မိုးကြိုးသည် တက်တူးအမှတ်အသားကို ဝန်းပတ်ကာ ရွှေ့လျားနေရင်း ၎င်းတက်တူးအမှတ်အသားထံမှ တစီစီအသံများ ထွက်ပေါ်နေကြသည်။မိုးကြိုးတန်းနှစ်ခု ထိတိုက်မိချိန်တိုင်း တက်တူးသည် တုန်ခါရသည်။ ၎င်းသည် တုန်ခါနေရင်း စတင် ပြိုကွဲပျက်စီးလာသည်။ ချိပ်တံဆိပ်အလွှာများသည် ပျက်စီးလာ၏။
ဝမ်လင်း၏မျက်လုံးသည် အေးစက်လာသည်။သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ခြောက်သွေ့တာအိုတစ်စုံသည် ရုတ်တရက်ပေါ်လာသည်။ထိုသားရဲအရိုး ထွက်ပေါ်လာသည့်နောက် ဖျပ်ခနဲ လင်းလက်သွားပြီး မကောင်းဆိုးဝါးအော်ရာသည် သည်ဧရိယာတွင် ပြည့်နှက်လာသည်။
ပျက်စီးနေသော တက်တူးသည် ရုတ်တရက် တုန်ခါလာကာ မီးခိုးရောင်အလင်းပေါ်လာပြီး ၎င်းအပျက်အစီးတက်တူးအား ကျောက်ဖြစ်သွားစေသည်။သည်အခိုက်၌ ထာရှန်သည် ခုန်ထွက်လာကာ လက်သီးချက် ပစ်သွင်းလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် ဆယ့်ခြောက်ခုမြောက်အလွှာအတွင်း၌ မြည်ဟိန်းသွားရင်း တက်တူးသည် ပျက်စီးသွားချေတော့သည်။မိုးကြိုးသည် ရွှေ့လျားနေရင်း တစီစီအသံများ ထွက်ပေါ်လာကာ တက်တူးသည် အနက်ရောင်အလင်းအမှုန်အမွှားများ အဖြစ်သို့ ပြောင်း၍ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
၎င်းတက်တူးအမှတ်အသား ပျောက်ကွယ်သွားသည့်အခိုက်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုသည် ရေကန်ထဲ၌ ပေါ်ထွက်လာ၏။ ထိုအစီအရင်သည် ဆန်းကြယ်စွာ တောက်ပနေသည်။
ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ဟောင်လုံနှင့်ဆင်တူသည့် ကျင့်ကြံသူတစ်ယောက်သည် ကလန်တစ်ခုအတွင်း၌ ရှိနေ၏။သူက အဆင့်နိမ့်ကျင့်ကြံသူများကို ပြုံး၍ စကားပြောဆိုနေရင်း အကွာအဝေးတစ်ခုထံသို့ ရုတ်တရက် လှမ်းကြည့်သည်။သူ ကြည့်လိုက်သည့်အချိန်မှာ ဝမ်လင်းတို့ ရှိနေသည့် မသေမျိုးသင်္ချိုင်း၏ ဆယ့်ခုနစ်ခုမြောက်အလွှာသို့ လမ်းကြောင်း ပွင့်သွားသည့်အချိန်ပင်။
အချိန်အတန်ကြာပြီးနောက် သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တွေးနေသည်။ “ထားလိုက်ပါတော့လေ။ ဆယ့်ခုနစ်ခုမြောက်အလွှာမှာ သူ တွေ့မြင်နိုင်တဲ့ အရာဘာမှ မရှိပါဘူး။ ဒီကောင်လေးရဲ့ ကျင့်ကြံမှုအဆင့်ကလည်း အချို့လျှို့ဝှက်ချက်တွေကို သိရှိနိုင်တဲ့ အဆင့်တစ်ခုမှာ ရောက်နေပြီပဲ။ ဒါပေမဲ့လည် ဆယ့်ခုနစ်ခုမြောက်အလွှာက သူ့ အကန့်အသတ် ဖြစ်လိမ့်မယ်။သူက ဆယ့်ရှစ်ခုမြောက်အလွှာထဲကိုတော့ ဝင်ရောက်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး…”
