Switch Mode

အခန်း (၅၅)

ကျောက်ဟို၊ တကယ် ကောင်းတဲ့ ကောင်လေးပဲ

အခန်း (၅၅) ကျောက်ဟို၊ တကယ် ကောင်းတဲ့ ကောင်လေးပဲ

ကျောက်ရှန်းသည် ထိုနည်းစနစ်ကို စိုးစဉ်းမျှ နားမလည်ချေ။ ထို့ကြောင့် သူသည် ဆေးလုံးကို အပ်နှင့်ကိုးကြိမ် ထိုးစိုက်လိုက်သော်လည်း ဆေးလုံးပေါ်၌ အပ်ပေါက်ရာကိုးခု ပေါ်လာသည်သာ အဖတ်တင်သည်။

သို့ရာတွင် ကျောက်ဟိုကမူ အပ်ဖြင့် ထိုးစိုက်လိုက်ချိန်တွင် ဆေးလုံးကို ချီဖြင့် လှုပ်ရမ်း၍  သူလိုချင်သော သက်ရောက်မှုမျိုးရအောင် အားထုတ်ခဲ့သည်။

သို့သော် သူ့အတွက် ဝမ်းနည်းစရာကောင်းသည်ကား သူသည် ထိုအပိုင်းတွင် ကျောက်ရှန်ထက် သာလွန်စွာ စွမ်းဆောင်နိုင်ခဲ့သော်လည်း ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်ကို မတတ်မြောက်သေးသောကြောင့် ကျောက်ယွမ်လုပ်သကဲ့သို့ မအောင်မြင်ခဲ့ပေ။

ကျောက်ဟိုသည် ထိုနေရာ၌သာ တိတ်ဆိတ်စွာရပ်နေ၏။သူသည်မီးခိုးနှင့်ဖုန်မှုန့်များကိုနောက်ဆုတ်ပြီးမရှောင်သလိုလက်ကိုဝှေ့ယမ်း၍ဖယ်ရှားခြင်းလည်းမပြုပေ။

တထောင်းထောင်းထနေသောမီးခိုးမှုန်နှင့်ဖုန်မှုန့်များကသူ့ကိုယ်ပေါ်ကျနေရာ သူ့ခေါင်းတစ်ခုလုံးဖြူဖွေးသွားပြီးသူ့မျက်နှာမှာလည်းကျပ်ခိုးများပေကျံနေသဖြင့် အလွန်ပင်ရယ်စရာကောင်းနေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီးသူ၏အစောပိုင်းကမောက်မာထောင်လွှားမှုများကိုသဘောမကျသောကျောက်ယွမ်နှင့်ကျောက်ရှန်၏နောက်လိုက်ကျင့်ကြံသူများက ရယ်ချင်စိတ်ကိုမချုပ်တည်းနိုင်ဘဲ တဝါးဝါးရယ်ကြလေသည်။

ကျောက်ဟို၏မျက်နှာမှာ ကျပ်ခိုးများဖုံးနေသော်လည်း ရန်ကျောက်ကဲကိုကြည့်သော သူ့မျက်လုံးများက ဝံပုလွေမျက်လုံးများလို စူးရှနေသည်။

ထိုအခိုက်တွင် သူ့အကြည့်၌ အစောပိုင်းကကဲ့သို့ ရန်ကျောက်ကဲအပေါ် အထင်သေးမှုနှင့်မောက်မာမှုတို့မပါဝင်တော့ပေ။ ခါးသီးမှုနှင့်ရန်လိုမှုတို့သာ အစားထိုး ဝင်ရောက်လာသည်။

ဝါဒတောင်အပေါ်  ဦးတည်သော အမုန်းတရားများနှင့် ရန်လိုမှုများ မဟုတ်တော့။ သူ၏မုန်းတီးရန်လိုမှုများသည်  ရန်ကျောက်ကဲတစ်ယောက်တည်းအပေါ်သာ စုပုံလာလေသည်။

သူ့ရှေ့မှာရပ်နေသော မျက်စိထဲပင်ထည့်စရာမလိုလောက် သည့်လူငယ်သည် အလွန်မုန်းတီးဖွယ်ကောင်းလှမှန်း ယခုသိရပေပြီ။

