“သိပ်ကောင်းတယ်…” ကျင့်ကြံသူအဘိုးအို၏အသံသည် ထိုလျှို့ဝှက်ခန်းထဲ၌ ပဲ့တင်ထပ်သွားသည်။
လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီးနောက် ထိုအဘိုးအိုသည် လှမ်းထွက်လာ၏။ သူက ဝမ်လင်းကို သေချာကြည့်၏။အထူးသဖြင့် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားကိုပင်။ သူက တည်ငြိမ်စွာ မေးသည်။ “မင်း အဲ့ဒါကို မြင်တွေ့ခဲ့လား…”
ဝမ်လင်းသည် မတ်တပ်ထရပ်၏။ သူ့လက်နှစ်ဖက်ကို ဆုပ်ကာ လေးစားစွာ ပြောသည်။ “ကျနော် မြင်ကွင်းအချို့ကို တွေ့မြင်ခဲ့ပါတယ်…”
ကျင့်ကြံသူအဘိုးအိုက ခပ်ရေးရေးပြုံးကာ သူ့ညာလက်ကို ပင့်မြှောက်၍ မီးတောက်ရှိရာသို့ ဆန့်တန်းသည်။မီးတောက်သည် တဖျပ်ဖျပ် ဖြစ်သွားပြီးနောက် အဘိုးအိုလက်ထဲသို့ ကျရောက်သွားသည်။
“ဒီအရာဟာ အထွတ်အထိပ်ရွှေရောင်သစ်ရွက်ကလန်ဝင်ရဲ့ မူလရင်းမြစ်အဆီအနှစ်ကနေ ဖြစ်ပေါ်ခဲ့တာပဲ။ ဒီမူလရင်းမြစ်ကို နားလည်ရင် မင်းကျင့်ကြံမှုအပေါ် များစွာ အကျိုးရစေလိမ့်မယ်။ဒါက နတ်လေးပါးကလန်ရဲ့ ဟင်္သာငှက်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်လာဖို့ စမ်းသပ်မှုလည်း ဖြစ်တယ်။မင်းက ဒါကို နားလည်နိုင်ခဲ့ရင် မင်းဟာ အတွင်းစည်းတပည့် ဖြစ်လာနိုင်တယ်…”
ထိုသို့ပြောပြီးသည့်နောက် ကျင့်ကြံသူအဘိုးအိုသည် မီးတောက်၏စွမ်းအား အရိပ်အမြွက်ကို ရရှိလာသည့်ပုံပေါ်ကာ သူ့မျက်နှာသည် အနည်းငယ် နီမြန်းလာ၏။အချိန်အတန်ကြာပြီးနောက် သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်သည်။ဝမ်လင်းသည် ထိုနေရာကနေ ပျောက်ကွယ်သွားလေတော့၏။
“မင်း ဘာလုပ်သင့်လဲ…။ဒီအဘိုးအို ဒီမှာ ရှိနေရင် ဟင်္သာပြဒါးဂြိုဟ်ကို ဘယ်သူမှ လာထိလို့ မရဘူး…”
ဝမ်လင်းကို အဝေးသို့ ပို့လွှတ်ပြီးသည့်နောက် ကျင့်ကြံသူအဘိုးအို၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာ၏။ သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဖူကလန်…ဒီအဘိုးအိုက နောက်ဆုံးအလွှာကို ကျိန်းသေပေါက် ဖွင့်မှာ…”
ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ တောင်ထိပ်တစ်ခုပေါ်၌ ပေါ်လာသည်။သူ့မျက်နှာသည် ဖြူရောနေ၏။ သူက စွန့်ပစ်ခံမသေမျိုးကလန်ရှိရာသို့ ကြည့်ကာ စတင် စဉ်းစားနေသည်။
“ဒီအဘိုးအိုရဲ့ ကျင့်ကြံမှုအဆင့်က အတော်လေးကို မြင့်မားလှတယ်။ သူက အရှင်မီးတောက်နဲ့ အဆင့်တူ၊ ဒါမှ မဟုတ် သူ့ထက်တောင် ပိုအားကောင်းနိုင်သေးတဲ့ မွန်းစတားအိုကြီးလို့ ငါ ခံစားမိနေတယ်။ ဒီလိုလူက ဟင်္သာပြဒါးဂြိုဟ်မှာ အချိန်အကြာကြီး နေထိုင်နေတာ ဘာရည်ရွယ်ချက်ကြောင့်များလဲ…”
