။ “ငါမင်းကို အံ့ဖွယ်တစ်ခု ပြသပေးမယ်…” ထိုသို့ ပြောပြီးသည့်နောက် သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာပြီး ဝမ်လင်းသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ယုဖေသည် မင်သက်သွား၏။သူ့မျက်လုံးသူငယ်အိမ်သည် ကျုံ့သွားသည်။သူ့မူလစွမ်းအင်သည် မြင့်တက်လာရင်း သူ့ပတ်လည်၌ မုန်တိုင်းတစ်ခုကို ဖြစ်စေ၏။သို့သော် သူသည် ဝမ်လင်း၏ အရိပ်အယောင်ကို ရှာမတွေ့နိုင်သေးပေ။

ဟင်္သာပြဒါးဂြိုဟ်နှင့် ဝေးကွာလှသည့် မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်နေရာတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိလေ၏။ ၎င်းဂြိုဟ်မှ ထွက်ပေါ်နေသည့် စိတ်ဝိညာဉ်စွမ်းအင်များမှာ သိပ်သည်းလှကာ ၎င်းဂြိုဟ်သည် အဆင့်ခြောက်ကျင့်ကြံခြင်းနိုင်ငံပင်။

သည်ဂြိုဟ်ပေါ်၌ အဆင့်ငါးကျင့်ကြံခြင်းနိုင်ငံ ငါးခု ရှိ၏။ ထိုနိုင်ငံငါးခုထဲမှ နိုင်ငံတစ်ခု၏အမည်မှာ ပဲ့ကြွေသောလဟု ခေါ်သည်။၎င်းနိုင်ငံ တောင်အနောက်ဘက်ရှိ အဂ္ဂိရတ်အခန်းတစ်ခု၏ အပြင်ဘက်၌ အမျိုးသမီးတစ်ယောက် မတ်တပ်ရပ်လျက် ရှိနေသည်။

ထိုအမျိုးသမီးသည် ပန်းရောင်လိပ်ပြာအင်္ကျီကို ဝတ်ဆင်ထားသည်။သူမသည် အသက်ကြီးရင့်ပုံ မပေါ်ဘဲ အတော်လေးလှသည်။သူမ၏ ညာမျက်ခုံးရှိ သတ္တုအပြားလေးများ တလက်လက် ရှိနေပြီး သူမအား ချစ်စရာ ပိုကောင်းစေသည်။

ကျောက်စိမ်းလိုအသားအရေ၊ တိမ်အသွင်ဆံနွယ်များက သူမအား ဆွဲဆောင်မှု ရှိစေသည်။

“စီနီယာအစ်ကိုဝမ်…နင် ဒီမှာလား…။ငါက စုန်ယင်ပါ…” ထိုအမျိုးသမီး၏မျက်နှာသည် နီမြန်းနေ၏။ သူမ၏အသံသည် တေးဆိုငှက်အလား။သူမသည် အလွန်လှ၏။

အဂ္ဂိရတ်အခန်းထဲ၌ လူတစ်ယောက် ထိုင်နေ၏။သူသည် တခေါင်းလုံးနီမြန်းနေကာ သူ့အသွင်သည် အေးစက်နေ၏။သူက အသက်သုံးဆယ်ပတ်လည်လောက် ရှိမည် ဖြစ်ကာ သူ့ထံမှ အေးစက်မှုသည် ဆောင်းတွင်းလေအလား။

အပြင်ဘက်မှ ထိုအမျိုးသမီး၏အသံ ထွက်ပေါ်လာသည့်အခါ ထိုအမျိုးသားသည် မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြန်ပြော၏။ “ငါ ဒီမှာ မရှိဘူး…” သူက မျက်လုံးပြန်မှိတ်ကာ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားတော့၏။

အမျိုးသမီးသည် ထိုအေးစက်စက်အသံကို ကြားလိုက်ရသည့်အခါ ချက်ခြင်း ပျော်ရွှင်သွား၏။သူမက ခြေလှမ်းအနည်းငယ် လှမ်းကာ ထိုအဂ္ဂိရတ်အခန်းထံသို့ လှမ်းလျှောက်သွားသည်။သူမက ပြုံး၍ ဆိုပြန်၏။ “အစ်ကိုဝမ်လင်း…ငါ နင့်ကို အချိန်အကြာကြီး မနှောက်ယှက်ပါဘူး။ ငါ ဒီနေရာမှာ ခဏနေပြီး ပြန်ထွက်သွားမှာပါ…”

သူမက ထိုသို့ပြောလိုက်ရင်း အခန်းအပြင်သို့ ရောက်လာ၏။သို့သော် အထဲသို့ မဝင်ပေ။ သူမသည် အပြင်ဘက်၌ ထိုင်ချလိုက်သည်။သူမသည် အခန်းထဲမှ အေးစက်စက်အော်ရာကို ခံစားမိ၏။ထိုအော်ရာသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ သူမမျက်နှာကို နီမြန်းသွားစေ၏။သို့သော် သူမသည် အလွန်သက်တောင့်သက်သာဖြစ်မှုကို ခံစားရသည်။