မသေမျိုးသင်္ချိုင်း၏ ဆယ့်ခြောက်ခုမြောက်အလွှာ၌ ထာရှန်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ခုန်ဝင်ကာ ပျောက်ကွယ်သွားသည်။ဝမ်လင်းသည် မည်သည့်အန္တရာယ်မှ ရှိမနေမှန်း သေချာစေပြီးမှ လိုက်ပါ ခုန်ဝင်သွားသည်။ခေါင်းကြီးကောင်လေး၊လိုင်ဂျီနှင့်ယွမ်ချွဲဇီတို့သည်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ အလျင်အမြန် ဝင်ရောက်လိုက်ကြတော့သည်။
မသေမျိုးသင်္ချိုင်း၏ ဆယ့်ခုနှစ်ခုမြောက်အလွှာသည် လုံးဝ နက်မှောင်နေသည်။ သေဆုံးခြင်းအော်ရာနှင့်လည်း ပြည့်နှက်နေ၏။သည်အခိုက်အတန့်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု၏ အလင်းသည် ရုတ်တရက် ထိုအလွှာ၏ ဗဟိုချက်တွင် ပေါ်လာခဲ့သည်။
ထိုအလင်းကြောင့် ပတ်ဝန်းကျင်သည် မြင်သာထင်သာ ရှိလာတော့သည်။
သည်အလွှာ၏ နေရာတိုင်း၌ တွဲလောင်းချိတ်ဆွဲထားသော ချိန်းကြိုးများနှင့် ပေထောင်ချီ ရှိနေသည်။ ထိုချိန်းကြိုးများပေါ်၌ အလောင်းများ ရှိနေ၏။ ထိုချိန်းကြိုးများထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ပေးစွမ်းနေသည်။
ထိုအလောင်းကောင်များသည် ကောင်းကင်ဘုံသားများ ဖြစ်ကြလေ၏။
သို့သော် သည်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များထဲ၌ အသက်ဓာတ်လုံးဝ မရှိတော့ဘဲ သေဆုံးခြင်းဓာတ်တို့နှင့်သာ ပြည့်နေသည်။သည်အလောင်းကောင်များ၏ တည်ရှိမှုသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သည့်ပုံပင်။
ချက်ခြင်းပင် အစီအရင်ထံမှအလင်း ပျောက်ကွယ်သွားသည်နှင့် လူအချို့ ထွက်ပေါ်လာကြ၏။
ထာရှန်သည် သည်နေရာသို့ ပထမဆုံးဝင်ရောက်သည့်သူ ဖြစ်၏။ သူက ဝင်ရောက်လာသည်နှင့် သူ့မျက်လုံးသည် တလက်လက် ဖြစ်သွားကာ သူ့ပတ်လည်သို့ ကြည့်၏။ သူ့မထူးခြားနားဖြစ်မှုဖြင့်ပင် သူ့ပတ်လည်သို့ ကြည့်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့လို့သွားသည်။
သည်နေရာက လုံးဝ နက်မှောင်နေ၏။ သို့သော် ၎င်းက နတ်ဘုရားအာရုံကို ဟန့်တား ထားခြင်းတော့ မရှိပေ။ ဝမ်လင်း ပေါ်လာသည်နှင့် သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူ့အသွင်သည် သုန်မှုန်သွား၏။
