ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ တော်ဝင်ဝမ်အင်ပါယာနန်းတော်တွင် ဝမ်မိသားစုဝင်များသည် ရင်ပြင်ထက်၌ စုဝေးနေကြသည်။ သူတို့အားလုံးသည် မြေပြင်ထက်၌ ဒူးထောက်ထားကာ သူတို့အသွင်သည် စိတ်လှုပ်ရှားဟန်ဖြစ်လိုက်၊ကြောက်ရွှံ့မှုဖြစ်လိုက်နှင့် ရှိနေကြသည်။
လုံးဝတိတ်ဆိတ်ငြိမ်သက်နေသည်။
သူတို့ရှေ့၌ အင်ပါယာဘိုးဘေးခန်းမ ရှိ၏။ ထိုခန်းမထဲ၌ မရေမတွက်နိုင်သော ကျောက်ပြားများ ချိတ်ဆွဲထားသည်။၎င်းကျောက်ပြားများသည် ရိုးစင်းစွာသာ ရှိ၏။
ဝမ်လင်းသည် ဘိုးဘေးခန်းမအပြင်ဘက်တွင် မားမားရပ်နေကာ တုန်ကင်ပြားတစ်ခုစီပေါ်ရှိ သူနှင့် စိမ်းနေသည့် နာမည်များကို ကြည့်နေသည်။ နောက်ဆုံးတွင် သူသည် ထိပ်ဆုံးပိုင်းရှိ ကျောက်ပြားပေါ်၌ ဘိုးဘေးဝမ်ကျောက် ဟူသည့် နာမည်တစ်ခု ရေးထွင်းထားသည်ကို တွေ့လိုက်ရသည်။
ဝမ်လင်းသည် အတိတ်တုန်းက ဝမ်ကျောက်နှင့် ပတ်သတ်သည့် မြင်ကွင်းများကို တဖျပ်ဖျပ် မြင်ယောင်မိ၏။
ခုချိန် သူပြန်ရောက်လာသည့်အခါ၌ သူတို့နှစ်ယောက်သည် ကွဲကွာခဲ့ရလေပြီ။
ဝမ်ကျောက်သည် ဝမ်လင်းအပေါ်ထားသည့် သူ့ကတိကို တည်၏။သူက ဝမ်လင်း ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ရန်အတွက် သူ့သက်တမ်းကုန်ဆုံးချိန်ထိ ဝမ်မိသားစုမျိုးဆက်များကို စောင့်ရှောက်ပေးခဲ့ပေသည်။
ဝမ်လင်းသည် သက်ပြင်းချမိ၏။သူက ဟင်္သာပြဒါးဂြိုဟ်သည် သူပြန်ရောက်လာသည့်အခါ၌ အတော်လေး မရင်းနှီးသလို ခံစားမိသည်။ သူ့ကိုယ်ပိုင်မျိုးဆက်များ ရှိရာသို့ ရောက်လာချိန်တွင်ပင် သူ့အတွက် ထွေးထူထူခံစားမှု မဖြစ်မိပေ။
သူ့စိတ်ထဲ၌ ရှိသည့် တစ်ခုတည်းသောအရာမှာ ဝမ်းနည်းနာကျင်မှုပင်။
ပထမဆုံးအကြိမ်အဖြစ် အချိန်မြစ်ရေသည် အတိတ်မှ သူ့မှတ်ဉာဏ်များကို တိုက်စားသွားခဲ့သည်နှင့်တူ၏။
ဘိုးဘေးခန်းမအပြင်ဘက်၌ ဝမ်မိသားစုမျိုးဆက်များသည် အသက်ပင် ရဲရဲမရှုဝံ့ကြပေ။သူတို့၏ နှလုံးခုန်သံက မြန်ဆန်နေ၏။သူတို့က သူတို့၏ ဘိုးဘေးကို သေချာ ကြည့်မိနေကြသည်။
ဝမ်မိသားစုမျိုးဆက်များ၏ ရှေ့၌ အကြီးအကဲ ရှစ်ယောက် ရှိလေ၏။သူတို့သည်လည်း ဒူးထောက်နေကြသည်။ သူတို့က ဝမ်လင်းကို တိတ်ဆိတ်စွာ ကြည့်နေရင်း သူ့ထံမှ အချိန်ကာလနှင့်ဝမ်းနည်းမှုတို့ကို ခံစားမိနိုင်ကြသည်။
ဝမ်လင်းအကြည့်က ကျောက်ပြားစင်ပေါ်ရှိ ကျောက်ပြားတစ်ခုပေါ်သို့ ကျရောက်သွားသည်။ထိုကျောက်ပြားပေါ်၌ ဘိုးဘေးဝမ်ယုဟု ရေးထွင်းထားလေ၏။