သူမ၏ကျင့်ကြံမှုမှာ အအေးစွမ်းအင်နှင့် ဆက်နွှယ်နေ၏။အအေးစွမ်းအင်ရှိသည့် နေရာများသည် ကလန်ထဲ၌ များများစားစား မရှိလှပေ။ သူမက သူမ၏အဆင့်အတန်းနှင့် ထိုနေရာများသို့ မဝင်ရောက်နိုင်ပေ။တစ်ကြိမ်၌ သူမက ဆေးလုံးများကို ယူဆောင်ရန် သည်နေရာသို့ ရောက်လာခဲ့ရင်း သူမ၏ခန္ဓာကိုယ်ထဲသို့ အအေးစွမ်းအင်တစ်ခု ရုတ်တရက် ဝင်လာခဲ့သည်ကို မတော်တဆ တွေ့မိ၏။

ထိုတွေ့ရှိမှုသည် သူမအား စိတ်လှုပ်ရှားစေ၏။သူမက သည်နေရာကို ထပ်ခါထပ်ခါ လာတော့သည်။တဖြည်းဖြည်းဖြင့် သည်နေရာမှာ အပြင်စည်းတပည့်ဝမ်လင်း၏ နေရာမှန်း သိလာခဲ့တော့သည်။

ထိုလူက သည်အဂ္ဂိရတ်အခန်းထဲ၌ အလုပ်သမား ဖြစ်၏။သို့သော သူမသည် ၎င်းအရာမှာ ထူးဆန်းနေသည်ဟု တွေးမိ၏။ သူက အလုပ်သမားဟုသာ ဆိုသော်လည်း ဘာအလုပ်မှ လုပ်နေသည်ကို မတွေ့မိဖူးပေ။သူမက သည်အခန်းထဲရှိ ဆရာဦးလေးဖြစ်သူပင် ဝမ်လင်းအား အလွန်လေးစားစွာ ဆက်ဆံသည်ကို တွေ့မြင်ခဲ့ရသေးသည်။

သူမက ဝမ်လင်းနှင့်ပတ်သတ်၍ လျှို့ဝှက်ချက်များစွာ ရှိလိမ့်မည်ဟု ခံစားမိနေသည်။သည့်အတွက်ကြောင့် သူမသည် ထိုလျှို့ဝှက်ချက်များကို ဖော်ထုတ်ချင်စိတ် ပြင်းပြလာခဲ့၏။သည့်အပြင် သည်နေရာက သူမ၏ ကျင့်ကြံမှုအဆင့်ကို အတော်လေး တိုးတက်စေသည့်အတွက်ကြောင့် သူမသည် သည်နေရာသို့ နေ့စဉ်နေ့တိုင်း လာရောက်နေခြင်း ဖြစ်တော့၏။

ဝမ်လင်း၏အေးစက်မှုက သူမအား ထိတ်လန့်သွားစေခြင်း မရှိသည့်အပြင် သူ့လျှို့ဝှက်ချက်များကိုပါ ပို၍ သိချင်စိတ် ဖြစ်လာစေသေး၏။သူမက ဝမ်လင်း၏အေးစက်စက်ပုံရိပ်အကြောင်း အမြဲတွေးကြည့်နေမိသည်။

စုန်ယင်၏မျက်နှာသည် ကျင့်ကြံနေရင်း နီမြန်းသွား၏။သည်တစ်ခေါက်၌ သူမ၏ နှလုံးသည် ခုန်ပေါက်နေမိသည်။သူမက သူမ၏အင်္ကျီစကို ထိကာ အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြစ်နေသည့်ပုံပင်။သူမ၏ နှုတ်ခမ်းကို ကိုက်ကာ အခန်းထဲကနေ ကြားရအောင် နူးညံ့စွာ ပြောလိုက်၏။ “စီနီယာအစ်ကိုဝမ်…ငါ…”

သို့သော် သူမစကားမဆုံးသေးခင်မှာပင် အခန်းတံခါးသည် ရုတ်တရက် ပွင့်လာပြီး ဝမ်လင်း လှမ်းထွက်လာ၏။သူ လှမ်းထွက်လာသည့်အခိုက်၌ အေးစက်စက်စွမ်းအင်သည် ပျံ့လွင့်လာသည်။

ထိုအအေးစွမ်းအင်မှာ အစစ်အမှန် မဟုတ်ပေ။၎င်းစွမ်းအင်က ရှေးဟောင်းနတ်ဘုရားတစ်ပါး စိတ်ဝိညာဉ်စွမ်းအင်တို့ကို စုပ်ယူသည့်အခါ၌ ဖြစ်ပေါ်ကျန်ရစ်ခဲ့ရုံမျှသာ ဖြစ်၏။ထိုပမာဏသည် ဝမ်လင်းအတွက် မပြောပလောက်ပေ။ သို့သော် အခြားလူများအတွက်မူ သည်စိတ်ဝိညာဉ်စွမ်းအင်က သိပ်သည်းလွန်းလှ၏။