သူသာမက ခေါင်းကြီးကောင်လေး၏မျက်နှာပင် အရာအားလုံးကို တွေ့မြင်ပြီးသည့်နောက် ဖြူရောသွား၏။သူက ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်ခဲ့ကာ သူ့နယ်ပယ်ကို အဆုံးရှုံးခဲ့ပြီး အစစ်အမှန်ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာခဲ့သည့်သူပင်။ ထို့ကြောင့် ဆယ့်ခုနစ်ခုမြောက်အလွှာကို တွေ့မြင်ပြီးသည့်နောက် သူ့တုန်လှုပ်မှုသည် အခြားလူများထက် ပိုနေလေ၏။
သူ့ကို ပို၍ ထိတ်လန့်သွားစေသည်က သူ့ကောင်းကင်ဘုံမူလစွမ်းအင်ကိုပင် ထူးဆန်းသောအားတစ်ခုက ဖိနှိပ်ထားသကဲ့သို့ တုန်ယင်နေခြင်း ဖြစ်တော့၏။
ထိုဖိနှိပ်မှုအောက်၌ ခေါင်းကြီးကောင်လေးသည် ငြီးတွားသံများကိုပါ ကြားလိုက်ရသည့်အလား ထင်မှတ်ရသည်။သူ့မျက်နှာသည် ဖြူရောသွားကာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်၍ သွေးအန်လိုက်ရချေသည်။
ကံကောင်းစွာဖြင့် ဝမ်လင်းသည် ခေါင်းကြီးကောင်လေး မည်သို့ဖြစ်ပျက်သွားသည်ကို သတိပြုမိကာ သူ့ညာလက်ကို ခေါင်းကြီးကောင်လေး နောက်ကျောသို့ ထိကပ်ပေးလိုက်၏။ဝမ်လင်းက မူလစွမ်းအင်အမြောက်အများ ပေးသွင်းလိုက်သည့်အခါမှ ခေါင်းကြီးကောင်လေးသည် ပြန်သတိဝင်လာတော့၏။
သူက ပတ်ဝန်းကျင်ကို ကြည့်ကာ နက်ရှိုင်းစွာ ကြောက်ရွှံ့နေလေ၏။
ယွမ်ချွဲဇီက ခေါင်းကြီးကောင်လေးနှင့် မတူပေ။ သူက သူ့ဘိုးဘေးများ၏အော်ရာကို သိနေရာ၌ ခံစားမိနေ၏။ သူ့ခန္ဓာကိုယ်ရှိ တက်တူးသည်လည်း ၎င်းဘာသာ စတင်ရွှေ့လျားတော့သည်။ ၎င်းက မြန်ဆန်စွာ ကျုံ့၍ စတင် လျော့ကျလာလေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများသည် စီးဆင်းနေသောရေ အလား ရွှေ့လျားနေ၏။ ယင်းတက်တူးများသည် ယွမ်ချွဲဇီ၏ ရင်ဘက်ထံသို့ စုစည်းနေသည်။
ယွမ်ချွဲဇီကို အံ့အားသင့်သွားစေသည်က ခေါင်းကြီးကောင်လေးအပေါ် မူလက သူ့လေးစားမှုသည် ပြောင်းလဲသွားခြင်း ဖြစ်၏။ ထိုလေးစားမှုကို ဖိနှိပ်နိုင်သောအားတစ်ခု သူ့ထံ၌ ရှိလာသည့်အလား။
ဝမ်လင်းသည်လည်း သက်ရောက်ခြင်း ခံရပေ၏။ အထဲသို့ ဝင်ရောက်လာသည်နှင့် ချင်းရွှေသူ့အားပေးထားခဲ့သော ကောင်းကင်ဘုံမူလစွမ်းအင်သည် ဖိနှိပ်ခြင်း ခံရသည်ကို ဝမ်လင်းက ချက်ခြင်း သဘောပေါက်သွား၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ် မှောင်မဲနေ၏။ သို့သောသ် ဝမ်လင်းနှင့်သူ့လူများအတွက် အရာရာကို ရှင်လင်းစွာ မြင်နိုင်ပေသည်။ ဆယ့်ခုနစ်ခုမြောက်အလွှာမှာ ကြီးမားလွန်းလှခြင်း မရှိဘဲ နံရံများပေါ်၌ ချိန်းကြိုးမြောက်များစွာဖြင့် အလောင်းကောင်များကိုသာ ချိတ်ဆွဲထားသည်။
