ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် တစ်ခါက ချိပ်ပိတ်ခြင်း ခံထားရသော စွန့်ပစ်ခံမသေမျိုးကလန် တည်ရှိရာ တွင်းနက်ကြီးဘေး၌ အဘိုးအိုတစ်ယောက် ထိုင်နေသည်။ထိုအဘိုးအိုသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ တခေါင်းလုံး ဆံပင်နီများနှင့် ပြည့်နေ၏။သူ့နှဖူးထက်၌ သစ်ရွက်ဆယ့်တစ်ရွက်အပင်တစ်ပင်သည် တဖျပ်ဖျပ် ဖြစ်နေ၏။ ထိုသစ်ရွက်ဆယ့်တစ်ရွက်အပေါ်တွင်လည်း နောက်ထပ်သစ်ရွက်တစ်ဝက် ရှိနေသေးသည်။
ထိုသစ်ရွက်တစ်ဝက်ကသသာ လုံးဝ ပွင့်လန်းလာပါက ထိုအဘိုးအိုသည် စွန့်ပစ်ခံမသေမျိုးကလန်၏ သစ်ရွက်ဆယ့််နှစ်ရွက်ကလန်ဝင် ဖြစ်လာပေမည်။
စွန့်ပစ်ခံမသေမျိုးကလန်၌ သစ်ရွက်ဆယ့်နှစ်ရွက်ကလန်ဝင်သည် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် အဆင့်တူပေ၏။
ထိုအဘိုးအိုက သည်နေရာတွင် တိတ်ဆိတ်စွာ ထိုင်လျက်ရှိနေ၏။
သည်နေ့တွင် အလင်းတန်းလေးခုသည် ကောင်းကင်ထက်၌ ဖြတ်သန်း ပျံသန်းလာသည်။အဘိုးအိုက ကောင်းကင်ထက်သို့ မျက်လုံးဖွင့်ကြည့်၏။ သူက စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထိုအလင်းတန်းလေးခုကြားထဲမှ လူတစ်ယောက်ကို စူးစိုက်ကြည့်နေမိရင်း သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားလေ၏။
ဝမ်လင်းသည် မြေပြင်ထက်သို့ ဆင်းသက်ကာ တွင်းနက်နှင့် ထာရှန်ကို စူးစိုက်ကြည့်နေသော အဘိုးအိုအား ကြည့်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ဆိုလာသည်။ “မတွေ့ရတာကြာလှပြီ…စီနီယာယွမ်ချွဲဇီ…”
ထိုအဘိုးအိုမှာ ယွမ်ချွဲဇီပင်။သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နေ၏။ သူက ထာရှန်ထံမှ အကြည့်ကို ပြန်ရုတ်သိမ်းသည်။သူ့စိတ်နှလုံးထဲ၌ လှိုင်းထန်နေလေ၏။ သူက ဝမ်လင်းကို ကြည့်၍ ခါးသီးစွာ ဆိုသည်။ “ငါက မင်းရှေ့မှာဆိုရင် အခုမှာ စကျင့်ကြံတဲ့အဆင့်သာသာပါ။မင်းက ငါ့ကို စီနီယာ လို့ ခေါ်စရာ မလိုတော့ပါဘူး။ ရောင်းရင်းကျင့်ကြံသူဝမ်လင်း…သူက ငါတို့စွန့်ပစ်ခံမသေမျိုးကလန်ဝင် ပဲလား…”
ယွမ်ချွဲဇီက ထာရှန်ကို ညွှန်ပြသည်။
ထာရှန်၏အသွင်က အေးစက်နေ၏။သူက ယွမ်ချွဲဇီကို ကြည့်ပင်မကြည့်ပေ။
“သူက ရွေးချယ်ခံမသေမျိုးကလန်ဝင်တစ်ယောက်ပဲ…” ဝမ်လင်းက သက်ပြင်းချကာ တွင်းနက်ရှိရာသို့ လျှောက်လှမ်းလာသည်။ထာရှန်က နောက်ကနေ လိုက်ပါလာ၏။ခေါင်းကြီးကောင်လေးက ယွမ်ချွဲဇီကို ရူးသွပ်ဖွယ်ပြုံး၍ ကြည့်ပြီးနောက် ဝမ်လင်းနောက်သို့ လိုက်လာ၏။