ကံကောင်းစွာဖြင့် သည်အဂ္ဂိရတ်အခန်းသည် နဂိုထဲက သိပ်သည်းသောစိတ်ဝိညာဉ်စွမ်းအင် ရှိနှင့်ပြီးဖြစ်သည့်အတွက် ဝမ်လင်းထံမှ လျှံကျနေသည့်စွမ်းအင်သည် သိပ်ပြီး သိသာနေတာ မရှိခြင်းပင်။

ဝမ်လင်း၏မူလခန္ဓာကိုယ် ပုံပန်းအသွင်သည် စုန်ယင်၏စကားများကို ပြန်မြိုချမိသွားစေသည်။သူမသည် ဆက်လက်၍ အားတင်းပြောရန် သတ္တိမွေးလိုက်စဉ်မှာပင် သူမ၏ စီနီယာအစ်ကိုဝမ်သည် ခြေတစ်လှမ်းဖြင့်ပင် ကောင်းကင်ထက်သို့ ထိုးတက် ပျောက်ကွယ်သွားလေတော့၏။

စုန်ယင်သာ ပါးစပ်အဟောင်းသား ကျန်ရစ်ခဲ့လေ၏။

ခြေတစ်လှမ်းဖြင့် ဝမ်လင်း၏မူလခန္ဓာကိုယ်သည် ထိုကျင့်ကြံခြင်းဂြိုဟ်ကနေ ထွက်ခွာလာပြီး ဟင်းလင်းပြင်ထဲသို့ တရကြမ်း တိုးဝင်လာနေ၏။မူလခန္ဓာကိုယ် ဟင်းလင်းပြင်ထဲသို့ ရောက်လာသည်နှင့် လှိုင်းတွန့်များ ပေါ်လာပြီး ကိုယ်ပွားဝမ်လင်းသည် လှမ်းထွက်လာသည်။

ကိုယ်ပွားနှင့်မူလခန္ဓာကိုယ်တို့သည် တစ်ယောက်နှင့်တစ်ယောက် ထိတိုက်မိသည့်အထိ မျက်နှာချင်းဆိုင် လျှောက်လာ၏။သည့်နောက် အစိမ်းရောင်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်ပေါက်ကာ ထိုနှစ်ယောက်သည် တစ်ယောက်တည်း အဖြစ်သို့ ပေါင်းစည်းသွားလေ၏။

နှစ်ပေါင်းရာချီ ခွဲနေကြသည့် ဝမ်လင်း၏ ကိုယ်ပွားနှင့်မူရင်းခန္ဓာကိုယ်တို့သည် ခုချိန်၌ နောက်တစ်ဖန် ပြန်ပေါင်းစပ်သွားလေပြီ ဖြစ်၏။

ဝမ်လင်း၏ ခန္ဓာကိုယ်ထဲကနေ ပြင်းထန်သောအော်ရာတစ်ခု အရူးအမူး ထွက်ပေါ်နေသည်။

သူ့မူလခန္ဓာကိုယ်နှင့်ကိုယ်ပွားတို့ ပေါင်းစည်းမှုသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ချီကျင့်ကြံသူတို့ ပေါင်းစည်းမှုလည်း မည်၏။မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် သူ့ခန္ဓာကိုယ်ပတ်လည်၌ မြည်ဟိန်းလေ၏။

ဝမ်လင်း၏ ဘယ်မျက်လုံးသည်နေ၊ညာမျက်လုံးသည် လ တို့ ပါဝင်နေ၏။သူ့ဆံပင်များသည် ကိုယ်ပွားနှင့် ပေါင်းစပ်ပြီးသည့်နောက် ခုချိန်၌ နီမြန်းခြင်း မရှိတော့ဘဲ ခရမ်းရောင် ဖြစ်နေ၏။ ရှေးဟောင်းနတ်ဘုရား၏ ကြယ်များကိုမူ တတိယမျက်လုံးက ဖုံးကွယ်ပေးထားသည်။မည်သူကမျှ ရှေးဟောင်းနတ်ဘုရား၏ သင်္ကေတ ကြယ်များကို မတွေ့မြင်နိုင်တော့ပေ။

“ငါမင်းကို အံ့ဖွယ်တစ်ခု ပြသပေးရမှာပေါ့…” ဝမ်လင်း၏အေးစက်စက်အသံသည် ပဲ့တင်ထပ်သွးရင်း ကြယ်များကြား၌ မြည်ဟိန်းလေ၏။ခြေတစ်လှမ်းဖြင့်ပင် သူသည် ပျောက်ကွယ်သွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset