အဆင့်လေးကျင့်ကြံခြင်းနိုင်ငံ ဟော်ဖန်။
နန်းဝတ်နန်းစားနှင့် လှပလွန်းသည့် အမျိုးသမီးတစ်ဦးသည် စစ်နတ်ဘုရားခန်းမတွင် ထိုင်နေ၏။ထိုအမျိုးသမီးသည် စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်တွင် ရှိနေ၏။ သူမဘေးနားတွင် ကောင်းကင်ဘုံကျောက်စိမ်းပြားများ ချထားသည်ကို ကြည့်ခြင်းအားဖြင့် သူမသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် တာဆူကြိုးစားနေသည်ကို သိနိုင်သည်။
သူမရှေ့၌ လူငယ်တစ်ယောက် ရှိနေသည်။သူက လူငယ်ဟုသာ ဆိုသော်လည်း သူထံကနေ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေသည်။သူသည်လည်း စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်တွင် ရှိ၏။ အမျိုးသမီးကို ကြည့်နေရင်း သူက သက်ပြင်းချကာ ဆိုသည်။ “ဂျူနီယာညီမလေးကျိုး…ငါတို့နှစ်ယောက်စုပ်ယူဖို့အတွက် လုံလောက်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား မရှိဘူး။နင် အရင်ဆုံး လုပ်ပါ။နင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ခဲ့ရင် ငါတို့ရဲ့ ဟော်ဖန်နိုင်ငံကို တိုးတက်အောင် လုပ်ပေးမယ်လို့ ကတိပေးပါ…”
အမျိုးသမီးက တိတ်ဆိတ်စွာ စဉ်းစားနေသည်။ခဏအကြာတွင် သူမက ထိုအမျိုသားကို ကြည့်ကာ နူးညံ့စွာ ပြော၏။ “စီနီယာအစ်ကိုယန်…ငါ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ရင် ငါတို့နှစ်ယောက် ကျင့်ကြံခြင်းစုံတွဲ ဖြစ်လာနိုင်တယ်…” သူမက ထိုသို့ ပြောနေရင်း သက်ပြင်းချမိ၏။ အချို့အကြောင်းများကြောင့် သူမသည် အတိတ်က လူတစ်ယောက်အကြောင်းကို ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။
အမျိုးသားဖြစ်သူက ခါးသက်စွာပြုံး၍ ခေါင်းယမ်းသည်။ “ငါ့မှာ သက်တမ်းအများကြီး မကျန်တော့ဘူး။ ဒါ့ကြောင့် နင် ဒီလိုလုပ်ဖို့ မလိုဘူး။ဒါက ငါ့ကိုယ်ပိုင်ဆန္ဒကြောင့်သာ လုပ်ပေးတာပါ…။ဒါ့အပြင်…သူက ဟင်္သာပြဒါးဂြိုဟ်ကို ပြန်ရောက်လာပြီလို့ ငါ ကြားခဲ့တယ်…”
သူတို့နှစ်ယောက်သည် စဉ်းစားနေရင်း လူတစ်ယောက်သည် ခန်းမထဲ၌ တိတ်တဆိတ် ပေါ်လာလေ၏။
“ယန်ရှောင်၊ကျိုးဇီဟွန်…မင်းတို့နှစ်ယောက် ဘယ်လို ရှိနေကြတာလဲ…” ခပ်ဆွေးဆွေးအသံတစ်ခုသည် ခန်းမထဲ၌ ပဲ့တင်ထပ်လာ၏။အမျိုးသားနှင့်အမျိုးသမီး ဖြစ်သူတို့သည် မင်သက်သွားကာ မော့ကြည့်လာကြသည်။