“ပထမဆုံးအနေနဲ့ စွန့်ပစ်ခံမသေမျိုးကလန်ရဲ့ နောက်ဆုံးအလွှာနှစ်ခုကို ဖွင့်လှစ်ဖို့က သူ့ပန်းတိုင်တွေထဲက တစ်ခု ဖြစ်မှာတော့ ငါ သေချာသိတယ်…။သူက ရှေးဟောင်းနတ်ဘုရားနယ်မြေက ဟုတ်လား၊မဟုတ်လားတော့ ငါလည်း မသိဘူး…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သည့်နောက် သူက မြန်ဆန်စွာ ထွက်ခွာသွားတော့သည်။
“ဒီလူ့ရဲ့ပုံရိပ်က တကယ့်ကို ထူးဆန်းလှတယ်။ဒါပေမဲ့ သူက နတ်လေးပါးကလန်ရဲ့ ဟင်္သာငှက်ဂိုဏ်းက လူတစ်ယောက် ဖြစ်နေပြန်တယ်။ဒါပေမဲ့လည်း သူ့စကားလုံးတွေရဲ့ အဓိပ္ပာယ်က နက်ရှိုင်းတဲ့အချို့အဓိပ္ပာယ်တွေ ပါနေတယ်။ ထားလိုက်ပါတော့လေ….ခန့်မှန်းနိုင်ဖို့အတွက် သဲလွန်စ နည်းပါးလွန်းနေသေးတယ်။ အခု ထွက်ခွာရမယ့် အချိန်ပဲ…”
ဝမ်လင်းသည် သူ့စိတ်ကိုသူ ပြင်ဆင်လိုက်၏။ သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ ထာရှန်နှင့်အခြားလူများကို တွေ့သွားသည်။ နတ်ဘုရားအာရုံသတင်းစကားတစ်ခု ပို့လွှတ်ပြီးသည့်နောက် ဝမ်လင်းသည် သူ့အောက်ရှိ မြေကြီးထုကို ကြည့်သည်။သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကိစ္စရပ်များကို ဖြေရှင်းပြီးသည့်နောက် သည်နေရာတွင် အကြာကြီး နေလို့မရမှန်း သိထားပေ၏။တကယ်တော့ ထူစန် သည်လည်း သည်နေရာတွင် ရှိနေသေးသည် မဟုတ်လား။
သူက စဉ်းစားနေရင်း သက်ပြင်းချမိ၏။ သည့်နောက် သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ ကောင်းကင်ထက်သို့ မြန်ဆန်စွာ ထိုးထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ထာရှန်၊ခေါင်းကြီးကောင်လေးနှင့် လိုင်ဂျီတို့သည်လည်း ဟင်္သာပြဒါးဂြိုဟ်၏ မတူညီသောနေရာများကနေ ပျံသန်းထွက်လာကြသည်။
ကျိုးဝုထိုင်သည် တောင်ထိပ်တွင် မတ်တပ်ရပ်ကာ မိုးကုပ်စက်ဝန်းကို ကြည့်နေ၏။သူ့အသွင်က မြောလွင့်နေသည့်ပုံပင်။အချိန်အတန်ကြာပြီးမှ သူက တောင်ပေါ်ကနေ ပြန်ထွက်ခွာသွားသည်။
ထို့အတူပင် နတ်ဆိုးပင်လယ်၏ နယ်စပ် ဟိုဖန်နိုင်ငံတွင် လီချီချင်းက ကောင်းကင်ထက်သို့ မော့ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်သည်။ “ညီမလေး…သူ့နောက်ကိုလိုက်သွားတာက နင့်ရဲ့ ရွေးချယ်မှုပဲ၊နင့်အစ်ကိုကြီးက နင့်ကို ကောင်းချီးပေးပါတယ်…”
တိမ်ကောင်းကင်ကလန်၌ ထိုင်ယန်သည် တစ်စုံတစ်ခုကို သတိပြုသည့်အလား အပေါ်သို့ မော့ကြည့်သည်။ သူက ဝမ်လင်းထွက်ခွာသွားပြီကို သိနေသည်။
ဝမ်လင်း၏ပုံရိပ်သည် ဟင်္သာပြဒါးဂြိုဟ် အပြင်ဘက် ဟင်းလင်းပြင်ထဲ၌ ပေါ်လာ၏။ခဏအကြာတွင် ထာရှန်နှင့်အခြားလူများလည်း ရောက်လာသည်။ထာရှန်သည် ခြေတစ်လှမ်းလှမ်းကာ ဝမ်လင်း၏အရိပ်နှင့် ပေါင်းစပ်သွားသည်။ခေါင်းကြီးကောင်လေးသည် အတော်လေး ပြန်ကောင်းမွန်လာပြီးနောက် လေးစားသည့်ဟန်ပန်နှင့် ရပ်နေသည်။