ထိုအလောင်းကောင်များသည် မံမီများကဲသို့ ဖြစ်နေကာ သူတို့၏ တင်ပါးစုံရိုးများမှာ ချိန်းကြိုးများနှင့် ထွင်းဖောက်ထားခြင်းကို ခံထားရသည်။၎င်းတို့ထဲမှ အချို့မှာ ချိန်းကြိုးများသည် သူတို့၏ ပုခုံးများကို ထွင်းဖောက်ခံထားရသည်။
ထိုအလောင်းကောင်များသည် အနည်းဆုံး တစ်ရာလောက် ရှိပေမည်။
ထိုအလောင်းကောင်အားလုံး၏ ကိုယ်ပေါ်၌ ကြာပွတ်ရာများလည်း ရှိနေ၏။ ကြည့်ရသည်မှာ ၎င်းတို့သည် မသေဆုံးခင် ရက်ရက်စက်စက် အနှိပ်စက်ခံထားရသည့်ပုံပင်။
သူတို့ခန္ဓာကိုယ်ပေါ်တွင်လည်း တက်တူးများ တဖျပ်ဖျပ် ဖြစ်နေသေး၏။ တက်တူးများ လက်ခနဲ ဖြစ်သွားတိုင်း သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ပို၍ အားကောင်းသွားသည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ သူတို့၏ခန္ဓာကိုယ်ကနေ စိမ့်ထွက်နေရသည့် အကြောင်းရင်းမှာ သူတို့၏မူလစိတ်ဝိညာဉ်များသည် သူတို့၏ ခန္ဓာကိုယ်ထဲ၌ အားကောင်းလှသော မန္တာန်တစ်ခုဖြင့် ချိပ်ပိတ်ခြင်းခံထားရခြင်းကြောင့် ဖြစ်တော့၏။
သူတို့၏ခန္ဓာကိုယ်များသည် သေဆုံးသွားခဲ့ပြီး ဖြစ်၏။ထို့ကြောင့် အဆုံးမဲ့ သေဆုံးခြင်းအော်ရာသည် သူတို့၏မူလစိတ်ဝိညာဉ်များထံကနေ ပေါက်ကွဲထွက်နေခြင်းပင်။ သူတို့၏မူလစိတ်ဝိညာဉ်များမှာ အသိစိတ်ရှိနေသေးသော်လည်း ခန္ဓာကိုယ် မရှိတော့ပေ။ သူတို့သည် အကူအညီမဲ့စွာ သူတို့၏ ခန္ဓာကိုယ်များ ခြောက်သွေ့သွားသည့်အထိ စောင့်ကြည့်ရုံသာ တက်နိုင်တော့သည်။
သည်လိုနှိပ်စက်မှုများသည် ကောင်းကင်ဘုံသားများအတွက် ပြင်းထန်သောအမုန်းတရားကို ဖြစ်စေ၏။ ထိုအမုန်းတရားသည် အနှိုင်းမဲ့လှကာ ဝမ်လင်းကိုပါ အကြီးအကျယ် တုန်လှုပ်စေသည်။
“ဒါ…” ယွမ်ချွဲဇီသည် သူ့ရှေ့ရှိ အရာရာကို မင်သက်ကြောင်ရီစွာ ကြည့်နေမိသည်။ သူက အချိန်အတန်ကြာသည့်အထိ စကားမဆိုနိုင် ဖြစ်နေသည်။
“ဒါက ကောင်းကင်ဘုံသားတွေပဲ။ သူတို့အသက်ရှင်စဉ်တုန်းက ဆိုရင် သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ငါ့ထက် မြင့်မားကြမှာပဲ…”ခေါင်းကြီးကောင်လေးသည် သည်နေရာက သူ့အတွက် အနှောက်အယှက် ဖြစ်လွန်းလှသည်ဟု ခံစားနေသည်။
သည်အခိုက်အတန့်၌ ချိန်းကြိုးများ ပွတ်တိုက်သံတို့ ထွက်ပေါ်လာ၏။ မံမီအလောင်းများထံမှ တစ်လောင်းသည် စတင် ရွှေ့လျားလာကာ တက်တူးတစ်ခု လင်းလက်သွားသည်။ထိုတက်တူးသည် ထိုမံမီအလောင်းနှင့် ပေါင်းစပ်သွားလေ၏။
သည်အခိုက်အတန့်၌ မံမီသည် ရုတ်တရက် ၎င်း၏ မျက်လုံးဖွင့်လာသည်။ ၎င်းမျက်လုံးထဲ၌ သူငယ်အိမ်လုံးဝ မရှိသလို အလင်းလည်း ရှိမနေပေ။မျက်လုံး ဟောက်ပတ်ကြီးသာ ဖြစ်နေသည်။သို့သော် ထိုအမုန်းထဲကနေ အံ့မခန်းအမုန်းတရားတို့ကို ပေးစွမ်းနေ၏။