ဝမ်လင်းသည် သူနှင့်ရင်းနှီးသည့်နှစ်ယောက်ကို ကြည့်နေမိ၏။ ထိုအရာမှာ အတိတ်တုန်းက ပြင်ပတိုက်ပွဲနယ်မြေ၌ သူတို့အား ပေးခဲ့သာ စိတ်ဝိညာဉ်အရည်ကြောင့်သာ ဖြစ်လေ၏။
“ဝမ်လင်း…”
ဝမ်လင်းက ပြုံး၍ သူတို့နှစ်ယောက်ကို ကြည့်၏။ သို့သော် သူက စကားအများကြီး မဆိုခဲ့ပေ။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံကျောက်စိမ်းပြားမြောက်များစွာသည် ပျံသန်းထွက်လာရင်း ခန်းမထဲ၌ ပြည့်နှက်သွားသည်။
“မင်းတိုနှစ်ယောက် ချီနှောင်ကြပါ။ ဒါက မင်းတို့အတွက် ငါ့ရဲ့ လက်ဆောင်တစ်ခုလို ယူဆနိုင်တယ်….” ဝမ်လင်း၏အသံထဲ၌ စိတ်ရင်းအတိုင်း ပေါ်လွင်နေသည်။
ဘီလူးနတ်ဆိုးကလန်က ထိန်းချုပ်ထားသည့် အဆင့်ငါးကျင့်ကြံခြင်းနိုင်ငံ။ချီဟူ၏အသွင်သည် များစွာ ပြောင်းလဲမသွားပေ။ သို့သော် ခုချိန်၌ သူ့ထံကနေ ရှေးဟောင်းအငွေ့အသက်ကို ပေးစွမ်းနေသည်။ဘီလူးနတ်ဆိုးကလန်ဝင်များ၏ သက်တမ်းသည် သာမန်ကျင့်ကြံသူများထက် များစွာပို၏။ ချီဟူသည် ဘီလူးနတ်ဆိုးကလန်၏ ဦးစီးဦးဆောင်တစ်ယောက် ဖြစ်နေခဲ့ပေပြီ။
သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။ သို့ရာတွင် သူ့အားကောင်းသောခန္ဓာကိုယ်နှင့်သွေးမျိုးဆက်စွမ်းရည်တို့ကြောင့် သူသည် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများကိုပင် ယှဉ်တိုက်ခိုက်ဝံ့ပေသည်။သည်နှစ်ပေါင်းရာချီအချိန်အတွင်း ချီဟူသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ အဆင့်တစ်ခု ရရှိလာ၏။ဘီလူးနတ်ဆိုးကလန်သည် ဟင်္သာပြဒါးဂြိုဟ်၏ အားတစ်ခုပင်။
အချိန်က သူ့တွင် သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးသည်အား မတိုက်စားသွားနိုင်ခဲ့ပေ။ သူ့အဆင့်အတန်းဖြင့် သူသည် ဝမ်လင်း ပြန်ရောက်လာခဲ့သည်ကို သိနေပေ၏။
သူက ဝမ်လင်းနှင့်ခေါင်းကြီးကောင်လေးတို့ကြား တိုက်ပွဲကိုပါ တွေ့မြင်ခဲ့သေး၏။သူ့စိတ်ထဲ၌ ရှုပ်ထွေးမှုတို့ ရှိနေသည်ကို ခံစားနေမိသည်။
သည်နေ့တွင် သူက ကျင့်ကြံနေရင်း ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့ခန္ဓာကိုယ်သည် တုန်ခါသွားသည်။သူ့ရှေ့၌ သူ့အား ကြည့်နေသော ဝမ်လင်း၏ပုံရိပ် ထွက်ပေါ်လာလေ၏။
“အစ်ကိုချီဟူ…မတွေ့ရတာ အတော်ကြာပြီ…”
“စန်နူး(ဝမ်လင်း)…” ချီဟူက ဝမ်လင်းကို ကြည့်နေရင်း သူ့အသွင်က ခါးသီးဟန် ဖြစ်ပေါ်နေ၏။ သူက အချိန်အတန်ကြာသည့်အထိ စကားမဆိုနိုင် ဖြစ်ရသည်။