ယွမ်ချွဲဇီသည် ခေါင်းကြီးကောင်လေး၏ ရူးသွပ်ဖွယ်အပြုံးကို တွေ့မြင်သည့်အခါ သူ့စိတ်ဝိညာဉ်ထံမှ ဖိအားတစ်ခု ပေါက်ကွဲထွက်လာ၏။သူ့မျက်နှာသည် ဖြူရောသွား၏။
သည့်နောက် လိုင်ဂျီသည် လိုက်ပါလာသည်။သူက ဝမ်လင်းအပေါ် အင်မတန် လေးစားပေ၏။ အထူးသဖြင့် ဝမ်လင်း၏မန္တာန်များကို တွေ့မြင်ပြီးသည့်နောက်တွင် ဖြစ်၏။ ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်၏ စိတ်ဝိညာဉ်စွမ်းအင်များကိုပါ ပြောင်းလဲပေးနိုင်ခြင်းက သူ့အား ကြီးစွာ တုန်လှုပ်မိစေပေသည်။သူက ထိုမန္တာန်မျိုးကို အရင်ကတည်းက ကြားခဲ့ဖူး၏။ မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး တစ်ခွင် ကျော်ကြားသည့်သူများသာ ထိုသို့ လုပ်ဆောင်နိုင်စွမ်းရှိသည်ဟုသာ သူ ကြားခဲ့ဖူးထားခြင်းပင်။
ယွမ်ချွဲဇီက မချင့်ပြုံးပြုံးမိသည်။သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ တွင်းနက်ထဲသို့ ဝင်ရောက်လိုက်၏။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက ခပ်မြန်မြန် မသွားပေ။သူက မသေမျိုးသင်္ချိုင်းအတွင်း၌ ခပ်မှန်မှန်သာ ရွေ့လျားနေသည်။စွန့်ပစ်ခံမသေမျိုးကလန်သည် သည်နေရာကနေ ရွှေ့ပြောင်းပြီးသည့်နောက် အခု သည်နေရာတွင် တစ်ယောက်မှ မကျန်ရစ်တော့ပေ။
တစ်လွှာပြီးတစ်လွှာ အောက်သို့ ဆင်းသက်လာရင်း ဝမ်လင်းသည် သည်နေရာရှိ အနက်ရှိုင်းဆုံးအလွှာသည် ဆယ့်တစ်ခုမြောက်အလွှာ ဖြစ်ကြောင်း မှတ်မိသည်။သည်နေရာ၌ သူသည် စွန့်ပစ်ခံမသေမျိုးကလန်၏ တတိယဘိုးဘေးနှင့် တွေ့ဆုံခဲ့ကာ သူမ၏ လိုက်သတ်ဖြတ်ခြင်းကို ခံရပြီး နောက်ဆုံး ရှောင်မိသားစုမှ အမျိုးသမီးကို ချိပ်ပိတ်ထားသည့် စာလိပ်ကို ထုတ်ဖော်ခဲ့ရသည်။သို့မှသာ သူသည် ထိုအချိန် သေရေးရှင်ရေးအခိုက်ကနေ လွတ်မြောက်လာနိုင်ခဲ့သည် မဟုတ်လား။
ထိုအတိတ်တစ်ချိန်က စွန့်ပစ်ခံမသေမျိုးကလန်၏ တတိယဘိုးဘေး၏မျက်နှာပေါ်ရှိ ကြောက်လန့်သွားမှုအရ ဝမ်လင်းသည် ထိုစာလိပ်မှာ စွန့်ပစ်ခံမသေမျိုးကလန်နှင့် တစ်ခုခု ဆက်နွှယ်နေမည်ကို သိထားခဲ့သည်။
သူက အတွင်းဘက်သို့ ပို ဝင်သွားလေလေ ပို၍ မှောင်လာလေပင်။ သည်နေရာတွင် အသက်ဓာတ်လက္ခဏာ ဘာတစ်ခုမှ မရှိဘဲ ယင်စွမ်းအင်သာ မြောက်များစွာ ရှိနေ၏။
အရင်တုန်းကသာ ဆိုလျှင် ဝမ်လင်းသည် ထိုယင်စွမ်းအင်နှင့် ပတ်သတ်၍ မသက်မသာ ခံစားမိမည် ဖြစ်၏။