ရန်ကျောက်ကဲကတော့ ပုံမှန် အမူအရာကို ထိန်းသိမ်းလျက် ကျောက်ဟိုကိုမကြည့်ဘဲ ကျောက်ရှီလီအား ဂါဝရပြုလိုက်သည်။ “တကယ့်ကိုထူးခြားတဲ့ ပြိုင်ပွဲလေးပဲ၊ ကျင်မင်းသားကြီးကို ဒီလိုအကြံပေးလို့ ကျေးဇူးတင်ပါတယ်”

ရန်ကျောက်ကဲက သူ့အား လုံးဝလျစ်လျူရှုထားသည်ကို တွေ့ရသောအခါ ကျောက်ဟို၏သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသည်။

တစ်ခါတစ်လေတွင် အထင်သေးခံရခြင်းထက် လျစ်လျူရှုခံထားရခြင်းက ပို၍ ခံရခက်သည်မဟုတ်ပါလော။

သည်တစ်လျှောက်လုံးတွင် ကျောက်ဟိုသည် အခြားသူများကို မတူသလို မတန်သလို သဘောထားခဲ့သည်။ ယခု သူသည် ရန်ကျောက်ကဲက သူ့အား လုံးဝ လျစ်လျူရှုထားသည်ကို မည်သို့သည်းခံနိုင်မည်နည်း။

သူ့၏အကြည့်များက ယခင်ကထက်ပို၍ ခက်ထန်လာသည်။

ညီတော်ဆယ့်ခြောက်က အကြိမ်အနည်းငယ်လောက် ထပ်ကြိုးစားချင်သေးလား” ထိုအချိန်တွင် ကျောက်ယွမ်၏ညှာတာထောက်ထားဟန်ရှိသောအသံကို သူ့နားထဲတွင် ကြားလိုက်ရသည်။

ကျောက်ဟိုက သူ့မျက်လုံးများကိုပိတ်လိုက်ကာ လက်သည်းများ အသားထဲစိုက်ဝင်သွားသည်အထိလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

အစောပိုင်းက တစ်ခါကြိုးစားကြည့်ရုံဖြင့်ပင် ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်သည် အပေါ်ယံကြည့်ရုံဖြင့် သဘောမပေါက်နိုင်ကြောင်း သူသိရပေပြီ။

သူ၏ဆေးဝါးပညာကျွမ်းကျင်မှုသည် အစွန်းရောက်ရှစ်ပါးကမ္ဘာ၌ ထိပ်သီးဖြစ်သော်လည်း ဤနည်းစနစ်မှာ အနည်းငယ် စမ်းကြည့်ရုံမျှဖြင့် မဖြစ်မြောက်နိုင်သော အရာဖြစ်သည်။

ကျောက်ယွမ်က ကျောက်ဟိုအားကြည့်၍ နူးညံ့စွာပြောလိုက်သည်။ “ကြည့်ရတာညီတော်ဆယ့်ခြောက်က ထပ်ကြိုးစားကြည့်ဖို့ စိတ်ကူးမရှိပုံဘဲ၊ ဒါဆို ဒီအကိုတော်က အနိုင်ရသွားတာပေါ့၊ ညီတော်လေး မင်းဘာများပြောချင်သေးလဲ”

ကျောက်ဟို၏ခန္ဓာကိုယ် တုန်ခါသွားသည်။ သူသည် မျက်လုံးဖွင့်လိုက်ပြီး ကျောက်ယွမ်အား ဂရုမစိုက်ဘဲ ရန်ကျောက်ကဲကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

ငါအမြဲတမ်း စာကလေးသာသာကောင်တွေကို ဖမ်းနေခဲ့တာ ဒီနေ့တော့ငါဖမ်းဖို့လုပ်တဲ့ငှက်ကငါ့မျက်လုံးကိုပြန်ဖောက်သွားတာပဲ”

ထို့နောက် ကျောက်ဟိုသည် အသက်ကိုခပ်ပြင်းပြင်းရှူပြီး

စကားပြောလိုက်သည်။”ဒီတစ်ခါတော့ ငါရှုံးတယ်”