ဝမ်လင်းသည် သည်နာမည်နှင့်ပတ်သတ်၍ ခပ်ရေးရေး မှတ်မိသည်။ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် စွန့်ပစ်ခံမသေမျိုးကလန်နှင့် စစ်ပွဲအတွင်း သူတို့က ကျင့်ကြံနိုင်စွမ်းရှိသည့် ကလေးငယ်များကို လိုက်လံဖမ်းဆီးခဲ့ကြသည်။ထိုအဖမ်းစီးခံရသည့် သူများထဲ၌ ဝမ်ယုသည် တစ်ယောက်ပါဝင်သည်။
“ဒီကလေးရဲ့ သက်တမ်းလုံး အဆုံးသပ်သွားခဲ့ပြီပေါ…” ဝမ်လင်း ပတ်လည်ရှိ ဝမ်းနည်းမှုသည် ပို၍ပင် အားကောင်းလာ၏။သူက သူ့စိတ်ထဲ၌ ရှုပ်ထွေးလွန်းနေသည်။မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းရာချီ ကုန်လွန်သွားခဲ့သည် မဟုတ်လား။ အတိတ်နှင့်ယှဉ်ပါက အချိန်သည် အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပေသည်။ သူနှင့်သိသည့် လူတစ်ယောက်ကို ရှာဖို့ပင် ခုချိန်၌ အလွန်ခက်ခဲလွန်းလှချေ၏။
သူက စဉ်းစားနေရင်း နောက်လှည့်ကာ ဘိုးဘေးခန်းမထဲကနေ လှမ်းထွက်လာ၏။ ရင်ပြင်ထက်၌ ဒူးထောက်နေကြသူများကို ကြည့်နေရင်း ထိုသူများအားလုံးသည် သူ့သွေးမျိုးဆက် ပါဝင်ကြသော်လည်း သူက သူ့အမျိုးအဆွေများဟုပင် မခံစားမိတော့ပေ။
“အခု မင်းတို့အားလုံးဟာ မင်းတို့ကိုယ်တိုင်သာ ဖြစ်တော့တယ်။ကျင့်ကြံသူတွေက သေမျိုးကမ္ဘာမှာ ဆက်ပြီး ဝင်ရောက်ပတ်သတ်ခွင့် မရှိတော့ဘူး။ တော်ဝင်ဝမ်နိုင်ငံတော်အတွက်တော့ တစ်ယောက်ယောက်အသတ်ခံရရင် မင်းတို့က ဒါက မှတ်သားထားနိုင်တယ်…”
“မင်းတို့အားလုံးက သတ်ဖြတ်၊ရက်စက်ခြင်းကို ပြုခဲ့ကြမယ်ဆိုရင် ဒီချမ်းသာကြယ်ဝမှုဟာ မလိုအပ်တော့ဘူး။ အတိတ်တုန်းက မကျေမချမ်းမှုက မင်းတို့အပေါ် သက်ရောက်ခြင်း ခံခဲ့ရလို့ ဒီလိုတွေ ဖြစ်ပျက်ခဲ့ရပေမဲ့လည်း ဒီနိုင်ငံဟာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်တယ်။ ဒါက ငါ့ဝမ်မိသားစုကြောင့် ဖြစ်ခဲ့ရတယ်ဆိုရင် မင်းတို့အားလုံး ဒီအတွက် တာဝန်ယူသင့်တယ်…”
ဝမ်မိသားစုနှင့် ကံကြမ္မာကို ရင်ဆိုင် ဖြေရှင်းပြီးသည့်နောက် ဝမ်လင်းသည် သူ့မျိုးဆက်များကို အေးစက်စွာ ကြည့်သည်။ သူ့နောက် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ လေထဲသို့ ပျံသန်းတက်သွားတော့သည်။ ခေါင်းကြီးကောင်လေးနှင့်ထာရှန်တို့သည် နောက်က လိုက်သွား၏။ ပေသုံးဆယ်လောက်အရပ်မြင့်မားသည့် လိုင်ဂျိသည်လည်း နောက်ကနေ လိုက်ပါသွားလေသည်။
ဝမ်လင်း ထွက်ခွာသွားသည့်နောက် ရင်ပြင်သည် လုံးဝတိတ်ဆိတ်နေတော့၏။ အချိန်အတန်ကြာပြီးမှ အကြီးအကဲ ရှစ်ယောက်သည် သုန်မှုန်သောဟန်ပန်များနှင့် မတ်တပ်ထလာကြသည်။သူတို့ထဲမှ တစ်ယောက်က အေးစက်စွာ ပြောလာ၏။ “မင်းတို့အားလုံးဟာ ငါတို့ရဲ့ဘိုးဘေးကို ဒေါသထွက်စေအောင် မှားယွင်းခဲ့ကြတယ်။ခုချိန်ကစပြီး ဝမ်ကလန်မှာ ဥပဒေအသစ်တွ ပြဌာန်းမယ်။ မလိုက်နာတာနဲ့ မင်းတို့ အသတ်ခံရမယ်…”