“ကောင်းကင်ဘုံသား…သေစမ်း…” ဟိန်းမြည်သံတစ်ခု ထွက်ပေါ်လာ၏။ထိုအလောင်းပေါ်ရှိ ချိန်းကြိုးသည် ရုတ်တရက် ပါးလွှာကာ ထွင်းဖောက်မြင်နိုင်သွား၏။ ချက်ခြင်းပင် ၎င်းချိန်းကြိုးမှာ ပျောက်ကွယ်သွား၏။ချိန်းကြိုးမရှိသည့်အခါ မံမီအလောင်းသည် ချက်ခြင်း ထိုးထွက်လာ၏။ ထူးဆန်းလှသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်၍ ခေါင်းကြီးကောင်လေးထံသို့ တိုးဝင်လာချေသည်။
ခေါင်းကြီးကောင်လေး၏မျက်နှာသည် ဖြူရောသွား၏။ သူက နောက်သို့ အလိုလို ဆုတ်မိသည်။ သူ့မျက်လုံးထဲ၌လည်း ရက်စက်လိုသည့်အကြည့် ဖြစ်ပေါ်လာကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး သူ့ကောင်းကင်ဘုံမူလစွမ်းအင်တို့ကို အသက်သွင်းလိုက်သည်။ သူက ကောင်းကင်ဘုံမန္တာန်တစ်ခုကို အသုံးပြုရန် ပြင်လိုက်လေ၏။
သို့သော် ထိုအခိုက်အတန့်၌ ထူးဆန်းလှသည့်အရာတစ်ခု ရုတ်တရက် ဖြစ်ပျက်သွားခဲ့သည်။
ခေါင်းကြီးကောင်လေးက သူ့ကောင်းကင်ဘုံမူလစွမ်းအင်ကို အသက်သွင်းလိုက်သည့်အခိုက်၌ ၎င်းသည် ပြန့်ကျဲကာ လွင့်ပြယ်သွားလေ၏။ ထိုလွင့်ပြယ်သည့်နှုန်းမှာ မြန်ဆန်လွန်းလှသည်။
သူ့ကောင်းကင်ဘုံမန္တာန်အသုံးမပြုရသေးခင်မှာပင် သူ့ကောင်းကင်ဘုံမူလစွမ်းအင်မြောက်များစွာသည် လွင့်ပြယ်ပျောက်ကွယ်သွားသည်။ထိုအဖြစ်က သူ့စဉ်းစားဉာဏ်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားစေသည်။
မံမီအလောင်း နီးကပ်လာသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။ သူက ရှေ့သို့ ထိုးထွက်သည်။သူ့လက်ချောင်းဖြင့် လေဟာနယ်ထဲသို့ ဖိချလိုက်ရာ မူလစွမ်းအင်တို့သည် သူ့ခန္ဓာကိုယ်ကနေ မြင့်တက်လာသည်။ပေါက်ကွဲမှုတစ်ခုနှင့်အတူ မံမီအလောင်းသည် နောက်သို့ လွင့်စင်သွားသည်။
ထာရှန်သည် လျှပ်စီးတန်းအလား ထိုးထွက်လာရင်း သူ့ညာလက်ဖြင့် လက်သီးစုပ်၏။သူ့လက်သီးပေါ်၌ တက်တူးတစ်ခု ပေါ်လာသည်။ထိုမံမီသည် ယင်းတက်တူးကို တွေ့မြင်သည့်အခါ ၎င်းသည် ချက်ခြင်း လေးစားသည့်ဟန်ပန် ဖြစ်သွားရင်း ထာရှန်ကို ဦးညွတ်ကာ နောက်သို့ ဆုတ်သည်။
ယွမ်ချွဲဇီသည် သူ့ရှေ့ရှိ မြင်ကွင်းကို စူးစိုက်ကြည့်နေမိသည်။ သည်အခိုက်အတန့်၌ သူသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားမိနေသည်။ သူက လွန်ခဲ့သော ကြာမြင့်လှသည့်အချိန်က ကောလဟာလ သတင်းစကားတစ်ခုကို ပြန်မှတ်မိသွားသည်။
