ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်ကို တိုးပွားအောင် လုပ်ဖို့ နည်းလမ်းတစ်ခု မရှာနိုင်သေးပေ။ သူ ကောင်းကင်ဘုံမူလစွမ်းအင်ကို သုံးစွဲသည့်အခါတိုင်း ၎င်းသည် ကုန်ဆုံးသွားရသည်။ အချိန်တစ်ခု ရောက်သည်နှင့် သူ့ထံရှိ စွမ်းအားအားလုံးကို သုံးစွဲပြီးဖြစ်ကာ ကောင်းကင်ဘုံအမြုတေသည် ပျက်စီးသွားရပေမည်။
သည့်အပြင် အရေးတကြီးအသုံးပြုရန်မှာ မိုးဆင့်ခေါ်ခြင်းနှင့်ဆန်းကြယ်လက်နက် မန္တာန်များအတွက်ပင်။ မိုးဆင့်ခေါ်ခြင်းမန္တာန်သည် သိပ်မဆိုးလှသေးသော်လည်း ဆန်းကြယ်လက်နက်မှာမူ ကောင်းကင်ဘုံမူလစွမ်းအင်မရှိဘဲ လေ့လာသင်ယူနိုင်ရန် မဖြစ်နိုင်လှပေ။
ထို့အတွက်ကြောင့်လည်း ဝမ်လင်းက ယင်းကောင်းကင်ဘုံမန္တာန်နှစ်ခုကို မလေ့လာသေးခြင်း ဖြစ်၏။
ခုချိန်၌ သူ့မျက်လုံးသည် တလက်လက် ဖြစ်လာသည်။သူ့ ခန္ဓာကိုယ်သည် ဖျပ်ခနဲ ဖြစ်သွား၏။ အနက်ရောင်လေပြင်းသည် ဤဧရိယာကို ဝန်းရံထားသည်။သူက အော်ပြော၏။ “ထာရှန်၊စီနီယာယွမ်ချွဲဇီ…အလယ်ဗဟိုကို စောင့်ကြပ်ပေးထားပါ။ ငါက ဒီနေရာမှာ ရှိတဲ့ အလောင်းကောင်တွေနဲ့ ရင်ဆိုင်လိုက်ဦးမယ်…”
ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းသည်။ဟင်းလင်းပြင်ထဲ၌ ပေါင်းစပ်သွားသည်။သူက ပြန်ပေါ်လာသည်နှင့် သူသည် နောက်ထပ်မံမီအလောင်းနားသို့ ရောက်ရှိသွား၏။ သူ့လက်ချောင်းများသည် ဓားတစ်လက်အသွင် ဖြစ်စေ၏။သူ့မျက်လုံးထဲ၌ မိုးကြိုးစိတ်ဆန္ဒတို့ ပါဝင်နေသည်။မံမီသည် လှည့်လာကာ သေဆုံးခြင်းအော်ရာကို ထွေးထုတ်၏။ ဝမ်လင်းထံသို့ တက်တူးတစ်ခုလည်း ပျံသန်းဝင်လာသည်။
ဝမ်လင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားရင်း နောက်သို့ ဆုတ်ကာ လောကနှင်တစ်သားတည်း ပေါင်းစပ်ကာ ထိုတိုက်ခိုက်မှုအား ရှောင်လိုက်သည်။သူက နောက်ထပ်မံမီနားတွင် ပေါ်လာရင်း သူ့လက်ချောင်းတိုက်ခိုက်မှုမှာ သက်ဆင်းလာသည်။
ထိုမံမီသည် လှည့်လာသည့်အခိုက်မှာပင် ဝမ်လင်း၏ တိုက်ခိုက်မှုသည် ၎င်းအပေါ်သို့ ကျရောက်သွားခဲ့လေပြီ။မံမီသည် ပေါက်ကွဲထွက်သွားကာ ကောင်းကင်ဘုံမူလစွမ်းအင်မြောက်များစွာသည် ပေါ်ထွက်လာပြီး ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။
သူက ၎င်းတို့ထဲမှ တစ်ယောက်ကို သတ်ဖြတ်ပြီးသည့်နောက် မံမီအလောင်းများစွာသည် ဝမ်လင်းရှိရာသို့ တိုးဝင်လာကြတော့သည်။