ဝမ်လင်းသည် ကောင်းကင်နှင့်မြေကြီးကြားတွင် လှုပ်ရှားသွားလာနေသည်။ သူ့မျိုးဆက်များကိစ္စကို ဖြေရှင်းပြီးသည့်နောက် သူ့စိတ်ထဲရှိ အတိတ်ကိုအောက်မေ့မှုသည် လျော့ပါးသွားခြင်း မရှိပေ။ သူက တိမ်ကောင်းကင်ကလန်ရှိရာသို့ လှမ်းလျှောက်သွားသည်။
သူက သွားနေရင်း သူ့အသွင်သည် ပြောင်းလဲသွးကာ အကွာအဝေးတစ်ခုထံသို့ ကြည့်၏။ သူက လေထုထဲ၌ ပေထောင်ချီရှည်သည့် ကင်းခြေများကြီးတစ်ကောင် ပျံသန်းလာကြသည်ကို တွေ့မြင်၏။ထိုကင်းခြေများ၏ ကျောပေါ်၌ ကျင့်ကြံသူများ လိုက်ပါလာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ထင်းထင်းပေါ်နေ၏။ ထိုသူက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ နောက်ကျောတွင် ဓားတစ်လက် လွယ်ထားသည်။
ထိုလူ၏ အင်္ကျီစများသည် လေနှင့်အတူ တဖျပ်ဖျပ် လွင့်နေကာ သူ့အား ပို၍ ခန့်ညားစေသည်။
“ကလန်ခေါင်းဆောင် ဟောင်လုံ…”
(ဘာသာပြန်သူမှတ်ချက်….ထိုသူမှာ ဝမ်လင်းပထမဆုံး ဝင်ရောက်ခဲ့သည့် ဟုန်ယွီကလန်မှ ကလန်ခေါင်းဆောင် ဖြစ်၏။)
ဝမ်လင်းသည် ထိုလူ့ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသည် ကျဉ်းမြောင်းကာ တောက်ပသွားသည်။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် သူတွေ့မြင်ခဲ့သည့် ပန်းချီကားပုံတူသည် သူ့စိတ်ထဲ၌ ပြန်ပေါ်လာလေ၏။
ထိုကင်းခြေများသည် မြန်ဆန်လှ၏။၎င်းက မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားသည်။သို့သော် ဝမ်လင်းသည် ထိုကင်းခြေများမှာ သူရှိရာသို့ လည်ပြန်ကြည့်သွားသည်ကို ခံစားမိ၏။
“ကောင်လေးက မဆိုးဘူးပဲ…” ပေါ့ပါးသော ရယ်သံတစ်ခုသည် ထိုအကြည့်နှင့်အတူ ဝမ်လင်းနားထဲသို့ ဝင်ရောက်သွား၏။ ထိုရယ်သံသည် အတုအယောင်တစ်ခုလိုလိုပင်။ နောက်ဆုံးတွင် ယင်းရယ်သံသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။
ဝမ်လင်းသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ကင်းခြေများ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်သည်။အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက တိမ်ကောင်းကင်ကလန်ရှိရာသို့ ဦးတည်သွားတော့သည်။သည်ကိစ္စတစ်ခုလုံးမှာ ထူးဆန်းဆန်းကြယ်လွန်းနေ၏။ ဝမ်လင်းသည် သတိမမူဘဲ အလျင်စလို မလုပ်လိုပေ။
ထိုင်ယန်သည် တိမ်ကောင်းကင်ကလန်၏ ရင်ပြင်ထက်၌ ဝမ်လင်းကို ထိုင်စောင့်နေသည်။ သူက ဝမ်လင်း ကျိန်းသေပေါက် ပြန်လာမည်ကို သိနေပေ၏။