အရှုံးကိုဝန်ခံပြီးနောက် သူသည်ကျောက်ယွမ်ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ မည်သည့်စကားမျှ ထပ်မပြောတော့ပေ။

သူသာ ကျောက်ယွမ်အား ကုသခြင်းဆေးလုံးကို ကိုယ်တိုင်ဖော်ခိုင်းပါက အနိုင်ရမည်မှာအသေအချာပင်။ ကျောက်ယွမ်ဖော်လိုက်သောဆေးလုံးမှာ သူ့ဆေးလုံး၏အမှုန်အမွှားလောက်ပင် အဆင့်ရှိမည် မဟုတ်ပေ။

သို့သော် သူအစောပိုင်းက  “ကျောက်ယွမ်လုပ်သမျှထက် ငါကပိုကောင်းအောင်လုပ်ပြနိုင်တယ်၊ မလုပ်နိုင်ရင် ငါ့အရှုံး မှတ်လိုက်” ဟုပြောခဲ့သောကြောင့် အရှုံးမှာ သူ့အတွက်ဖြစ်သွားခဲ့သည်။

ယခု ရလဒ်အရ ကျောက်ယွမ်လုပ်သည်ထက် ပိုကောင်းအောင် မဆိုထားနှင့်။ ကျောက်ယွမ် လုပ်သည့်အတိုင်းပင် လိုက်၍မလုပ်နိုင်ခဲ့ချေ။

သို့သော် ဤနည်းစနစ်မှာကျောက်ယွမ်၏ကိုယ်ပိုင်အစွမ်းအစဖြင့် ဆောင်ရွက်နိုင်သည့်အရာမဟုတ်မှန်း သူသိသည်။ သူ့ကိုရန်ကျောက်ကဲက ချီဖြင့် အသံပို့လွှတ်ကာ လမ်းညွှန်နေခြင်းဖြစ်သည်။

ကျောက်ဟိုသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ “ငါခုနကသတ်လိုက်တဲ့လူဆီမှာ အသုံးဝင်တဲ့သတင်းသိပ်မရှိဘူး။ တစ်ခုပဲရှိတယ်၊ အဲဒါကသူတို့အဖွဲ့အစည်းရဲ့ ကွန်ယက်ကသိပ်ကြီးတယ်ဆိုတာပဲ၊ အဲဒီကွန်ယက်က အရှေ့တန်နိုင်ငံတင်မကဘူး၊ အရှေ့ကောင်းကင်ဒေသကိုပါ ဖြန့်ကြက်ထားတယ်၊ ပြီးတော့ မြောက်ကောင်းကင်ဒေသမှာလည်း သူတို့အဖွဲ့ရဲ့ စုရပ်တစ်ခုရှိတယ်၊ ဒါပေမယ့် ငါသတ်လိုက်တဲ့လူဆီမှာ အဲဒါနဲ့ပတ်သက်တဲ့ခိုင်ခိုင်လုံလုံသတင်းမရှိဘူး”

ဘေးမှရပ်နေသည့်ရန်ကျောက်ကဲက ထိုသတင်းအချက်အလက်များကို စိတ်ထဲတွင် မှတ်လိုက်သည်။ သို့သော်သူ့အကြည့်ကကျောက်ရှီလီထံ၌သာ ရောက်နေ၏။ သူသည် လက်ယမ်းလိုက်ပြီး မဟာနေမင်းဘီးကို သိမ်းလိုက်သည်။ စိတ်ဝိညာဉ်လက်နက်၏အရောင်အဝါမှိန်ဖျော့သွားသည်နှင့်အတူ ကျောက်ရှီလီ၏မျက်လုံးများသည်လည်း ဖျော့တော့သွားသည်။

ကျွန်တော်တို့အရှေ့တန်မြို့တော်ကိုပြန်ရောက်ရင် ကျင်မင်းသားကြီးကို ဒုက္ခပေးရဦးမှာပဲ”