“ဒီ…ဒီနေရာက ငါတို့စွန့်ပစ်ခံမသေမျိုးကလန်ရဲ့ နှိပ်စက်ခြင်းအခန်း ဖြစ်တယ်။ ပြောကြတာက ငါတို့ရဲ့ အသက်ကြီးရင့်ဆုံး စွန့်ပစ်ခံမသေမျိုးကလန်ဘိုးဘေးဟာ ဟင်္သာပြဒါးဂြိုဟ်ကို ရောက်လာတဲ့အချိန်က သူက နောက်ဆုံးအပြင်လွှာနှစ်ခုကို ဖွင့်လှစ်ပြီး ဒီနေရာကို နှိပ်စက်ခြင်းအခန်းလို့ အမည် ပေးခဲ့တယ်။စွန့်ပစ်ခံမသေမျိုးကလန်က မဟုတ်တဲ့လူတွေ ဒီထဲကို ဝင်ရောက်လာတာနဲ့ သူတို့က ချက်ခြင်း အသက်ခံရလိမ့်မယ်။ ဒါက အမှန်တကယ် ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး…”
ယွမ်ချွဲဇီ၏အသံသည် ပဲ့တင်ထပ်နေ၏။ ချိန်းကြိုးများသည် စတင်၍ မြည်ဟိန်းလာပြန်သည်။ သည်အခိုက်အတန့်၌ ချိန်းကြိုးများ ထွင်းဖောက်ချိတ်ဆွဲထားသည့် အလောင်းကောင်အားလုံး၏ မျက်လုံးတို့သည် ရုတ်တရက် ဖွင့်လာကြသည်။
သူတို့၏မျက်နှာများထက်မှ ရက်စက်သည့်အကြည့်တို့ ဖြစ်ပေါ်နေ၏။ သူတို့သည် မာန်သွင်းကာ သူတို့အား ချုပ်နှောင်ထားသည့် ချိန်းကြိုးများသည် ပျောက်ကွယ်ကာ လွတ်လပ်သွားစေသည်။ သူတို့သည် ဝမ်လင်း၊ခေါင်းကြီးကောင်လေးနှင့်လိုင်ဂျီတို့ ရှိရာသို့ တဟုန်ထိုး တန်းတန်းမတ်မတ် တိုးဝင်လာကြတော့သည်။
ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။သူက အေးစက်စွာနှာခေါင်းရှုံ့ကာ သူ့လက်ဖြင့်ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရင်း အော်ဟစ်သည်။ “လေဆင့်ခေါ်ခြင်း…”
သူက ထိုသို့ပြောလိုက်သည့်နောက် အနက်ရောင်လေသည် သူ့ညာလက် ပတ်လည်၌ ပေါ်လာကာ ရုတ်တရက် ဆယ့်ခုနစ်ခုမြောက်အလွှာတွင် ပြည့်နှက်သွားသည်။ ထိုလေပြင်းက အရူးအမူး ရိုက်ခတ်လာ၏။
အနက်ရောင်လေပြင်းသံ မည်ဟိန်းနေရင်း အနက်ရောင်နဂါးနှစ်ကောင် ဖြစ်ပေါ်လာကာ မာန်သွင်းဟစ်လေ၏။ထိုနဂါးနှစ်ကောင်သည် ဝမ်လင်းကို ဗဟိုပြုကာ အေးစက်စက်လေများကို ပြန့်နှံ့စေသည်။
အလောင်းကောင်များသည် ချက်ခြင်း ရပ်တန့်ကာ နောက်သို့ ဆုတ်၏။ သူတို့က မသေခင်ချိန်က စွမ်းအားကောင်းခဲ့ကြသော်လည်း သေဆုံးပြီးသည့်နောက် ဆန်းကြယ်သောအားတစ်ခုဖြင့် ထိန်းချုပ်ခြင်း ခံထားရသည်။ထို့အတွက်ကြောင့် ထိုအလောင်းကောင်များသည် အရင်ထက် များစွာ အားနည်းနေလေပြီ။
သို့ရာတွင် အလောင်းကောင်မြောက်များစွာ ရှိနေသည့်အတွက် အထင်သေး လျော့တွက်၍တော့ မရချေ။
အနက်ရောင်လေပြင်း မည်ဟိန်းသွားနေရင်း တက်တူးများသည် အလောင်းကောင်များပေါ်၌ တဖျပ်ဖျပ် စတင် တောက်ပနေ၏။ ချိပ်တံဆိပ်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။၎င်းချိပ်တံဆိပ်သည် မြင်ရခြင်း မရှိသော်လည်း ချက်ခြင်း ဖိနှိပ်လာသည်။