သူ့တွင် အချိန်များ သိပ်မကျန်တော့ပေ။ သူ့ကျင့်ကြံမှုအဆင့်သည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အထွတ်အထိပ်အဆင့်ကနေ လျော့ကျသွားခဲ့ပြီး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ချိုးဖျက်နိုင်စွမ်း မရှိတော့ပေ။သူ့သက်တမ်းသည် ကုန်လုနီးပါး ဖြစ်နေလေပြီ။
ပုံမှန်ဆို သူ့အရည်အချင်းနှင့်ဝမ်လင်း၏ဉာဏ်အလင်းတို့ကြောင့် သူသည် သည်လိုမျိုး အဆုံးမသပ်သင့်ပေ။ သို့သော် လွန်ခဲ့သော နှစ်တစ်ရာခန့်က မတော်တဆ တစ်ခု ဖြစ်ပွားခဲ့သည်။ သို့သော် ထိုမတော်မဆမှုသည် သူ့ကိုယ်ပိုင်စိတ်ဆန္ဒကြောင့်သာ ဖြစ်ပွားခဲ့ခြင်းပင်။
သည်နေ့တွင် လူတစ်ယောက်သည် ကောင်းကင်ထက်ကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ဝမ်လင်းသည် လှမ်းထွက်လာရင်း သူနှင့်ရင်းနှီးသည့် မြင်ကွင်းကို ကြည့်သည်။သူ့အကြည့်က ထိုင်ယန်ပေါ်သို့ ကျရောက်သွား၏။
သည်အခိုက်အတန့်၌ ထိုင်ယန်သည် မတ်တပ်ထရပ်လာသည်။သူ့မျက်နှာထက်၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ သူက ဝမ်လင်းကို ကြည့်ကာ အသက်ဝဝရှိုက်သွင်းရင်း လေးစားစွာ ဆိုသည်။ “ထိုင်ယန်က ကျေးဇူးရှင်ကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းက တည်ငြိမ်စွာ မေး၏။ “ကျိုးယု ဘယ်မှာလဲ…”
ထိုင်ယန်၏အသွင်က စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက မချင့်ပြုံးပြုံး၍ ဆိုသည်။ “ဒီကလေး ကျိုးယုက လွန်ခဲ့တဲ့နှစ်တစ်ရာတည်းက ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်သွားခဲ့ပါပြီ…”
ဝမ်လင်းသည် ကောင်းကင်ထက်သို့ ကြည့်သည်။သူ့စိတ်ထဲရှိ အတိတ်ကိုအောက်မေ့တမ်းတမှုသည် ပို ပြင်းထန်လာခဲ့သည်။သူက သက်ပြင်းချကာ ထိုင်ယန်ကို ကြည့်၍ ပြောလာ၏။ “ဒါက မင်းသက်တမ်း အဆုံးသပ်ခါနီးပြီး မင်းကျင့်ကြံမှုအဆင့် လျော့ကျသွားစေရတဲ့ အကြောင်းရင်းပေါ့…”
ထိုင်ယန်သည် တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြသည်။
သူမ၏ ကျင့်ကြံမှုအဆင့်ဖြင့် ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်ခွာဖို့ ကျိုးယုအတွက် မဖြစ်နိုင်ပေ။သူမ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် အလို့ငှာ ထိုင်ယန်သည် သူ့ကိုယ်ပိုင်သက်တမ်း၊ကျိုးဝုထိုင်၏အကူအညီနှင့် ကောင်းကင်ဘုံကျောက်စိမ်းမြောက်များစွာတို့ဖြင့် ကျိုးယုကို စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရုံမျှ လုပ်ပေးနိုင်ခဲ့ပေသည်။