ဝမ်လင်း၏မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာကာ မံမီများကို စူးစိုက်ကြည့်နေသည်။သူသည် ၎င်းတို့ထံမှ အာကောင်းလှသည့် ကောင်းကင်ဘုံမူလစွမ်းအင်တို့ကို ခံစားမိနိုင်၏။ထိုသူများသည် အသက်ရှိစဉ်က အစွမ်းထက်ကြမှာ ဖြစ်သော်လည်း သေဆုံးပြီးသည့်နောက် သူတို့၏ လှုပ်ရှားလုပ်ဆောင်မှုများသည် နှေးကွေးလေးလံနေပေသည်။
သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်းအဖို့ အကျိုးအများဆုံး ရအောင် မည်သို့ လုပ်ရမည်အား စဉ်းစားနိုင်စေပေသည်။သူတို့အားသတ်ဖြတ်ကာ သူတို့၏ ကောင်းကင်ဘုံမူလစွမ်းအင်များကို ယူဆောင်ခြင်းမှာ သူ့ပန်းတိုင်များထဲမှ တစ်ခုသာ ဖြစ်သည်။သူ့ထံ၌ ပို၍ ရဲတင်းသောအတွေးကြံတစ်ခု စိတ်ထဲ၌ ပေါ်လာခဲ့သည်။
သူ့နှလုံးသည် မြန်ဆန်စွာ ခုန်ပေါက်နေရင်း မံမီများ၏ တိုက်ခိုက်မှုများအား ရှောင်တိမ်းနိုင်ရန် နောက်ဆုတ်သည်။ သူက သူရရှိလိုက်သည့် ရူးသွပ်ဖွယ်အကြံအတိုင်း လုပ်ဆောင်ပေတော့မည်။
ခဏအကြာတွင် ဝမ်လင်းသည် ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို ထုတ်ဖော်သည်။ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာ၏။သူသည် မိုးဆင့်ခေါ်ခြင်းနှင့်ဆန်းကြယ်လက်နက်တို့ကို ချင်းရွှေထံကနေ အမွေအနှစ် ရရှိထားခဲ့ပြီး ဖြစ်သည်။သူ့စိတ်နှလုံးထဲကနေ မိုးဆင့်ခေါ်ခြင်းမန္တာန်ထက် ဆန်းကြယ်လက်နက်ကို ပို၍ နှစ်သက်မိနေ၏။ သူသည် အမွေအနှစ်လွှဲပြောင်းခြင်းဖြစ်စဉ်အတွင်း၌ ဆန်းကြယ်လက်နက်မန္တာန်အပေါ် နက်နက်ရှိုင်းရှိုင်းနားလည်ခဲ့ခြင်း မရှိသော်လည်း ဉာဏ်အလင်းအချို့ကိုမူ ရရှိခဲ့ပေသည်။
ဆန်းကြယ်လက်နက်၏ ရည်ရွယ်ချက်သည် သင် သတ်ဖြတ်ခဲ့သူများကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ မဝင်ရောက်စေဘဲ ၎င်းတို့၏ စိတ်ဝိညာဉ်များကို အကျဉ်းချကာ သင့်အတွက် အသုံးပြုခြင်းပင်။ ထိုအရာသည် ဆန်းကြယ်လက်နက်၏ အချက်အချာပင် ဖြစ်ချေ၏။
သို့သော် သည်လိုမန္တာန်မျိုးသည် သင်ယူနိုင်ရန် မရိုးရှင်းလှပါ။သင်သည် သင်သတ်ဖြတ်ခဲ့သူများ၏ စိတ်ဝိညာဉ်များကို ထုတ်ယူနိုင်စွမ်းရှိရမည်။ထို့အတူ ထိုစိတ်ဝိညာဉ်များကို သင့်ကောင်းကင်ဘုံမူလနှင့် ဖန်တီးထားသည့် ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတုထဲ၌လည်း သိုလှောင်ထားနိုင်ရပေမည်။