ဝမ်လင်းအတွက် ထိုသို့သော ချိပ်တံဆိပ်မျိုးကို မြင်ဖူးသည်မှာ ပထမဆုံး မဟုတ်ပေ။၎င်းချိပ်တံဆိပ်မျိုးသည် ဝမ်လင်းနှင့်ယောင်မိသားစုကြား တိုက်ပွဲ၌ သူ့အား အကြီးအကျယ် ပြဿနာ ဖြစ်စေခဲ့သည် မဟုတ်လား။သူက ချက်ခြင်းပင် ထိုချိပ်တံဆိပ်ကို သဘောပေါက်သွားကာ သူ့အသွင်သည် ပြောင်းလဲသွား၏။ ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း ခပ်သွက်သွက်လှမ်းလိုက်ကာ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များပေါ်လာပြီးနောက် သူသည် ပျောက်ကွယ်သွားလေတော့၏။
နဂါးနက်နှစ်ကောင်သည် ဘက်နှစ်ဖက်ကနေ သိမ်းကြုံးသွားလာနေရင်း အနက်ရောင်လေပြင်းများကို မြည်ဟီးစေပြီး အလောင်းကောင်များစွာအား ဖမ်းဆီး၏။အလောင်းကောင်များသည် လေပြင်း၏ ချီနှောင်ခြင်းကို ခံထားရသည့်အလား။
တိုက်ရိုက်ပျက်စီးသွားသည့် အလောင်းကောင်အနည်းငယ်လည်း ရှိသေး၏။
ဝမ်လင်း၏ပုံရိပ်သည် အလောင်းကောင်များထဲမှ တစ်ကောင်ဘေးနားတွင် ပေါ်လာ၏။သူ့မျက်လုံးသည် ကြမ်းကြုတ်နေကာ မိုးကြိုးစိတ်ဆန္ဒနှင့်ပြည့်နေသော သူ့လက်ချောင်းကို ဖိချလာ၏။သူ့လက်ချောင်း တိုက်ချက် အောက်သို့ သက်ဆင်းလာသည့်အခါ လေဟာနယ်ထဲမှ မရေမတွက်နိင်သော မိုးကြိုးတန်းများ ပေါ်လာပြီး သူ့လက်ချောင်းပေါ်၌ စုဝေးသည်။ဝမ်လင်း၏ လက်ချောင်းသည် အလောင်းကောင်တစ်ကောင်၏ ဦးခေါင်းခွံပေါ်သို့ ကျရောက်သွားလေ၏။
ထိုအလောင်းကောင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့ဟောက်ပတ်မျက်လုံးတို့သည် ထိုအခိုက်၌ ကြည်လင်မှုတစ်ခု ရရှိသွားသည်။သည့်နောက် စိတ်သက်သာရာရဟန်ဖြင့် အလောင်းကောင်ခန္ဓာကိုယ်သည် ပျက်စီး ပျောက်ကွယ်သွားတော့သည်။
ထိုအလောင်းကောင် ပျောက်ကွယ်သွားသည်နှင့် ၎င်းခန္ဓာကိုယ်မှ ကျန်နေသေးသော ကောင်းကင်ဘုံမူလစွမ်းအင်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ဝမ်လင်းမျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ဝမ်လင်းသည် အနည်းငယ်လေ့လာပြီးသည့်နောက် ထိုကောင်းကင်ဘုံမူလစွမ်းအင်သည် သူ့အား အန္တရာယ်မဖြစ်စေမှန်း သိရှိသွားသည်။ထိုအစား ၎င်းစွမ်းအင်သည် ကောင်းကင်ဘုံအရှင်ချင်းရွှေ သူ့အား ပေးထားခဲ့သည့် ကောင်းကင်ဘုံမူလစွမ်းအင်နှင့် ပေါင်းစည်းသွားလေသည်။
ထိုတွေ့ရှိမှုသည် ဝမ်လင်းကို ပီတိဖြာသွားစေသည်။
***