“အဓိပ္ပာယ်မရှိလိုက်တာ…” ဝမ်လင်းသည် ထိုင်ယန်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။ သူက စကားထပ်၍ မဆိုတော့ပေ။ သူက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံကျောက်စိမ်းပြားမြောက်များစွာသည် ပျံသန်းထွက်လာရင်း ကောင်းကင်ထက်၌ ဖုံးအုပ်သွားသည်။ထို့နောက် ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။
တစီစိအသံများနှင့်အတူ ကောင်းကင်ဘုံကျောက်စိမ်းပြား မြောက်များစွာသည် ပျက်စီးသွားသည်။ သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ဝမ်လင်းလက်ထဲ၌ အလုံးများအဖြစ် လာရောက်စုစည်းသည်။ပတ်ဝန်းကျင်တစ်ခုလုံးသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေတော့သည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လုံးကို ဝမ်လင်းက ထိုင်ယန်၏ခန္ဓာကိုယ်ထဲသို့ ဖိနှိပ်ပေး၏။ ထိုင်ယန်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သူခန္ဓာကိုယ်ထဲ၌ မီးလောင်ကျွမ်းသကဲ့သို့ ခံစားမိလာသည်။
ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြားကို ထုတ်ယူပစ်လိုက်ရာ ၎င်းတို့သည် ရင်ပြင်ထဲ၌ တောင်အငယ်စားတစ်ခုလို ပုံသွား၏။ဝမ်လင်းက နောက်လှည့်၍ လေထဲသို့ လျှောက်လှမ်းသွားတော့သည်။
“မင်း ကျင့်ကြံမှုအဆင့်က ကျိုးယုကြောင့် လျော့ကျသွားခဲ့ရတာ။ဒါက ကံကြမ္မာအကြောင်းရင်းပဲ။ အခု ငါက မင်းကျင့်ကြံမှုအဆင့် ပြန်ကောင်းမွန်အောင် ကူညီပေးပြီးပြီး။ ဒါက ကံကြမ္မာအကျိုးဆက်ပဲ။ ဒီကောင်းကင်ဘုံကျောက်စိမ်းပြားတွေကတော့ ငါ့ဝမ်မိသားစုမျိုးဆက်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တာပဲ။ ခုချိန်ကစပြီး ငါ့ဝမ်မိသားစုကြား ကိစ္စမှာ ဝင်ရောက်မသတ်တော့ဘဲ အေးအေးဆေးဆေး ကျင့်ကြံပါ…”
ထိုင်ယန်၏ခန္ဓာကိုယ်သည် ကြီးစွာ တုန်ယင်နေ၏။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲကနေ မြင့်တက်လာကာ သူ့ကျင့်ကြံမှုအဆင့်သည် မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။သူက ပျောက်ကွယ်သွားသည့် ဝမ်လင်း၏ ပုံရိပ်ရှိရာသို့ ခေါင်းညိတ်ပြသည်။
အလင်းတန်းကိုးခုသည် ကောင်းကင်ကို ခွင်းကာ ထိုင်ယန်ရှေ့သို့ ကျဆင်းလာ၏။ထိုဓားကိုးလက်သည် ဓားစွမ်းအင်များကို ပေးစွမ်းကာ သည်ဧရိယာကို ခြုံလွှမ်းစေသည်။
“ငါ ဒီဓားတွေ မင်းကို လက်ဆောင်ပေးတာ…” ဝမ်လင်း၏အသံက အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ထဲကနေ ထွက်လာသည်ဟု ထင်မှားရသည်။