သို့သော် ခုချိန်၌ ထိုယင်စွမ်းအင်သည် သူ့အတွက် ဘာမှ မဟုတ်တော့ပေ။ သူက သူ့မူလစွမ်းအင်ကိုပင် အသက်သွင်းထားဖို့ မလိုအပ်သေးပေ။
သူ ဆင်းသက်လာနေရင်း ယင်စွမ်းအင်သည် သူ့ရှေ့၌ ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်နေ၏။၎င်းက ဝမ်လင်းအတွက် လမ်းဖယ်ပေးနေသည့်အလား။
သူက ဆက်ဆင်းနေရင်း စဉ်းစားနေ၏။စွန့်ပစ်ခံမသေမျိုးကလန်နှင့်ရွေးချယ်ခံမသေမျိုးကလန်တို့ရှိ ကလန်ဝင်များသည် ပုံစံတူကြသည်မှာ သိသာပေ၏။သူက ခေါင်းကြီးကောင်လေးကို တွေ့မြင်သည့်အခါ ယွမ်ချွဲဇီ၏ တုံ့ပြန်မှုကို ကြည့်မိပြီးနောက် ထိုအချက်ကို ပို၍ပင် သေချာသွားခဲ့သည်။
ထိုကလန်က ကောင်းကင်ဘုံကျောက်စိမ်းပြားများထံမှ ကောင်းကင်ဘုံစွမ်းအင်ကို မကြောက်လန့်ပေ။သို့သော် ကောင်းကင်ဘုံသားတစ်ယောက်၏ ကောင်းကင်ဘုံမူလစွမ်းအင် ထွက်ပေါ်လာသည်နှင့် သူတို့၏ စိတ်ဝိညာဉ်အား နာခံစေသည့် အားတစ်ခုသည် ချက်ခြင်း ဖြစ်ပေါ်လာရပေသည်။
ထိုအရာများအားလုံး၏ လျှို့ဝှက်ချက်မှာ ကောင်းကင်ဘုံမူလစွမ်းအင်ပင်။
ကောင်းကင်ဘုံမူလစွမ်းအင်အကြောင်း တွေးမိရင်း ဝမ်လင်းသည် ခါးသီးစွာ ခံစားမိ၏။သူ့ထံ၌ ချင်းရွှေလက်ဆောင်ပေးခဲ့သော ကောင်းကင်ဘုံမူလစွမ်းအင်သည် အကန့်အသတ်နှင်သာ ရှိနေသည် မဟုတ်လား။သူက ကောင်းကင်ဘုံမန္တာန်တစ်ကို အသုံးပြုချိန်တိုင်း ၎င်းရှိရင်းစွဲ စွမ်းအင်ထဲမှ အချို့ကို သုံးစွဲရသည်။သူက ၎င်းစွမ်းအင်ကို ပြန်ဖြည့်တင်းရန် နည်းလမ်းတစ်ခု မရှာနိုင်ပါက ၎င်းကောင်းကင်ဘုံမူလစွမ်းအင်သည် တဖြည်းဖြည်းဖြင့် ကုန်ဆုံးသွားနိုင်ပေ၏။
ချင်းရွှေ သူ့အား ပေးအပ်ခဲ့သည့် မိုးဆင့်ခေါ်ခြင်းနှင့်ဆန်းကြယ်လက်နက် ကောင်းကင်ဘုံမန္တာန်များသည် ကောင်းကင်ဘုံမူလစွမ်းအင်မြောက်များစွာ ပိုင်ဆိုင်ထားဖို့ လိုအပ်ပေ၏။သူ့တွင် လုံလုံလောက်လောက် စွမ်းအင်မရှိပါက ဝမ်လင်းသည် ၎င်းမန္တာန်များကို သင်ယူနိုင်စွမ်း ရှိမည် မဟုတ်ဘဲ ထိုမန္တာန်များ၏စွမ်းအား အနည်းငယ်ကိုသာ အသုံးပြုနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့်လည်း ချင်းရွှေက ဝမ်လင်းကို ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်စေခဲ့ခြင်း ဖြစ်သလို ဝမ်လင်းအား ကောင်းကင်ဘုံမူလစွမ်းအင် လက်ဆောင်ပေးခဲ့ခြင်းလည်း ဖြစ်ပေ၏။