“အတိတ်က အကြောင်းတွေ ထပ်ပြောမနေပါနဲ့တော့…” ဝမ်လင်းသည် ထိုသို့ ပြောနေရင်း သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာ ပျံသန်းထွက်လာကာ တောင်အငယ်စားပမာဏလောက် ပုံသွားသည်။ တစ်ချိန်တည်းမှာသူက လိုင်ဂျီ၏သွေးပါဝင်သည့် ပုလင်းငယ်တစ်ခုကို ထုတ်ပေးသည်။
“ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက အစ်ကိုချီ အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ အကူအညီ ဖြစ်အောင်။ ဒီပုလင်းငယ်ထဲမှာတော့ အစ်ကိုချီရဲ့ ဘီလူးနတ်ဆိုးကလန်ဘိုးဘေးရဲ့ သွေးစက်ပါဝင်တယ်။ဒါက အစ်ကိုချီရဲ့ သွေးမျိုးဆက်စွမ်းရည်ကို အကူအညီပေးနိုင်လိမ့်မယ်။ နှုတ်ဆက်ပါတယ်…ချီဟူ…”
ဝမ်လင်းသည် သက်ပြင်းချကာ ပြန်ထွက်ခွာလာ၏။
ချီဟူသည် ဝမ်လင်းပျောက်ကွယ်သွားသည့်နေရာကို ကြည့်နေမိသည်။ သူ့မျက်လုံးထဲရှိ ရှုပ်ထွေးမှုသည်လည်း ပိုပြင်းထန်လာသည်။
နတ်ဆိုးပင်လ်၏ အရိုးစုများ ပြည့်နေသော နေရာတစ်ခုတွင် လူအိုကြီးတစ်ယောက် ရှိနေ၏။ သူက စိတ်ဝိညာဉ်ပုံစုံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်ပင်။သည်အခိုက်၌ သူသည် ယင်စွမ်းအင်အမြောက်အများကို စုပ်ယူကာ သူ့မျက်နှာထက်၌ နာကျင်နေသည့်ပုံ ဖြစ်ပေါ်နေသည်။
သူ့မျက်နှာထက်ရှိ သွေးကြောများသည် ဖောင်းကြွနေကာ အနီရောင်ကြောင်းများ ပေါ်နေသည်။ သူက ယင်စွမ်းအင်ကို စုပ်ယူနေရင်း ၎င်းအရေးကြောင်းများကို ဖိနှိပ်ထားသည်။
အချိန်အတန်ကြာပြီးနောက် သူသည် သက်ပြင်းရှည်မှုတ်ထုတ်လာသည်။ သူ့မျက်နှာထက်၌ ပင်ပန်းသည့်ပုံ ဖြစ်ပေါ်နေကာ ချွေးများစိုရွှဲနေ၏။
“ကြက်သွေးရောင်ဘိုးဘေး…ငါ လီချီချင်း လက်စားပြန်မချေနိုင်ရင် ငါဟာ လူမဟုတ်တော့ဘူး…” သူ့မျက်နှာထက်၌ အမုန်းတရားတို့ ပြင်းထန်စွာ ရှိနေခြင်းအား သိုဝှက်ထား၏။
သူ့ပတ်လည်ရှိ ပေတစ်ထောင်အတွင်း၌ အပြာရောင်ခပ်ဖျော့ဖျော့ စက်ဝန်းတစ်ခု ရှိနေသည်။သူ့ကျင့်ကြံမှုအဆင့်သည် နတ်ဆိုးပင်လယ်၏ အချို့သားရဲများကို စွဲဆောင်နေ၏။ထိုသားရဲများ အလျင်အမြန် သူရှိရာသို့ နီးကပ်လာကြသည်။သို့သော် ၎င်းသားရဲတို့သည် အပြာရောင်စက်ဝန်းနှင့် ထိမိသည့်အခါ နာကျင်ထိတ်လန့်စွာ အော်ဟစ်ကုန်ကြရသည်။