သည့်နောက် သင်သည် ၎င်းစိတ်ဝိညာဉ်များကို အကျဉ်းချနိုင်ပြီ ဖြစ်သည်။
ပို၍ အရေးကြီးသည်က သင်သည် ကောင်းကင်ဘုံမန္တန်က ဖန်တီးသည့် သင့်ကိုယ်ပိုင် အံ့ဖွယ်နေရာလွတ်တစ်ခု ရှိနေဖို့ ဖြစ်သည်။
ထိုနေရာလွတ်နယ်မြေသည် ကောင်းကင်ဘုံအင်ပါယာပေဖန် ဖန်တီးထားသည့် မန္တာန်တစ်ခုပင်။ ကောင်းကင်ဘုံအင်ပါယာပေဖန်သည် ၎င်းကို အသုံးပြုသည့်အခါ ထိုနေရာလွတ်သည် နယ်မြေတစ်ခု ဖြစ်လာပေမည်။သူက ၎င်းကို အံ့ဖွယ်စစ်သားနယ်မြေဟု ခေါ်တွင်ခဲ့ပေသည်။ထိုနယ်မြေသည် စိတ်ဝိညာဉ်များကို သိုလှောင်ထားကာ ၎င်းတို့အား မီးပြင်းဖိုတစ်ခုကဲ့သို့လည်း သန့်စင်မွန်းမံနိုင်မည် ဖြစ်၏။ထိုနယ်မြေသည် ဆန်းကြယ်လက်နက်မန္တာန်၏ စွမ်းအား အခြေခံထောက်တိုက် ဖြစ်လာပေမည်။
သို့သော် ယင်းနယ်မြေမှာ ပေဖန်အတွက်သာ ဖြစ်၏။ထို့ကြောင့် အခြားလူများအဖို့ ၎င်းမန္တာန်ကို သင်ယူနိုင်ရန် ကွာခြားမှု ရှိလာသည်။၎င်းကွာခြင်းမှုသည် ကောင်းကင်ဘုံပေဖန်၏ တပည့် ချင်းရွှေ၏ ပါရမီဖြင့် သင်ကြားပေးနိုင်ရန် မခက်လှသော်လည်း သူသည် ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ထိုအစား သူသည် နောက်ထပ် လမ်းကြောင်းတစ်ခုကိုသာ ဖွင့်လှစ်၍ သူ့သတ်ဖြတ်ခြင်းနယ်မြေကို ဖန်တီးခဲ့ပေသည်။
ထိုအခါ သူက စိတ်ဝိညာဉ်များကို သိုလှောင်ဖို့ နေရာလွတ်တစ်ခု မလိုတော့ပေ။သူက စိတ်ဝိညာဉ်များကို တားဆီးချုပ်ကိုင်နိုင်ရန် သူ့မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုသာ ရိုးစင်းစွာ အသုံးပြုဖို့ရန် လိုအပ်တော့သည်။သူ သတ်ဖြတ်နိုင်ခဲ့သည့် မည်သူမျှ သူ့ထိန်းချုပ်မှုကနေ မလွတ်မြောက်နိုင်တော့ပေ။
ချင်းရွှေ၏ မောက်မာမှုက သူ့ကို သူ့ကိုယ်ပိုင်ဖန်တီးမှု ကောင်းကင်ဘုံမန္တာန် ချုပ်လှောင်ပိတ်ခြင်းကို ဖြစ်စေခဲ့တော့သည်။
ဆန်းကြယ်လက်နက်ကို ဝမ်လင်းထံသို့ လွှဲပြောင်းပေးပြီးနောက် ဝမ်လင်းသည် အံ့ဖွယ်နယ်မြေကော၊ ချုပ်လှောင်ခြင်းနယ်မြေကိုကော အသုံးပြုဖို့ မယူဆထားခဲ့ပေ။ဝမ်လင်းသည် သူ့ကိုယ်ပိုင်အမြင်ဖြင့် ထိုကောင်းကင်ဘုံမန္တာန်ကို သူ့ကိုယ်ပိုင်သေခြင်းရှင်ခြင်းတာအိုအား အသုံးပြုကာ သူ့ကိုယ်ပိုင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ဖြစ်ပေါ်သင့်သည်ဟု တွေးထားခဲ့ပေသည်။