သို့သော် ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်ခြင်းသည် ဆိုးကျိုးများစွာ ရှိနေသည်။ထို့အတွက် ဝမ်လင်းသည် ဝင်ရောက်ဖို့ မရွေးချယ်ခဲ့ခြင်းပင်။သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံမူလစွမ်းအင် ရှိနေသော်လည်း ၎င်းစွမ်းအင်ကို ပြန်ဖြည့်တင်းနိုင်ဖို့ နည်းလမ်းအများကြီး ရှိမနေပါ။သူက ကောင်းကင်ဘုံကျောက်စိမ်းပြားများထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သော်လည်း သူသည် သူ့ခန္ဓာကိုယ်ထဲပ ကောင်းကင်ဘုံမူလစွမ်းအင်ကို ဖြစ်ပေါ်နိုင်စွမ်း မရှိသေးပေ။
ခေါင်းကြီးကောင်လေးကို သူ့အစေခံအဖြစ် လုပ်ဆောင်စေပြီးနောက် ဝမ်လင်းသည် ကြိုးစားခဲ့သေး၏။သို့သော် အလုပ်မဖြစ်ခဲ့ပေ။ ရွေးချယ်စရာမရှိဘဲ ဝမ်လင်းသည် သူ့၌ရှိသည့် ကောင်းကင်ဘုံမူလစွမ်းအင်များကိုသာ တတ်နိုင်သမျှ ထိန်းသိမ်းထားရန်သာ ရှိတော့၏။
သိပ်မကြာခင်တွင် ဝမ်လင်းသည် ဆယ့်တစ်ခုမြောက်အလွှာသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိိလာ၏။
သည်ဆယ့်တစ်ခုမြောက်အလွှာသည် ကြီးမားလှခြင်း မရှိပေ။ မြေပြင်သည် ညီညာပြန့်ပြူခြင်းမရှိဘဲ ချို့ခွက်များနှင့် ရှိနေ၏။ထိုချိုင့်ခွက်များထဲ၌ အနီရောင်အရည်များ ဖြတ်သန်းစီးဆင်းနေသည်။ဝမ်လင်းအမြင်၌ ၎င်းအရည်များသည် သွေးသင်္ကေတစ်ခုလို ဖြစ်ပေါ်နေပေသည်။
ဆယ့်တစ်ခုမြောက်အလွှာတွင် အနီရောင်အရည် စီးဆင်းသံကလွဲ၍ ဗလာကင်းမဲ့နေသည်။
ယွမ်ချွဲဇီက ဖြည်းဖြည်းချင်း ပြောလာ၏။ ဒီနေရာက စွန့်ပစ်ခံမသေမျိုးကလန်ဘိုးဘေးအမှတ်အသားတွေထဲက တစ်ခုပဲ။ “ဒီနေရာမှာ အလွှာထပ်ပေါင်း (၁၉)ခု ရှိတယ်လို့ ဆိုတယ်။အစောပိုင်းဘိုးဘေးတွေကလွဲလို့ နောက်မျိုးဆက်တွေဟာ အလွှာပေါင်း (၁၆)ခုထိပဲ ရောက်ရှိနိုင်တယ်။နောက်ထပ် သုံးလွှာကိုတော့ ဘယ်သူမှ မရောက်ရှိနိုင်သေးဘူး…”
ဝမ်လင်းသည် ခေါင်းညိတ်ပြ၏။သည့်နောက် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ သူသည် ဆယ့်နှစ်ခုမြောက်အလွှာ ဝင်ပေါက်ကို တွေ့မြင်သွား၏။ဖျပ်ခနဲပင် သူက ထိုဝင်ပေါက်ရှိရာသို့ ဦးတည်သွားသည်။
ဆယ့်နှစ်ခုမြောက်၊ဆယ့်သုံးခုမြောက်၊ဆယ့်လေးခုမြောက်၊ဆယ့်ငါးခုမြောက်၊ဆယ့်ခြောက်ခုမြောက်။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် မည်သည့်အတားအဆီးမှ မရှိဘဲ ဆယ့်ခြောက်ခုမြောက် အလွှာထိ ရောက်ရှိလာသည်။