လိုင်ဂျိ၏မျက်လုံး ကစားလိုက်၏။ ဝမ်လင်း၏အမိန့်ပေးခြင်းကို စောင့်မနေတော့ဘဲ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာသည်။ ချက်ခြင်းပင် သူက ပေထောင်ချီအထိ ရှည်လျား ကြီးမားသွားပြီး သည်ဧရိယာ၌ ပြင်းထန်သောဖိအားတစ်ခုကို ခြုံလွှမ်းစေသည်။
စွမ်းအားကောင်းလှသော ကျင့်ကြံသူအများစုသည် ဘီလူးနတ်ဆိုးကလန်ဝင်များကို သူတို့၏ စီးတော်ယာဉ်များအဖြစ် အသုံးပြုခြင်းမှာ သူတို့၏ အားကောင်းသောခန္ဓာကိုယ်နှင့်ဖိသိပ်အားကြောင့် ဖြစ်လေ၏။သူတို့သည် နတ်ဆိုးသားရဲအားလုံးနှင့်ပင် နှိုင်းယှဉ်လုနီးပါး ခန္ဓာကိုယ်မာကျောမှု ရှိလေ၏။
သည့်အပြင် ဘီလူးနတ်ဆိုးကလန်ဝင်များ၏ သွေးမျိုးဆက်စွမ်းရည်သည် အားကောင်းသော ကျင့်ကြံသူများကို နှစ်သက်သဘောကျမှု ဖြစ်စေသေးသည်။
လိုင်ဂျီ၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သူက ဒူးထောက်ချသည်။သူ့ပါးစပ်ထဲမှ မိုးကြိုးခြိမ်းသံအသံတစ်ခု ထွက်ပေါ်လာ၏။
“သခင်…လိုင်ဂျီက သင့် စီးတော်ယာဉ် အစေခံ ဖြစ်လာဖို့ လုံးဝ ဆန္ဒ ရှိပါတယ်…”
ဧရာမခန္ဓာကိုယ်ကြီးကို ကြည့်နေရင်း ဝမ်လင်းသည် ခဏတာ မိန်းမောသွား၏။ ဘီလူးနတ်ဆိုးကလန်ဝင်ကို စီးတော်ယာဉ်အဖြစ် စီးနင်းခြင်းသည် အမှန်တကယ် မျက်စိဖမ်းစားနိုင်စွမ်း ရှိလှပေမည်။
ထိုအရာကို မြင်လိုက်ရသူအဖို့ တုန်လှုပ်မိသွားကြမည်သာ ဖြစ်၏။
ဝမ်လင်းက ပြုံးလိုက်၏။ ခြေတစ်လှမ်းဖြင့်ပင် သူက လိုင်ဂျီ၏ ကျောပေါ်သို့ ရောက်သွားသည်။ခေါင်းကြီးကောင်လေးသည်လည်း အမြန် လိုက်ပါလာ၏။ သူက အရပ်ရှည်လျားခြင်း မရှိဘဲ ခေါင်းကြီးကြီးနှင့် ကြမ်းကြုတ်သည့်အသွင် ဟန်ပန် ရှိသည်။သူက ဝမ်လင်းနောက်တွင် ရပ်လိုက်ချိန်၌ သူသည် အစေခံတစ်ယောက်မှန်း သိသာနေတော့သည်။
လိုင်ဂျီ၏ခန္ဓာကိုယ်သည် ကြီးမားလွန်း၏။သူ့ကျောသည် ပေထောင်ချီ ကျယ်ပြောသည်။သူ့အသားအရေမှာ အပြာရောင် ရှိကာ ကျောပြင်သည် ဖြောင့်ဖြူးနေ၏။ ဝမ်လင်းသည် ထိုင်ချလိုက်သည့်နောက် လိုင်ဂျီက မာန်သွင်းကာ ရှေ့သို့ တဟုန်ထိုး ထွက်ခွာသွားတော့သည်။
သူသည် မြန်ဆန်လွန်းလှ၏။ ၎င်းက မိုးကြိုးသားရဲ၏အမြန်နှုန်းကို မယှဉ်သာသော်လည်း အများကြီးတော့လည်း နှေးမနေပါ။
လိုင်ဂျီ၏ဧရာမခန္ဓာကိုယ်ကြီးသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ခရီးနှင်နေသည်။ ထိုအမြန်နှုန်းအရှိန်က မုန်တိုင်းတစ်ခုကိုပင် ဖြစ်စေကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လေသည်။ခေါင်းကြီးကောင်လေးသည် ထိုအရာများအားလုံးကို ကြည့်နေရင်း သူ့အသွင်က ထူးဆန်းသည့်ပုံ ဖြစ်ပေါ်နေ၏။