ခုချိန်၌ မံမီအလောင်းများသည် ဝမ်လင်းထံသို့ ရွှေ့လျားလာနေသည်။ထိုမံမီများထံ၌ စိတ်ဝိညာဉ်များ မရှိပေ။သူတို့၏ စိတ်ဝိညာဉ်များသည် သူတို့၏မူလစိတ်ဝိညာဉ်များထဲ၌ ပိတ်လှောင်ထားခြင်း ခံထားရသည်။
ဝမ်လင်းသည် သူ့ကိုယ်ပိုင်ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ၎င်းမံမီများအားလုံး၏ စိတ်ဝိညာဉ်များကို ထည့်သွင်းနိုင်ဖို့ မစွမ်းနိုင်လျှင်ပင် သူသည် ဆန်းကြယ်လက်နက်မန္တာန်ကို အသုံးပြုချိန်၌ ၎င်းစိတ်ဝိညာဉ်အပိုင်းအစများထဲမှ တော်တော်များများကိုတော့ ပိတ်လှောင်နိုင်လိမ့်ပေမည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက ရှေ့သို့ ခြေချကာ လက်ညွှန်၍ အော်ဟစ်သည်။ “ပြန်လည်မွေးဖွားခြင်း တစ္ဆေလောကမြစ်…”
ချက်ခြင်းပင် လောက၌ ဆန်းကြယ်လှသောအားတစ်ခု ပေါ်လာကာ ထိုးထွက်လာသည်ဟု ထင်မှတ်ရသည်။တစ္ဆေလောကမြစ်သည် ဝမ်လင်းအထက်၌ ပေါ်လာ၏။၎င်းမြစ်အတွင်းရှိ မကျေချမ်းမှုများသည် မွန်းစတားဆန်လှပေသည်။
ထိုတစ္ဆေလောကမြစ်သည် ဝမ်လင်းပတ်လည်၌ ဝန်းရံခွေကာ သူနှင့်အတူ ရွှေ့လျားနေသည်။သူက ခြေတစ်လှမ်းလှမ်းကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကားသည်။သူ့မျက်လုံးများသည် မိုးကြိုးစိတ်ဆန္ဒနှင့် ပြည့်နှက်ကာ သူ့မျက်ခုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခုလို ပေါ်လာသည်။သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာရင်း မာန်ဖီတော့၏။
“ဝေါင်း…”
သူက မိုးကြိုးဖြင့် သူ့ထိန်းချုပ်မှုကို လေ့ကျင်နေခြင်းပင်။
ထိုဟိန်းသံသည် မြေပြင်ထု အက်ကွဲသွားသည့်အလားပင်။ သူသည် မသေမျိုးသင်္ချိုင်း၏ ဆယ့်ခုနစ်ခုမြောက်အလွှာတွင် ရှိနေခြင်း ဖြစ်သော်လည်း သည်မိုးကြိုးဟိန်းသံသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ပင် အံ့မခန်းပြောင်းလဲမှုကို ဖြစ်သွားစေသည်။
မိုးကြိုးတိမ်တိုက်များစွာသည် ကောင်းကင်ထက်၌ ရုတ်တရက် ပေါ်လာသည်။၎င်းမိုးကြိုးများသည် လျှပ်စီးတို့နှင့် ပြည့်နေ၏။၎င်းတို့အားလုံးသည် ရုတ်တရက် မသေမျိုးသင်္ချိုင်းရှိရာသို့ တန်းတန်းမတ်မတ် ဆင်းသက်လာတော့သည်။