တိမ်ကောင်းကင်ကလန်ရှိ ကံကြမ္မာကို ဖြေရှင်းပြီးနောက် ဝမ်လင်းသည် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ယင်နှင့်ယန်ငါးများသည် ပေါ်ထွက်လာကာ သူ့ခေါင်းထက်၌ တဖြည်းဖြည်း လှည့်ပတ်နေသည်။ သူ့မျိုးဆက်များနှင့်တိမ်ကောင်းကင်ကလန်ရှိ ကံကြမ္မာရေစက်ကို ဖြေရှင်းပြီးသည့်နောက် ကံကြမ္မာအပေါ် သူ့နားလည်မှုသည် ရုတ်တရက် တိုးလက်လာခဲ့တော့သည်။
“ငါ့နယ်ပယ်ထဲမှာ ရှိတဲ့ ဉာဏ်အလင်းက ဒုတိယအဆင့်ကို အာရုံစိုက်ထားတာပဲ။ ကံကြမ္မာနယ်ပယ်အရ အရာအားလုံးဟာ ကံကြမ္မာအကြောင်းကနေ အကျိုး ရှိတယ်။ပြီးပြည့်စုံတဲ့ ကံကြမ္မာတစ်ခုအတွက် စက်ဝန်းတစ်ခု လည်နိုင်ခဲ့ပြီ။ မရေမတွက်နိုင်တဲ့ စက်ဝန်းတွေကို ပြီးပြည့်စုံစေမှသာ ငါဟာ ငါ့ကံကြမ္မာကို အမှန်တကယ် ပြီးပြည့်စုံနိုင်မယ်။ ဟင်္သာပြဒါးဂြိုဟ်ပေါ်ကို ငါပြန်လာတဲ့အချိန်မှာ ဒီလိုမျိုး ဖြစ်လိမ့်မယ်၊သိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး…”
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူ့နတ်ဘုရားအာရုံကို ဂြိုဟ်တစ်ခုလုံးသို့ ခြုံလွှမ်းထားသည်။
“ကံကြမ္မာနယ်ပယ်…ငါက ငါ့ကို ကူညီပေးခဲ့တဲ့လူတွေကို ပြန်ပေးဆပ်ရမယ်။ ငါ့အမှားတွေအတွက် ဒီလူတွေနဲ့ ကံကြမ္မာရေစက်ကို ငါ ပိတ်ပစ်ရမယ်…” စဉ်းစားနေရင်း ဝမ်လင်း၏နတ်ဘုရားအာရုံသည် မုန်တိုင်းတစ်ခုအလား ဟင်္သာပြဒါးဂြိုဟ်အနှံ့သို့ ဖြန့်ကျက်သည်။သိပ်မကြာခင်တွင် သူ့နတ်ဘုရားအာရုံသည် ဟင်္သာပြဒါးဂြိုဟ်၏ နေရာတိုင်းတွင် တည်ရှိ၏။
ဟင်္သာပြဒါးဂြိုဟ်၊အဆင့်ငါးကျိုးနိုင်ငံ၊ ဟဲဟွမ်ကလန်။
လှပသည့်အမျိုးသမီးတစ်ဦးသည် ဟဲဟွမ်ကလန်၏ တောင်အနောက်ဘက်ရှိ လှိုဏ်ဂူတစ်ခုတွင် ကျင့်ကြံလို့နေသည်။
သူမကျင့်ကြံနေသော နေရာသည် ဟဲဟွမ်ကလန်၏ အတွင်းကလန်ဝင်များအတွက် အထူးနေရာတစ်ခု ဖြစ်လေ၏။သည်နေရာသည် အပြင်ဘက်ခြမ်းထက် စိတ်ဝိညာဉ်စွမ်းအင် ပိုများပြားပေသည်။သူမသည် ကျင့်ကြံနေရင်း လှိုဏ်ဂူ၏အပြင်ဘက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လို့လာသည်။
“ဂျူနီယာညီမလေးကျန်း…နင့်ကတိကို မမေ့ပါနဲ့။ ငါ့လှိုဏ်ဂူမှာ တစ်လတိတိ နင့်ကို ကျင့်ကြံခွင့်ပြုရင် နင်က ငါ့ရဲ့ ကျင့်ကြံခြင်းကိုယ်လုပ်တော်အဖြစ် သုံးရက် ရှိနေပေးမယ်လို့ ပြောခဲ့တယ်။အခု တလပြည့်ဖို့ လေးရက်ပဲ လိုတော့တယ်…”
ထိုအသံထဲ၌ အရသာခံမှုတို့ ပြည့်နေသည်။ ရယ်မောပြီးနောက် ထိုအသံသည် တဖြည်းဖြည်း ပြန်ထွက်ခွာသွားတော့သည်။