ရန်ကျောက်ကဲက နှစ်သက်ဖွယ်အပြုံးတစ်ခုကိုဆင်မြန်းကာပြောလိုက်သည်။

ကျောက်ရှီလီသည်ကျောက်ဟိုကိုတစ်လှည့် ကျောက်ယွမ်ကိုတစ်ခါ ရန်ကျောက်ကဲကိုတစ်လှည့်ကြည့်ရင်း သူ့မျက်နှာပေါ်၌ ခံစားချက်မျိုးစုံ ပြေးလွှားနေသည်။ ထို့နောက်သူသည် အတင်းအားတင်း၍ ရယ်ပြီးပြောလိုက်သည်။ “ကျောက်ကဲ လာမယ်ဆို ဒီမင်းသားကြီးက အမြဲတမ်းကြိုဆိုနေမှာပါ”

သူသည်ကျောက်ယွမ်ကို တစ်ချက်ကြည့်ပြီး အသံခပ်လေးလေးဖြင့် ပြောလိုက်သည်။

တူတော်ယွမ်က မဟာကပ်ဘေးမတိုင်ခင်က ကျော်ကြားခဲ့တဲ့ရှေးဟောင်းဆေးဖော်စပ်နည်းကိုကျွမ်းကျင်နေတာပဲ၊ ဒါက တကယ်ကို ဂုဏ်ပြုရမယ့် ကိစ္စပဲ၊

ဒါပေမယ့်ဒီနည်းစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ဖို့ မင်းမှာ ရည်ရွယ်ချက်မရှိဘူးလား၊ ဒီပညာရပ်က အရှေ့တန်ကထုတ်တဲ့ဆေးဝါးတွေကို အဆင့်သစ်တစ်ခုကိုရောက်အောင် ဖန်တီးနိုင်တယ်နော်”

ကျောက်ယွမ်က လက်နှစ်ဖက်ကို ထပ်၍ အရိုအသေပြုကာ ပြောလိုက်သည်။ “ဦးရီးတော်ပြောတာအမှန်ပါပဲ။ ဒါပေမယ့်တူတော်က ဒီနည်းစနစ်ကိုတတ်ကျွမ်းတယ်ဆိုရုံလောက်ပါပဲ၊ အများကြီးလေ့လာစမ်းသပ်ဖို့လိုပါသေးတယ်၊ တူတော်သာဒီထက်နည်းနည်းပိုကျွမ်းကျင်သွားရင် ခမည်းတော်ကို ဒီအကြောင်းလျှောက်ဖို့ စိတ်ကူးထားပါတယ်”

ဒီတစ်ခေါက်မြို့တော်ပြန်ရောက်ရင်ခမည်းတော်ကိုလျှောက်လိုက်ပါမယ်၊ ဖြစ်နိုင်တာက ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုသေးခင် ဆေးလုံးစံအိမ်က ဒီပညာရပ်ကို အရင်ဆုံး စမ်းကြည့်မယ်ထင်တယ်၊ တူတော်ကတော့ဒီကိစ္စကို ခမည်းတော်ဆုံးဖြတ်ဖို့ပဲ လွှဲထားခဲ့မှာပါ”

ထိုစကားများကိုကြားရသောအခါ ကျောက်ရှီလီ၏မျက်ခုံးများ တွန့်ကွေးသွားသည်။ သူသည်သူ့ရင်တွင်းမှဒေါသများကိုမချုပ်တည်းနိုင်တော့ပုံပေါ်သည်။ နဂိုကပင် ဆေးလုံးစံအိမ်၏အဆင့်အတန်းမှာ တိမ်မီးခိုးအမှုန့်များကြောင့် တဟုန်ထိုးမြင့်တက်နေသည်။ ယခု ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ်ကြောင့် ၎င်းမှာ နောက်အဆင့်တစ်ခုသို့ ရောက်သွားမည့်ပုံပေါ်နေသည်။

ဤတိုးတက်မှုနှုန်းနှင့်ဆိုပါက ဆေးလုံးစံအိမ်မှာ မကြာမီ၎င်း၏ပြိုင်ဘက်များကိုအနိုင်ယူပြီး  အရှေ့တန်ပြည်၏အဓိကထောက်တိုင်တစ်ခုဖြစ်လာနိုင်သည်မှာ သေချာသလောက်ပင်ဖြစ်သည်။