သူက မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့်အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှစ်ခုကြား ကွာခြားမှုကို အမှန်ပင် ခံစားမိလေ၏။အလုံးစုံကောင်းကင်၌ သည်လိုမျိုး ဧရာမခန္ဓာကိုယ်ကြီးကို စီးတော်ယာဉ်အဖြစ် အသုံးပြုသည်မှာ မရှိပေ။သူက ထိုအရာကို တေွးမိကာ မယုံကြည်နိုင် ဖြစ်ရ၏။ တစ်ချိန်တည်းမှာလည်း သူသည် ရှင်းမပြသာသည့် ခံစားမှုမျိုးကိုလည်း ခံစားနေရသည်။
သူက တစ်စုံတစ်ယောက်သာ သည်လိုမျိုး စီးတော်ယာဉ်နှင့် အတူတွဲတွေ့မြင်ပါက သူ့စိတ်ထဲ၌ ထိုသူ့ကို သတ်ဖြတ်ကာ သူ့စီးတော်ယာဉ်ကို အပိုင်စီးချင်စိတ် ပေါ်လာပေမည်။
“ဒီလိုစီးတော်ယာဉ်မျိုးပေါ်မှာ ထိုင်စီးဝံ့တဲ့လူဟာ သာမန်ကျင့်ကြံသူတော့ ဟုတ်မှာ မဟုတ်ဘူး…” ခေါင်းကြီးကောင်လေးက သက်ပြင်းချကာ ဝမ်လင်းကို တိတ်တဆိတ် ကြည့်မိ၏။
သူ့မျက်လုံးအိမ်သည် ရုတ်တရက် ကျုံ့လို့သွား၏။ အကွာအဝေးတစ်ခု၌ လူတစ်ယောက် ပေါ်လာသည်။ထိုလူက ဧရာမကျောက်တုံးကြီးတစ်ခုပေါ်၌ မားမားရပ်နေသည်။ကျောက်တုံးမျက်နှာပြင်သည် အပေါက်များနှင့် ရှိနေ၏။
ထိုလူမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။သူ့လက်နှစ်ဖက်ကိုလည်း နောက်ပစ်ထားသည်။ သူက လိုင်ဂျီရှိရာသို့ မြန်ဆန်စွာ ပျံသန်းတိုးဝင်လာနေ၏။
ထိုကျောက်တုံးမှာ မြန်လွန်းလှသည်။ ၎င်းက နီးကပ်လာသည်နှင့် အသံပေါက်ကွဲမှုများကိုပါ ဖြစ်ပေါ်စေသည်။ကြယ်များကြား၌ လှိုင်းလုံးတစ်ခု ဖြစ်တည်၏။
အနီရောင်ဝတ်စုံနှင့်လူမှာ အသက်ကြီးရင့်လှခြင်း မရှိသေးဘဲ သုံးဆယ်လောက်သာ ရှိမည်။သူ့ပတ်လည်၌ ဓားခုနစ်ချောင်း ရှိနေကာ ပြင်းထန်သောသတ်ဖြတ်ခြင်းအော်ရာတစ်ခုကို ပေးစွမ်းနေသည်။
ထိုသတ်ဖြတ်ခြင်းအော်ရာက သွေးရနံ့နှင့် ပြည့်နေကာ ပျံ့နှံ့လာရင်း ဝဲကတော့တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းဝဲကတော့က စပါးအုံးမြွေကြီးတစ်ကောင် ၎င်း၏ မေးရိုးကို ဟကာ လိုင်ဂျီအား ဝါးမြိုလာသည်နှင့်ပင် ဆင်တူနေသေး၏။
“ကျင့်ကြံခြင်းမဟာမိတ်ရဲ့ သတ်ဖြတ်ခြင်းနယ်မြေက လူသတ်သမား ယုဖေ သင့် ခေါင်းကို ယူဖို့ ဒီနေရာကို ရောက်လာပြီ…” ထိုအသံ ထွက်ပေါ်လာသည်နှင့် သူ့အောက်ရှိ ကျောက်တုံး၏အမြန်နှုန်းမှာ ပိုတိုးလာ၏။ မြန်လွန်းလှသဖြင့် ပွတ်တိုက်မှုကတစ်ဆင့် မီးတောက်များ ဖြစ်ပေါ်လာပြီး လိုင်ဂျီထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာ၏။