ဆယ့်ခြောက်ခုမြောက်အလွှာ၏ မြေပြင်ထက်၌လည်း သွေးနီရောင်တတ်တူးများ ရှိနေ၏။သို့သော် ထိုတက်တူးအမှတ်အသားများက ပို၍ ရှုပ်ထွေးနေသည်။၎င်းတို့ကို ကြည့်နေရင်း လူတစ်ယောက်သည် စိတ်ရှုပ်ထွေးလာနိုင်၏။ဝမ်လင်း၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူက သည်နေရာရှိ ခေါင်းတလား(၁၃)ခုကို ကြည့်နေသည်။ခေါင်းတလားတစ်ခုစီပေါ်၌ တလက်လက်တောက်ပနေသော တက်တူးအမှတ်အသားတစ်ခုစီ ရှိနေကြသည်။
သည်အလွှာ၏ ဗဟိုချက်၌ အနက်ရောင်ရေကန်တစ်ခုလည်း ရှိနေ၏။၎င်းက ယင်စွမ်းအင်များကို ပေးစွမ်းနေသည်။တက်တူးအမှတ်အသားများထံမှ ထွက်ပေါ်လာနေသည့် အနီရောင်အရည်များသည် ရေကန်ထဲသို့ စီးဝင်ကာ စက်ဝန်းတစ်ခု ဖြစ်ပေါ်သည်။အနီရောင်အရည်နှင့် ပတ်သတ်၍ ထူးဆန်းသည်က ၎င်းသည် ရေကန်ထဲသို့ ဝင်ရောက်သွားသည့်အခါ အနက်ရောင်အရည်သည် ရေကန်ထဲကနေ ပြန်စီးဆင်း၍ တစ်ဖန် ပြန်နီသွားသည်။
“ဒီနေရာက အတော်လေး စိတ်ဝင်စားစရာပဲ…” ဝမ်လင်းသည် ရေကန်အနားသို့ ရောက်ရှိသွားကာ သေချာကြည့်ရှုသည်။
ယွမ်ချွဲဇီသည် ခဏတာ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ပြောလာ၏။ “အတိတ်တုန်းက သစ်ရွက်ဆယ့်နှစ်ရွက် ဘိုးဘေးကသာ ဝင်ရောက်နိုင်ခဲ့တယ်။ဒီခေါင်းတလားတွေက ငါတို့စွန့်ပစ်ခံမသေမျိုးကလန်ရဲ့ ဘိုးဘေးတွေ အခေါင်း ဖြစ်လိမ့်မယ်။ ပြောကြတာကတော့ ဆယ့်ရှစ်ခုမြောက်အလွှာဟာ ငါတို့ စွန့်ပစ်ခံမသေမျိုးကလန်ရဲ့ မူလအစတဲ့။ ဆယ့်ကိုးခုမြောက်အလွှာကတော့ ငါတို့စွန့်ပစ်ခံမသေမျိုးကလန် ပထမဆုံးဘိုးဘေးရဲ့ ကြွင်းကျန်နေတဲ့ စိတ်ဝိညာဉ်တွေ ရှိတယ်တဲ့။ ရောင်းရင်းကျင့်ကြံသူဝမ်…သင်က ဆယ့်ရှစ်ခုမြောက်အလွှာကို ချိုးဖျက်နိုင်ရင် ငါတို့ရဲ့အတိတ်သမိုင်းကို ကြည့်ရှုပြီး ငါ့ဘိုးဘေးတွေရဲ့ မူလဇစ်မြစ်ကို ငါ နားလည်အောင် ပြောပြပေးပါ…”
သူက ဝမ်လင်းကို ကြည့်နေ၏။အတိတ်တုန်းက ကောင်လေးသည် ပျောက်ရှသွားကာ အခု သူ့ရှေ့ရှိ လူမှာ ဟင်္သာပြဒါးဂြိုဟ်ကို ခြေဖနောင့်တစ်ချက်ဖြင့် အလွယ်တကူ ကိုင်လှုပ်နိုင်သည့် စွမ်းအားကောင်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီ။
လွန်ခဲ့သော ရက်အချို့က သူသည် သည်ကောင်လေး ဝမ်လင်းကို စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် ကူညီပေးခဲ့ခြင်း မရှိခဲ့ပါက သူသည် အခုလိုအဆင့်ကျင့်ကြံသူ အဖြစ်သို့ ရောက်ရှိလာနိုင်၊မလာနိုင် တွေးနေမိခဲ့သေး၏။