သို့သော် အလောင်းအစားရှုံးပြီးကတည်းက ဆေးလုံးစံအိမ်မှာ သူနှင့်ဘာမျှမပတ်သက်တော့ပေ။

ကျောက်ရှီလီ သက်ပြင်းချမိသည်။ သူသည် ရန်ကျောက်ကဲကို အတော်လေးလျှော့တွက်မိခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူသည် အရှိန်အဝါကြီးသော သိုင်းဆရာသခင်တစ်ဦးဖြစ်သည်။ သူ့သား၏အသက်ကပင်ရန်ကျောက်ကဲထက်ကြီးသည်။

ပြီးခဲ့သောရက်များတွင်ရန်ကျောက်ကဲသည်လက်ဖျားခါလောက်သည့် အံသြဖွယ်ကိစ္စများကို လုပ်ပြနိုင်ခဲ့သည်။ သူသည် သူ၏သိုင်းအစွမ်းနှင့်ကြောက်မက်ဖွယ်ခွန်အားကိုထုတ်ပြကာ လူအများအား အံအားသင့်စေခဲ့သည်။ သို့သော် ကျောက်ရှီလီသည် ဆေးဝါးတာအို၌ ရန်ကျောက်ကဲက ကျောက်ဟိုအားအနိုင်ယူနိုင်မည် ဟုမထင်ခဲ့မိပေ။

လူအိုကြီးဝမ်က ကျောက်ဟို၏ဆေးဝါးကျွမ်းကျင်မှုအဆင့်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိပ်တန်းအဆင့်၌ ရှိသည်ဟုဆိုခဲ့သည်မဟုတ်ပါလော။

ကျင့်ကြံသူတစ်ယောက်၏ဆေးဝါးကျွမ်းကျင်မှုအဆင့်သည်  သူ၏ကျင့်ကြံမှုအဆင့်နှင့် အနည်းငယ် သက်ဆိုင်သော်လည်း အဓိကမှာ ဆေးဝါးတာအိုအသိသာ ဖြစ်ပြီး ကျင့်ကြံမှုအဆင့်မဟုတ်ပေ။ တကယ်တော့ ဆေးဝါးပညာသည် ဝိဉာဉ်လက်နက်ပြုလုပ်ခြင်းကဲ့သို့ ကျင့်ကြံမှုအဆင့်ပေါ်တွင် များစွာမမှီခိုပေ။

အတိအကျပြောရလျှင် ဆေးဝါးပညာသည် အခြားပညာရပ်များနှင့်မပတ်သက်ဘဲ လုံးဝသီးသန့်ဖြစ်နေသော နယ်ပယ်ဖြစ်သည်။ဆေးဝါးကျွမ်းကျင်သူဖြစ်ဖို့ဆိုလျှင် ပါရမီသာမက အချိန်နှင့်လုံ့လစိုက်ထုတ်မှုကလည်းများစွာလိုအပ်သည်။

ကျောက်ရှီလီ၏အမြင်အရဆိုလျှင် ရန်ကျောက်ကဲသည် သိုင်းတာအိုတွင် ကျွမ်းကျင်မှုမြင့်မားသဖြင့် သိုင်းကျင့်ကြံမှုတစ်ခုတည်း၌သာ အချိန်အများစုကို သုံးစွဲထားခြင်း ဖြစ်လိမ့်မည်ဟု တွက်ဆခဲ့သည်။ ထို့ကြောင့် သူ့ဆေးဝါးတာအို၏ပါရမီက သူမတူအောင် ဖြစ်နေလျှင်ပင် သူ့တွင်လုံလောက်သောအချိန်နှင့်ကြိုးစားအားထုတ်မှုမရှိနိုင်ပေ။