သူတို့၏ခန္ဓာကိုယ်သည် မြန်ဆန်စွာ ခြောက်သွေ့ကုန်ကြသည်။သည်အခိုက်အတန့်၌ အဘိုးအို၏ မျက်လုံးသည် ရုတ်တရက် ဖွင့်လာသည်။သူ့ခန္ဓာကိုယ်မှာ ဖျပ်ခနဲ လှုပ်ရှားသွား၏။သည့်နောက် သူက သားရဲတစ်ကောင်နားတွင် ပေါ်လာကာ ၎င်းကို ဖမ်းယူ၏။ သည့်နောက်ထိုသားရဲကို လည်ပင်းကနေ ဖမ်းဆုပ်ကာ ကြမ်းကြုတ်စွာ စုပ်ယူပစ်သည်။
ထိုသားရဲ၏ခန္ဓာကိုယ်သည် မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့်နှုန်းဖြင့် ခြောက်သွေ့ကာ မံမီ ဖြစ်သွားတော့သည်။အဘိုးအို၏ခန္ဓာကိုယ်က ဖျပ်ခနဲ နောက်ထပ် သားရဲတစ်ကောင်နားသို့ ရောက်သွားပြန်သည်။သည်လိုနည်းဖြင် သူက သိပ်မကြာခင်တွင် သားရဲအားလုံးကို သေဆုံးသွားစေတော့သည်။
အဘိုးအို၏မျက်နှာသည် အနည်းငယ် နီမြန်းလာသည်။သူ အသက်ဝဝရှုသွင်းကာ သူကျင့်ကြံနေသည့် နေရာသို့ ပြန်သွားသည်။သူက နတ်ဆိုးပင်လယ်ထက်သို့ ကြည့်လိုက်၏။ သူ့အကြည့်ထဲ၌ ပြင်းထန်သည့်အမုန်းတရားတို့ ပါရှိနေသည်။
“ကြက်သွေးရောင်ဘိုးဘေး…မင်းသာ ငါ့ညီမနောက်ကို လိုက်လံမသတ်ဖြတ်ခဲ့ရင် သူမက ဘယ်လိုလုပ် ဝမ်လင်းနဲ့ ဆုံတွေ့မိမှာလဲ…”လီချီချင်းသည် လီမူဝမ်၏ အစ်ကို ဖြစ်သလို သူမ၏ တစ်ဦးတည်းသောမိသားစုဝင်ပင်။
သည်ကြက်သွေးရောင်ဘိုးဘေးသည် လီမူဝမ်နောက်သို့ အမဲလိုက်ခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ထိုလူ့အပေါ် လီချီချင်း၏ အမုန်းတရားသည် အင်မတန် ပြင်းထန်သည်။သူက ကြက်သွေးရောင်ဘိုးဘေးသည် နတ်ဆိုးပင်လယ်သို့ ရောက်လာသည်ဟု သိသဖြင် လီချီချင်းက သည်နေရာသို့ တိတ်တဆိတ် ရောက်လာခဲ့ခြင်း ဖြစ်၏။မူလတုန်းက သူသည် လက်စားချေရန် ရည်ရွယ်ထားခဲ့ခြင်းပင်။သို့သော် သူ့ကျင့်ကြံမှုသည် လုံလောက်အောင် မြင့်မားခဲ့ခြင်းမရှိသည့်အတွက် သွေးစာလုံးတစ်ခု၏ သက်ရောက်မှုကိုပင် ခံခဲ့ရသည်။ခုချိန်၌ သူက သေသည်ထက် အသက်ရှင်နေခြင်းက ပိုကောင်းသေးသည်ဟု တွေးထင်ထားခဲ့ကာ ရှောင်နေခဲ့၏။သို့သော် သူ့အမုန်းတရားသည် ပို၍ပင် ပြင်းထန်လာခဲ့၏။
သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူက ထိုသွေးစာလုံး အသက်ဝင်တိုင်း ကြက်သွေးရောင်ဘိုးဘေးသည် သူ့တည်နေရာကို သိနိုင်သည်ဟု သိထား၏။ ထို့ကြောင့် သူက အလျင်အမြန် ထွက်ခွာရန်လိုသည်။ သို့သော်လည်း သူ့မျက်လုံးသူငယ်အိမ်က ရုတ်တရက် ကျုံ့သွား၏။ သူက ရှေ့တည့်တည်သို့ စူးစိုက်ကြည့်နေမိသွားသည်။
သူက သူနှင့်ပေနှစ်ဆယ်လောက်အကွာရှိ ဝမ်လင်း၏ပုံရိပ်ကို တွေ့မြင်သွားသည်။ဝမ်လင်းသည် ထိုအဘိုးအိုအား ရှုပ်ထွေးသောစိတ်ခံစားချက်နှင့် ကြည့်နေလေသည်။