ဝမ်လင်းသည် ယွမ်ချွဲဇီကို ကြည့်ကာ ခေါင်းညိတ်ပြ၏။ သူက ယွမ်ချွဲဇီ၏ စိတ်သဘောကို တွေ့မြင်နိုင်သည်လျှင်ပင် သူ့အပေါ်၌ အကြွေးတင်ခဲ့ဖူးသည် မဟုတ်လား။
အနက်ရောင်ရေများမှ ထွက်ပေါ်နေသည့် ယင်စွမ်းအင်သည် ပြင်းထန်လှ၏။၎င်းအပေါ်၌လည်း ချိပ်ပိတ်မှုတစ်ခု ရှိနေသည်။ဝမ်လင်းအမြင်၌ အထည်ဒြပ်ယန်အဆင့်၏ အထွတ်အထိပ် ရောက်နေလျှင်ပင် သည်ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ဟု ထင်မြင်မိသည်။
သည့်အပြင် ထိုချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ရန် သွေးမျိုးဆက်လည်း လိုပေဦးမည်။လူတစ်ယောက်သည် စွန့်ပစ်ခံမသေမျိုးကလန်၏ သွေးမျိုးဆက် မရှိပါက အထဲသို့ ဝင်ရောက်ရန် ခက်ခဲပေလိမ့်မည်။
“ဆယ့်ခုနစ်ခုမြောက်အလွှာကို ဘယ်သူမှ မဝင်ရောက်နိုင်သေးတာ အံ့အားသင့်စရာတော့ မရှိဘူးပဲ။ ဒီလိုချိပ်ပိတ်မှုမျိုးက သာမန်ကျင့်ကြံသူတစ်ယောက် ဖွင့်လှစ်နိုင်တဲ့အရာ မဟုတ်လေဘူး…” ဝမ်လင်းက အနက်ရောင်ရေကန်ကို စူးစိုက်ကြည့်နေရင်း စဉ်းစားနေ၏။သူက သည်နေရာသို့ ရောက်လာရသည့် ကိုယ်ပိုင်အကြောင်းရင်းများ ရှိပြီး ဖြစ်သည်။
ထိုအကြောင်းရင်းမှာ ဝမ်လင်းနှင့်တိုက်ခိုက်စဉ် ယောင်မိသားစုဝင်တစ်ယောက် ထုတ်ဖော်အသုံးပြုခဲ့သော အဝါရောင်အဆောင်ပင် ဖြစ်ချေ၏။ ထိုအဆောင်အတွင်း၌ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို လုံးဝ ချိပ်ပိတ်နိုင်သည့် ဆန်းကြယ်လှသောစွမ်းအား တစ်ခု ပါဝင်နေပေသည်။
ယနေ့အချိန်တွင်ပင် ဝမ်လင်းက ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းစွာ ပြန်မှတ်မိသေး၏။သူ့ထံ၌လည်း ထိုအဆောင်မျိုး တစ်ခုထက်ပို ကျန်ရှိနေသေးသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက တည်ငြိမ်စွာ ဆို၏။ “ခေါင်းကြီးကောင်လေး…မင်းစွမ်းအားအားလုံးကို အသုံးပြုပြီး ဒီရေကန်ထဲမှာ မင်းရဲ့ အားအကောင်းဆုံး ကောင်းကင်ဘုံမန္တာန်ကို ထုတ်ဖော်လိုက်ပါ…”
ခေါင်းကြီးကောင်လေးက အချိန်ဖြုန်းမနေပါ။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်တို့မှာ စတင် လှုပ်ရှားလာ၏။ကောင်းကင်ဘုံမူလစွမ်းအင် မုန်တိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ထံကနေ ပေါက်ကွဲထွက်လာပြီး ဖိအားတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ထိုဖိအားကို ပထမဆုံးတောင့်မခံနိုင်သည့်သူမှာ ယွမ်ချွဲဇီပင်။သူက နောက်သို့ အလိုလို ဆုတ်မိသွား၏။သူ့မျက်နှာသည် ဖြူရောသွားသည်။သူ့စိတ်ဝိညာဉ်ထဲမှ နာခံရန် စေ့ဆော်သည့် အားတစ်ခု ထွက်ပေါ်လာသည့်အလား။သူသာ ထိုစွမ်းအားကို ငြင်းဆန်တောင့်ခံပါက သူ့ခန္ဓာကိုယ်သည် ဆုတ်ပြဲသွားနိုင်ပေသည်။