အကယ်၍ ရန်ကျောက်ကဲသာ ထိုရှေးဟောင်းနည်းစနစ်ကို ကံကောင်း၍ရှာတွေ့ကာလေ့လာနိုင်ခဲ့ခြင်းဖြစ်သည်ဆိုလျှင် သူလက်ခံနိုင်သေးသည်။ သို့သော် သူသာ ဆေးဝါးတာအို၏ကဏ္ဍပေါင်းစုံ၌ ကျွမ်းကျင်နေမည်ဆိုပါက ထိုရန်ကျောက်ကဲသည် မယုံနိုင်လောက်အောင် ထူးချွန်သော ကြောက်မက်ဖွယ်ပါရမီရှင်တစ်ယောက် ဖြစ်ပေမည်။

ကျောက်ရှီလီသည် ဘဝတစ်လျှောက်လုံးလောကဓံတရား၏အထုအထောင်းများစွာကိုရင်ဆိုင်ခဲ့ဖူးသော စိတ်ဓာတ်ကြံခိုင်သူတစ်ဦးဟုဆိုနိုင်သော်လည်း ယခုမူ သူ့စိတ်ဓာတ်မှာ လုံးဝပြိုလဲတော့မလိုဖြစ်နေသည်။ သူ့မှာ ဆက်တိုက်ပြောင်းလဲနေပြီး နောက်ဆုံးတွင် မအီမသာအပြုံးတစ်ခုကို အားတင်း၍ပြုံးလိုက်သည်။

ကျောက်ယွမ်ကမူ ထိုအချိန်တွင် ကျောက်ကဲအား ချီဖြင့်အသံပို့လွှတ်ကာ စကားပြောလိုက်သည်။ “ဒီတစ်ခါတော့ တကယ်ကျေးဇူးပါပဲ ကျောက်ကဲ။ ညီတော်ဆယ့်ခြောက်က သူ့ကိုယ်သူ ဒီလောက်အထိ ဖုံးကွယ်ထားမှန်း ငါအရင်ကမသိခဲ့ဘူး။ ဒီနေ့ မင်းရဲ့ကျေးဇူးကို ငါသေချာပေါက် ပြန်ဆပ်မယ်။ နောက်ပိုင်းမှာ ခမည်းတော်က ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်အကြောင်းမေးလာရင်လည်း မင်းကိုပဲအားကိုးရဦးမှာပဲ”

ရန်ကျောက်ကဲကကျောက်ယွမ်ကို ပြန်ပြောလိုက်သည်။ “ မင်းသား စိတ်မပူပါနဲ့၊ မြို့တော်ကိုရောက်ရင် ဒီအကြောင်းကို ကျွန်တော်က ဦးလေးနဲ့ဆွေးနွေးမှာပါ၊  ဆေးလုံးစံအိမ်ရဲ့အတွင်းလူတွေကလွဲလို့အပြင်ကိုမပေါက်ကြားဘူးဆိုရင် ဒီနည်းစနစ်ကိုဆေးဝါးစံအိမ်ကသုံးနိုင်ပါတယ်”

ငါနားလည်ပါတယ်” ကျောက်ယွမ်ကရန်ကျောက်ကဲ၏ဆိုလိုရင်းကိုလုံးဝသဘောပေါက်လေသည်။ “စိတ်မပူပါနဲ့။  ဝါဒတောင်ကို လုံးဝမနစ်နာစေရဘူး”

ရန်ကျောက်ကဲ၏ဘေးတွင်ရပ်နေသော ဖန်းယွမ်ရှန်းက ရန်ကျောက်ကဲကိုမေးလိုက်လေသည်။

ရှင် အရှေ့တန်ပြည်ရဲ့ပထမမင်းသားကိုကူညီလိုက်တယ်မလား”

ရန်ကျောက်ကဲသည် သူ့မျက်နှာအမူအရာကို အတည်ကြည်ဆုံးဖြစ်အောင်ထားလိုက်ပြီး ဖန်းယွမ်ရှန်းကိုပြန်ပြောလိုက်သည်။ “ဟေး၊ နှိမ့်နှိမ့်ချချနေ၊ နှိမ့်နှိမ့်ချချနေ”

အေးပါ၊ အေးပါ၊ နှိမ့်နှိမ့်ချချနေ၊ နှိမ့်နှိမ့်ချချနေ၊ ရှင်ကတော့ အနှိမ့်ချဆုံးပေါ့နော်” ဖန်းယွမ်ရှန်းသည်ခေါင်းယမ်းပြီး ရယ်မောလိုက်သည်။