မိုးကြိုးသာ များပြားလွန်းလှသည်။ ၎င်းတို့က စုစည်းနေရင်း မသေမျိုးသင်္ချိုင်း၏ တွင်းနက်ထဲ၌ မိုးကြိုးတန်းများစွာ ပြည့်နှက်လာလေသည်။
ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ မိုးကြိုးများသာမက ဟင်းလင်းပြင်ထဲရှိ မိုးကြိုးများပါ ဟင်္သာပြဒါးဂြိုဟ်အား ဝန်းရံလာသည်။လေဟာနယ်ထဲမှ ဖြစ်ပေါ်လာသည့် မိုးကြိုးများစွာသည် ဟင်္သာပြဒါးဂြိုဟ်ရှိရာသို့ ဦးတည်လာလေသည်။
မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် ဟင်္သာပြဒါးဂြိုဟ်ပတ်လည်ရှိ ကီလိုမီတာသောင်းချီကို ဝန်းရံထားရင်း ဂြိုဟ်ရှိရာသို့ ဦးတည်လာနေကြသည်။လူတစ်ယောက်သည် အကွာအဝေးတစ်ခုမှ ကြည့်ပါက သူတို့သည် သည်ဂြိုဟ်ပတ်လည်ရှိ ကီလိုမီတာသောင်းချီအတွင်းသည် မိုးကြိုးငရဲဟု တွေးထင်မိကြပေလိမ့်မည်။
မရေမတွက်နိုင်သော မိုးကြိုးများသည် အဆုံးမဲ့ တုန်ဟီးမှုများကို ဖြစ်စေကာ ကြယ်များကြား၌ ပဲ့တင်ထပ်စေသည်။မိုးကြိုးများသည် သိပ်သည်းကာ စွန့်ပစ်ခံမသေမျိုးသင်္ချိုင်းရှိရာ တွင်းနက်ထံသို့ တဟုန်ထိုး တိုးဝင်လာနေကြသည်။
သည်အခိုက်အတန့်၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ မိုးကြိုးမည်ဟိန်းသံကလွဲ၍ အခြားအသံဟူသမျှ ပျောက်ရှိနေတော့သည်။
ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများအားလုံး၏အသွင်သည် ပြောင်းလဲသွားကြကုန်သည်။ သူတို့၏ စိတ်ဝိညာဉ်ထဲမှ လာသည့် တုန်လှုပ်မှုသည် သူတို့အား တုန်လှုပ်စေသည်။သူတို့သည် ထိုကောင်းကင်နှင့်မြေကြီး မိုးကြိုးခွန်အားရှေ့၌ ပုရွတ်ဆိတ်များအလား ခံစားနေကြရသည်။
သေမျိုးများသည် မြေပြင်ထက်၌ ဒူးထောက်ထားကြသည်။
ဟင်္သာပြဒါးဂြိုဟ်ပေါ်၌သာ သက်ရောက်သည် မဟုတ်ပေ။ သည်အခိုက်၌ ဟင်းလင်းပြင်ကို ဖြတ်သန်းလာနေသည့် ကျင့်ကြံသူတစ်ရာကျော် ရှိနေကာ ထိုအုပ်စု၏ ခေါင်းဆောင်မှာ လက်ခြောက်ချောင်းကျင့်ကြံသူ ဖြစ်လေ၏။
သူက သွားလာနေရင်း သူ့အသွင်သည် သူ့ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်ကာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ရှေ့ရှိ မိုးကြိုးများသည် အလွန်အမင်း သိပ်သည်းနေသည်ကို ခပ်ရေးရေးခံစားမိကာ သူစိတ်ကူးနိုင်သည်ထက်ပင် ပိုနိုင်နေသေး၏။