ထိုဖိအားအောက်၌ ယွမ်ချွဲဇီသည် မာန်သွင်း၏။ သူ့မျက်နှာပေါ်၌ သွေးကြောများ ဖောင်းကြွလာသည်။သူက ရုန်းကန်နေရသည်။
ကံကောင်းစွာဖြင့် ခေါင်းကြီးကောင်လေးသည် ယွမ်ချွဲဇီကို ပစ်မှတ်ထားခြင်း မဟုတ်နေခြင်းပင်။ထို့ကြောင့် သူက ရုန်းကန်ခွင့် ရနေ၏။ခေါင်းကြီးကောင်လေးသည် ကောင်းကင်ဘုံမူလစွမ်းအင်ကို လှည့်ပတ်နေရင်း သူသည် သူ့ခေါင်းထက်သို့ ညွှန်သည်။သူ့ခေါင်းသည် ချက်ခြင်းပင် နှစ်ဆကြီးမားလာကာ အနီရောင်အရွတ်များ ပျံသန်းထွက်လာပြီး အနက်ရောင်ရေကန်ထဲ၌ ဖိအားတစ်ခုကို ဖန်တီးသည်။
ရေကန်ထဲ၌ ကျယ်လောင်စွာ ပေါက်ကွဲသွားကာ လှိုင်းများ ဖြစ်ပေါ်ပြီး ဖြည်းဖြည်းချင်း စတင် လှည့်ပတ်လာသည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက ထိုရေကန်ထဲမှ ချိပ်တံဆိပ်ကို တွေ့မြင်ခဲ့ပြီး ဖြစ်ကာ ခေါင်းကြီးကောင်လေး၏ တိုက်ခိုက်မှုအောက်၌ ၎င်းချိပ်တံဆိပ်မှာ ပျက်စီးမည့် အရိပ်လက္ခဏာများ ပြသလာသည်။ ၎င်းချိပ်ပိတ်မှုများက ပျောက်ကွယ်ခါနီး၌ ဝမ်လင်းသည် သူ့လက်ချောင်းများဖြင့် ဓားအသွင် ဖြစ်ပေါ်စေသည်။ထို့နောက် သူ့မျက်လုံးထဲ၌ မိုးကြိုးတို့ ပြည့်နှက်လာကာ ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးသည် သူ့လက်ချောင်းထံသို့ စုဝေးလာသလား မှတရသည်။သူက ရှေ့သို့ တိုးကာ ရေကန်ထံသို့ လက်ညွှန်သည်။
ဝမ်လင်း၏ လက်ချောင်းထံမှ မိုးကြိုးတန်းမြောက်များစွာသည် နဂါးများအလား ရေကန်ထံသို့ ပျံသန်းတိုးဝင်သွားလေ၏။ ဆယ့်ခြောက်ခုမြောက်အလွှာ၏ ကြမ်းပြင်ထက်၌ အက်ကြောင်းများစွာ ပေါ်လာတော့သည်။ထိုအက်ကြောင်းများထံမှ ယင်စွမ်းအင်အမြောက်အများ ထွက်ပေါ်နေသလို ရေကန်ထဲ၌လည်း လှိုင်းထန်နေလေ၏။ရေကန်သည် လေထဲသို့ မြင့်တက်လာရင်း ရွှေ့လျားနေသော မိုးကြိုးများအတွင်း၌ အနက်ရောင်တက်တူးတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။
ထိုတက်တူးမှာ ရှုပ်ထွေးလွန်းလှပေ၏။၎င်းက သိပ်သည်းလှကာ ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ မဖြစ်နိုင်လှပေ။ သို့သော် ဝမ်လင်းသည် ထိုအရာကို ဂရုမစိုက်ပေ။ သူက ချိပ်တံဆိပ်ကို လေ့လာလိုခြင်းမဟုတ်၊ အားနှင့် အတင်းဖျက်စီးပစ်လိုခြင်းသာ။
***