လိုင်ဂျီ၏အသွင်သည် ကြောက်လန့်တကြား ဖြစ်နေ၏။ သူက ရှောင်လိုသည်။သည်အခိုက်၌ ခေါင်းကြီးကောင်လေးသည် ဝမ်လင်းကို ကြည့်ကာ အံတင်းတင်းကြိတ်၍ လှမ်းထွက်၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ ကောင်းကင်ဘုံမူလစွမ်းအင်သည် မြင့်တက်လာ၏။ ထိုစွမ်းအင်သည် မုန်တိုင်းတစ်ခုကို ဖြစ်စေကာ ကောင်းကင်ဘုံမန္တာန်တစ်ခု ပေါ်ထွက်လာသည်။
ခေါင်းကြီးကောင်လေးက မာန်သွင်းကာ သူ့လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်၏။ ကောင်းကင်ဘုံမူလစွမ်းအင်များသည် အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲပြီး ပိုက်ကွန်သဖွယ် တိုးဝင်လာသည့် ကျောက်တုံးကြီးထံသို့ ချဉ်းကပ်သွားသည်။
သို့သော် ထိုအခိုက်၌ အနီရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် ဖျပ်ခနဲ နီရဲသွား၏။ သွေးဓားခုနစ်လက်ထဲမှ တစ်လက်သည် ချက်ခြင်း ထိုးထွက်လာပြီး ခေါင်းကြီးကောင်လေးထံသို့ လျှပ်စီးအလား ရောက်ရှိလာလေသည်။
ထိုဓားတိုးဝင်လာရာ တစ်လျှောက်တွင် ၎င်းထံမှ အနီရောင်မြူထုများ ထွက်ပေါ်နေ၏။ပေါက်ကွဲသံတစ်ခုနှင့်အတူ ၎င်းမြူထုသည် လူတစ်ယောက်အဖြစ်သို့ ပြောင်းသွားသည်။ထိုလူသည် အနီရောင်ဝတ်စုံလူနှင့် ချွတ်ဆွတ် တူလေ၏။
၎င်းမှာ သူ့ကိုယ်ပွားဖြစ်မှန်း သိသာပေ၏။
ထိုကိုယ်ပွား ပေါ်လာပြီးသည့်နောက် သူ့လက်ကို ဝေ့ခါလိုက်ရာ သွေးအလင်းတန်းခုနစ်ခုသည် ထိုးထွက်သွားသည်။သူ့အကြည့်က အေးစက်နေ၏။ သူက ခေါင်းကြီးကောင်လေးထံသို့ တိုးဝင်လာသည်။သူတို့နှစ်ယောက်၏ တိုက်ပွဲ စတင်လေပြီ။
သူတို့နှစ်ယောက်သည် မန္တာန်များကို အလျင်အမြန် အသုံးပြုနေကြသည့်အတွက် ကြယ်များကြား၌ ပေါက်ကွဲမှုများ ဖြစ်နေ၏။သူတို့သည် အချိန်တိုအတွင်း မည်သူ နိုင်၊မည်သူရှုံး ခွဲခြားနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။
“ဒီကိုယ်ပွားက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်။ ဒီလူရဲ့ မူလခန္ဓာကိုယ်ကတော့ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ပဲ…” ကျောက်တုံးနီးကပ်လာသည့်အခါ ဝမ်လင်း၏ မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ လိုင်ဂျီသည် မာန်သွင်းကာ ဆက်တိုက် ဟိန်းသံ ပြုနေ၏။ဝမ်လင်းနောက်မှ အရိပ်တစ်ခု ထွက်ပေါ်လာကာ ထာရှန်သည် လက်သီးပစ်သွင်းချက်နှင့်အတူ ထွက်ပေါ်လာလေသည်။
ထာရှန်ထွက်ပေါ်လာသည့်အခိုက် အနီရောင်ဝတ်စုံနှင့်လူ၏အသွင်သည် ဘာတစ်ခုမျှ ပြောင်းလဲသွားခြင်း မရှိပေ။ဒုတိယမြောက်ဓားသည် ကိုယ်ပွားအဖြစ်သို့ ပြောင်း၍ သွေးအလင်းခုနစ်ခုမှာ ၎င်းဓားကို ဝန်းရံထားရင်း ထာရှန်ရှိရာသို့ တန်းမတ်စွာ ဝင်ရောက်လာ၏။