လီချီချင်းသည် ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။အချိန်အတန်ကြာပြီးသည့်နောက် သူ့ခန္ဓာကိုယ်သည် ဆတ်ခနဲ ဖြစ်သွားကာ သူ့မျက်လုံးထဲ၌ မယုံနိုင်ဟန်တို့ ဖြစ်ပေါ်လာသည်။သူက နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်သွားမိကာ အော်ပြောလိုက်မိ၏။ “မင်းက ဘာကောင်လဲ…”
သူက ဝမ်လင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာက တွေ့မြင်ဖူး၏။ သည်နှစ်ပေါင်းရာချီအတွင်း သူသည် ဝမ်လင်း၏ ရုပ်တုကိုလည်း တွေ့မြင်နေခဲ့ရပေသည်။ထို့ကြောင့် သူသည် ဝမ်လင်းကို မသိရှိနိုင်သည်မှာ မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။သို့သော် ဝမ်လင်းကို ရုတ်တရက် တွေ့မြင်လိုက်ရခြင်းက သူ့စိတ်ကို တုန်ယင်သွားစေသည်။
သူက ဝမ်လင်း ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ပြန်ရောက်ရှိလာသည်ကိုလည်း မသိထားခဲ့ပေ။
ဝမ်လင်းက စဉ်းစားနေရင်း သူ့သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဖယ်ကြဉ်ခြင်း ခေါင်းတလားကို ထုတ်ယူလိုက်၏။ လီမူဝမ်သည် ထိုခေါင်းတလားထဲ၌ လှဲလောင်းနေကာ သူမမျက်နှာပေါ်၌ အပြုံးတစ်ခု ရှိလို့နေဆဲပင်။
လီချီချင်းက ခေါင်းတလားကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သည်အခိုက်၌ သူ့ရှေ့ရှိ အရာအားလုံးသည် ပျောက်ကွယ်သွားကာ သူ့ညီမရှိနေသည့် ခေါင်းတလားတစ်ခုသာ တည်ရှိသည်ဟု ထင်ရသည်။သူက သူမကို နှစ်ပေါင်းရာချီကြာသည့်အထိ မတွေ့မြင်ခဲ့ရတော့ပေ။ သူ့ တစ်ဦးတည်းသော ချစ်လှစွာသော…
“ညီမလေး…” လီချီချင်း၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာ၏။သူ့မျက်လုံးထဲရှိ ကြမ်းကြုတ်ရက်စက်မှုသည် ထိုအခိုက်၌ ကွယ်ပျောက်သွားကာ မိသားစုချစ်ခြင်းမေတ္တာသည် အစားထိုးဝင်ရောက်နေ၏။
“အဖေနဲ့အမေ မသေဆုံးခင် သူတို့က ညီမလေးကို စောင့်ရှောက်ဖို့ ငါ့ကို ကတိတောင်းခဲ့ကြတယ်။အစ်ကိုကြီးက သောက်သုံးမကျတော့ ငါ့ညီမလေးကို စောင့်ရှောက်နိုင်စွမ်း မရှိခဲ့ဘူး…” ခေါင်းတလားထဲရှိ အမျိုးသမီးကို ကြည့်နေရင်း လီချီချင်း၏မျက်နှာထက်၌ ဝမ်းနည်းမှုနှင့် ပြည့်နေ၏။ သူ့နှလုံးသားသည် နာကျင်နေရလေသည်။
ဝမ်လင်းသည် စကားမဆိုဘဲ တိတ်ဆိတ်စွာသာ ဘေးကနေ ရပ်နေ၏။