သူ့ဦးရေပြားသည် ထုံထိုင်းသွားမိသည်။သူ့စိတ်ထဲတွင်လည်း ရှုမူ ကောင်းကင်နှင့်မြေကြီး၏မိုးကြိုးများကို အသုံးပြုကာ ခေါင်းကြီးကောင်လေးအား သတ်ပစ်သည့် မြင်ကွင်းကို ပြန်မှတ်မိသွားသည်။
“ရှေ့က ရှုမူများ ဖြစ်နိုင်လား။ ထားလိုက်ပါတော့…ဦးတည်ရာ ပြောင်းတာပဲ ကောင်းတယ်။ ဒီလိုလူနဲ့ မတွေ့မိတာ ပိုကောင်းတယ်…” လက်ခြောက်ချောင်းကျင့်ကြံသူသည် မချင့်ပြုံးပြုံးကာ ဦးတည်ရာ ပြောင်းကာ ထွက်သွားတော့သည်။
မိုးကြိုး၏ ထိုစွမ်းအားသည် အင်မတန် အားကောင်းလွန်းလှသည်။၎င်းမိုးကြိုးက မသေမျိုးသင်္ချိုင်း၏ ဝင်ပေါက် တွင်းနက်ထဲသို့ ဝင်ရောက်လာနေသည်။ ၎င်းက တစ်ထပ်မြောက်အလွှာကို ဖြတ်လာရင်း ဝမ်လင်းရှိရာ ဆယ့်ခုနစ်ခုမြောက်အလွှာထိ ရောက်ရှိလာသည်။
ချက်ခြင်းလိုလိုပင် ဆယ့်ခုနစ်ခုမြောက်အလွှာတစ်ခုလုံးသည် မိုးကြိုးနှင့် ပြည့်လျှံ့သွားသည်။၎င်းက အံ့မခန်းအဆင့်သို့ ရောက်ရှိနေ၏။မိုးကြိုး ဟိန်းမြည်သံများသာ ရှိနေသည်။
မံမီအလောင်းတိုင်းနီးပါးသည် မိုးကြိုးတန်းများ၏ ဝန်းရံခြင်းကို ခံရသည်။ထိုမိုးကြိုးများ ကျဆင်းလာသည့်အခါ ဖိသိပ်အားသည် သည်နေရာတစ်ခုလုံးအား တုန်ခါစေလေ၏။
ပေါက်ကွဲသံတစ်ခုနှင့်အတူ မံမီများထဲမှ တစ်ခုသည် ပျက်စီးသွား၏။၎င်း၏ကောင်းကင်ဘုံမူလစွမ်းအင်သည် ဝမ်လင်းရှိရာသို့ ပျံသန်းလာသည်။သည့်နောက် တစ္ဆေလောကမြစ်သည် ရိုက်ခတ်သွားကာ ၎င်းစိတ်ဝိညာဉ်ကို ထုတ်ယူ၏။
ထိုမြင်ကွင်းမျိုးသည် သည်ပတ်ဝန်းကျင်၌ ထပ်ခါထပ်ခါ ဖြစ်ပွားနေလေ၏။ အဆုံးသပ်၌ မိုးကြိုးများသည် အံ့မခန်းသိပ်သည်းမှုအဆင့်သို့ ရောက်ရှိလာပြီးနောက် ၎င်းတို့အားလုံးမှာ ရုတ်တရက် ပျက်စီး ပေါက်ကွဲထွက်သွားလေ၏။
ထိုပေါက်ကွဲမှုသည် ပြင်းထန်လွန်းသောမိုးကြိုးမုန်တိုင်းတစ်ခုကို ဖြစ်စေသည်။၎င်းမုန်တိုင်းသည် သည်ဧရိယာကို သိမ်းကြုံး ရိုက်ခတ်လာရင်း မံမီအလောင်းများအားလုံး ပျက်စီးကာ ၎င်းတို့၏ ကောင်းကင်ဘုံမူလစွမ်းအင်အမြောက်အများသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လေကုန်၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်မူလအမြုတေသည် အရူးအမူး ကြီးထွားလာနေသည်။သည်အခိုက်၌ ၎င်းအမြုတေ၏ အရွွယ်အစားမှာ ကလေးလက်သီးစုပ်ခန့်သို့ပင် ရောက်ရှိနေလေပြီ။