ဝမ်လင်းသည် တည်ငြိမ်စွာ ရှိနေ၏။ လိုင်ဂျီ၏ ကျောပေါ်၌ပင် ရှိနေရင်း သူက ရုတ်တရက် သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ မရေမတွက်နိုင်သောမိုးကြိုးတန်းများသည် သည်ဧရိယာ၌ ရုတ်တရက် ပြည့်နှက် စုစည်းလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မိုးကြိုးငရဲ တစ်ခုအဖြစ်သို့ မြန်ဆန်စွာ ပြောင်းသွား၏။
အနီရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူ့အောက်ရှိ ကျောက်တုံးသည် ဝမ်လင်းနှင့် ပေတစ်ထောင်အကွာတွင် ရုတ်တရက် ရပ်တန့်သွား၏။သူက အေးစက်စက်ပြုံးကာ ပြောသည်။ “မင်းက အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသားဖြစ်ဖို့ တကယ် ထိုက်တန်ပါပေတယ်…”
ထိုသို့ပြောပြီးသည့်နောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကျန်ဓားငါးလက်သည် သူ့အား ဗဟိုပြု၍ အရပ်မျက်နှာငါးခုထံသို့ ထိုးထွက်သွား၏။
ထိုသွေးဓားငါးလက်သည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်၍ ကိုယ်ပွားငါးယောက်အဖြစ်သို့ ပြောင်းသွား၏။ ကိုယ်ပွားတစ်ယောက်စီ၌ သွေးနီအလင်းတန်းခုနစ်ခု ဝန်းရံထားပြီး ထိုအလင်းတစ်ခုစီထဲ၌ သွေးနီရောင်ဓားတစ်လက် ရှိနေကြသည်။
ချက်ခြင်းပင် ကိုယ်ပွားငါးယောက်နှင့် ဓား(၃၅)လက်တို့သည် ထိုလူ့ပတ်လည်၌ အစီအရင်တစ်ခုအဖြစ် ဖြစ်တည်သည်။ကိုယ်ပွားတစ်ယောက်ချင်းစီသည် ပင်မခန္ဓာကိုယ်နှင့် ပေငါးရာအကွာတွင် ရှိနေကြ၏။ပတ်ဝန်းကျင်မှ မိုးကြိုးတန်းများ နီးကပ်လာသည်။ သို့သော် ထူးဆန်းသည်က သည်မိုးကြိုးအားလုံးသည် သွေးဓားများထံသို့သာ ပျံသန်းသွားကြ၏။မိုးကြိုးတန်းများသည် ပေငါးရာအတွင်းသို့ ဝင်ရောက်လာကြခြင်း မရှိပေ။
မိုးကြိုးတုန်ဟီးသံများက ဆက်တိုက် ဟိန်းနေ၏။ အနီရောင်ဝတ်စုံနှင့်လူက ဝမ်လင်းကို ကြည့်ကာ နှာခေါင်းရှုံ့သည်။ မိုးကြိုးအားလုံးသည် ကိုယ်ပွားငါးယောက်နှင့် ဓား(၃၅)လက်တို့၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
“မင်းက ဒီလောက်ပဲ သန်မာတာလား…” အနီရောင်ဝတ်စုံနှင့်လူက ခေါင်းယမ်း၏။ သူ့မျက်လုံးထဲ၌ စိတ်ပျက်မှုတို့ ဖြစ်ပေါ်နေသည်။
“ဒါမင်းအစွမ်းအကုန်ဆိုရင် မင်း ငါ့လက်ထဲကနေ မလွတ်နိုင်တော့ဘူး…”
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားကာ ဝဲကတော့တစ်ခုသည် သူ့မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာသည်။ ချက်ခြင်းပင် သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် တရကြမ်း ထွက်လာပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လေ၏။
***