အချိန်သည် ကုန်ဖို့ နှေးလွန်းလှရာ ထာဝရဟုပင် ထင်မှတ်ရသည်။အတွေးများစုံသည် လီချီချင်း၏စိတ်ထဲ၌ ဝင်ရောက်နေသည်။သူက ခေါင်းတလားဘေး၌ ထိုင်ကာ သူ့ညီမလေးကို ကြည့်နေလေသည်။
သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ ဓားစွမ်းအင်တန်းသုံးခုသည် ရောက်ရှိလာ၏။ရှေ့ဆုံးရှိ ဓားစွမ်းအင်သည် အနီရောင်ရှိကာ အဘိုးအိုတစ်ယောက်သည် ၎င်းအပေါ်၌ ရပ်နေသည်။ထိုလူမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်ပင်။သူ့မျက်နှာထက်၌ မောက်မာမှုနှင့် ပြည့်နေ၏။ သူ့နောက်ရှိ သက်လတ်ပိုင်းလူနှစ်ယောက်သည် အဘိုးအိုကို လေးစားသည့်ဟန်ပန်နှင့် ရှိနေကြသည်။
“လီချီချင်း…မင်း အခု ဘယ် ထွက်ပြေးမလဲ ငါ မြင်ချင်မိတယ်…” အဘိုးအိုသည် အနားသို့ တိုးကပ်လာရင်း နှာခေါင်းရှုံ့၏။ သူက ချက်ခြင်းပင် လီချီချင်းနှင့် လီမူဝမ်ရှိနေသော ခေါင်းတလားကို တွေ့မြင်သွား၏။ သူတို့နှင့်အတူ ဝမ်လင်းကိုပါ တွေ့မြင်သွားသည်။
ထိုထူးဆန်းသောမြင်ကွင်းက သူ့အား ရပ်တန့်သွားစေသည်။သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူက ခေါင်းတလားကို သေချာကြည့်မိသည့်အခါ ၎င်းအတွင်းမှ ထွက်ပေါ်နေသော မြောက်များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သတိပြုမိသွားသည်။သူ့မျက်လုံးထဲ၌ လောဘတက်မှု ချက်ခြင်း ဖြစ်ပေါ်လာသည်။
သို့သော် သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်သွားချိန်၌ သူသည် ချက်ခြင်း မင်သက်သွားသည်။သူက သည်လူ့ကို သိမြင်ဖူးသလို ခံစားမိသည်။သူက စဉ်းစားနေစဉ်မှာပင် ဝမ်လင်းက သူ့အား အေးစက်စွာ ကြည့်နေ၏။
ထိုအကြည့်သည် အဘိုးအို၏စိတ်ကို ပြင်းပြင်းထန်ထန် တုန်ယင်စေသည်။သူ့ခြေထောက်အောက်ရှိ ဓားစွမ်းအင်ပင် ပျက်စီးသွားကာ သူက နောက်သို့ သွေးအန်ရင်း အလိုလို ဆုတ်မိသည်။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ကြီးစိုးလာသည်။သို့သော် သည်အခိုက်၌ သူသည် ဝမ်လင်းကို မှတ်မိသွားပေပြီ။
“ဝမ်…ဝမ်လင်း…” အဘိုးအိုသည် ပင့်သက်ရှိုက်မိသည်။ သူက သူ့စဉ်းစားဉာဏ်ပင် ဆုံးရှုံးသွားကာ ထွက်ပြေးဖို့သာ ပြင်တော့၏။ သူက ပြေးနေစဉ်မှာပင် သူ့တပည့်နှစ်ယောက်ကို ဖမ်းဆွဲကာ ဝမ်လင်း၏နောက်ကလိုက်လံမှုအား တားဆီးနိုင်ရန် အလို့ငှာ နောက်သို့ ပစ်လွှတ်လိုက်၏။ သူက တုံ့ဆိုင်းခြင်းမရှိ အော်ပြောလိုက်သေးသည်။ “ပေါက်ကွဲစမ်း…”