သည့်အပြင် တစ္ဆေလောကမြစ်သည် သည်ဧရိယာ၌ ပြည့်နှက်ကာ စိတ်ဝိညာဉ်များကို တစ္ဆေလောကမြစ်အတွင်းသို့ ဆွဲသွင်းနေ၏။မြစ်ထဲရှိ မကျေမချမ်းမှုသည် များစွာ အားကောင်းလာသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်ရာချီသည် ရုန်းကန်နေခြင်း သို့မဟုတ် သက်သာရာ ရခြင်းတို့ကို တစ္ဆေလောကမြစ်အတွင်း၌ ပြသထုတ်ဖော်နေ၏။ သည်မြင်ကွင်းသည် ထူဆန်းလွန်းလှချေသည်။
မိုးကြိုးများအားလုံး ပျက်စီးသွားသည့်အခါ မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး စွမ်းအားအားလုံးသည် အမှတ်တစ်ခုအဖြစ်သို့ သိပ်သည်းသွားခဲ့သည်။ထိုအဖြစ်က ဆယ့်ခုနစ်ခုမြောက်အလွှာတစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါစေလေ၏။
ကျယ်လောင်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်နေရင်း ဆယ့်ခုနစ်ခုမြောက်အလွှာသည် ပျက်စီးသွား၏။ အလွှာ၏ အောက်ဘက်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ဆယ့်ရှစ်ခုမြောက်အလွှာ ဝင်ပေါက်လမ်းကြောင်းကို ပြိုကျမှုအားနှင့် ဖွင့်လှစ်စေတော့သည်။
ယွမ်ချွဲဇီ၏ စိတ်သည် လုံးဝ ဗလာကျင်းနေ၏။ သူသည် ဤအဖြစ်အားလုံးကို ကိုယ်တိုင် တွေ့နေရသည် မဟုတ်လား။ သူက ဝမ်လင်းသည် မြင့်မားသည့်အဆင့်သို့ ရောက်နေပြီကို သိထားခဲ့၏။သို့သော ခုချိန်၌ သူသည် ဝမ်လင်းကို လျှော့တွက်မိသည်ကို သိသွားခဲ့ပြန်သည်။ ဆယ့်ရှစ်ခုမြောက်အထပ်ကို ဖွင့်လှစ်သည့်မန္တာန်သည် သူ့စိတ်ကို တုန်ခါ ကြောက်ရွှံ့စေသည်။
ခေါင်းကြီးကောင်လေး၏ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သည်မန္တာန်သည် ကောင်းကင်လျှောက်လမ်း စမ်းသပ်မှု၌ သူ့အား တစ်ချက်တည်း သေဆုံးစေခဲ့သည့် မန္တာန်မဟုတ်လော။ ဝမ်လင်းအပေါ် သူ့ ကြောက်ရွှံ့မှုက ပိုတိုးလာပြန်သည်။
ထာရှန်ကမူ မထူးခြားနားပင်။ သို့သော် လိုင်ဂျီသည် ပင့်သက်ရှိုက်မိနေ၏။ သူ့ရှေ့ရှိ မိုးကြိုးသည် သူ့အား တုန်လှုပ်စေသည် မဟုတ်လား။ သူက ကြောက်ရွှံထိတ်လန့်မှုကို ခံစားနေပေသည်။
ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ မိုးကြိုးအားနှင့် ဆယ့်ရှစ်ခုမြောက်အလွှာကို ဖွင့်လှစ်ပြီးသည့်နောက် ဟောင်လုံနှင့်ဆင်တူသည့် ကျင့်ကြံသူအဘိုးအိုသည် မင်သက်သွား၏။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားလေတော့သည်။
“ဆယ့်ရှစ်ခုမြောက်အလွှာကို ဝင်ရောက်လို့ မရဘူး…”
***