ထို့နောက်သူမကစပ်စပ်စုစုနှင့်မေးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီလိုရှေးဟောင်းနည်းစနစ်မျိုးကို ရှင်တို့ဝါဒတောင်ဂိုဏ်းကပဲထိန်းသိမ်းထားသင့်တယ်မဟုတ်ဘူးလား၊ ရှင့်အဖေနဲ့အရှေ့တန်ဘုရင်ကအရမ်းရင်းနှီးပေမယ့် ဒီလိုလွယ်လွယ်ကူကူပေးလိုက်တာကတော့”

ရန်ကျောက်ကဲသည်သူမကိုတစ်ချက်ကြည့်ပြီးပြောလိုက်သည်။ “မင်းက ရှင့်ဝါဒတောင်ဆိုတဲ့အစား ငါတို့ဝါဒတောင်လို့ပြောသင့်တယ်”

အမှန်တကယ်တော့ ဖန်းယွမ်ရှန်းကို ဝါဒတောင်ဂိုဏ်းက တရားဝင်လက်မခံရသေးပေ။ ရန်ကျောက်ကဲက သူမအတွက် ဂိုဏ်းကိုပြောပေးမည်ဟု ကတိစကားခံထားရုံမျှသာဖြစ်ပြီး အမှန်တကယ်တော့ ဝါဒတောင်ဂိုဏ်းက သူမအပေါ်ထားသည့်သဘောထားကိုပင် မသိရသေးချေ။

သို့သော်လည်း ရန်ကျောက်ကဲ၏စကားကြားလိုက်ရသောအခါ ဖန်းယွမ်ရှန်းက အားပါးတရပြုံး၍ရယ်မောလိုက်သည်။ “ရှင်ပြောတာမှန်တယ်၊ ကျွန်မအမှားပါ၊ ကျွန်မတို့ဝါဒတော်ဂိုဏ်းလို့ပြောသင့်တယ်”

အင်း၊ ဒါကမှ ကြားရတာ ပိုကောင်းသေးတယ်” ရန်ကျောက်ကဲက ကျေနပ်စွာပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။ “မပူပါနဲ့၊ ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်ကိစ္စနဲ့ ပတ်သက်ပြီး အဖေနဲ့ ကြိုတင်တိုင်ပင်ပြီးသွားပြီ၊ ဂိုဏ်းကလည်းဒီအကြောင်းကို သိထားတယ်”

ငါတို့သာ နေသူတော်စင်ဂိုဏ်းနဲ့အဆုံးမဲ့တောင်တန်းကိုအရှေ့တန်နိုင်ငံကမောင်းထုတ်ချင်တယ်ဆိုရင် အရင်းအမြစ် တစ်ချို့ တော့သုံးရမှာပဲ”

ဒီနေ့ ကိစ္စဖြစ်မလာဘူးဆိုရင်တောင် ကြိုတင်အစီအစဉ်ဆွဲထားတာတွေ ရှိတယ်”

အဲ့တာကြောင့် ငါကဆေးလုံးစံအိမ်က ကျောက်ရှီလီရဲ့ရှယ်ယာတွေကို လိုချင်နေတာပဲ”

ရန်ကျောက်ကဲကလက်ဖျောက်တီး၍ ပြောလိုက်သည်။ “ဒါပေမဲ့ဒီမတိုင်ခင်က ကျောက်ရှီလီရဲ့ရှယ်ယာတွေကို ဒီလိုလွယ်လွယ်နဲ့ရသွားမယ်လို့ တစ်ခါမှမတွေးမိဘူး”

နောက်ဆုံးတွင်ရန်ကျောက်ကဲသည် ကျောက်ဟိုကို ကောက်ကျစ်စွာပြုံးရင်း ကြည့်လိုက်သည်။ “ကျောက်ဟို…. ကျောက်ဟို တကယ်ကောင်းတဲ့ကောင်လေးပါလား၊ ကျေးဇူးပဲကွာ”

Comment

Leave a Reply

Options

not work with dark mode
Reset