အမျိုးသမီးသည် မျက်လုံးဖွင့်လာ၏။သူမက သက်ပြင်းချမိသည်။သူမသည် ဟဲဟွမ်ကလန်၏ အပြင်စည်းတပည့်သာ ဖြစ်သည်။ အပြင်ဘက်ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ချီစုဆောင်းခြင်းအလွှာကိုးသို့ ရောက်ရှိရန် ပါးလွှာလွန်းလှသည်။သူမသည် သည်နေရာတွင်သာ အဆင့်ချိုးဖျက်နိုင်ပေလိမ့်မည်။
“မိသားစုသမိုင်းစဉ်ထဲမှာဆိုရင် မိသားစုဘိုးဘေး ကျန်းဟူကလည်း ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တယ်တဲ့။ လွန်ခဲ့တဲ့နှစ်တစ်ထောင်က သူဟာ ဟုန်ယွီကလန်ကို ဝင်ရောက်ခဲ့တယ်။ကံမကောင်းစွာနဲ့ နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာ ဒါတွေအားလုံးက ပျောက်ကွယ်သွားခဲ့ပြီ။ ဒါ့ကြောင့် ငါက ဟဲဟွမ်ကလန်ရဲ့ အပြင်စည်းတပည့်တစ်ယောက်ပဲ ဖြစ်လာနိုင်တော့တယ်…”
(ဘာသာပြန်သူမှတ်ချက်…ကျန်းဟူ ဆိုသည်မှာ ဟုန်ယွီကလန်၌ ဝမ်လင်း၏ မိတ်ဆွေဖြစ်ခဲ့သူပင်။သူက ကလန်တူ တပည့်တစ်ယောက်ကို သတ်မိပြီး ကလန်မှ ထွက်ပြေးသွားခဲ့သည်။သည့်နောက် ဝမ်လင်းနှင့် နောင်တစ်ချိန် ပြန်တွေ့သည့်အခါ ကျန်းဟူ၏ဆရာကို သတ်ရန် ဝမ်လင်းက ကူညီပေးခဲ့သည်။ထိုအဖြစ်ကပင် ထျန်မိသားစုနှင့် မတော်တဆမှု ဖြစ်ပွားခဲ့ရင် ဝမ်လင်းမိဘများနှင့်သူ့မိသားစုဝင်များသည် သေဆုံးသည့်အထိ ဖြစ်ခဲ့ရခြင်းပင်)
ထိုအမျိုးသမီးသည် ဆက်၍ ကျင့်ကြံနေသည်။သူ့စိတ်ထဲ၌ ခါးသီးမှုတို့ ပြည့်နေသည်။သူမသည် ရုတ်တရက် ရှေ့သို့ ကြည့်လိုက်မိ၏။ထိုအခါ သူမသည် တုန်လှုပ်သွားမိ၏။
သူမက အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက် တိတ်ဆိတ်စွာ ပေါ်လာသည်ကို တွေ့မြင်သွားသည်။ထိုလူငယ်သည် သာမန်သာ ဖြစ်၏။ သို့သော် သူ့ထံမှ ပြောပြနိုင်စွမ်းမဲ့သည့် အော်ရာတစ်ခု ထွက်ပေါ်နေချေသည်။
ဝမ်လင်းသည် သူ့ရှေ့ရှိ အမျိုးသမီးကို တည်ငြိမ်စွာ ကြည့်၏။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စိတ်ဝိညာဉ်ကျောက်တုံးများနှင့်ကောင်းကင်ဘုံကျောက်စိမ်းများ ပျံသန်းထွက်လာသည်။ဓားပျံတစ်လက်ပင် ပါဝင်သေး၏။
“ငါက မင်းဘိုးဘေးနဲ့ သိခဲ့ဖူးတယ်။ အတိတ်တုန်းက ကံကြမ္မာ အကြောင်းရင်းဟာ ဒီကနေ့ ကံကြမ္မာအကျိုးဆက် ဖြစ်တယ်…”
အမျိုးသမီး၏ ကြောင်ရီမင်သက် နေသည့်အကြည့်အောက်၌ပင် ဝမ်လင်းသည် သက်ပြင်းချကာ ပြန်ထွက်ခွာသွားတော့၏။ ကျန်းဟူသည် သေဆုံးသွားခဲ့ပြီး ဖြစ်၏။ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သည်အမျိုးသမီး၏ခန္ဓာကိုယ်ထဲတွင် ကျန်းဟူ၏သွေးမျိုးဆက်ကို ရှာတွေ့နိုင်စွမ်း ရှိပေသည်။
***